” ပေါက်ကွဲမှုက ဒုတိယမြောက်တန်ဖိုးပဲ ”
ထိုအခိုက်အတန့်တွင် မျက်လုံးများ ပို၍ တဖျတ်ဖျတ်တောက်ပလာရင်း ပိုင်လင်းက တွေးလိုက်သည်။
“ အရေးကြီးဆုံးက အဆပေါင်းများစွာ ထိရောက်စေမယ့် ဆေးအာနိသင်ပဲ..”
နောက်ဆုံးတွင် သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး လှည့်၍ လက်နက်တိုက်ဆီ ဦးတည်လိုက်၏။
ပိုင်ရှောင်ချန်းသည် လတ်တလောတွင် ကျန်ရှိသော ဆေးပေါင်းဖို့ ငါးလုံးကို စိုးရိမ်လျက် ရပ်ကြည့်နေရင်း အလွန်မှုန်ကုပ်နေ၏။ ကျင့်ကြံသူအတော်များများသည် အစောက ပေါက်ကွဲသံကြီးကြောင့် စူးစမ်းရန်လာကြပြီး ယခုတွင် ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို အံအားသင့်ကာ စိုက်ကြည့်နေကြလေသည်။
ပိုင်ရှောင်ချန်း၏ နေအိမ်သည် လုံးလုံးမပျက်စီးသွားသော်လည်း အကြီးအကျယ်စုတ်ပြတ်နေလေပြီ။ အစောင့်လေးယောက်အနက် တစ်ယောက်မှာ အပိုင်းအစများနှင့်အတူ မည်သည့်နေရာကိုမသိ လွင့်ထွက်သွားပြီး ကျန်သုံးယောက်မှာ ယခုတွင် ပိုင်ရှောင်ချန်းကို ထိတ်လန့်ကြောက်ရွံသော အမူအရာများဖြင့် ကြည့်နေကြလေသည်။
မဟာသမားတော်များမှာမူ ဆေးလုံးများစားလိုက်ကြရပြီး ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။
” ခင် ဗျားတို့ ကျုပ်ကို တကယ်အပြစ်တင်လို့မရဘူးလေ” သူက စိုးရိမ်တကြီးပြော၏။
” ခင်ဗျားတို့အားလုံးကို ကျုပ် ကြိုသတိပေးခဲ့သားပဲ…”
” အားလုံးပဲ ကျုပ်ပြောတာနားထောင်ပါဗျာ။ နောက်ဆုတ်ရင်ဆုတ်၊ အကာအကွယ်မန္တန်နည်းနည်းလောက်ထုတ်ရင်ထုတ်လိုက်ပါ… ။ ခင်ဗျားတို့ပဲ ကိုယ်သဘောနဲ့ကိုယ် ဒီလာခဲ့တာလေဗျာ။ ကျုပ် လာဖို့ မခေါ်ပါဘူး”
” ကျုပ် အရင်က ဆေးဖော်ခဲ့တုန်းက ဆိုရင် ဘယ်သူမှ အနားမကပ်ရဲဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အလယ်တောင်ထိပ်မှာတုံးက ကျုပ် ဆေးဖော်ပြီဟေ့ဆိုတာနဲ့ တောင်တစ်ခုလုံးက လူတိုင်း ပျံပြေးတော့တာပဲ။ ”
ပိုင်ရှောင်ချန်း ဘာမှမပြောလျှင် ပိုကောင်းပေလိမ့်မည်။ သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် စောစောက အနာတရဖြစ်သွားသည့်လူများမှာ ဒေါသများ ပေါက်ကွဲသွားတော့သည်။
” မင်း လက်နက်တိုက်ကို ဖျက်ဆီးခဲ့တယ်။ မင်းရဲ့ တာအိုရောင်ရင်းတွေကို ဒဏ်ရာရအောင်လုပ်တယ်။ စစ်သေနာပတိချုပ်ကို ဘယ်လိုရှင်းပြမလဲ ကြည့်ကြသေးတာပေါ့ ပိုင်ရှောင်ချန်း”
” တခြားလူတွေ ဆေးပေါင်းဖိုတွေကို ပေါက်ကွဲစေရင် ဆေးလုံးဆုံးရှုံးတာထက်မပိုဘူး။ ဒါပေမယ့် မင်းက ပြဿနာရှိဖို့ ကြိုးစားနေတာ သိသာတယ်”
လူတိုင်းက သူ့ကို အံတင်းတင်းကြိတ်၍ စိုက်ကြည့်နေကြ၏။ အထူးသဖြင့် မဟာသမားတော်များသည် ယခုတွင် ပိုင်ရှောင်ချန်းကို ပို၍ပင် မုန်းသွားချေလေပြီ။ သူတို့မှာ ဖြစ်ပျက်နေသည်ကို လာကြည့်ရုံလေးနှင့် ဆေးပေါင်းဖိုများပေါက်ကွဲခြင်းကြောင့် အသက်ဆုံးတော့မတတ်ဖြစ်လိမ့်မည်ဟု ဘယ်တော့ကမှ မထင်ထားခဲ့သည် မဟုတ်ပါလော။ ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့ဝိညာဥ်များပင် ဆွဲထုတ်ခံနေရသည့်အလား ခံစားလိုက်ရခြင်းပင်။
ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ပင် ခေါင်းကိုက်လာပြီး ပိုင်လင်းဘယ်လောက်ဒေါသကြီးကြောင်း တွေးလိုက်ချိန်တွင် ပိုဆိုးသွားတော့သည်။ ရှင်းလင်းစွာပင် ပိုင်လင်းသည် ပိုင်ရှောင်ချန်းပေးခဲ့သော သတိပေးချက်များအားလုံးကို လျစ်လျူရှူခဲ့သည် မဟုတ်ပါလော။
ထိုအချက်ကို စဥ်းစားမိလိုက်သည်နှင့် သူ၏ မှုန်ကုပ်နေသော မျက်နှာသည်ပို၍ မည်းမှောင်လာပြီး သူ၏ သက်ပြင်းများလည်း ကြာရှည်လာတော့သည်။ သူ့အကြောင်းကို ရှင်းပြရန် အကြံကောင်းများထုတ်နေစဥ် သူရှိရာဘက်သို့ အလင်းတန်းတစ်ခုက လေကိုခွင်း၍ လာနေ၏။
၄င်းမှာ စစ်သေနာပတိချုပ် ပိုင်လင်းက လွဲ၍ တခြားမဟုတ်ပေ။
သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့်လာနေလေရာ တခဏသာကြာသော် လက်နက်တိုက်၏ အပေါ်တွင် ပေါ်လာပြီး ပိုင်ရှောင်ချန်းရှေ့သို့ ဆင်းသက်လိုက်၏။
အလွန်သုန်မှုန်နေပြီး ထူးဆန်းသောအလင်းများ သူ့မျက်လုံးများတွင်တောက်ပနေပြီး သူက ပိုင်ရှောင်ချန်းကို ကြည့်ကာ ပြောသည်။
” မင်းဘာလုပ်လိုက်လဲ သိလား၊ ပိုင်ရှောင်ချန်း”
ပိုင်ရှောင်ချန်းမှာ မဟာတံတိုင်းအပြင်ဘက်တွင် ဘာဖြစ်ခဲ့သည်လဲ မသိလေရာ သူ၏ နှလုံးသားမှာ ဒေါသများ၊ အကြောက်တရားများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ ထို့ကြောင့် သူက အလေးမထားရန် ဆုံးဖြတ်လိုက်တော့သည်။
” စစ်သေနာပတိချုပ် ” သူက ကျယ်လောင်စွာ ပြောလိုက်သည်။
” ကျုပ် ဆေးဖော်စပ်ရင် ဘာဖြစ်လဲဆိုတာ ခင်ဗျားကိုပြောခဲ့သားပဲ။ ခင်ဗျားက ကျုပ်ကိုအလုပ်မှာပဲ အာရုံစိုက်၊ ကျန်တာတွေအားလုံးကို ခင်ဗျားတာဝန်ခံမယ် ပြောခဲ့တယ်နော်။ ကျုပ်ရဲ့ အကျိုးဆက်တွေက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး ပြောခဲ့တယ်လေ။ ခင်ဗျားပြော….”
သူစကားပင် ဆုံးအောင်မပြောနိုင်လိုက်ခင် ပိုင်လင်းက ရှေ့တိုးလာပြီး သူ၏ လက်မောင်းကို ဖမ်းဆွဲလိုက်၏။ သူသည် မယုံနိုင်လောက်အောင် လျင်မြန်သည်သာမက သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း ပိုင်ရှောင်ချန်းနှင့် အလွန်ကွာခြားလှသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းအတွက် ခုခံရန်မှာ မဖြစ်နိုင်ပေ။ ပိုင်ရှောင်ချန်းသည် ပိုင်လင်းက ဖမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရချင်း တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် အေးစိမ့်ချီများဆင့်ခေါ်ရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ပိုင်လင်း၏မျက်နှာအမူအရာမှာ အလွန်ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။
သူ့မျက်လုံးများမှာ တစ်ခါမှမကြုံဖူးသော အလင်းများဖြင့် တောက်ပနေပြီး အသက်ရှူသံများကို ထိန်းနေရလေသည်။ သူက ပိုင်ရှောင်ချန်းကို ကျောက်ကုန်သည်က ရှားပါးသောကျောက်မျက်ရတနာကို ကြည့်နေသည့်အလား ကြည့်နေလေသည်။
” ဘာလို့ အကျိုးဆက်တွေက မင်းပြောသလို မဟုတ်တာလဲ။ ဆန့်ကျင်ဘက်ပဲဟေ့။ ဟားဟားဟား ပိုင်လေး၊ ငါ့ကောင်လေးရေ၊ မင်းက တကယ့်ကို စိတ်ပျက်စေဘူးပဲ။ ဆက် ကြိုးစားထား။မင်းနှလုံးသား လမ်းပြတဲ့အတိုင်း ဆေးဆက်ဖော်။ ဆေးပေါင်းဖိုလေးမဆိုစလောက် ပေါက်ကွဲတာကို ဘယ်သူက ဂရုစိုက်မှာတုံး။ ဟုတ်တယ်နော်”
” မင်းလုပ်ချင်တဲ့အတိုင်းသာလုပ်။ ပိုပြီး ပေါက်ကွဲလေလေ ပိုကောင်းလေပဲ။ အမှန်အတိုင်းပြောရရင် မင်း ပေါက်ကွဲအားကောင်းအောင် ပိုပြီးလုပ်နိုင်ရင် အကောင်းဆုံးပဲ။ ကြောက်စရာကောင်းလေ ကြိုက်လေပဲ။ ပြီးတော့ စိတ်မပူနဲ့ ။ ဘယ်လိုအန္တရာယ်ရှိတဲ့ အခြေအနေကိုမဆို ငါ ထိန်းသိမ်းပေးမယ်”
ထို့နောက် သူက ခေါင်းနောက်လှန်ကာ အားပါးတရ ရယ်လိုက်၏။
ပိူင်ရှောင်ချန်းသာ ပိုင်လင်း၏ စကားများကြောင့် အံ့အားသင့်သွားခြင်းမဟုတ်ဘဲ ပိုင်လင်းက ထိန်းမနိုင် သိမ်းမရ ဒေါသအိုးပေါက်ကွဲတော့မည်ဟု ထင်နေကြသော စောင်ကြည့်နေကြသူများ အားလုံးလည်း အံ့သြသွားကြလေသည်။ သူတို့မျှော်လင့်ထားသည်နှင့် ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
“ဘာ…ဘာတွေဖြစ်နေတာလဲ။ ”
မကြာသေးမီက ဒဏ်ရာရသွားသော မဟာသမားတော်များမှာ သူတို့မြင်နေရသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သူတို့ ခန့်မှန်းချက်များထက် ကျော်လွန်နေလေရာ အစစ်အမှန်ဖြစ်ပုံပင် မရတော့ပေ။
လူတိုင်း တအံ့တသြ စိုက်ကြနေကြစဥ် ပိုင်လင်းက မဟာတံတိုင်းအပြင်ဘက်တွင် စောစောက ဖြစ်သွားသည့်အရာကို ပြန်စဥ်းစားပြီး သူ၏ စိတ်လှုပ်ရှားမှုများသည် ဆက်လက်မြင့်တက်လာတော့သည်။ သူထင်ရသရွေ့ ပေါက်ကွဲနေသော ဆေးပေါင်းဖိုတစ်လုံးချင်းစီက ဝိညာဥ်များနှင့် လူ့ဘီလူးကြီးများကို ပစ်ခတ်နိုင်သည့် သေစေနိုင်သော လက်နက်များပင်။
ထို့အပြင် သူတို့ကို မယုံကြည်နိုင်ဖွယ် တိုက်ပွဲအောင်မြင်မှုရမှတ်များ စုဆောင်းရန် အသုံးပြုနိုင်လေသည်။
နှစ်ပေါင်းများစွာ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် မြေရိုင်းသားများကို ရင်ဆိုင်ရန် အကြံဉာဏ်များစွာထုတ်ခဲ့သည်။ သူတို့သည် ဝိညာဥ်အဆုံးသတ်နည်းလမ်းမျိုးစုံကို ကြိုးစားကြည့်ခဲ့ကြသော်လည်း တစ်ခုမှ အချိန်ကြာမြင့်စွာ အကျိုးသက်ရောက်မှုမရှိပေ။ များသောအားဖြင့် မြေရိုင်းသားများသည် သူတို့အပေါ် အသုံးပြုနေသည့် မည်သည့် သက်ရောက်မှုကိုမဆို အာနိသင်ပြယ်သွားစေရန် ပြုလုပ်နိုင်လေသည်။
ထို့ကြောင့် ပိုင်လင်းသည် ပိုင်ရှောင်ချန်း၏ နည်းအသစ်က ကြာရှည်စွာခံလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော်လည်း ဝိညာဥ်ပင်လယ်ကြီးကို လွှမ်းမိုးနိုင်ခြင်းကပင် ကောင်းသောအရာတစ်ခုဖြစ်လေသည်။ ထို့အပြင် မြေအောက်မြစ်သည် မကြာသေးမီက ရန်စလာလေရာ အဓိက ကိစ္စရပ်တစ်ခုဖြစ်လေသည်။ နတ်အဆင့်ချိန်ဟဲ့ထျန်ပင်လျှင် ထိုကိစ္စကြောင့် ဒေါသထွက်ခဲ့ရသည်။
“ပိုင်လေး၊ ကောင်လေးရေ ”
ပိုင်လင်းက လေးလေးနက်နက်ပြော၏။
” ငါ့မှာ လိုအပ်ချက်တစ်ခုပဲရှိတယ်။ အဲဒါက မြန်မြန် အလုပ်လုပ်ပေးဖို့ပဲ။ မင်း ဆေးဖော်တဲ့အလုပ်ရဲ့ အရှိန်ကို မြန်ပေးနိုင်မလား”
ပိုင်ရှောင်ချန်းမှာ အတန်ငယ်အံ့အားသင့်သွားလေသည်။ ပိုင်လင်းက သူကို “ငါ့ကောင်လေး” ဟုခေါ်သည်ကို ပထမဆုံးအကြိမ်ကြားခြင်းဖြစ်ပြီး ရင်းနှီးသော လေသံပေါက်နေ၏။ တခဏကြာသော် ပိုင်လင်းက သူ့ကို အမှန်တကယ် အပြစ်တင်နေခြင်း မဟုတ်ပဲ ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများ ပို၍ လုပ်ပေးရန် တိုက်တွန်းနေကြောင်း သဘောပေါက်သွားသည်။
” တစ်ယောက်ယောက်က ငါ့ကို ဆေးပေါင်းဖိုတွေကို တမင် ဖောက်ခွဲစေချင်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး။ ပိုင်လင်းတော့ အသုံးတည့်တာကို တွေ့သွားတာပဲ ဖြစ်ရမယ်..”
သူ၏ သိချင်စိတ်များကို မထိန်းနိုင်တော့ပဲ သူက ပိုင်လင်းကို တိုက်ရိုက်မေးလိုက်တော့သည်။
ပိုင်လင်းက အမှန်ကို ဖုံးကွယ်မထားပေ။ သူက မဟာတံတိုင်းအပြင်ဘက်တွင် စောစောက ဖြစ်သွားသောအရာများကို ရှင်းပြလိုက်သည့်နောက် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ဝင်းပလာတော့သည်။
ခေါင်းကို ဂုဏ်ယူစွာမော့ရင်း သူကပြော၏။
” ကဲ ကျုပ် အဲ့လိုဖြစ်မယ် ထင်ပြီးသားပါ။ကျုပ်ရဲ့ စမ်းသပ်ချက်က ဝိညာဥ်စုစည်းဆေးလုံးကို ဘယ်လို တိုးတက်အောင်လုပ်ရမယ်လို့ပဲ ခင်ဗျားတကယ်ထင်လား။ တကယ်တော့ ကျုပ်က ပိုအသုံးတည့်မယ့် အရာတစ်ခုခုကို ကြံစည်နေတာ ။ အင်း ကြည့်ရပုံထောက်ရင် ကျုပ်အောင်မြင်သွားပြီပဲ ”
“ပိုင်ရှောင်ချန်း ဆေးဖော်ရင် အချိန်ကိုက် အကျိုးရှိမယ့်ဟာကို ဘယ်လိုလုပ်ရမလဲ အမြဲစဥ်းစားတယ်။ခင်ဗျားတို့သိလား ကျုပ်က ဆေးပေါင်းဖိုတွေကို တမင် ပေါက်ကွဲစေလိုက်တာ။ ဒါ့အပြင် ဆေးပေါင်းဖိုတွေထဲမှာရှိတဲ့ ဆေးလုံးတွေက ၉၀ ရာခိုင်နှုန်းပဲအောင်မြင်သေးတယ်။ နောက်ဆုံး စွမ်းအင်တွေက ဖြစ်စဥ်ရဲ့ လက်ကျန်အနည်းငယ်နဲ့ ဓာတ်ပြုပြီး ပြီးပြည့်စုံတဲ့ ဆေးစွမ်းအားကို ပေါက်ကွဲသွားတဲ့ အချိန်မှာ ထုတ်ပေးလိုက်တယ်လေ ”
ထို့နောက် သူက အင်္ကျီလက်ကို ခါကာ မေးကို မော့ထားလေသည်။
လူတိုင်းမှာ ကသိကအောက်ဖြစ်ကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ လွန်ခဲ့သော အချိန်အနည်းငယ်က သူ၏ စိုးရိမ်တကြီးရှင်းပြမှုများကို မကြားခဲ့လျှင် သူတို့ အမှန်တကယ် ယုံလျှင် ယုံလိမ့်မည်…. ပိုင်လင်းက လည်ချောင်းရှင်းလိုက်သော်လည်း ပိုင်ရှောင်ချန်း ကြွားလုံးထုတ်နေသည်ကို မနှောင့်ယှက်ပေ။ ကြည့်ရသရွေ့ သူက ထိုသည်ကို သဘောကျနေပုံပင် ရနေလေသည်။
ထို့သို့ အသိအမှတ်ပြုနေခြင်းကြောင့် လူတိုင်းမှာ ပို၍ပင် တုန်လှုပ်သွားကြတော့သည်။ ပိုင်လင်းက လူတစ်ယောက်အား ထိုကဲ့သို့ သဘောထားကြီးကြီး ဆက်ဆံသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။ ၄င်းကြောင့် သူ ပိုင်ရှောင်ချန်းကို မည်မျှတန်ဖိုး ထားကြောင်း သိသာသွားလေသည်။
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ဂုဏ်ယူဝင့်ကြွားစွာ ခါလိုက်ရင်း ပြော၏။
” စိတ်မပူနဲ့ အစ်ကိုပိုင်။ နောက်ထပ် ပေါက်ကွဲဆေးပေါင်းဖိုအဆင့်သင့်ပြင်ဖို့ ကျုပ်အတွက် သုံးရက်ဆိုတာ အလွန်ဆုံးပဲ။ ဘာပြဿနာမှ မရှိဘူး”
ပိုင်လင်းက တဟားဟားရယ်လိုက်ပြီးနောက် ဆေးပေါင်းဖိုများအသင့်လုပ်ထားရမည့် ရက်အတိအကျ ချမှတ်လိုက်ပြီးနောက် ထွက်ခွာသွား၏။
သူက မပျောက်သွားခင် ထိုနေရာရှိ မဟာသမားတော်များကို စိန်းစိန်းဝါးဝါးကြည့်လိုက်လေရာ သူတို့မှာ ခေါင်းများငုံ၍ လူစုခွဲသွားကြတော့သည်။ သူတို့အားလုံးမှာ ကိစ္စရပ်တစ်ခုလုံးကြောင့် စိတ်ဓာတ်များကျနေကြသော်လည်း အံကြိတ်သည်းခံရုံကလွဲ၍ သူတို့ ဘာမှမလုပ်နိုင်ပေ။
အစောင့်လူငယ်သုံးယောက်မှာမူ ဖြစ်ပျက်သွားသောအရာများအတွက် စစ်သေနာပတိချုပ်၏ ပြစ်တင်ကြိမ်းမောင်းခံလိုက်ရလေသည်။ ထို့နောက် မဟာတံတိုင်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့သော အခြင်းအရာများကို သူတို့ သူငယ်ချင်းများက ပြန်ပြောပြလေရာ အလွန်တရာ မှင်တက်သွားတော့သည်။
မည်သည့်နေရာကိုမသိ လွင့်ထွက်သွားသော အစောင့်လူငယ်မှာမူ နောက်ဆုံး၌ ဒူးများပျော့ခွေနေ၍ အပိုင်းပိုင်းအစစ စုတ်ပြဲလုမတတ် ဖြစ်နေသည်ကို ရှာတွေ့လိုက်သည်။ သူ့စိတ်ထဲတွင် ပိုင်ရှောင်ချန်းကိုကြောက်လန့်ခြင်းလောက် ပြင်းထန်သောအရာ မရှိတော့ပေ။
ထိုနည်းအားဖြင့် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်ကြီး ပြီးဆုံးသွား၏။ ကျန်ရှိသော ဆေးပေါင်းဖိုးငါးလုံးကိုမူ ပိုင်ရှောင်ချန်းသည် ထိုညတွင် ဖွင့်ကြည့်လိုက်ရာ ဆေးပေါင်းဖိုများက မပေါက်ကွဲသွားသည့်တိုင် သူတို့အတွင်းရှိ ဆေးလုံးများမှာ သတ္တုချေးများသာ ဖြစ်သွားလေသည်။
သူက ထိုကိစ္စကို တခဏမျှစဥ်းစားလိုက်ပြီးနောက် အနားယူလိုက်လေသည်။ နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် သူက သူ၏ နေအိမ်တွင်းမှ ထွက်လာကာ ဆေးပေါင်းဖိုများရှေ့တွင် ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အော်လိုက်တော့သည်။
” လူတိုင်း နောက်ဆုတ်နေပါ။ ကျုပ် သတိမပေးဘူး မပြောနဲ့နော်။ ပိုင်ရှောင်ချန်း ဆေးစဖော်တော့မယ် ဗျို့”
သူ၏ အသံမှာ လက်နက်တိုက်တစ်ခုလုံးတွင် မိုးခြိမ်းသံအလား ပဲ့တင်ထွက်သွားတော့သည်။
အခြားသော မဟာသမားတော်များမှာ သူတို့၏ နေအိမ်များအပြင်ဘက်သို့ အလောတကြီးထွက်လာကြပြီး ရင်ထဲတွင် ဒေါသများတောက်လောင်နေရင်း အဝေးသို့ သုတ်သုတ်ပျာပျာပြေးကြလေတော့သည်။ အစောင့်လူငယ်လေးယောက်မှာမူ တဆတ်ဆတ်တုန်လာကြပြီး စောင့်ကြည့်မနေချင်သည့်တိုင်အောင် ရွေးချယ်စရာမရှိပေ။
သူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်ကာ ကျင့်ကြံခြင်းအခြေခံများလည်ပတ်၍ သတိအပြည့်နှင့် နေလိုက်ကြ၏။
ကြည့်ရသရွေ့ ပိုင်ရှောင်ချန်း၏ သတိပေးချက်များမှာ အကျိုးရှိလေသည်။ အလွန်ကျေနပ်နေရင်း သူက အင်္ကျီလက်ကို ခါကာ ဆေးစဖော်တော့သည်။ ဤတစ်ကြိမ်တွင် သူက အသုတ် နှစ်ဆယ် ဖော်ရန် ဆုံးဖြတ်လိုက်လေသည်။