Switch Mode

အခန်း (၅၈၈)

စိုးထိတ်နေသော ရှဲ့ဟေးရန်

တစ်ချိန်ထဲမှာပင် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်မှ ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ကျားမ မရွေး ” အောင်သွယ်၊ မိတ်ဆွေဖွဲ့၊ အပျော်ရှာ “ကဏ္ဍ၏ အဖွဲ့ဝင်များ ဖြစ်လာကြ၏။ သူတို့၏ ချောမောလှပသော ရုပ်ရည်များကြောင့် ထိုကဏ္ဍမှာ ပို၍ပင် ထင်ရှားကျော်ကြားလာတော့သည်။

ထို့နောက် ကျင့်သိုမင်မှာ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားအချို့အား ထိုကဏ္ဍထဲ၌ ပါဝင်ရန် ဖိတ်ခေါ်လိုက်၏။ ထိုသို့ဖြင့် လဝက်အတွင်းတွင် ဝိညာဉ်ကွန်ရက်ကြီးမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်လာတော့သည်။

ထို့ကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ဂိုဏ်းသားများမှာ ဝိညာဉ်ကွန်ရက်ကြီးအကြောင်း ပို၍ သိလာကြပြီး ၎င်းအား သုံးစွဲနေကြသည့် လူအရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် များများလာကြ၏။ ထို့အပြင် ကျင့်သိုမင်မှာ အောင်သွယ်တော် အစီအစဉ်ကြီးတစ်ခုကိုပင် ကြီးမှူးကျင်းပပေးလိုက်သေးသည်…

ထိုသို့ဖြင့် နှစ်လပင် မပြည့်သေးသည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်အောင်လုပ်နေဆဲ ဖြစ်ပါသော်လည်း ကျင့်သိုမင်မှာမူ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများ၏အကြားတွင် ရေပန်းစားလာပြီဖြစ်သည်။ ထို့အပြင် ထိုဂိုဏ်းသားများမှာ သူတို့၏ နေ့စဉ်ဘဝထဲ၌ ဝိညာဉ်ကွန်ရက်အား လက်ခံကျင့်သုံးလာကြပြီဖြစ်သည်။

သို့သော် အများစုမှာမူ ၎င်းအား အပန်းဖြေစရာတစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး မရှိမဖြစ် အရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေ။ သို့ရာတွင် ဂိုဏ်းချုပ်ကြီးရှု ဖုန့်ချိုးရန်နှင့် ဆွေးနွေးညှိနှိုင်းလိုက်ပြီးနောက် အရာအားလုံးမှာ ပြောင်းလဲသွားတော့သည်။ ဖုန့်ချိုးရန်ဆီမှ ခွင့်ပြုမိန့်ကို ရရှိလိုက်သောအခါ ကျင့်သိုမင်သည် ဝိညာဉ်ကွန်ရက်၏ အရေးအပါဆုံးဖြစ်သော တတိယမြောက် အခန်းကဏ္ဍအား ဖွင့်လှစ်လိုက်တော့သည်။

၎င်းမှာ… ဝန်ဆောင်မှုနှင့် အရောင်းအဝယ်ကဏ္ဍ ဖြစ်ပေသည်။

ပြည်ထောင်စုကြီးထဲ၌ ပြုလုပ်ထားသည့် ကုန်ပစ္စည်းများနှင့် ဓမ္မရတနာပေါင်း မြောက်မြားစွာမှာ ထိုကဏ္ဍထဲ၌ ချက်ချင်းပေါ်ပေါက်လာ၏။ တစ်ချိန်ထဲမှာပင် နေ့စဉ်အသုံးအဆောင်ပစ္စည်းများနှင့် မုန့်ပဲသရေစာမျိုးစုံကိုလည်း ရောင်းချနေသေးသည်။ ကျင့်သိုမင်မှာ နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို ဦးစားပေး ဖော်ပြထား၏။ သူသည် လေ့လာအကဲခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်မှာ ပြည်ထောင်စုကြီး၏ ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်းအား အလေးထားခြင်းမရှိကြောင်း သိရှိခဲ့ရ၏။ ပြည်ထောင်စုဂိုဏ်းသားများမှာ ကျင့်ကြံခြင်း ‌အထောက်အကူပြု ပစ္စည်းများ အလုံအလောက် မရှိပါသော်လည်း နေ့စဉ်အသုံးအဆောင်ပစ္စည်းများကိုမူ အလုံအလောက် ပိုင်ဆိုင်ထားကြ၏။

