မန္တန်အစီအရင် ဖုံးလွှမ်းနေသောမြေပြင်မှာ အလွန်ကျယ်ပြောလှပြီး အနက်ရောင်မြူခိုးများနှင့် ပြည့်နှက်နေသည်။ ထို့ပြင် မရေမတွက်နိုင်သည့် အမုန်းဝိညာဥ်များ၏ အော်ဟစ်သံများကြောင့် မြူခိုးများမှာ တပွက်ပွက်ထကာ တလိပ်လိပ်ရိုက်ခတ်လှုပ်ရှားမှုများ ဖြစ်သွားသည်။
သို့သော် ထိုအရာမှာ မြူခိုးများနှင့်ပြည့်နှက်နေသော နယ်နမိတ်၌သာ ဖြစ်ပွားလေသည်။ အလယ်တွင် ဧရာမသားရဲကြီးများ ပုန်းအောင်းနေထိုင်ရန် ဖန်တီးပေးထားဟန်တူသည့် ယိုယွင်းနေသောရွက်ဖျင်တဲများနှင့် ပြည့်နှက်နေသည်။ ထိုနေရာရှိ ရွက်ဖျင်တဲများမှာ လွန်စွာများပြားပြီး အတန်ငယ်ဝေးသောနေရာမှပင် ၎င်းတို့အားရေတွက်ရန် မဖြစ်နိုင်လောက်ပေ။
ထိုရွက်ဖျင်တဲတစ်ခုစီတိုင်းတွင် သားရေဝတ်စုံများဝတ်ဆင်ထားသည့် များပြားလှသော လူ့ဘီလူးကြီးများ ခိုအောင်းနေသည်။ သူတို့ထဲမှအချို့မှာ အိပ်စက်နေကြပြီး အခြားသူများမှာ ရံဖန်ရံခါ ရွက်ဖျင်တဲများအကြား ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသည်။ သူတို့ထဲမှမည်သူမဆို ယာယီတပ်စခန်းကြီး၏ အလယ်ဗဟိုဆီသို့ ဦးတည်ကြည့်လိုက်တိုင်း သူတို့၏မျက်နှာများတွင် ကြောက်ရွံ့ရိုသေသည့် အမူအယာများ ပေါ်နေသည်။ ထို့အပြင် အကယ်၍ လူ့ဘီလူးကြီးများအား ဖျတ်ခနဲကြည့်လိုက်လျှင် တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်မိအောင် သူတို့ကိုယ်သူတို့ အတင်းအကျပ်ထိန်းချုပ်နေရပုံပေါ်သည်။ ကြည့်ရသည်မှာ သူတို့က အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး စိတ်ဆက်ကြဟန်တူသည်။ သူတို့၏ဒေါသကိုမထိန်းနိုင်သည့် မည်သူမဆို အမှန်တကယ်စတင်၍ လုံးထွေးသတ်ပုတ်လာခဲ့လျှင် မျိုးနွယ်စုအကြီးအကဲ၏ နတ်ဘုရားအာရုံစီးကြောင်းဖြင့် အလျင်အမြန် ဖျန်ဖြေခြင်းကိုခံရပေမည်။
ယာယီတပ်စခန်းကို မျိုးနွယ်စုများအလိုက် နေရာဆယ်ခုခွဲထားသည်။ ဘီလူးကြီးများအားလုံးမှာ ပုံစံတူညီသည်ဟုထင်ရသော်လည်း အသားအရောင်၊ မျက်လုံးအရောင်တို့မှာ သိသိသာသာကွဲပြားကြသည်။
ဘီလူးကြီးများအပြင် သောင်းနှင့်ချီသည့် ရွက်ဖျင်တဲများ၏ ဘေးဘက်တွင်ထိန်းသိမ်းထားသည့်သားရဲကြီးများလည်းရှိလေသည်။ သားရဲတစ်ကောင်ချင်းစီတိုင်းကို သံကြိုးကြီးများဖြင့် ချုပ်နှောင်ထားပြီး ထိုသားရဲကြီးများ ရံဖန်ရံခါထုတ်လွှတ်တတ်သည့် မိုးခြိမ်းသံအလားဟိန်းဟောက်သံများကလည်း ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည်။
ရွက်ဖျင်တဲ၏အလယ်ဗဟိုတွင် နေရာအနှံ့ပြင်းထန်သည့်ဖိအားများ ထုတ်လွှတ်နေသည့် ကိုးမီတာမြင့်သော အနက်ရောင်ကျောက်တုံးကြီးများ တစ်ထောင်ကျော်ဖြင့် စက်ဝိုင်းပုံစည်းခတ်ထားလေသည်။ အမှန်မှာ မီတာသုံးသောင်းအတွင်းရှိလေထုမှာ ၎င်းတို့ကြောင့် ဂယက်ထပြီး ပုံပျက်ရှုံတွနေကာ ထိုနေရာမှာ ကမ္ဘာကြီးနှင့်နယ်နိမိတ် ပိုင်းခြားထားသည့်အလားဖြစ်နေသည်။
သိသာထင်ရှားစွာပင် ထိုအနက်ရောင်ကျောက်တုံးကြီးများက အလှဆင်ရုံသက်သက်မျှသာမဟုတ်ပဲ မှော်ပညာလုပ်ဆောင်ချက် အချို့ရှိလေသည်။
ရံဖန်ရံခါ ကျောက်တုံးကြီးများ၏ တောက်ပနေသော အလင်းရောင်များကြားထဲတွင် လူများ ဝင်ထွက်သွားလာနေသည်ကို တွေ့ရနိုင်လေသည်။
ထိုကဲ့သို့သောကျင့်ကြံသူများက ဈေးကြီးပြီးခမ်းနားလှသော အဝတ်အစားများကိုမဝတ်ဆင်ကြသော်လည်း ဘီလူးကြီးများနှင့်သိသိသာသာ ကွဲပြားလှသည်။ သူတို့က ကြည့်ကောင်းကြပြီး သန့်ရှင်းသပ်ရပ်ကြသည်။
ရှင်းလင်းစွာပင် သူတို့က မြေရိုင်းသားဝိညာဉ်ကျင့်ကြံသူများမှလွဲ၍ အခြားသူမဟုတ်ချေ။
ထိုကဲ့သို့ ဝိညာဉ်ကျင့်ကြံသူများက ရွက်ဖျင်တဲများ၏အလယ်ပိုင်းနေရာမှထွက်လာသည့်အခါတိုင်း သူတို့အားမြင်သည့် လူ့ဘီလူးကြီးများက ဒူးထောက်ကာ တရိုတသေဦးညွတ်ပေလိမ့်မည်။
မြေရိုင်းဒေသတွင် ဝိညာဉ်ကျင့်ကြံသူများက မြင့်မြတ်သူများအလား မြင့်မားသည့်အဆင့်၌ရှိလေသည်။ သူတို့က လူ့ဘီလူးကြီးများအား ကျွန်ပြုကာ ဝိညာဉ်ပင်လယ်ကြီးအား အမိန့်ပေးနိုင်သည့် နတ်ဘုရားများနှင့်ပင် တူနေသည်။
ထို့အပြင် အနက်ရောင်ကျောက်တုံးစည်းဝိုင်း၏ အလယ်ရှိ…လေထုထဲဝယ် လွင့်မျောနေသည်မှာ…အနက်ရောင်ယဇ်ပလ္လင်တစ်ခုဖြစ်လေသည်။
“သောက်ကျိုးနည်း..”
ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေသည့်အဘိုးအိုကြီး၏ မျက်နှာထက်တွင် အရုပ်ဆိုးသည့်အမူအယာပေါ်နေပြီး ရေမျက်နှာပြင်ထက်တွင် ပေါ်နေသည့်မြင်ကွင်းကိုကြည့်နေစဥ် သူ၏မျက်လုံးများတွင်လည်း ဒေါသမီးများလောင်မြိုက်နေပေသည်။ ဆေးပေါင်းဖိုဆယ်သုံးလုံးက မဟာတံတိုင်းကြီးအပေါ်မှ လွင့်ပျံလာပြီးနောက် ပေါက်ကွဲသွားကာ မီတာသုံးသောင်းအတွင်းရှိ အရာအားလုံးအား လုံးလုံးလျားလျားဖျက်စီးပစ်ခဲ့သည်။
လူ့ဘီလူးကြီးများ၏မျက်နှာများထက်တွင် ကြောက်ရွံ့နေကြကြောင်း ရှင်းရှင်းလင်းလင်းမြင်ရနိုင်ပြီး အမုန်းဝိညာဥ်များမှာလည်း သိသိသာသာပင် ကြောက်လန့်တကြားဖြစ်နေကြသည်။
” ဆေးပေါင်းဖိုတွေ…”
အဘိုးအို၏မျက်လုံးထဲတွင် အမုန်းတရားများဖြင့် တောက်ပနေပြီး တီးတိုးရေရွတ်လိုက်သည်။ သူက မဟာတံတိုင်းကြီးနောက်မှ ဆေးပေါင်းဖိုများပစ်ချလာသည်ကို ဒုတိယအကြိမ်မြင်လိုက်ရခြင်းဖြစ်သည်။ အမှန်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်အကောင်းဆုံးက ဆေးပေါင်းဖိုများပေါက်ကွဲခြင်းမဟုတ်ပဲ ၎င်းတို့အတွင်းရှိဆေးလုံးများ၏ ဆေးအာနိသင်သာဖြစ်သည်။
ထိုဆေးလုံးများက မည်သည့်ဆေးများဖြစ်ကြောင်း မပြောနိုင်သော်လည်း ၎င်းတို့က အမုန်းဝိညာဥ်များကို ကိုင်တွယ်ရာ၌ ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုရှိလေသည်။
” ကျုပ်တို့ဒီတိုင်းသာဆိုရင် မဟာအကြီးအကဲရဲ့အစီအစဥ်ကို ဘယ်လိုဆက်လုပ်နိုင်မှာလဲ။ ကျုပ်တို့ အဲဒီချိန်ဟဲ့ထျန်ကို မဟာတံတိုင်းအပြင်ဘက်မှာသွားဖမ်းပြီး သတ်မှရတော့မယ်…”
အဘိုးကြီးက မျက်မှောင်ကြုတ်လိုက်သည်။ လူ့ဘီလူးကြီးမျိုးနွယ်စု၏ခေါင်းဆောင်များက ထိုဆေးပေါင်းဖိုများ၏ဂယက်ရိုက်ခတ်မှုအား နားလည်သဘောပေါက်ရန် အချိန်ကြာလိမ့်မည်မဟုတ်ကြောင်း သူသေချာသိပေသည်။
ထိုကြောက်မက်ဖွယ် ဆေးပေါင်းဖိုများကိုသာဆက်၍အသုံးပြုနေပါလျှင် ဝိညာဥ်ပင်လယ်ကြီးဆီမှ အကူအညီအနည်းငယ်သာရလိမ့်မည်။ ထိုသို့ဆိုလျှင် လူ့ဘီလူးကြီးများ၌ အထောက်အပံ့ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် သူတို့အားအတင်းအကြပ် စစ်ပွဲသို့ဝင်ခိုင်းရန် ခက်ခဲသွားလိမ့်မည်။
မဟာတံတိုင်းကြီး၏အပြင်ဘက်ရှိ စစ်မြေပြင်တွင် ရုတ်တရက် မီတာသုံးသောင်းနေရာ၌ ဗလာကျင်းသွားခြင်းကြောင့် လုံးဝဆိတ်ငြိမ်လျက်ရှိသည်။ မဟာတံတိုင်းထိပ်ရှိ စစ်တပ်ငါးခုမှကျင့်ကြံသူများအားလုံးမှာ ပင့်သက်ရှိုက်နေကြပြီး သူတို့၏မျက်လုံးအစုံမှာလည်း ပြူးကျယ်လျက် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထို့နောက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားလာလေသည်။
” အဲ့ဟာတွေက အရင်တစ်ခါက ဆေးပေါင်းဖိုတွေနဲ့ အမျိုးအစားတူတူပဲလား”
” ဘုရားရေ..ဒီတစ်ခါက အရင်တုန်းကထက်ပိုပြီး ထိတ်လန့်စရာကောင်းတယ်။ ဆေးပေါင်းဖိုဆယ့်သုံးလုံး ပေါက်ကွဲတာက ဝိညာဥ်ပင်လယ်ကြီးကို တကယ်ဖွတ်ဖွတ်ညက်ညက်ကြေသွားစေတာပဲကွ”
” အမုန်းဝိညာဥ်တွေ အများကြီးက…ကြောက်ဒူးတုန်နေကြတာကွ ”
တကယ်တမ်းတွင် လူတိုင်းက တိုက်ပွဲတွင် ချစ်ခင်ရသူအပေါင်းအသင်းများ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ကြသည်ကို မြင်ခဲ့ကြရသည်။ ထိုအတွက်ကြောင့် သူတို့၏စိတ်ခံစားမှုများမှာ အထူးသဖြင့်ပုံမှန်ထက်သာလွန်နေကြပြီး လူအများစုက မျက်လုံးများတွင် အရောင်တောက်ပလျက် အရေခွံဆုတ်တပ်သားများ၏စီရင်စုရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင် တိုက်ပွဲကို ဆက်လက်ဆင်နွှဲလေသည်။ သို့သော် လူ့ဘီလူးကြီးကြီးများနှင့် အမုန်းဝိညာဥ်များက ယခင်ကနှင့်နှိုင်းစာလျှင် အနည်းငယ်ချီတုံချတုံဖြစ်နေသည်မှာ သိသာလှသည်။ သူတို့က ဆေးပေါင်းဖိုများ ကျဆင်းလာမည်ကို ကြောက်ရွံ့နေဟန်ဖြင့် ကောင်းကင်ဆီသို့ ရံဖန်ရံခါမော့ကြည့်နေကြသည်။
ပိုင်လင်းမှာ တံတိုင်းပေါ်မှ လှည့်ထွက်လာစဥ် ပီတိဖြာဝေလျက်ရှိသည်။ လက်နက်တိုက်တွင် ပိုင်ရှောင်ချန်းက မပေါက်ကွဲသေးသည့် ဆေးပေါင်းဖိုများကိုအမှတ်တမဲ့ ရပ်ကြည့်နေရင်း မဟာတံတိုင်းကြီး၏အပြင်ဘက်တွင် မည်သို့ဖြစ်ပျက်နေမည်ကို သိချင်နေသည်။
သို့သော်လည်း မြို့ထဲရှိအခြေအနေမှာ ယခင်ကနှင့်အတူတူပင်ဖြစ်သည်။ မယုံနိုင်လောက်သည့် ထိတ်လန့်ဖွယ်အဖြစ်အပျက်တစ်စုံတစ်ခုသာ မဟုတ်ခဲ့လျှင် မြေအောက်မြစ်၏ ယခင်အသွင်အပြင်ကဲ့သို့ပင် မဟာတံတိုင်းအတွင်းရှိလူများမှာလည်း အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများအကြောင်းကို ကြားနိုင်မည်မဟုတ်ပေ။
ပိုင်လင်းက ပိုင်ရှောင်ချန်းဆီသို့ လေထုကိုဖြတ်၍ ဝှီးကနဲပျံသန်းလာနေပြီး သူမရောက်ခင်ကပင် သူ၏ရယ်မောသံကြီးကို ကြားနိုင်လေသည်။ ပိုင်ရှောင်ချန်းက ထိုရယ်သံကိုကြားလိုက်ရသည်နှင့်တပြိုင်နက် သူ၏နှလုံးသားမှာ တည်ငြိမ်သွားပြီး ဘဝင်လေဟပ်နေသည့်ဟန်ပြုလိုက်လေသည်။ လက်ကိုနောက်ပစ်လျက် ထိုနေရာတွင် ကြော့ရှင်းကာ အလွန်အမင်းကျက်သရေရှိသည့် သာမန်ထက် ထူးကဲသာလွန်သော လူတစ်ဦးကဲ့သို့ မတ်တပ်ရပ်နေသည်။
” ပိုင်လေး..ငါ့ကောင်လေး…မင်းလုပ်ခဲ့တာအံ့သြစရာပဲကွ”
ပိုင်လင်းက စကားပြောရင်း ဆင်းသက်လာ၏။ သူ စိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်း သူ့မျက်နှာကိုကြည့်၍ သိနိုင်လေသည်။ သူက လက်ကိုဝေ့ယမ်းကာ အရေခွံဆုတ်တပ်ဟူသော စာတန်းရေးထိုးထားသည့် ခရမ်းရောင်အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ပိုင်ရှောင်ချန်းဆီသို့ ပစ်ပေးလိုက်သည်။
” စစ်တပ် ငါးခုရဲ့ သံမဏိသေးကြောခန်းမတွေမှာ အပြစ်ပေးတာ ၊ဆုချီးမြှင့်တာတွေရှိတယ်။ ပိုင်ရှောင်ချန်း..မင်းရဲ့တာအိုဆေးပညာအောင်မြင်မှုကြောင့် တပ်သားဆယ်ဦးကို ဦးဆောင်ခွင့်ရမယ်။ အခုချိန်ကစပြီးနောက်ဆိုရင် မင်းက အရေခွံဆုတ်တပ်ရဲ့ တပ်ခွဲမှူးပဲ”
ပိုင်ရှောင်ချန်းက မဟာတံတိုင်းမြို့တွင် လူသစ်တစ်ဦးဖြစ်ပြီး အရာအားလုံးနှင့်လည်း လုံးလုံးလျားလျားရင်းနှီးကျွမ်းကျင်မှု မရှိသေးချေ။ ထို့အပြင် တပ်ခွဲမှူးရာထူးအကြောင်းကိုလည်း အများကြီးမသိချေ။ သို့သော်လည်း သူ့အားစောင့်ကြည့်ရသူ လူငယ်လေးယောက်က ချက်ချင်းပင် ခရမ်းရောင်အမိန့်ပေးတံဆိပ်ပြားအား မနာလိုသည့်အကြည့်ဖြင့် ကြည့်နေလေသည်။
သူတို့အားလုံးက နှစ်ပေါင်းများစွာ အရေခွံဆုတ်တပ်၏ အဖွဲ့ဝင်များဖြစ်ခဲ့ကြပြီး တပ်ခွဲမှူးအဆင့်အထိ ရောက်ရှိနိုင်ခြင်းမရှိသေးပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ရောက်ကာစပင်ရှိသေးပြီး ရာထူးတိုးခံရသည်။
အခြားမည်သည့်အခြေအနေမျိုးတွင်မဆို သူတို့က လက်ခံရန်ခက်ခဲနေသည်။ သို့သော်လည်း ဆေးပေါင်းဖိုပေါက်ကွဲမှုက သူတို့၏ကြောက်ရွံ့စိတ်ကိုဖြစ်ပေါ်စေရာ သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်ပြီးသည့်နောက်တွင် သူတို့အားလုံးက အကျိုးသင့်အကြောင်းသင့်ရှိသည့်အတွက် လက်ခံလိုက်ကြသည်။
” အဲဒီ အမိန့်ပေးတံဆိပ်ပြားက အရေခွံဆုတ်တပ်အတွင်းမှာ မင်းရဲ့ရာထူးကို ကိုယ်စားပြုရုံသာမကဘူး။ မင်းရဲ့တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေကိုလည်း မှတ်တမ်းတင်ပေးထားလိမ့်မယ်။ မင်းရဲ့ပေါက်ကွဲစေတဲ့ဆေးပေါင်းဖို တစ်ခုစီတိုင်းက သတ်ပစ်လိုက်နိုင်တဲ့ရန်သူအရေအတွက်ကို အဲဒီမှာစုသိမ်းပေးလိမ့်မယ် ”
