အခန်း ( ၄၇၉ )

တစ်ဆယ့်သုံး

” ငါမှန်နေပြီထင်တယ်၊ ပါဝင်ပစ္စည်းတွေ အပြန်အလှန် အကျိုးပြုမှုကြောင့် ရုတ်တရက် ပေါ်ပေါ်လာတဲ့ ပြဿနာတွေကို မမြင်မိတာပဲ။ ငါ စစ်ဆေးမှုနည်းနည်းလုပ်ပြီး ဆောင်ရွက်သင့်တာ။ ဘာပဲဖြစ်ဖြစ် ဆေးပေါင်းဖိုတွေ ပေါက်ကွဲနေသေးသရွေ့ စစ်သေနာပတိချုပ်ကတော့ ပျော်နေမှာပဲ” ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး မဟာတံတိုင်းမြို့တော်ရှိ ဘဝသည် အမှန်တကယ် ကြည်နူးဖွယ်ကောင်းကြောင်း လက်ခံယုံကြည်သွားတော့သည်။

အနည်းဆုံးတော့ အပြစ်ပေးခံရမည်ကို ကြောက်စရာမလိုပဲ သူစိတ်တိုင်းကျ ဆေးဖော်နိုင်သည်မဟုတ်ပါလော။ ဆေးပေါင်းဖိုများ ပေါက်ကွဲခြင်းအတွက်ပင် ချီးကျူးခံရလေရာ ထိုသို့အဖြစ်မျိုး ယခင်က သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။

ပိုင်ရှောင်ချန်းသည် ပထမဆုံးဆေးဖော်စပ်ခြင်းစမ်းသပ်ချက်တွင် လွတ်မြောက်သွားသော ဆေးပေါင်းဖိုများကို ကြည့်ရင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့မျက်နှာအပေါ်တွင် သုန်မှုန်သောအမူအရာဖမ်းလိုက်လေသည်။ ဤတစ်ကြိမ်တွင် သူသည် ဆေးပေါင်းဖိုတစ်ခုစီတွင် ပါဝင်ပစ္စည်း အဆင့်များကို ပြောင်းလဲရန် ရည်ရွယ်ထားပြီး ဤနည်းဖြင့် မည်သည့် ဆေးဖော်စပ်နည်းသည် အကျိုးသက်ရောက်မှုအများဆုံးဖြစ်မည်ကို အလျင်အမြန် ရွေးထုတ်နိုင်လေမည်။

ထိုသည်ကို တွေးမိလိုက်ပြီးနောက် အကောင်းဆုံးအကြံဖြစ်သောကြောင့် သူ အလုပ်စလုပ်တော့သည်။ သူ့ အပြင်အားခန္ဓာကိုယ်၏ မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် ဆေးပင်များကို ထုတ်ကာ ဆေးပေါင်းဖိုထဲ ပစ်ထည့်လိုက်လေသည်။ ရံဖန်ရံခါ မြေမီးတောက်များကို ထိန်းညှိလိုက်ကာ အမျိုးမျိုးသော အသုတ်များမှာ အနည်းငယ်ကွဲပြားစွာ ဖော်စပ်ထားကြောင်း သေချာစေလိုက်သည်။

သူသည် ပိုင်လင်းက စွမ်းအားပြင်းပေးရန် တောင်းဆိုထားသည်ကို မေ့၍မရပေ။ ထို့ကြောင့် သူက ဆေးပေါင်းဖို အချို့ထဲကို လေပန်းပွင့်များ ထပ်ထည့်လိုက်သည့်တိုင် လွန်မသွားစေရန် ဂရုစိုက်လိုက်လေသည်။ သူ၏ ကိုယ်ပိုင်နေအိမ်တွင် ဖော်စပ်နေခြင်းဖြစ်ပြီး အကယ်၍ သူသာ အသုတ်တစ်ခုခုကို မထိန်းချုပ်နိုင်ခဲ့၍ ဆေးပေါင်းဖိုများ ထပေါက်ကွဲခဲ့လျှင် သူ့ကိုယ်သူ ထိခိုက်သွားစေခြင်းနှင့်သာ အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ဆေးပေါင်းဖို အလုံးနှစ်ဆယ်လုံး အနီရဲရဲတေါက်လာပြီး စွမ်းအားပြင်းသော ဆေးအရှိန်အဝါများ ထုတ်လွှတ်သည်အထိ ရံဖန်ရံခါ ဆေးပင်များ ထပ်ထည့်ခြင်း၊ ထိန်းညှိုခြင်းများ ပြုလုပ်ရင်း မတူညီသော ဆေးပေါင်းဖို အလုံး နှစ်ဆယ်ကြားတွင် ရှေ့သွားနောက်ပြန် လမ်းလျှောက်ကာ သတိကြီးကြီးစောင့်ကြည့်နေလေသည်။