ထိုပစ္စည်းများမှာ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများ၏ အာရုံများကို ချက်ချင်းပင်ဖမ်းစားနိုင်ခဲ့၏။ သူတို့ထဲမှ အများစုမှာ ထိုပစ္စည်းများကို ဝယ်ယူကာ စမ်းသုံးကြည့်ခဲ့ကြပြီးနောက် အံ့အားသင့်သွားရ၏။ အထူးသဖြင့် အမျိုးသမီးများအတွက် အဓိကထား ရောင်းချသည့် ပစ္စည်းများဖြစ်ကြသော ခေတ်ဆန်သည့် အဝတ်အစားများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများမှာဆိုလျှင် ကျင့်သိုမင် မယုံကြည်နိုင်လောက်အောင်ပင် ရောင်းအားကောင်းလာခဲ့၏။

တစ်ချိန်ထဲမှာပင် ကျင့်သိုမင်မှာ ကျယ်ပြန့်တာအိုနန်းတော်၏ တာဝန်ကျောက်တိုင်ကိုလည်း လေ့လာနေခဲ့သေးသည်။ ထို့နောက် ကျင့်သိုမင်မှာ ဂိုဏ်းချုပ်ကြီးရှု၏ အကူအညီနှင့် ဖုန့်ချိုးရန်တို့၏ အသံတိတ် ထောက်ခံချက်များကို ရယူကာ ထိုကျောက်တိုင်၏ ပုံစံတူအား ဝိညာဉ်ကွန်ရက်ပေါ်သို့ ကူးယူလိုက်သဖြင့် ဂိုဏ်းသားများအားလုံးမှာ ဝိညာဉ်ကွန်ရက်ပေါ်မှနေ၍ တာဝန်များကို လက်ခံနိုင်စွမ်းရှိသွားတော့သည်။

ထိုမျှလောက်သာဆိုပါက အထင်ကြီးစရာ မဟုတ်ပေ။ ဂူဗိမာန်များထဲတွင် အသေးစား တာဝန်ကျောက်တိုင်များ ရှိနေကြသည်မဟုတ်ပါလော။ ၎င်းအား တာဝန်ပြီးမြောက်ကြောင်း မှတ်တမ်းတင်ရာ၌ အသုံးပြု၍မရသည့်တိုင်အောင် တာဝန်များအား အကဲခတ်ကြည့်ရှုကာ လက်ခံသည့်နေရာတွင် အသုံးပြု၍ရပေသည်။ သို့ဖြစ်ရာ ကျင့်သိုမင်မှာ လူတိုင်းအတွက် အနည်းငယ် အဆင်ပြေလာအောင် လုပ်ပေးနိုင်သည့် အဆင့်တွင်သာ ရှိပေသည်။

သို့သော် သူဖန်တီးထားသည့် ဝိညာဉ်ကွန်ရက်၏ အဓိကရည်ရွယ်ချက်မှာ လူများအား အချိန်ကုန်သက်သာစေပြီး လူမပင်ပန်းရအောင် ကူညီပေးရန်ဖြစ်ကြောင်း ကျင့်သိုမင်က နားလည်ထား၏။ ထို့ကြောင့် ထိုကဲ့သို့ အနည်းငယ်ခန့် ကူညီပေးနိုင်ခြင်းမှာ အမြတ်ဟု ကျင့်သိုမင်က မှတ်ယူထားသည်။

အဘယ်ကြောင့်ဆိုသော စကြဝဠာကြီး တစ်ခုလုံးထဲတွင် သက်သာလွယ်ကူမှုဆိုသည့်အရာမှာ အစွမ်းအထက်ဆုံး လက်နက်ဖြစ်သည်ဟု သူက ယုံကြည်ထားသောကြောင့် ဖြစ်သည်။ လူတိုင်းမှာ ထိုသက်သာလွယ်ကူမှုဆိုသည့်အရာအား ကျင့်သားရသွားသည်နှင့် တစ်ပြိုင်နက် ထိုအကျင့်အား ဖျောက်ဖျက်ပစ်နိုင်ရန်မှာ လွယ်ကူတော့မည်မဟုတ်ပေ။

