” လက်ရှိ ကျင့်ကြံခြင်းမျိုးဆက်သစ်ရဲ့ အကျိုးအမြတ်ရှိဆုံး စီးပွားရေးလုပ်ငန်းတစ်ခုပါ ” ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသောအခါ ချောင်းဟန့်ကာ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ သူတို့၏ဘေးနားတစ်ဝိုက်တွင် ခိုးနားထောင်နေသည့်လူများ မရှိကြောင်း သေချာသွားသောအခါမှ လေသံတိုးတိုးဖြင့် မောက်မာဝင့်ကြွားစွာ ဆိုလိုက်၏။
” အဲဒီ စီးပွားရေးလုပ်ငန်းက… ကစားပွဲတွေပဲ ”
” ကစားပွဲတွေ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် ရှဲ့ဟေးရန် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားမလည်သည့်ပုံပင်။ ထို့ကြောင့် သူသည် မေးခွန်းထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ရှဲ့ဟေးရန်မှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာအား ဝမ်ပေါင်လဲ့၏ရှေ့၌ ဖိလိုက်သောအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် တောက်ပလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်၌ ကမ္ဗည်းစာလုံးနှစ်လုံး လင်းလက်လာ၏။
ဝမ်ပေါင်လဲ့မှာ ထိုကမ္ဗည်းစာလုံးများကို လုံးဝမမြင်ဖူးပါသော်လည်း ၎င်းတို့အား စိုက်ကြည့်လိုက်သောအခါ သူ၏ စိတ်ထဲ၌ ဩဇာညောင်းသည့် စကားသံတစ်သံ ပဲ့တင်ထပ်သွား၏။
” ဆင်းသက်ခြင်း ”
ထိုစကားသံကြီးကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်များ ဖရိုဖရဲ ဖြစ်သွားရစဉ် ရှဲ့ဟေးရန်မှာ ရယ်မောကာ ရှင်းပြလိုက်၏။
” ကြားလိုက်တယ်မလား။ အဲတာ အထူးနည်းပညာတစ်ခုကို အသုံးပြုပြီးတော့ ဖန်တီးထားတဲ့ ကစားပွဲတစ်ခုပဲ။ ဘာသာစကား အခက်အခဲ မရှိတာမလို့ ဘယ်သူမဆို အလွယ်တကူ ကစားနိုင်တယ်။ အဲဒီ ကစားပွဲကို ” ဆင်းသက်ခြင်း ” လို့ နာမည်ပေးထားတယ်။ ငါတို့တွေ တည်ထောင်မယ့် စီးပွားရေးလုပ်ငန်းက ဒီ ကစားပွဲကို တာဝန်ယူစီမံခန့်ခွဲပေးရမှာ ”
” ငါ ပြောပြမယ်… ဒီ ကစားပွဲက တော်တော်ကို အံ့သြဖို့ကောင်းတာကွ။ ငါ အချိတ်အဆက်တွေ အများကြီးသုံးပြီးတော့ အရင်းအနှီးတွေ အများကြီးစိုက်ထုတ်ပြီးမှ ဒီကစားပွဲကို ယူနိုင်ခဲ့တာ။ ဒီကစားပွဲက ကစားသူတွေကို ကစားပွဲထဲ လူကိုယ်တိုင်ရောက်သွားအောင် လုပ်ပေးနိုင်တယ် ”
” ဘောစိဖြစ်ချင်လား။ ဒီ ကစားပွဲထဲသာ ဝင်လိုက်ရုံပဲ ”
” မိန်းမချောလေးတွေကို လိုချင်လား။ ဒီ ကစားပွဲထဲသာ ဝင်လိုက်ရုံပဲ ”
” ထိပ်ဆုံးအဆင့် ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်ချင်လား။ ဒီ ကစားပွဲထဲသာ ဝင်လိုက်ရုံပဲ ”