ဤဖော်စပ်ခြင်းစမ်းသပ်ချက်တွင် သူက လုံးဝအာရုံစိုက်၍ နစ်မြောနေစဥ် အစောင့်လူငယ်လေးယောက်မှာ ကြောက်လန့်မှူများ၊ စိုးရိမ်သောကများဖြင့် တုန်ယင်လျက် ဘေးတွင်ရပ်နေလေသည်။ ထို့နောက် နာရီအနည်းငယ် ကုန်လွန်ပြီးနောက် ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုအဖုံးများကို ဖွင့်ပြီး ပိတ်လှောင်လိုက်သည်ကို သတိပြုမိလိုက်၏။ ချက်ချင်းပင် အစောင့်လေးယောက်၏ ခေါင်းများ ချာချာလည်လာတော့သည်။

” မကောင်းတော့ဘူး။ မဟာသမားတော် ပိုင် ဆေးပေါင်းဖိုတွေကို နောက်တစ်ခါ ပိတ်လှောင်နေတယ်”

” ဘုရား ဘုရား ။ အရင်ဆေးပေါင်းဖိုတွေ ပေါက်ကုန်သွားတာ ပိတ်လှောင်ထားပြီး စွမ်းအင်မထွက်နိုင်လို့မလား။ စွမ်းအင်လုံလုံလောက်လောက် ဖြစ်တည်လာတဲ့နောက် ဆေးပေါင်းဖိုတွေ မခံနိုင်တော့ပဲ ပေါက်ကွဲသွားတာ….”

” ငါတို့ အခု ဘာလုပ်ရမလဲ”
လေးယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ အကာအကွယ်မှော်ပစ္စည်းများ ဆွဲထုတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် ဆေးပေါင်းဖိုများမှ ဝေးနိုင်သမျှ ဝေးဝေးသို့ နောက်ဆုတ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများက ဆေးပေါင်းဖိုများကိုသာ ကပ်ညိနေပြီး မြေမီးတောက်များကို ထိန်းညှိနေလေရာ တဝုန်းဝုန်းမြည်သံများ ဆူညံလာတော့သည်။
” ဒီတစ်ကြိမ် ဒီဆေးပေါင်းဖိုတစ်လုံးလုံးတော့ သေချာပေါက် ပေါက်ကွဲမှာပဲ။ ဘယ်တစ်ခုလဲဆိုတာ ပြောရခက်တယ်။ သူတို့ထဲက တစ်လုံးလုံး ပေါက်ကွဲသွားရုံနဲ့ လုံလောက်ပြီ ”

မကြာမီ ဆယ့်ခြောက်နာရီ ကုန်ဆုံးသွား၏။ ဆေးပေါင်းဖို အလုံး ၂၀လုံး ရဲရဲနီနေပြီး ကြောက်မက်ကောင်းသော အငွေ့အသက်များနှင့် အပူပြင်းများ ထုတ်လွှတ်နေလေသည်။ အစောင့်လေးယောက်မှာ အလွန်တရာ တုန်ရီနေပြီး သူတို့၏ ဆံပင်မွှေးများပင် ထောင်နေတော့သည်။

” နောက်ဆုံးအကြိမ်က ၈ နာရီပဲကြာတာ။ အခုတော့.. အခု…”

” ၁၆ နာရီကြီးများတောင် ရှိနေပြီ”

ရုတ်တရက် ဆေးပေါင်းဖိုလေးလုံးမှာ အက်ကွဲသံများပေါ်ထွက်လာပြီး ပေါက်ကွဲထွက်တော့မည့် ပုံရလေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်လာပြီး အော်လိုက်၏။
” ပေါက်ထွက်တော့မှာပဲ”

တစ်ဆက်တည်းပင် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ကာ သူ့ရှေ့တွင် အဆောင်လက်ဖွဲ့တစ်ပုံတစ်ခေါင်းပစ်ပေါက်လိုက်ပြီး ဒိုင်းတစ်ချို့ ပြုလုပ်ရန် မှော်ပစ္စည်းအနည်းငယ်ကိုပင် သုံးလိုက်လေသည်။

အစောင့်လူငယ်လေးယောက်၏ မျက်နှာများမှာ လုံးဝရှုံ့တွနေကြပြီး မည်သို့လုပ်ကြမည်နည်းဆိုသည်ကို တွေဝေနေစဥ်မှာပင် နောက်ထပ်ဆေးပေါင်းဖို ခုနစ်လုံးမှ အက်ကွဲသံများ ထွက်ပေါ်လာပြန်၏။ ထိုဆေးပေါင်းဖိုများ၏ အောက်ခြေရှိ မြေကြီးသည်ပင်လျှင် အောက်သို့ ကျွံကျသွားပြီး ပုံပျက်ရှုံတွသွားလေသည်။ သိသာထင်ရှားစွာပင် ထိုဆေးပေါင်းဖိုများ ပေါက်ကွဲလေတော့မည်။

“ဆယ့်..တစ်လုံး”

“နောက်ဆုံးတစ်ခေါက်တုန်းက နှစ်လုံးပဲ ပေါက်ကွဲတာတောင် ငါတို့ ခန္ဓာကိုယ်ထဲက ဝိညာဥ်တွေ လွင့်ထွက်သွားမလိုတောင် ဖြစ်ခဲ့တာ။ ဒီတစ်ကြိမ် ဆယ့်တစ်လုံးပေါက်ကွဲတော့မှာပဲ ”
တုံ့ ဆိုင်းမနေတော့ပဲ သူတို့အားလုံး ခြံဝင်းထဲက ပျံထွက်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အလွန် အံအားသင့်နေလေရာ မျက်လုံးများမှာ ဦးခေါင်းခွံမှ ထွက်ကျတော့မတတ် ပြူးကျယ်လာ၏။

” ဒီတစ်ကြိမ် ဆယ့်တစ်လုံးပေါ့ ”
သူ့နှလုံးသားထဲတွင် စိုးရိမ်ပူပန်သောခံစားချက်တစ်ခု မြင့်တက်လာပြီး နောက်သို့ဆုတ်လိုက်စဥ် နောက်ထပ်ဆေးပေါင်းဖိုနှစ်လုံးထံမှ အက်ကွဲသံများ ထွက်လာပြန်သည်။ နောက်ထပ် ဆေးပေါင်းဖို နှစ်လုံး ပေါက်ကွဲပေတော့မည်။

” ဆယ့်သုံးလုံး ”
ပိုင်ရှောင်ချန်းက ပင့်သက်ရှိုက်ရင်း ပြောလိုက်၏။ ရုတ်တရက် အတွင်းထဲကလှိုက်၍ မကောင်းသော ခံစားချက်များရလိုက်လေသည်။ နောက်သို့ ထပ်၍ဆုတ်လိုက်စဥ်မှာပင် ဆေးပေါင်းဖိုဆယ့်သုံးလုံးမှ အံ့သြတုန်လှုပ်ဖွယ် အရှိန်အဝါများ ပျံနှံ့လာပြီး ပိုများသောအက်ကွဲကြောင်းများ ၎င်းတို့၏မျက်နှာပြင်များထက်တွင် ပေါ်ထွက်လာတော့သည်။ ယခုအခါ သာမန်မျက်လုံးနှင့်ပင် ဆေးပေါင်းဖိုများအတွင်းရှိ စွမ်းအင်များသည် အချိန်မရွေးပေါက်ကွဲတော့မည့် အမှတ်သို့ရောက်နေသည်ကို မြင်နိုင်လေသည်။

သို့သော်လည်း အရူးသဖွယ် တဟားဟားရယ်သံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ပိုင်လင်းသည် အလွန်အံအားသင့်ဖွယ်ကောင်းစွာပေါ်လာသည်။ သူက ဆေးပေါင်းဖို ဆယ့်သုံးလုံးကို တန်ဖိုးအကြီးဆုံး အဖိုးထိုက်ရတနာများအလား ပီတိဖြစ်စွာငုံ့ကြည့်နေလေသည်။ ထို့နောက် သူက အင်္ကျီလက်ကို ခါလိုက်ရာ ကျက်ကျက်ပူနေသော ဆေးပေါင်းဖို ဆယ့်သုံးလုံးသည် အသေးစားနေလုံးများကဲ့သို့ လေပေါ်မြောက်တက်လာ၏။ ထို့နောက် ပိုင်လင်းက သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် ဆင့်ခေါ်လိုက်ပြီး မဟာတံတိုင်းထိပ်သို့ တဟုန်ထိုးထွက်သွားတော့သည်။

ချက်ချင်းပင် စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများသည် ပိုင်လင်းနှင့် ရဲရဲနီသော ဆေးပေါင်းဖိုဆယ့်သုံးလုံးကို မြင်လိုက်ပြီး မနေ့က ဖြစ်ပွားခဲ့သော မယုံကြည်နိုင်ဖွယ် မြင်ကွင်းကြီးကို ပြန်တွေးမိလိုက်သည်။

ထိုအချိန်တွင် ပိုင်လင်းက အားမာန်အပြည့်နှင့် ဟိန်းဟောက်ကာ ဆေးပေါင်းဖို ဆယ်သုံးလုံးကို စစ်မြေပြင်ပေါ်သို့ ပစ်လွှတ်လိုက်တော့သည်။

စစ်ပွဲသည် ခါတိုင်းနှင့်မတူ တချိန်လုံး တိုက်ပွဲဖြစ်နေ၏။ အစက မြေရိုင်းသားများသည် မဟာတံတိုင်းကြီးကို စူးစမ်းနေပြီး ထပ်တလဲလဲ တိုက်ခိုက်နေခဲ့သည်။ ထို့နောက် သူတို့က မြေအောက်မြစ်နှင့် ပူးပေါင်းလိုက်ကြပြီး ယခုအခါ လူ့ဘီလူးမျိုးနွယ်စုများကိုပင် ခေါ်လာကြချေသည်။

ယခုအချိန်တွင် ပါဝင်လာသော မျိုးနွယ်စုများမှာ သိပ်မများသော်လည်း ခါတိုင်းထက် များစွာပိုလေသည်။ ထိုမျှသာမက လူ့ဘီလူးမျိုးနွယ်စုများသည် လတ်တလောတွင် လူ့ဘီလူးတစ်သောင်းကျော်ဖြင့် အတူတကွပူးပေါင်း၍ ချီတက်လာကြကာ သဲကြီးမဲကြီး တိုက်ခိုက်နေကြသည်။ ထို့အပြင် သူတို့ကို မြေအောက်မြစ်မှ ဝိညာဥ်အုပ်လိုက်ကြီးက ဝန်းရံပေးထားလေသည်။

ဝိညာဥ်များစွာရှိသော ဝိညာဥ်ပင်လယ်ကြီးအတွင်းမှာ အခြားဝိညာဥ်များထက် ပိုစွမ်းအားကြီးပြီး ကွဲပြားခြားနားသော ပြိုင်ဘက်ကင်းဝိညာဥ်များစွာရှိပြီး ဒေါသများ၊ရက်စက်မှုများဖြင့် မဟာတံတိုင်းကြီးနှင့် အကာအကွယ်ထံသို့ တရှိန်ထိုးပြေးတက်လာကြသည်။

မဟာတံတိုင်းကြီးအပေါ်ရှိ အမြောက်များမှာ ရန်သူလမ်းကြောင်းတစ်ခုပြီးတစ်ခု အဆက်မပြတ်ပစ်ခတ်နေလေသည်။ ထိုအချိန်မှာပင် ပိုင်ရှောင်ချန်း၏ ဆေးပေါင်းဖို ဆယ်သုံးလုံး ကျဆင်းလာတော့သည်။

ဆေးပေါင်းဖိုတစ်လုံးစီတိုင်းသည် သုံးမီတာသာရှိသည်။ စစ်မြေပြင်တစ်ခုလုံးနှင့် ယှဥ်လျှင်အလွန်သေးငယ်လှ၏။ သို့သော်လည်း အနီရဲရဲတောက်ပနေပြီး ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော အငွေ့အသက်နှင့် ပေါင်းစပ်သွားသောအခါ ချက်ချင်းပင် စစ်တပ်ငါးဖွဲ့နှင့် လူ့ဘီလူးများ သတိထားမိလိုက်ကြတော့သည်။

ဆေးပေါင်းဖိုများ လွင့်ပျံလာစဥ် လူ့ဘီလူးအမြောက်အမြား မျက်နှာပျက်သွားကြတော့သည်။ လွန်ခဲ့သောရက်အနည်းက ဆေးပေါင်းဖိုသုံးလုံးကို သူတို့ မမြင်ခဲ့ရသော်လည်း မဟာတံတိုင်းတပ်ဖွဲ့များ ယခုအသုံးပြုနေကြသည့် ဝိညာဥ်စုစည်းမှော်ပစ္စည်းများအကြောင်းကြားထားကြသည်။

ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများ ထပ်မံထွက်ပေါ်လာမှုနှင့်ပတ်သက်၍ မြေရိုင်းဒေသစစ်တပ်မှာ ယခုအထိ ၎င်းတို့ကို ရင်ဆိုင်ရန် နည်းလမ်းကို မဖန်တီးနိုင်သေးပေ။ သူတို့လုပ်နိုင်သည်မှာ လေကိုခွင်း၍လွင့်ပျံလာသော ဆေးပေါင်းဖိုများ မြေပြင်သို့ကျလာပြီး နားကွဲလုမတတ် အသံကြီးဖြင့် ပေါက်ကွဲသွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

မြေကြီးသည် တသိမ့်သိမ့်တုန်သွားပြီး ဆူနာမီလှိုင်းလုံးကြီး လိမ့်တက်လာသည့်အလား စွမ်းအားအမြောက်အမြားနှင့်အတူ မီးတောက်မီးလျှံများ အရပ်မျက်နှာတစ်ခွင်သို့ ဝုန်းခနဲ ပျံ့နှံ့သွားလေသည်။

ပို၍ပင် အံသြဖွယ်ကောင်းသည်မှာ ထိုပေါက်ကွဲမှုတွင် ဝိညာဥ်ချေမှုန်းစွမ်းအားများပါဝင်နေ၏။ ထိုသည်မှာ ဝိညာဥ်စုစည်းဆေးလုံး၏ ဆေးအာနိသင်ဖြစ်ပြီး မီတာ သုံးသောင်းအကျယ်အအဝန်းတစ်ခုလုံး ပြည့်သွားတော့သည်။ ထိုနေရာအတွင်းရှိ အမုန်းဝိညာဥ်များအားလုံး ကြောက်လန်မှုကြောင့် စူးစူးဝါးဝါးအော်ဟစ်လိုက်ကြသော်လည်း ပျံပြေး၍မရပေ။ မျက်စိတစ်မှိတ်တွင်းမှာပင် စွမ်းအားလှိုင်းကြီးက သူတို့ကို လွှမ်းမိုးသွားကာ လုံးဝဖျက်စီးပစ်လိုက်တော့သည်။

၄င်းသည် ခုခံရန်မဖြစ်နိုင်သည့် အားတစ်ခုဖြစ်ပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ ၎င်းက အဝေးမှနေ၍ မီတာ သုံးသောင်းနေရာကြီးရှိ အရာအားလုံးကို ချေမှုန်းပစ်နေသည့် လက်ကြီးတစ်စုံအလားပင်။

တခဏကြာသော် ထိုနေရာများမှာ လုံးဝ ပြောင်တလင်းခါသွားချေပြီ….

လူ့ဘီလူးမျိုးနွယ်စုဝင်များမှာ အလွန်အံအားသင့်သွားကြ၏။ တစ်ဆက်တည်းမှာပင် မဟာတံတိုင်းကြီးထံမှ အတန်ငယ်ဝေးသော နေရာတွင် ရွက်ဖျင်တဲများဖြင့်ပြည့်နေသာ မန္တန်အစီအရင်များဖြင့် ကာကွယ်ထားသည့် နေရာတစ်ခုရှိလေသည်။ ထိုနေရာအလယ်တွင် အနက်ရောင်ပလ္လင်ကြီးတစ်ခုသည် လေပေါ်လွင့်ေမျာနေပြီး ထိုအပေါ်တွင် အဘိုးအိုတစ်ယောက်က တင်ပျဥ်ခွေ၍ ထိုင်နေ၏။ လောလောဆယ် သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများ၊ ဒေါသများဖြင့် တဟုန်းဟုန်းတောက်နေလေသည်။

ထိုဒေါသ၏ အကြောင်းရင်းမှာ ရေမျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသည့် သူကြည့်နေသော ပုံရိပ်တစ်ခုကြောင့်ပင်။ သဲသဲကွဲကွဲမြင်လိုက်သည်ဝယ် မဟာတံတိုင်းကြီးအပြင်ဘက်ရှိ ပြောင်းတလင်းခါနေသော မီတာ သုံးသောင်းနေရာကြီး ဖြစ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset