” ယုတ်မာလိုက်တဲ့ ကစားပွဲ… ” ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကြည့်လိုက်သောအခါ အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ် ရှိသော အသားဖြူဖြူနှင့် ချောမောလှပသည့် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူမသည် အရပ်မမြင့်ဘဲ ပါးလွှာသော အဝတ်စားများကို ဝတ်ဆင်ထားပြီး ပါးပြင်နှစ်ဖက်မှာ ရဲရဲနီကာ ဝမ်ပေါင်လဲ့အား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေသည်။
” ကြီးမြတ်လှတဲ့ ဝိညာဉ်ကျင့်ကြံသူကြီးရှင့်။ ကျွန်မကို ဝယ်ပါရှင်… ” ထို မိန်မငယ်လေးမှာ နှုတ်ခမ်းကိုက်၍ ဝမ်ပေါင်လဲ့အား အသနားခံသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ဆိုလိုက်၏။
” ငါက နင့်ကိုဝယ်တော့ ဘာလုပ်လို့ ရမှာမလို့လဲ ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။
” အရှင် လုပ်ချင်တာမှန်သမျှ လုပ်လို့ရပါတယ်ရှင့်… ” ထိုမိန်းမငယ်လေးမှာ လေးသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီးနောက် သူ၏ကိုယ်ပေါ်တွင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသော ကတ်ပြားတစ်ခုကို မြင်လိုက်ရ၏။ သူသည် ၎င်းအား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဆွံ့အသွားရတော့သည်။ ထိုကတ်ပြားပေါ်တွင် နံပါတ်တစ်ခု ရှိနေ၏။ သူသည် အချိန်အတော်အတန်ကြာအောင် ရေတွက်ပြီးမှသာ ထိုကတ်ပြားပေါ်ရှိ ‘ ကိုး ‘ ဂဏန်း အရေအတွက်ကို အတိအကျ ရေးတွက်နိုင်ခဲ့၏။
ထိုမိန်းမငယ်လေးမှာ ဝမ်ပေါင်လဲ့၏ သလင်းကျောက်ကတ်ပြားကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ကြောက်ရွံ့တုန်လှုပ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
မိန်းမငယ်လေး၏ အကြည့်အား သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ထိုမိန်းမငယ်လေးအား ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ဟီရိုလူမှုအဖွဲ့အစည်းဟု အမည်ရသော ကမ္ဘာကြီးထဲ၌ လှည့်လည်သွားလာနေလိုက်တော့သည်။ တစ်ရက်တိတိ လည်ပတ်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ ရာထူးအဆင့်အတန်းနှင့် ထိုလူမှုအဖွဲ့အစည်းအကြောင်းကို ပို၍နားလည်လာသဖြင့် အံ့ဩတုန်လှုပ်သွားရ၏။
ဤကမ္ဘာကြီးထဲတွင် ထို သလင်းကျောက်ရမှတ်များကို အသုံးပြု၍ မည်သည့်အရာကိုမဆို ဝယ်ယူနိုင်၏။ သလင်းကျောက်ရမှတ် အလုံအလောက်ရှိနေသရွေ့ လွှတ်တော်ထဲရှိ အမြင့်ဆုံးရာထူးမှနေ၍ အောက်ခြေသာမန်အရပ်သားအဆင့်အထိ ဝယ်ယူနိုင်ပေသည်။ ထို လူမှုအဖွဲ့အစည်းထဲရှိ အရာတိုင်းမှာ သလင်းကျောက်ရမှတ်များဖြင့် ဆက်နွယ်နေသကဲ့သို့ ဖြစ်နေသောကြောင့် သလင်းကျောက်ရမှတ်များမှာ အရာအားလုံးကို ကိုယ်စားပြုနေ၏။
ထို့အပြင် ဤ လူမှုအဖွဲ့အစည်းထဲတွင် စိတ်တိုင်းကျ ပြုမူနေထိုင်နိုင်ပေသည်။ ထို့အပြင် မိမိ၏ နောက်ကြောင်းရာဇဝင်ကိုလည်း ပြောင်းလဲ၍ ရပေသည်။ တစ်ချက်မျှ တွေးလိုက်ရုံဖြင့် ဟင်းလင်းပြင်ကြီးဆီသို့ ပြန်သွားကာ မတူညီသည့် ပုံရိပ်ယောင်တစ်ခုအား ရွေးချယ်လိုက်ရုံပင်။ ထိုသို့လုပ်နိုင်ရန် သလင်းကျောက်ရမှတ်အချို့ အသုံးပြုရန် လိုအပ်ပေသည်။
အကယ်၍ ၎င်းမှာ အတုအယောင် ကမ္ဘာတစ်ခုသာ ဖြစ်နေခဲ့မည်ဆိုပါက စိတ်ဝင်စားစရာကောင်းသည့်တိုင်အောင် အချိန်ကြာလာလျှင် လူများမှာ ငြီးငွေ့သွားကြမည်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုလူမှုအဖွဲ့အစည်းထဲရှိ အရာအားလုံးကို အသေးစိတ် အကဲခတ်လေ့လာခဲ့ပြီးနောက် အရာအားလုံးမှာ အစစ်နီးပါး ဖြစ်နေကြောင်း သိခဲ့ရ၏။
ထိုကမ္ဘာကြီး၏ အချိန်ကုန်ဆုံးမှုနှုန်းမှာမူ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းကထက် အများကြီးပို၍ နှေးကွေးနေ၏။ ဝိညာဉ်ကျင့်ကြံသူအားလုံးမှာလည်း ကျင့်ကြံခြင်းနည်းစနစ်တစ်ခုတည်းကို ကျင့်သုံးကြပေသည်။ ထိုနည်းစနစ်မှာ ပြည်ထောင်စုကြီးထဲတွင် အသုံးပြုသည့် နည်းစနစ်နှင့် မတူညီဘဲ ကွဲပြားနေသည့်တိုင်အောင် ဝိညာဉ်ကျင့်ကြံသူများမှာ အစွမ်းထက်သည့်ပုံ ပေါက်နေဆဲပင်။
သို့သော် ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည်မှာ ထိုအချက်များမဟုတ်ပေ။ သူ၏ နှလုံးသားတစ်ခုလုံးအား ဗြောင်းဆန်သွားစေခဲ့သည့် အရာမှာ သူ ဝယ်ယူခဲ့သည့် မိန်းမငယ်လေး သူ၏မေးခွန်းအား ပြန်ဖြေခဲ့သည့် အဖြေပင် ဖြစ်သည်။
” လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက ဟီရိုလူမှုအဖွဲ့အစည်းက အဆင့်မတက်နိုင်ခဲ့လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရတာပါ။ နောက်ဆုံးမှာ ရှေးဟောင်းကုန်သွယ်ရေး လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ဝယ်ယူတာကို ခံလိုက်ရပြီးတော့ ခရီးသွား ကြယ်တစ်လုံးအဖြစ် ပြောင်းလဲခံလိုက်ရတာ ”
” အဲဒီ ခရီးသွားကြယ်ဆိုတာ အဆင့်မြင့်လူမှုအဖွဲ့အစည်းထဲက လူတွေ ကစားပွဲတွေ ဆော့ကစားပြီး အပန်းဖြေဖို့ လာရောက်ကြတဲ့နေရာပေါ့။ စည်းမျဉ်းတွေရဆိုရင် ဟီရိုလူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ သလင်းကျောက်ရမှတ် ပမာဏအထိ စုဆောင်းပြီးမှသာ အပြစ်ကလွတ်မြောက်နိုင်မှာပါ။ အဲဒီအချိန်ရောက်မှ အင်အားကြီး လူမှုအဖွဲ့စည်းတစ်ခုအဖြစ်ကို တက်လှမ်းနိုင်မှာ ”
” လူကြီးမင်းက သလင်းကျောက်ကတ်ပြားကို ပိုင်ဆိုင်ထားတာဆိုတော့ အဆင်မြင့် လူမှုအဖွဲ့အစည်းတစ်ခုကနေ ဆင်းသက်လာတာပဲဖြစ်ရမယ်။ စည်မျဉ်းတွေ အရဆိုရင် လူကြီးမင်းဆီမှာ သလင်းကျောက်ရမှတ် အလုံအလောက်ရှိနေသရွေ့ လူကြီးမင်းရဲ့ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးရမှာ။ လူကြီးမင်းလို ‘ ဆင်းသက်သူ ‘ တစ်ယောက် ရောက်မလာခဲ့တာ တော်တော်ကိုကြာသွားပြီရှင့် ” ထို မိန်မငယ်လေးမှာ ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိတော့ဘဲ မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ပြန်ဖြေလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူသည် ထိုလူမှုအဖွဲ့စည်းထဲရှိ အရာအားလုံးကို နားလည်သွားအောင် ကြိုးစားလေ့လာကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ထွက်ခွာလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ သူ၏ ဂူဗိမာန်ထဲသို့ ပြန်ရောက်လာသောအခါ ကစားပွဲထဲတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိနေဆဲပင်။ ထို့ကြောင့် သူသည် ထိုအခြင်းအရာများအားလုံးမှာ လုံးဝမဖြစ်နိုင်ဟု ခံစားလိုက်ရ၏။ ၎င်းမှာ စိတ်ကူးယဉ် ကစားပွဲတစ်ခု ဖြစ်နေသည့်တိုင်အောင် ၎င်း၏ သမိုင်းကြောင်းများနှင့် အသုံးပြုသော နည်းစနစ်များမှာ အလွန်အင်မတန်မှ သဘာဝကျလွန်းနေသည် မဟုတ်ပါလော။
” ရှေးဟောင်းကုန်သွယ်ရေးလူမှုအဖွဲ့အစည်း… ခရီးသွားကြယ်… အဲတာတွေက တကယ်ရှိတာလား… အတုအယောင်တွေလား။ အတုအယောင်တွေဆိုရင် ကိစ္စမရှိပေမဲ့ တကယ်ရှိနေတယ်ဆိုရင်တော့… ” ဝမ်ပေါင်လဲ့မှာ ထိုဟီရိုလူမှုအဖွဲ့အစည်းအား စာနာသနားနေခြင်းမရှိဘဲ ပြည်ထောင်စုကြီးအတွက် တွေးပူမိသွား၏။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရှဲ့ဟေးရန်အား လှမ်း၍ဆက်သွယ်လိုက်၏။ ထို့နောက် သူသည် သူ သံသယဖြစ်နေသည့်အချက်များနှင့် ပတ်သတ်၍ မေးမြန်းလိုက်တော့သည်။
” အဲဒီဟီရိုလူမှုအဖွဲ့အစည်းက အတုအယောင်ပါကွ… ဟဲဟဲ။ ဘယ်လိုလုပ်ပြီးတော့ တကယ်ရှိပါ့မလဲ။ ကစားပွဲတစ်ခုပါပဲကွာ။ ဒါပေမဲ့ လူတိုင်းရဲ့
အမြင်မှာ တကယ်ရှိတယ်လို့ ခံစားရအောင် အဲဒီ ကစားပွဲကို တကယ့်လူလောက အစစ်တစ်ခုလိုဖြစ်အောင် ဖန်တီးထားတာ ” ရှဲ့ဟေးရန်မှာ ဝမ်းသာအားရ ရယ်မောကာ ကျေနပ်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။ သူသည် သူ ရယူနိုင်ခဲ့သည့် ကစားပွဲမှာ ဝမ်ပေါင်လဲ့အား ဇဝေဇဝါဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိနေသည်ကို သိလိုက်ရသဖြင့် စိတ်ကျေနပ်နေသည့်ပုံပင်။
” ဘယ်လိုသဘောရလဲ။ ဒီ ကစားပွဲ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ပေါက်သွားလိမ့်မယ်လို့ မင်းထင်လား ” ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ သံသယများကို ရှင်းလင်းသွားအောင် ပြန်ဖြေလိုက်ပြီးနောက် မေးလိုက်၏။
” တကယ်လို့ ကစားသူက ကစားပွဲထဲမှာ သေဆုံးသွားမယ်ဆိုရင်ရော ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထပ်မေးလိုက်ပြန်သည်။
” စိတ်မပူပါနဲ့ကွာ။ အပြင်မှာ တကယ်မသေပါဘူးကွ။ သူတို့က ကြားခံပစ္စည်းတစ်ခုကိုဖြတ်ပြီး ကစားပွဲထဲကို ဝင်ရောက်ရတာလေ။ ပြီးတော့ အဲတာက ကစားပွဲတစ်ခုထက် မပိုပါဘူး ” ရှဲ့ဟေးရန်မှာ ပြုံးကာပြန်ဖြေလိုက်၏။
” ငါ ဒီ ကစားပွဲရဲ့အကြောင်းကို များများစားစား နားမလည်ပေမဲ့ ဒီ ကစားပွဲကို ဆော့ချင်ရင် ကြားခံပစ္စည်းတစ်ခုကို အသုံးပြုဖို့လိုတယ်ဆိုတာ သိထားတယ်။ တကယ်လို့ အဲဒီကြားခံပစ္စည်း ပျက်စီးသွားတဲ့ အချိန်ကျရင်ရော။ ငါတို့တွေ အဲလို မဖြစ်လာအောင် ကြိုတင်တားဆီးထားဖို့လိုတယ်။ အဲလိုမှ မဟုတ်ရင် ကစားသူတွေ မကျေမနပ် ဖြစ်လာနိုင်တယ် ”
” ဘယ်လိုလုပ်ပြီး ပျက်စီးသွားမှာလဲကွာ။ ပေါင်လဲ့ရာ၊ စိတ်မပူပါနဲ့။ ဒီ ကစားပွဲက ဘယ်တော့မှ ပျက်စီးသွားနိုင်မှာမဟုတ်ဘူး ” ရှဲ့ဟေးရန်မှာ စနောက်ကာဆိုလိုက်သဖြင့် သူ၏ ရယ်မောသံများကိုပင် ကြားလိုက်ရ၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွား၏။ သူသည် စိတ်ထဲ၌ ” ကြားခံပစ္စည်း ” ဆိုသည့် စကားလုံးအား ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။ တစ်အောင့်ခန့် ကြာသောအခါ သူသည် ခေါင်းယမ်းကာ မျက်လုံးများ အရောင်လက်သွားပြီး ဆိုလိုက်၏။
” ငါ အမြတ်စုစုပေါင်းရဲ့ ငါးဆယ်ရာခိုင်နှုန်းတိတိ လိုချင်တယ် ”
” အဲလိုတော့ မဖြစ်ဘူးလေ ” ရှဲ့ဟေးရန်မှာ သူ၏ တောင်းဆိုချက်အား ချက်ချင်း ငြင်းဆန်လိုက်၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းလိုက်ကြပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား အကျိုးအမြတ်စုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းတိတိ ခံစားခွင့်ပေးရန် သဘောတူညီမှုရရှိသွားတော့သည်။ ထို့နောက် သူတို့နှစ်ယောက်မှာ ထိုကစားပွဲအား မည်သို့မည်ဖုံ ကြေညာသင့်ကြောင်း ဆွေးနွေပြီးသွားသောအခါမှ စကားဝိုင်းအား အဆုံးသတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အသံလွှင့် ကျောက်စိမ်းပေလွှာအား အောက်သို့ပြန်ချလိုက်ပြီးနောက် ဂူဗိမာန် အပြင်ဘက်သို့ထွက်ကာ မီးပင်လယ်ကြီးနှင့် ကောင်းကင်ယံကြီးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏နှလုံးသားထဲရှိ သံသယစိတ်များကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။ သူသည် သူတော်ကောင်းတစ်ယောက်မဟုတ်သောကြောင့် စာနာသနားစိတ် အများကြီးမရှိပေ။ သို့ဖြစ်ရာ သူသည် အခြားလူမှုအဖွဲ့အစည်းမျာအတွက် စိုးရိမ်ပူပန်ပေးနေမည်မဟုတ်ပေ။
” ကြားခံပစ္စည်းပဲသေပြီး ဆင်းသက်သူက မသေဘူးတဲ့။ ကစားပွဲကို ကစားပွဲတစ်ခုလိုပဲ သဘောထားကြတာပေါ့ကွာ… ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်၏။ သူသည် သူ၏ မွေးရပ်ဇာတိနှင့် ပြည်ထောင်စုကြီးကိုသာ အလေးထားပေသည်။
” ရှဲ့ဟေးရန်။ မင်း ပြည်ထောင်စုကြီးကို အန္တရာယ်မပြုဖို့ ငါ မျှော်လင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ အင်္ဂါဂြိုဟ်ပေါ်ရှိ အမှောင်အဆောင်ပစ္စည်းမှာ သူ၏ အစွမ်းအထက်ဆုံးလက်နက်ကြီး ဖြစ်ပေသည်။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ကာ ယွမ်ယင်အဆင့်သို့ တက်လှမ်းသွားနိုင်သည်နှင့် တစ်ပြိုင်နက် အမှောင်အဆောင်ပစ္စည်းအား ထိန်းချုပ်ကာ ရှဲ့ဟေးရန်အား သတ်ဖြတ်နိုင်စွမ်းရှိလိမ့်မည်ဟု ယုံကြည်ထား၏။ ရှဲ့ဟေးရန်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏ လှုပ်ရှားမှုများမှာ မှန်းဆ၍ မရသည့်တိုင်အောင် ဝမ်ပေါင်လဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကစားပွဲအကြောင်းကို ဆက်လက်တွေးတောနေခြင်း မရှိတော့ဘဲ အင်တိုင်အားတိုက် ကြေညာပေးလိုက်တော့သည်။ ထို့ကြောင့် သူသည် ပထမဦးဆုံးအနေနှင့် ကျင့်သိုမင်အား လှမ်း၍ဆက်သွယ်လိုက်၏။ ထို့နောက် ဝိညာဉ်ကွန်ရက်၏ ရှယ်ရာဆယ်ရာခိုင်နှုန်းတိတိ ပိုင်ထားသော သူ၏ ရာထူးအဆင့်အတန်းကို အသုံးပြုကာ အကျိုးအမြတ်ပမာဏ အနည်းငယ်ခန့် ပေးအပ်လိုက်ပြီးနောက် ဝိညာဉ်ကွန်ရက်ပေါ်၌ စတုတ္ထမြောက် ကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်တော့သည်။
၎င်းမှာ ဆင်းသက်ခြင်းကဏ္ဍ ဖြစ်ပေသည်။
သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် တပည့်ရင်းငါးယောက်ဖြစ်သည့် ဒူဂူလင်း၊ ကျိုးချူတောက်၊ ရှုမင်၊ လုယွင်နှင့် ဟွမ်ယွင်ရှန်းတို့ဆီသို့ အကြောင်းကြားစာများ ပေးပို့လိုက်သေးသည်။ သူတို့အားလုံးမှာ ဂိုဏ်းထဲ၌ ရာထူးအဆင့်အတန်း မြင့်မားသည့်လူများ မဟုတ်ပါလော။ ယခင်တုန်းက ကျင့်သိုမင်မှာ အရင်းအနှီး အမြောက်အမြား စိုက်ထုတ်ခဲ့သည့်တိုင်အောင် ဟွမ်ယွင်ရှန်းတစ်ယောက်ကိုသာ ဖိတ်ခေါ်နိုင်ခဲ့၏။
ထို့အပြင် ထိုစဉ်တုန်းက ဟွမ်ယွင်ရှန်းမှာ ကျိုးချူတောက်၏ ဖောက်ထွက်မှုအတွက် ပြင်ဆင်ပေးရန် တိုက်ပွဲရမှတ်အချို့ လိုအပ်နေခဲ့သောကြောင့်သာ ကျင့်သိုမင်မှာ သူမအား ဖိတ်ခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခြားသူများအတွက် လုံးဝမဖြစ်နိုင်သည့် ကိစ္စမှာ ဝမ်ပေါင်လဲ့အတွက်တော့ ပြဿနာတစ်ခုမဟုတ်ပေ။ ထို့ကြောင့်လည်း ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့နှင့် အလုပ်တွဲလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျိုးချူတောက်မှာ ဝမ်ပေါင်လဲ့ကြောင့် ရှုံးနိမ့်သွားခဲ့သည့်တိုင်အောင် သူသည် ဝမ်ပေါင်လဲ့အား အရှုံးပေးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့ဇနီးမောင်နှံမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား လိုက်လျောခဲ့၏။ ရှုမင်နှင့် လုယွင်တို့မှာလည်း ဝမ်ပေါင်လဲ့နှင့် မိတ်ဆွေဖွဲ့ချင်နေကြသည်ဖြစ်ရာ သူ့အား ငြင်းဆန်ခဲ့ခြင်း မရှိပေ။
ဒူဂူလင်းနှင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းများမှာလည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့၏။ သူသည် ဝမ်ပေါင်လဲ့၏ စွမ်းရည်များကို အသိအမှတ်ပြုထားသည်ဖြစ်ရာ တံခါးပိတ်လေ့ကျင့်နေဆဲ ဖြစ်သည့်တိုင်အောင် အချိန်အချို့ဖဲ့ပေးကာ ဝမ်ပေါင်လဲ့၏ ကစားပွဲအား ကြေညာပေးခဲ့၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုကစားပွဲအား သူကိုယ်တိုင် ကြေညာခဲ့သေးသည်။ ကျယ်ပြန့်တာအိုနန်းတော်မှ တပည့်ရင်းငါးယောက်နှင့် ဝမ်ပေါင်လဲ့တို့မှာ ထိုကစားပွဲအား ကြေညာပေးနေကြသည်ဖြစ်ရာ ဂိုဏ်းသားများဆီသို့ ဝိညာဉ်ဆန့်ကျင့်ဗုံးတစ်လုံး ပစ်လွှတ်လိုက်သကဲ့သို့ပင်။ လူတိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး ထိုကစားပွဲကြီး၏အကြောင်းအား ချက်ချင်းပင်သိရှိသွားကြတော့သည်။
ထို့အပြင် ထိုကစားပွဲမှာ တမူထူးခြားသော ဆွဲဆောင်မှုတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ရက်အနည်းငယ်အတွင်းတွင် ဆင်းသက်ခြင်း ကစားပွဲမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ဝက်ဝက်ကွဲ အောင်မြင်သွားတော့သည်။ ထိုကစားပွဲထဲသို့ ဝင်ရောက်ကစားနေကြသည့် လူအရေအတွက်မှာ မရေတွက်နိုင်လောက်အောင် ရှိနေပြီး ကစားသူအားလုံး မဟုတ်လျှင်တောင် အများစုမှာ အံ့အားသင့်သွားကြရသည်သာ ဖြစ်သည်။
ယွမ်ယင်အဆင့် ကျင့်ကြံသူ အချို့ပင်လျှင် ထိုကစားပွဲကြောင့် အံ့ဩတုန်လှုပ်သွားရ၏။
ထိုကစားပွဲအား ပျော်ရွှင်စွာဆော့ကစားနိုင်ရန် သလင်းကျောက်ရမှတ်များ လိုအပ်ပေသည်။ သို့ဖြစ်ရာ သလင်းကျောက်ရမှတ်များနှင့် တိုက်ပွဲရမှတ်များ ဖလှယ်နိုင်သည့် လဲလှယ်မှုစနစ်တစ်ခုအား စတင်ကြေညာလိုက်ပြီးနောက် ပထမဆုံးနေ့မှာပင် တိုက်ပွဲရမှတ် အမြတ်အစွန်းမြောက်မြားစွာ ရရှိခဲ့သဖြင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရတော့သည်။
ထိုကစားပွဲအား စောင့်ကြည့်နေသည့် ကျင့်သိုမင်မှာလည်း ထိုနည်းတူပင်။ တစ်ချိန်ထဲမှာပင် ဆင်းသက်သူပေါင်း မြောက်မြားစွာထဲ၌ ဝမ်ပေါင်လဲ့ ဖန်တီးပေးထားသည့် ကစားပွဲကျောက်စိမ်းပေလွှာလေးအား ရတနာတစ်ခုကဲ့သို့ မလွှတ်တမ်း ပွေ့ဖက်ထားသည့် မြည်းလေးတစ်ကောင်ရှိနေသည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ထိုကစားပွဲအား မကစားရမနေနိုင်လောက်အောင် စွဲလန်းနေသည့်အဆင့်အထိ မရောက်သေးပါသော်လည်း ထိုကစားပွဲထဲသို့ မကြာခဏဆိုသလို ဝင်ရောက်ခဲ့၏။ သူသည် ဟီရိုလူမှုအဖွဲ့အစည်း၏ သမိုင်းကြောင်းနှင့် ဝိညာဉ်ကျင့်ကြံသူများအသုံးပြုကြသည့် နည်းစနစ်များကိုသာမက ကျင့်ကြံခြင်းပညာရပ်ကဲ့သို့သော အရာများကို လေ့လာနေခဲ့ခြင်းဖြစ်သည်။
သို့သော် ထို ကစားပွဲထဲရှိ မည်သည့်ပစ္စည်းကိုမှ အပြင်လောကသို့ ထုတ်ယူ၍ မရပေ။ ထိုသို့ ထုတ်ယူနိုင်သည့် နည်းစနစ်အား တားမြစ်ထားသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သလင်းကျောက်ရမှတ်များ အကန့်အသတ်မရှိ ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုကဲ့သို့ ထုတ်ယူနိုင်ခြင်းမရှိပေ။