” ဘာပဲ ဖြစ်ချင်ဖြစ်ချင် ဒီကစားပွဲထဲမှာ ငွေသုံးနိုင်တာနဲ့ ပြိုင်ဘက်ကင်းသွားမှာ ” ရှဲ့ဟေးရန်မှာ ထိုသို့ရှင်းပြရင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာ၏။ နောက်ဆုံးတွင် သူသည် လက်ခုပ်တီး၍ ဟက်ဟက်ပက်ပက် ရယ်မောကာ ဆိုလိုက်ပြန်သည်။
” ကျယ်ပြန့်တာအိုနန်းတော်ထဲက ပါမွှာလေးတွေက ဒီလို အဆင့်မြင့် ကစားပွဲမျိုးကို ကြားတောင် ကြားဖူးမှာ မဟုတ်ဘူး။ အဲတာမလို့ သူတို့တွေ စမ်းဆော့ကြည့်လိုက်တာနဲ့ စွဲသွားမှာ သေချာတယ်။ အဲလိုစွဲသွားကြတာနဲ့… ဟဲဟဲ…သူတို့တွေ စပြီးတော့ ငွေသုံးလာကြမှာပဲ။ အဲအချိန်ကျရင် ငါတို့ညီအစ်ကိုတွေ ထောပြီပေါ့ကွာ ” ရှဲ့ဟေးရန်မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသောကြောင့် မျက်လုံးများပင် အရောက်လက်လာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေရဆဲပင်။ သူသည် ထိုကျောက်စိမ်းပေလွှာအား ကြည့်လိုက် ရှဲ့ဟေးရန်အား ကြည့်လိုက်ဖြစ်နေပြီး ထိုကစားပွဲကြီးအား လက်ရှိ ရှေးဦးဝိညာဉ်ခေတ်နှင့် ဆက်စပ်တွေးတောနိုင်စွမ်းမရှိဘဲ ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် မနေနိုင်တော့ဘဲ မေးမိလိုက်၏။
” ရှဲ့ဟေးရန်။ ဒီ ကစားပွဲက… ဟုတ်ရော ဟုတ်ပါ့မလားကွာ။ ဘယ်သူက ဆော့မှာမလို့လဲ။ ဒီကစားပွဲကို ဆော့ဖို့တောင်မှ အားနေတယ်ဆိုရင် တာဝန်တွေထမ်းဆောင်ရင် ထမ်းဆောင် မဟုတ်ရင် လေ့ကျင့်တဲ့လူက လေ့ကျင့်နေကြမှာပေါ့ဟ ”
ဝမ်ပေါင်လဲ့တစ်ယောက် မယုံသင်္ကာ ဖြစ်နေသည်ကို သတိထားမိလိုက်သောအခါ ရှဲ့ဟေးရန်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အလောတကြီး ရှင်းပြလိုက်၏။
” သိပ်ကို ယုံရတာပေါ့ကွာ။ ငါ့ရဲ့ နာမည်ပြောင်က ” မောင်ယုံရ ” တဲ့ကွ။ ဒီ ကစားပွဲက သေချာပေါက်ကို အောင်မြင်မှာ။ ဒါ အဆုံးမဲ့တာအိုကျောင်း တစ်ကျောင်းလုံးကို ကြီးစိုးနိုင်ဖို့ ငါ့ရဲ့ မိသားစုမျိုးနွယ်စုကိုယ်တိုင် အထူးဖန်တီးထားတဲ့ ပစ္စည်းတစ်ခု… အဲ… ” ရှဲ့ဟေးရန်မှာ ထိုသို့ရှင်းပြနေရင်း မပြောသင့်သည့်စကားတစ်ခွန်းကို ပြောမိလိုက်သည့်ပုံဖြင့် ချက်ချင်းပင် ပါးစပ်ပြန်ပိတ်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား လှမ်း၍အကဲခတ်လိုက်ပြီး သူ မည်သည့်အရာကိုမှ သတိမထားမိခဲ့ကြောင်း သိလိုက်ရသောအခါမှ စိတ်အေးသွားရတော့သည်။ ထို့နောက် ရှဲ့ဟေးရန်မှာ ချီတုံချတုံနှင့် ဆက်၍ ရှင်းပြလိုက်ပြန်သည်။
” ဘာပဲဖြစ်ဖြစ်ပါ။ ဒါ ငါ ဘယ်သူမှ မသိအောင် ယူထားရတဲ့ ပစ္စည်းတစ်ခုကွ။ တကယ်လို့ မင်းသာ ငါ့အတွက် အဲဒီကစားပွဲကို ကြေညာပေးမယ်ဆိုရင် ရသမျှ အမြတ်အားလုံးရဲ့ ဆယ်ရာခိုင်နှုန်းတိတိကို ခွဲပေးမယ် ”