ပိုင်လင်း၏မျက်လုံးများထဲမှ သဘောကျထောက်ခံမှုမှာ မရှင်းလင်းပေ။ အမှန်တွင် စစ်တပ်ငါးခု၌ တင်းကျပ်သောစည်းမျဥ်းစည်းကမ်းများသာမရှိလျှင် သူက ပိုင်ရှောင်ချန်းအား ချက်ချင်းပင် တပ်မှူးလေးရာထူးကို တိုးပေးလိမ့်မည်။
” တပ်ခွဲမှူးတဲ့လား ”
ပိုင်ရှောင်ချန်းက ခရမ်းရောင်အမိန့်ပေးတံဆိပ်ပြားအား လက်ခံယူရင်း တီးတိုးဆိုမိလိုက်သည်။ သူ လက်ခံပြီးသောအခါ တံဆိပ်ပြားဆီမှ နွေးထွေးသည့်တစ်စုံတစ်ခုက ပျံ့နှံ့လာပြီး သူ၏ကိုယ်အတွင်းသို့ဝင်ရောက်လာသည့်အတွက် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ထိုအချိန်ကျမှသူက ထိုအမိန့်ပေးတံဆိပ်ပြားမှာ သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း သိရှိသွားလေသည်။ ၎င်းအား သူ၏နတ်ဘုရားအာရုံနှင့်ပေါင်းစပ်ကြည့်လိုက်သောအခါ သူနှင့် မဟာတံတိုင်းမြို့လယ်ရှိ စေတီအကြား ထူးဆန်းသည့်ဆက်နွှယ်မှုရှိသည်ကို ခံစားမိလိုက်သည်။
” အမှန်ပဲ” ပိုင်လင်းကပြောသည်။
” တပ်ခွဲမှူးအဆင့်ကို အထင်မသေးလိုက်နဲ့ဦး။ အခုအချိန်မှာစစ်တပ်ထဲကနေ မင်းရဲ့ကိုယ်ပိုင်အခြွေအရံအဖြစ် ကျင့်ကြံသူဆယ်ယောက်ကိုရွေးချယ်နိုင်တယ်။ သူတို့မှာရွေးချယ်ခွင့်မရှိပဲ မင်း ပေးသမျှအမိန့်အားလုံးကို လိုက်နာကြလိမ့်မယ်”
အနည်းငယ်အားပေးစကားပြောကြားပြီးနောက် ပိုင်လင်းက ပိုင်ရှောင်ချန်းအား ပိုမိုအားပြင်းသည့် ပေါက်ကွဲစေနိုင်သော ဆေးပေါင်းဖိုများပို၍လုပ်နိုင်လိမ့်မည်ဟု သူကမျှော်လင့်ကြောင်း ပြောလိုက်သေးသည်။ နောက်ဆုံးတွင် သူကထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ကာ အစောင့်လူငယ်လေးယောက်အားမကြည့်မီ တပ်ခွဲမှူး၏အမိန့်ပေးတံဆိပ်ပြားကို ခဏမျှကြည့်ကာ ထိုနေရာတွင်မတ်တတ်ရပ်နေမိသည်။ ချက်ချင်းပင် သူတို့လေးဦးက ရှေ့သို့တက်လာပြီး တည်ကြည်လေးနက်စွာဂုဏ်ပြုလိုက်ကြသည်။
” တပ်ခွဲမှူးကို ဂါရဝပြုပါတယ်”
ပိုင်ရှောင်ချန်းက အံ့သြဖွယ်ကောင်းသည်ဟုခံစားလိုက်ရပြီး ထိုလေးယောက်အား ကြည့်ရှုလိုက်ပြီးနောက် အမိန့်ပေးတံဆိပ်ပြားကို ခဏတာငေးကြည့်လိုက်သည်။ သူက ချောင်းဟန့်လိုက်ပြီး လူငယ်လေးများအားကြည့်ကာ ပြောလိုက်သည်။
” မင်းတို့ဒီမှာ နေကြတာ အချိန်နည်းနည်းတောင်ကြာနေပြီ။ ဒါပေမဲ့ ငါခုထိမင်းတို့ရဲ့ နာမည်တွေကို မသိရသေးဘူးကွ”
” ကျောက်လုံ…တာဝန်ထမ်းဆောင်ရန်အသင့်ပါ”
” စွန်းလီ…တာဝန်ထမ်းဆောင်ရန်အသင့်ပါ”
” ရွှီဒဲ့ရှန်…တာဝန်ထမ်းဆောင်ရန်အသင့်ပါ”
” ကျိုးဝူ…တာဝန်ထမ်းဆောင်ရန်အသင့်ပါ”
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ထိုလူငယ်လေးယောက်က မြင်တွေ့ခဲ့ရသောအရာအားလုံးနှင့် ယခုအချိန်တွင်ပိုင်ရှောင်ချန်းက တပ်ခွဲမှူးဖြစ်သွားသည်ကို ထည့်သွင်းစဉ်းစားကာ သူတို့က သူ့အားအလေးအနက်ထားကာ လေးစားသည့်အမူအယာဖြင့် ကြည့်လာကြသည်။ အထူးသဖြင့် နှောင်းပိုင်းအမြုတေအဆင့်ဖြစ်သူ ကျောက်လုံအတွက် မှန်ကန်ပေသည်။ သူက ပိုင်ရှောင်ချန်းအား ပို၍လေးစားလာသည့်ပုံပေါ်လေသည်။ အကြောင်းမှာ သူကလွန်ခဲ့သောရက်အနည်းငယ်တုန်းက အမည်မသိသောအစိတ်အပိုင်းများဆီသို့ လွင့်ထွက်သွားခြင်းခံခဲ့ရသော လူငယ်လေးဖြစ်သောကြောင့်ဖြစ်သည်။
” အခုကစပြီး မင်းတို့လေးယောက်က ငါ့အမိန့်အောက်ရောက်သွားပြီနော်။ ငါတို့နောက်ထပ် နေရာလွတ်ခြောက်ခုတောင်ရှိသေးတယ်…ဆိုတော့ မင်းတို့လေးယောက်က အဲဒါကို ဖြေရှင်းလိုက်ကြဖို့ ငါခွင့်ပြုတယ်။ မြန်မြန်သွားပြီးတော့ တော်တဲ့လူတွေကိုရှာလာကြပေါ့။ ငါ့ရဲ့စောင့်ရှောက်မှုနဲ့ဆို ငါတို့တွေ အမြင့်တကာ့အမြင့်ဆုံးထိ တိုးတက်အောင်မြင်လာမှာပါကွ”
ပိုင်ရှောင်ချန်းက ယခုသူပြောလိုက်သည့်စကားများမှာ အတော်အတန်ထူးကဲလှပြီး စိတ်ဓာတ်တက်ကြွစေနိုင်သည်ဟု ခံစားလိုက်ရသည်။
ကျောက်လုံနှင့်သူ၏ရောင်းရင်းများက ပိုင်ရှောင်ချန်း၏ တိုးတက်မှုကိုမြင်လိုက်ရပြီး သူ့နောက်ကိုလိုက်ခြင်းက သူတို့အတွက်ကောင်းသောရွေးချယ်မှုဖြစ်ကြောင်း သိရှိလိုက်သည်။ ခဏတာတုံ့ဆိုင်းသွားပြီး သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သဘောတူကြောင်း ပြောဆိုလိုက်ကြပြီး နောက်ထပ်ကျင့်ကြံသူများအား သွားရှာရန်ထွက်ခွာသွားလေသည်။
သူတို့ထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုများအား ထပ်မံစစ်ဆေးလိုက်သည်။ ညနေခင်းတွင် ကျောက်လုံနှင့် အခြားသူများက ကျင့်ကြံသူခြောက်ယောက်အားဆွဲခေါ်လာရင်း ပြန်ရောက်လာသည်။ လေးဦးမှာ ယောက်ျားလေးများဖြစ်ကာနှစ်ဦးမှာ မိန်းကလေးများဖြစ်ပြီး သူတို့က ပိုင်ရှောင်ချန်းအား စူးစမ်းလိုစိတ်အပြည့်ဖြင့်ကြည့်နေကြလေသည်။