၎င်းမှာ သူ၏ အစီအစဉ် ဖြစ်ပေသည်။ ဥပမာပြရလျှင် အတင်းအဖျင်းသတင်းကဏ္ဍကြောင့် လူများမှာ အိမ်ထဲမှအိမ်ပြင် ထွက်စရာမလိုတော့သလို မည်သူကိုမှလည်း လိုက်လံမေးမြန်းနေစရာမလိုပဲ အရာအားလုံးကို သိရှိနိုင်နေပြီ မဟုတ်ပါလော။ ” အောင်သွယ်၊ မိတ်ဆွေဖွဲ့၊ အပျော်ရှာ “ကဏ္ဍမှာလည်း ထိုနည်းတူပင်။ ၎င်းမှာ ဂိုဏ်းသားများ၏ နေ့စဉ်ဘဝများနှင့် တစ်သားတည်း ပေါင်းစည်းသွားသောကြောင့် သူတို့မှာ တစ်ဦးတစ်ယောက်ချင်းစီ ခွဲထွက်နေခြင်းမရှိတော့ဘဲ အသိုက်အဝန်းများနှင့် ဖြစ်သွားကြ၏။

ဝန်ဆောင်မှုနှင့် အရောင်းအဝယ်ကဏ္ဍမှာဆိုလျှင် လွယ်ကူသက်သာမှုဆိုသည့်အရာအား လူတိုင်းဆီသို့ တိုက်ရိုက်ယူဆောင်လာပေးသည့် ကဏ္ဍဖြစ်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီးထက် ကျင့်ကြံခြင်းအပိုင်းတွင်သာ ပို၍တိုးတက်သာလွန်ပြီး လူနေမှုအဆင့်အတန်းအပိုင်းတွင် လုံးဝမယှဉ်နိုင်သည့် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဝိညာဉ်ကွန်ရက်၏ ပေါ်ပေါက်လာမှုမှာ အလွန်အင်မတန်မှ အကျိုးသက်ရောက်မှု ကြီးမားပေသည်။ ၎င်းမှာ ဝိညာဉ်ဆန့်ကျင့်ဗုံးများ၏ အကျိုးသက်ရောက်မှုထက်ပင် အတိုင်းအတာတစ်ခုအထိ ပို၍သာလွန်နေသည်ဟုပင် သတ်မှတ်နိုင်ပေသည်။

ထိုသို့ဖြင့် ဝိညာဉ်ကွန်ရက်မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဝက်ဝက်ကွဲ အောင်မြင်သွားတော့သည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူအချို့ပင်လျှင် သိချင်ဇောဖြင့် ၎င်းအား စမ်းသုံးကြည့်နေကြပြီဖြစ်ရာ ၎င်းအား သာမန်ဂိုဏ်းသားများ စွဲလန်းနေရသည်မှာ မထူးဆန်းတော့ပေ။

ဝိညာဉ်ကွန်ရက်ကြီး ဆောင်ကျဉ်းလာပေးသည့် ဆန်းသစ်မှုများနှင့် သက်သာလွယ်ကူစေမှုဆိုသည့် အရည်အသွေးများကြောင့် ပေါင်းစည်းခြင်း ပထမအဆင့်မှာ ပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများ အကျင့်ဖြစ်သွားကြသည်နှင့် ဝိညာဉ်ကွန်ရက်မှာ သူတို့၏ နေ့စဉ်ဘဝများထဲရှိ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ထာဝရပြောင်းလဲသွားတော့မည်မှာ မလွဲဧကန်ပင်။