ဝမ်ပေါင်လဲ့မှာ အပေါ်ယံတွင် တည်ငြိမ်နေသည့်ပုံ ပေါ်ပါသော်လည်း စိတ်ထဲတွင်မူ အံ့ဩတုန်လှုပ်နေရပြီဖြစ်သည်။ အမှန်တွင် ရှဲ့ဟေးရန်၏ စကားများထဲ၌ သူ၏ နောက်ကြောင်းရာဇဝင်များ ပါနေသည်မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်သည် ထိုသို့ တမင်ပြောခဲ့ခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိလိုက်၏။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ သင်ခန်းစာများအားလုံးကို ကြေညက်ထားသူတစ်ယောက်ပီပီ ငယ်စဉ်တုန်းက သူ၏ အတန်းဖော်များနှင့် ထိုကဲ့သို့ ပြောဆိုပြုမူခဲ့ဖူးသည်။ ထိုစဉ်တုန်းက သူသည် လက်တွေ့တွင် လုံးဝမရှိသော အတုအယောင် နောက်ကြောင်းရာဇဝင်တစ်ခုကို လုပ်ကြံဖန်တီးကာ မတော်တဆ ထုတ်ပြောမိသည့်ပုံ ဟန်ဆောင်၍ သူလိုချင်သည်များကို ရအောင် ယူခဲ့သည်သာ ဖြစ်သည်။
” ရှဲ့ဟေးရန် ပြောခဲ့တဲ့စကားက တကယ် အမှန်ဘဲလား… ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောပြီးသည့်တိုင်အောင် သူ၏စကားမှာ အမှန် ဟုတ်မဟုတ် မဆုံးဖြတ်နိုင်သေးပေ။ ထို့ကြောင့် သူသည် ရှဲ့ဟေးရန်အား စိုက်ကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲမှ ကျောက်စိမ်းပေလွှာအားကြည့်ကာ ဆိုလိုက်၏။
” ငါ စမ်းကစားကြည့်ပြီးမှ ဆုံးဖြတ်မယ် ”
” ပြဿနာမရှိပါဘူး။ မင်း ကိုယ်တိုင် စမ်းကစားကြည့်လို့ရအောင် ငါ မင်းကို အထူးအခွင့်အရေးတစ်ခုပေးမယ် ” ရှဲ့ဟေးရန်မှာ ချက်ချင်းပင် စိတ်အေးသွားရတော့သည်။ ဤ ကစားပွဲအား ကစားမိလိုက်သည့်လူတိုင်းမှာ ၎င်းအား စွဲမက်သွားရမည်သာဖြစ်ကြောင်း သူသည် ယုံကြည်ထား၏။ သို့ဖြစ်ရာ သူသည် စိတ်လှုပ်တရှားဖြင့် မန္တန်လက်ကွက်များဖော်ကာ ထိုကျောက်စိမ်းပေလွှာလေးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးလိုက်တော့သည်။ ထို့နောက် ရှဲ့ဟေးရန်မှာ ထိုကစားပွဲအား ကစားရမည့်နည်းလမ်းကို ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား နှုတ်ဆက်ကာ ထွက်ခွာလာတော့သည်။
ရှဲ့ဟေးရန် ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးသို့ချထားလိုက်၏။ သူသည် ထိုကစားပွဲအား ချက်ချင်းစမ်းကစားကြည့်ရန် အစီအစဉ်မရှိသောကြောင့် တရားထိုင်ကာ ဆက်၍လေ့ကျင့်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အား နားလည်စပြုလာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား အများဆုံး လဝက်အတွင်းတွင် အောင်မြင်စွာ ကျင့်ကြံနိုင်လိမ့်မည်ဟု မှန်းဆထား၏။
သို့သော် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ဒုတိယအဆင့်၏ တိုးတက်နှုန်းမှာမူ သိသိသာသာ နှေးကွေးနေ၏။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ လောနေ၍ မဖြစ်ကြောင်း နားလည်ထားသည်။ သူ ဆက်လက်လေ့ကျင့်နေပါက သိပ်မကြာခင်တွင် အောင်မြင်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေသည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ရက်အနည်းငယ်ခန့် တရားထိုင်လိုက်ပြီးနောက် အားလပ်ချိန်သို့ ရောက်သောအခါ ရှဲ့ဟေးရန်၏ ကစားပွဲအကြောင်းကို ပြန်၍သတိရသွား၏။ ထို့ကြောင့် သူသည် သူ၏ ကျောက်စိမ်းပေလွှာအား ထုတ်ယူကာ စဉ်းစားတွေးတောလိုက်ပြီးနောက် အန္တရာယ်ကြီးကြီးမားမားနှင့် မကြုံရနိုင်ကြောင်း ကောက်ချက်ချလိုက်၏။ သို့သော်လည်း သူသည် သတိကြီးသူတစ်ယောက် ဖြစ်သောကြောင့် မြည်းလေးအား အပြင်သို့ ထုတ်လိုက်၏။ မြည်းလေးမှာ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား ဖမ်းချုပ်ကာ ကျောက်စိမ်းပေလွှာပေါ်သို့ ဖိချလိုက်တော့သည်။
” သား… ” ထို့ကြောင့် မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် ဆွံ့အမှင်တက်သွားရ၏။ ၎င်းမှာ အဆုံးထိ မအော်ဟစ်နိုင်ခင်မှာပင် နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီကာ ပျောက်ကွယ်သွားတော့သည်။
မြည်းလေးမှာ ကျောက်စိမ်းပေလွှာလေး၏ စုပ်ယူခြင်းကိုခံလိုက်ရသကဲ့သို့ပင်။ ၎င်း၏ အငွေ့အသက်များပင်လျှင် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး ထိုကျောက်စိမ်းပေလွှာ ချက်ချင်းပင်ကောက်ယူကာ ကြည့်ရှုစစ်ဆေးလိုက်၏။
ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ပါသော်လည်း ကျောက်စိမ်းပေလွှာ ရှိနေသောကြောင့် ၎င်းအား ခပ်ရေးရေးမျှ အာရုံခံနိုင်စွမ်း ရှိနေဆဲပင်။ ထိုအခါမှသာ သူသည် အန္တရာယ်မရှိကြောင်းသိလိုက်ရသဖြင့် စိတ်အေးသွားရ၏။
” ဒီ ကစားပွဲက တော်တော်ထူးဆန်းတာပဲ… ဟိုမြည်းလေး ဘယ်ရောက်သွားတာလဲဟ ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောလိုက်ပြီးနောက် ကစားပွဲအား အဆုံးသတ်ကာ မြည်းလေးအား အပြင်သို့ပြန်ထုတ်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ထိုအချိန်တွင် မြည်းလေးမှာ စိတ်လှုပ်တရှား ဖြစ်နေသည့် အမူအရာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ သူသည် အပြင်သို့ ပြန်ထွက်လာရန် စိတ်ကူးမရှိသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ ဆန္ဒများကို မဖြည့်ဆည်းပေးလိုသောကြောင့် ကျောက်စိမ်းပေလွှာအား လှည့်လိုက်သောအခါ မြည်းလေးမှာ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့်အလား သူ၏ရှေ့တွင် ပြန်ပေါ်လာသည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။
မြည်းလေးမှာ ကြီးကြီးမားမားပြောင်းလဲသွားခြင်း မရှိပါသော်လည်း ၎င်း၏ မျက်ဝန်းများထဲတွင် စိတ်ပျက်နေသည့် အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။ ၎င်းမှာ ခွာကိုပင် မြှောက်ကာ ထိုကျောက်စိမ်းပေလွှာလေးအား တို့ထိရင်း ၎င်းထဲသို့ ပြန်ဝင်ချင်နေသည့်ပုံ ပေါက်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်းဖြစ်သွားရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော မြည်းလေးအား ဂရုစိုက်နေခြင်းမရှိဘဲ ဘေးသို့တွန်းထုတ်လိုက်၏။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွာကို ကိုင်၍ တစ်အောင်ခန့် ကြာသွားပြီးနောက် ၎င်းအား ဖိလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အမြင်အာရုံများ ဝေဝါးသွားရပြီး စုပ်ယူအားကြီးတစ်မျိုးက သူ့အား ဧရာမဝဲကြီးတစ်ခုထဲသို့ ဆွဲထည့်လိုက်သည့်အလား ခံစားလိုက်ရ၏။ သူသည် မည်သည့်ဝေဒနာကိုမှ မခံစားလိုက်ရဘဲ မျက်လုံးများပြန်ပွင့်လာသည့် အချိန်တွင် သူ၏ရှေ့၌ ဟင်းလင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။
ထိုဟင်းလင်းပြင်ကြီးမှာ အဆုံးအစ မရှိလောက်အောင် ကျယ်ပြောနေ၏။ သူ၏ရှေ့တွင် မီးလုံးရာပေါင်းများစွာ ရှိနေကြ၏။ ၎င်းတို့ထဲမှ လင်းလက်တောက်ပနေသည့် မီးလုံးတစ်လုံးမှလွဲ၍ အခြားမီးလုံးများအားလုံးမှာ မီးခိုးရောင်ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးကို မယုံသင်္ကာနှင့် လိုက်လံကြည့်ရှုနေလိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လင်းလက်တောက်ပနေသော မီးလုံးလေးအား စိုက်ကြည့်နေလိုက်တော့သည်။ သူ ၎င်းအား ကြည့်မိလိုက်သည်နှင့် တစ်ပြိုင်နက် ထို မီးလုံးထဲမှ ပုံရိပ်ယောင် မြောက်မြားစွာ ထွက်ပေါ်လာ၏။ ထိုပုံရိပ်ယောင်များထဲတွင် လူများ၊ သားရဲကြီးများနှင့် သစ်ပင်ပန်းမန်များပင် ပါဝင်နေသည်။
လူများ၏ ပုံရိပ်ယောင်များမှာ ပြည်ထောင်စုကျင့်ကြံသူများနှင့် ဆင်တူနေ၏။ သို့သော် ကွဲပြားခြားနားချက်အချို့လည်း ရှိနေသေးသည်။ ဥပမာပြရလျှင် ၎င်းတို့၏ နားရွက်များမှာ ပို၍သေးငယ်နေပြီး နှာခေါင်းများမှာ ပိုရှည်နေကြသလို နဖူးများပေါ်တွင်လည်း တတိယမျက်လုံးတစ်လုံးစီ ရှိနေကြ၏။ ထို့အပြင် သူတို့မှာ အနည်းငယ်ခန့် အရပ်ပိုပုနေကြသည်။ သို့သော် သူတို့မှာ ပြည်ထောင်စုကျင့်ကြံသူများနှင့် အနည်းငယ်ခန့် ကွဲလွဲနေကြသည့်တိုင်အောင် အလွန်အင်မတန်မှ ချောမောလှပနေကြဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ရီဝေဝေ ဖြစ်သွားရ၏။ ထို့နောက် သူသည် သေသေချာချာ အာရုံစိုက်၍ ကြည့်ရှုလိုက်သောအခါ သူ၏ရှေ့တွင် စာကြောင်းမြောက်မြားစွာ ပေါ်ပေါက်လာ၏။
” ဟီရိုလူမှုအဖွဲ့အစည်းမှ ဆဋ္ဌမအဆင့် ဝိညာဉ်ကျင့်ကြံသူ ရင်ရွှင်း ”
” ဟီရိုလူမှုအဖွဲ့အစည်းမှ တတိယအဆင့် ဝိညာဉ်ကျင့်ကြံသူ လော့တာ ”
” ဟီရိုလူမှုအဖွဲ့အစည်းမှ ပထမအဆင့် ဝိညာဉ်ကျင့်ကြံသူ နန်းတော်စောင့် ”
သူ၏ရှေ့တွင် ပေါ်ပေါက်လာသည့် စကားလုံးများမှာ ကမ္ဗည်းစာလုံးများ ဖြစ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား နားလည်နိုင်စွမ်းရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရစဉ် သူ၏ ရှေ့၌ စာကြောင်းများ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို ပုံရိပ်ယောင်များကို ကြည့်လိုက်တိုင်း သူတို့၏ နောက်ကြောင်းရာဇဝင်များကို သိရှိနိုင်သည်ဖြစ်ကြောင်း နားလည်သွားရသဖြင့် ပင့်သက်ရှိုက်မိသွား၏။ အကယ်၍ သူသာ ဆန္ဒရှိပါက သူတို့၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ပေသည်။
” ‘ ဆင်းသက်ခြင်း ‘ ကစားပွဲဆိုတာ ဒါကိုးကွ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားလိုက်ပြီးနောက် စာကြောင်းတစ်ကြောင်းအား သေသေချာချာ ဖတ်ရှုကြည့်လိုက်၏။ ၎င်းမှာ အူရာဟု အမည်ရသော နဝမအဆင့် ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏အကြောင်း ဖြစ်ပေသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ အမြင်အာရုံများမှာ ချက်ချင်းဆိုသလိုပင် ကြည်လင်ပြတ်သားသွားပြီး သူသည် လူများဖြင့် စည်ကားသိုက်မြိုက်ကာ ဆူညံပွက်လောရိုက်နေသည့် ပြည်သူ့ရင်ပြင်ကြီးတစ်ခုထဲတွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။ ကောင်းကင်ယံထဲတွင်လည်း အခြား ဝိညာဉ်ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ဟိုဟိုသည်သည် ပျံသန်းနေကြ၏။ သူသည် သူ၏ဘေးမှ စစ်ရထားများ ဖြတ်သွားကြသည်ကိုပင် မြင်လိုက်ရသေးသည်။ ဘေးပတ်ပတ်လည်တွင် ရှိနေသော အဆောက်အဦများမှာလည်း ပြည်ထောင်စုကြီးထဲမှ အဆောက်အဦများနှင့် မတူဘဲ မှိုပုံစံ ဖြစ်နေကြ၏။
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ပတ်ဝန်းကျင်အသစ်အား ကျင့်သားမရသေးခင်မှာပင် သူ၏နားထဲ၌ ရှိုးတိုးရှန့်တန့် ဖြစ်နေပြီး နားဝင်ချိုသည့် စကားသံတစ်သံ ပေါ်ပေါက်လာတော့သည်။
” ကြီးမြတ်လှတဲ့ ဝိညာဉ်ကျင့်ကြံသူကြီးရှင့်။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ဝယ်ပါရှင်။ ဝိညာဉ်သလင်းကျောက်တစ်တုံးပဲ လိုတာပါ… “