ယခုတွင် အရာအားလုံးမှာ အစီအစဉ်အတိုင်း လည်ပတ်နေပြီဖြစ်ရာ ဝိညာဉ်ကွန်ရက် အသုံးပြုခများကို ပေးချေနိုင်မည့် နည်စနစ်ကိုလည်း စတင်ကြေညာလိုက်၏။ အခန်းကဏ္ဍ တစ်ခုချင်းစီ၏ ဝန်ဆောင်ခများမှာ တစ်ခုနှင့်တစ်ခု မတူကြပေ။ ကျင့်သိုမင်မှာ ဝန်ဆောင်ခများကို အများကြီး ကောက်ခံထားခြင်း မရှိသည့်တိုင်အောင် အချိန်တိုလေးအတွင်းတွင် တိုက်ပွဲရမှတ် အမြောက်အမြားကို စုဆောင်းနိုင်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်ကွန်ရက် သုညဘဝမှနေ၍ ဒိတ်ဒိတ်ကြဲအနေအထားသို့ ရောက်‌သွားသည်ကို မြင်ခဲ့ရ၏။ သူ၏ စိတ်ထဲ၌ ခံစားနေရသည့် အန္တရာယ်ကြီးမှာ ပို၍ကြီးထွားလာပြီဖြစ်ပြီး ဝိညာဉ်ကွန်ရက်နှင့် ကျင့်သိုမင်တို့မှာ သူ့အတွက် အန္တရာယ်အများဆုံး ပြိုင်ဘက်စာရင်းထဲ၌ ပါလာကြပြီ ဖြစ်သည်။ သို့သော် ကျင့်သိုမင်မှာ ထိုကဲ့သို့သော ကိစ္စများကို လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့အား ဝိညာဉ်ကွန်ရက်မှ ရသည့် အကျိုးအမြတ်အချို့အား ခွဲဝေပေးခဲ့၏။

တစ်ချိန်ထဲမှာပင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးရှုမှာလည်း အချိန်ကိုက် လှုပ်ရှားနေခဲ့သည်။ သူသည် ဝိညာဉ်ကွန်ရက်မှ ရသည့် အကျိုးအမြတ် အချို့အဝက်အား မြဲ့လျဲ့ကျိ၊ တာအိုဘုန်းတော်ကြီး ယိုရန်နှင့် အထူးသဖြင့် သူ၏ ကျောထောက်နောက်ခံဖြစ်သော ဖုန့်ချိုးရန်တို့ဆီသို့ အသီးသီး ခွဲဝေပေးပို့ထားပြီး ဖြစ်သည်။

ယွမ်ယင်အဆင့် ကျင့်ကြံသူများပင်လျှင် အကျိုးအမြတ်အချို့ ရရှိခဲ့သေးသည်။ ထိုသို့ဖြင့် သူတို့မှာ အကျိုးအမြတ်စုစုပေါင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းအား အခြားလူများဆီသို့ ပေးပစ်ခဲ့၏။ ကျန်ရှိနေသေးသည့် သုံးဆယ်ရာခိုင်နှုန်းမှာ ကျင့်သိုမင်၏ အပိုင် ဖြစ်ပါသော်လည်း ၎င်းမှာ ယာယီမျှသာဖြစ်ပေသည်။ ဂိုဏ်းချုပ်ကြီးရှု၏ အစီအစဉ်များအရဆိုလျှင် အနာဂတ်တွင် ယွမ်ယင်အဆင့် ကျင့်ကြံသူအသစ်များ ပေါ်ပေါက်လာမည်ဆိုပါက သူတို့ကိုလည်း အကျိုးအမြတ်များ ခွဲဝေပေးဦးမည်ဖြစ်သည်။

အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ထိုအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ သို့သော် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးရှုမှာမူ ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်သောကြောင့် ထိုအစီအစဉ်များအားလုံးကို အမှားအယွင်းမရှိ အကောင်အထည်ဖော်နိုင်ခဲ့၏။ သူသည် ပြည်ထောင်စုကြီး၏ ရှေးဦးဝိညာဉ်ခေတ်အား စတင်တည်ထောင်ခဲ့သည့် လူများထဲမှတစ်ယောက် ဖြစ်နေသည့်အပြင် ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်လည်း ဖြစ်နေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အလွန်အင်မတန်မှ ဉာဏ်နီဉာဏ်နက်များပြီး ထူးချွန်ထက်မြက်ပေသည်။

သူသည် ဘက်လိုက်သည့်အစွဲများ ရှိသည့်တိုင်အောင် ပြည်ထောင်စုကြီးအား ပုန်ကန်ရန် လုံးဝ စိတ်ကူးမရှိပေ။ ထို့ကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်နေသည့်အချိန်တွင် သူသည် ပြည်ထောင်စုကြီးအတွက် အကျိုးရှိစေမည့် အရာများကိုသာ ဆောင်ရွက်ခဲ့၏။ ဝမ်ပေါင်လဲ့ပင်လျှင် သူ၏ အချိတ်အဆက်များမှတစ်ဆင့် ဂိုဏ်းချုပ်ကြီးရှု၏ လုပ်ပုံကိုင်ပုံများကို သိရှိလိုက်ရပြီးနောက် လက်မြှောက်အရှုံးပေးလိုက်ရ၏။

” သူ့လိုလူမျိုးက ငါ့ရဲ့ ရန်သူသာဖြစ်နေရင် မတွေးရဲစရာပဲ။ သူ့ကို စောစောစီးစီး မသတ်ပစ်နိုင်ရင် သူ့ရဲ့ လှုပ်ရှားမှုတွေကို နေ့မအိပ်ညမအိပ် စောင့်ကြည့်နေရမှာ။ ဒါပေမဲ့ သူက ငါတို့ဘက်က ဖြစ်နေတာမလို့ တော်ပါသေးရဲ့… ” ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကွန်ရက်မှ ရရှိသည့် အကျိုးအမြတ်များကို သိမ်းဆည်းရင်း အပေါ်ယံတွင် ကျင့်သိုမင်မှာ ဝိညာဉ်ကွန်ရက်ကြီးအား ထိန်းချုပ်ထားသည့် ပုံပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ဂိုဏ်းချုပ်ကြီးရှုမှာ နောက်ကွယ်မှ ကြိုးကိုင်နေခြင်းဖြစ်ကြောင်း နားလည်သွား၏။

ထို ဝိညာဉ်ကွန်ရက်ကြီးမှာ ပြည်ထောင်စုကြီးဘက်မှ ပြင်ဆင်ထားသည့် အစွမ်းထက်လက်နက်ကြီးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် သူတို့ဆီ၌ မည်သည့် ရည်ရွယ်ချက်များရှိရှိ ဝမ်ပေါင်လဲ့မှာ ဝင်ရောက်နှောင့်ယှက်မည်မဟုတ်ပေ။ သို့သော် သူသည် ကျင့်သိုမင်၏ တိုက်ပွဲရမှတ်များ နေ့စဉ်နှင့်အမျှ များပြားလာနေသည်ကို မြင်နေရသဖြင့် စိုးရိမ်စိတ်များ ဝင်လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ ဆယ်ရာခိုင်နှုန်းတိတိ အကျိုးအမြတ်ခံစားခွင့်ရနေသည့်တိုင်အောင် မလုံလောက်သေးပေ။ ကျင့်သိုမင်မှာ ပြည်ထောင်စုကြီးဆီသို့ ကျင့်ကြံခြင်းပညာရပ်များ စတင်ပေးပို့နေပြီဖြစ်ရာ သူ့အတွက် ပို၍ပင် ဆိုးလာတော့သည်။

လအနည်းငယ်အတွင်းတွင် ကျင့်သိုမင်မှာ ကျင့်ကြံခြင်းပညာရပ် အခုနှစ်ဆယ်တိတိ ပေးပို့နိုင်ခဲ့၏။

” ဒီကောင်က ပြည်ထောင်စုဥက္ကဋ္ဌ ရာထူးအတွက် ငါနဲ့ တကယ်ကြီး ယှဉ်ပြိုင်ချင်နေတာပါလားကွ။ သွမ့်မုလေး။ ဒါ ခဗျားကြီး စဉ်းစားထားတဲ့ အဖြေလား။ ခဗျားကြောင့် ကျုပ် စိုးထိတ်နေရပြီဗျ။ ကျုပ် ပြန်ရောက်လာမှ ခဗျားကို ကောင်းကောင်းကြီး သင်ခန်းစာပေးဦးမယ် ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များကြီးထွားလာရ၏။ သို့သော် သူသည် သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့်သာဆိုလျှင် သွမ့်မုချွယ်အား အမှန်တကယ် သင်ခန်းစာပေးနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ‌တွေးမိလိုက်သောအခါ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားရ၏။

” ဒါနဲ့ အခုလက်ရှိမှာ ငါက ပြည်ထောင်စုကြီးထဲက အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်နေပြီမလား ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် တွေးမိလိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက် ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်ပါက သူ၏ အကြံအစည်များကိုအကောင်အထည်ဖော်ရန် စဉ်းစားတွေးတောနေစဉ် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ သူထက်ပို၍ စိုးထိတ်နေရသည့် လူတစ်ယောက် ရှိနေ၏။

ထိုသူမှာ… ရှဲ့ဟေးရန်ပင် ဖြစ်သည်။

ဝိညာဉ်ကွန်ရက် ပေါ်ပေါက်လာမှုကြောင့် အများဆုံး ထိခိုက်နစ်နာသွားရသည့်လူမှာ ရှဲ့ဟေးရန် ဖြစ်ပေသည်။ ယခင်တုန်းက သူ တာဝန်ယူ ဖြန့်ဝေနေခဲ့သည့် သတင်းအချက်အလက်များ၏နေရာတွင် အတင်းအဖျင်းသတင်းကဏ္ဍက အစားထိုး ဝင်ရောက်လာခဲ့သလို သူ၏ စီးပွားရေးလုပ်ငန်းများမှာလည်း ဝန်ဆောင်မှုနှင့် အရောင်းအဝယ်ကဏ္ဍကြောင့် ပျောက်ကွယ်သွားရ၏။ အထူးသဖြင့် ဝန်ဆောင်မှုနှင့် အရောင်းအဝယ်ကဏ္ဍထဲတွင် ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားအချို့မှာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ဝေမျှနေကြသည်ဖြစ်ရာ ရှဲ့ဟေးရန်မှာ စားပေါက်ပိတ်တော့မည့် အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလော…

” ငါ့ရဲ့ ငွေဝင်တဲ့လမ်းကြောင်းတွေကို ပိတ်တာ ငါ့မိဘနှစ်ပါးကို သတ်ပစ်တာနဲ့ တူတူပဲကွ ” ရှဲ့ဟေးရန်မှာ မျက်လုံးများနီမြန်းနေရပြီ ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် သူသည် ကျပ်ကျပ်တည်းတည်း နေထိုင်ခဲ့ရပြီး သူ၏ အချိတ်အဆက်များမှတစ်ဆင့် ဝင်ငွေအနည်းငယ်ခန့်သာ စုဆောင်းနိုင်ခဲ့၏။ ထို့ကြောင့် သူသည် ယခင်တုန်းကလို ဘဝအား စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းနိုင်စွမ်းမရှိတော့ပေ။

ထိုသို့ဖြင့် ရှဲ့ဟေးရန်မှာ ကြံရာမရတော့သဖြင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာတော့သည်။

” ပေါင်လဲ့ရေ။ ဒီ ဂိုဏ်းချုပ်ကြီးရှုဆိုတဲ့လူက တော်တော်ကို အကွက်မြင်တာပဲကွ။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်လုံး ငါးပါးမှောက်ကုန်လိမ့်မယ်။ ပြည်ထောင်စုဥက္ကဋ္ဌ ရာထူးကလည်း ကျင့်သိုမင်ရဲ့လက်ထဲကို ရောက်သွားမှာနော်။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဖို့လိုအပ်တယ် ” ပြည်ထောင်စုကြီး၏လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဘက်တော်သားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ရှဲ့ဟေးရန်က သုံးသပ်နိုင်ခဲ့၏။ ဝမ်ပေါင်လဲ့မှာလည်း သူ ထင်မှတ်ထားသည့်အတိုင်း သူ၏ စကားများကို ချက်ချင်းသဘောတူလိုက်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးမှ လူတစ်ယောက်ဖြစ်ရာ ဝိညာဉ်ကွန်ရက်ကြီးအား ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

ရှဲ့ဟေးရန်မှာ ခိုကိုးရာမဲ့ဖြစ်နေသည့် ဝမ်ပေါင်လဲ့အား ကူညီနိုင်မည့် နည်းလမ်းများကို ကြိုတင်စဉ်းစားထားသည့်ပုံပင်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ကမ်းလှမ်းလိုက်၏။

” ပေါင်လဲ့။ ငါ မင်းကို ဝိညာဉ်ကွန်ရက်ကြီးရဲ့ စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးခိုင်းတဲ့အထိ မလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့ပြီးတော့ ပြည်ထောင်စုကြီးနဲ့အတူ ငွေရှာနိုင်မယ့် ပိုကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့လိုတယ်ကွ။ ရှဲ့ဟေးရန်ဆိုတဲ့ ငါက စီးပွားရေးသမားတစ်ယောက်မလို့ ဘယ်သူ့ကိုမှ ရန်သူလို့ မသတ်မှတ်ပါဘူး။ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒက လူ‌တိုင်းနဲ့အတူတူ ငွေရှာနိုင်ဖို့ပဲ ”

” ဘာ စီးပွားရေးလုပ်ငန်းလဲ ” ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားသဖြင့် နောက်သို့ လှည့်လာပြီး ရှဲ့ဟေးရန်အား မေးလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset