Switch Mode

အခန်း (၅၈၇)

ဝိညာဉ်ကွန်ရက်အား နေ့စဉ်ဘဝထဲသို့ ထည့်သွင်းခြင်း

ထိုသတင်းများ ပျံ့နှံ့သွားသောအခါ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူအားလုံးမှာ အံ့သြတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြ၏။ ထို့နောက် သူတို့အားလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

ပြည်ထောင်စုပျိုးပင် နှစ်သုတ်ပင်လျှင် ထိုသတင်းများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုသတင်းအား ကြားသိလိုက်ရပြီနောက် မှင်တက်သွားရသည်သာ ဖြစ်သည်။ ထို့နောက် သူ၏စိတ်ကူးထဲ၌ လီရှင်းဝမ်နှင့် ဖုန့်ချိုးရန်တို့ ဘေးချင်းယှဉ်၍ ရပ်နေသည့်မြင်ကွင်းကို ပုံဖော်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် လိုက်ဖက်မှုရှိနေကြောင်း ခံစားလိုက်ရ၏။

” အကြီးအကဲကြီး ဖုန့်ချိုးရန် ပြည်ထောင်စုကြီးဘက်ကနေ ရပ်တည်ပေးနေတာ … လီရှင်းဝမ်နဲ့များ ဆိုင်နေမလား ” ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ် ပေကလပ် ဖြစ်သွားရ၏။ ထို့နောက် သူသည် လီဝူချမ်း၏ အကြောင်းကို တွေးမိလိုက်သောအခါ ပို၍ပင် သိချင်လာရတော့သည်…

ဝမ်ပေါင်လဲ့မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားပေါ်သို့ ရောက်မလာခဲ့ခင်တုန်းက ပြည်ထောင်စုကြီးထဲ၌ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်နေခဲ့သောကြောင့် လျှို့ဝှက်ချက်ပေါင်း မြောက်မြားစွာကို သိရှိထားပြီးသားဖြစ်သည်။ ၎င်းတို့ထဲတွင် လီဝူချမ်းနှင့် ပတ်သတ်သည့် လျှို့ဝှက်ချက်များလည်းပါ၏။ လီဝူချမ်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက လီရှင်းဝမ် ကျယ်ပြန့်တာအိုနန်းတော်မှနေ၍ ပြန်ခေါ်လာခဲ့သည့် တစ်ဦးတည်းသော ကလေးငယ်တစ်ယောက်သာဖြစ်ကြောင်း သူက သိထားသည်။

” မဟုတ်မှလွဲရော… လီဝူချမ်းက လီရှင်းဝမ်ရဲ့ တပည့်မဟုတ်ဘဲ… သူ့ရဲ့သားများ ဖြစ်နေတာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သောအခါ မျက်လုံးများပြူးသွားရ၏။ သူ၏ မှန်းဆချက်မှာ မှန်ကန်နိုင်ပေသည်။

” ဒါပေမဲ့ အဲ့တုန်းက မဟာထိပ်သီးအကြီးအကဲကြီးနဲ့ တခြားလူတွေက ကလေးတစ်ယောက် မွေးနိုင်လောက်တဲ့အထိ အချိန်အကြာကြီး နေခဲ့တဲ့ပုံ မပေါ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ ခေါင်းတကုတ်ကုတ် ဖြစ်နေရပါသော်လည်း ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်အား တိုတောင်းအောင် လုပ်ပေးနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုခု ရှိနေရမည်ဖြစ်ကြောင်း တွေးမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ လီဝူချမ်းမှာ လီရှင်းဝမ်၏ သားအရင်း ဖြစ်နိုင်သည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်ပြီဖြစ်သည်။

” မဟာထိပ်သီး အကြီးအကဲကြီးက အဲလောက်အထိ အစွမ်းထက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ… အဲ့တုန်းကဆိုရင် သူက အာနာပါနအဆင့်မှာပဲ ရှိနေခဲ့သေးတာလေ။ အဲ့တာတောင်မှ ဝိညာဉ်ကြားခံနယ်အဆင့် ရောက်နေတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်နဲ့ ကလေးရအောင် ယူနိုင်ခဲ့ရတယ်လို့… ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်လိုက်ပြီး စိတ်ထဲတွင် လေးစားမိသွားတော့သည်။ ထို့နောက် သူသည် ပြည်ထောင်စုကြီး၏ ဒေသတွင်းသုံး အုပ်စုဖွဲစကားဝိုင်းကို ဖွင့်ကြည့်လိုက်သောအခါ ပြည်ထောင်စုပျိုးပင်များ အားလုံးမှာ ထိုလက်ထပ်ပွဲကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးငြင်းခုံရင်း ဆူညံပွက်လောရိုက်နေကြသည်ကို မြင်လိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားဝိုင်းများအား လိုက်လံဖတ်ရှုကြည့်လိုက်ပြီးနောက် စာတစ်ကြောင်း ရေးသားပေးပို့လိုက်သည်။

” မဟာထိပ်သီးအကြီးအကဲကြီးက အစွမ်းထက်လွန်းလှပါပေတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေးသားပေးပို့လိုက်ပြီးနောက် ဝိညာဉ်ကွန်ရက်ကျောက်စိမ်းပေလွှာအား ဘေးသို့ချကာ ဂူဗိမာန်ထဲတွင် ထိုင်၍ ထိုကိစ္စအကြောင်းကို စဉ်းစားတွေးတောရင်း ၎င်းမှာ သူထင်ထားသလောက် ရိုးရှင်းနေမည်မဟုတ်ကြောင်း ကောက်ချက်ချလိုက်၏။

” သူ့ရဲ့ ဒုတိယတာဝန်က ကျယ်ပြန့်တာအိုနန်းတော်နဲ့ တစ်သားတည်း ပေါင်းစည်းအောင်လုပ်ပေးဖို့ဆိုပြီး ဂိုဏ်းချုပ်ကြီးရှုက ပြောခဲ့တာ… ဒါ သူ့ရဲ့ ပထမဆုံး ခြေလှမ်းများ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို စဉ်းစားတွေးတောရင်း ထိုသို့ပင်ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ အကယ်၍ လီရှင်းဝမ်နှင့် ဖုန့်ချိုးရန်တို့သာ ထိမ်းမြားလက်ထပ်လိုက်ကြမည်ဆိုပါက ဂိုဏ်းချုပ်ကြီးရှု၏ ဆန္ဒမှာ အတိုင်းအတာတစ်ခုအထိ ပြည့်ဝသွားမည် ဖြစ်ပေသည်။

” လူကြီးတွေရဲ့ လောကကြီးက ရှုပ်ထွေးလွန်းပါတယ်ကွာ။ ငါ့လို ငယ်ငယ်ရွယ်ရွယ် လူချောလေးက နားလည်နိုင်မှာ မဟုတ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေတစ်ကျိုက် မော့သောက်လိုက်ပြီး အနည်းငယ်ခန့် ဆူဖြိုးနေပြီဖြစ်သော သူ၏ဗိုက်အား လက်ဖြင့်ပုတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုအတောအတွင်းတွင် ကျင့်ကြံခြင်း လေ့ကျင့်နေခဲ့ပြီး မုန့်များကို ဝဝလင်လင် စားသုံးနေခဲ့သောကြောင့် သူ၏ ဗိုက်ထဲတွင် ဝိညာဉ်အဆီများ စုဝေးလာပြီဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ တွေးပူနေခြင်းမရှိပေ။ သူသည် ချက်ချင်းပိန်ကျသွားအောင် လုပ်နိုင်စွမ်းရှိနေသည်ဖြစ်ရာ ထိုမျှလောက်သော ဝိညာဉ်အဆီပမာဏမှာ စာမဖွဲ့လောက်ပေဟု မှတ်ယူလိုက်၏။ သူသည် အနည်းငယ်ခန့် အားစိုက်လိုက်ရုံဖြင့် ၎င်းတို့အား ဖယ်ရှားနိုင်မည်ဖြစ်သည်။

” ငါ ဝလာပြီးတော့ ဝိတ်ပြန်ကျသွားတဲ့ အချိန်ကျရင် ယွမ်ယင်အဆင့်ကို ရောက်သွားမယ်နဲ့တူတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် ပို၍ပင် စိတ်အေးသွားရသဖြင့် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ ဖွင့်ဖောက်လိုက်ပြန်သည်။ ထို့နောက် သူသည် ထိုမုန့်များကို ပလုပ်ပလောင်း ဝါးစားရင်း ပျော်ရွှင်ကျေနပ်နေတော့သည်။

” ကြက်ဒူးဆစ်၊ ကြက်ဥပေါင်းနဲ့ ဝက်ခြေထောက်တွေ မရှိတာ နာတယ်ကွာ… ဟူး… ကျယ်ပြန့်တာအိုနန်းတော်က အဘက်ဘက်က ပြည့်စုံနေပေမယ့် စားစရာ ဘာမှမရှိတာလေး တစ်ခုပဲ ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ တရားထိုင်လိုက်ပြီး ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်နှင့် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ဒုတိယအဆင့်တို့ကို လေ့လာနေလိုက်တော့သည်။

ထိုအပြင် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးအား ဓမ္မလက်နက်တစ်ခု ဖြစ်လာအောင် သန့်စင်နိုင်မည့် နည်းလမ်းများကိုလည်း လေ့လာနေခဲ့၏။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ ပုံမှန်ဆိုလျှင် အတင်းအဖျင်းစကားများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။ သို့သော် လီရှင်းဝမ်တစ်ယောက် ဖုန့်ချိုးရန်အား လက်ထပ်ခွင့်တောင်းခဲ့သည့် ကိစ္စကြီးနှင့် ပတ်သတ်သည့် အတင်းအဖျင်းစကားများမူ ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် များပြားလာ၏။

အထူးသဖြင့် ထိုကိစ္စထဲတွင် ပါဝင်ပတ်သက်နေသည့် ဖုန့်ချိုးရန်ကိုယ်တိုင်က ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့ခြင်းမရှိသောကြောင့် ပို၍ပင်ဆိုးနေသည်။ သူမသည် ထိုကမ်းလှမ်းချက်အား သဘောမတူခဲ့သည့်တိုင်အောင် ငြင်းဆန်ခဲ့ခြင်းလည်း မရှိပေ။ ထို့ကြောင့် ထိုကိစ္စကြီးအပေါ် အာရုံစိုက်နေကြသည့် လူတိုင်းမှာ ပို၍ပင် ဆူညံပွက်‌လောရိုက်လာကြတော့သည်။

တစ်ချိန်ထဲမှာပင် ကျင့်သိုမင်နှင့် ဆည်းဆာကြယ်စင်စု၏ ဂိုဏ်းချုပ်ကြီးရှုတို့မှာလည်း ခင်မင်ရင်းနှီးလာကြ၏။ ဂိုဏ်းချုပ်ကြီးရှုမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူများနှင့် မြဲ့လျဲ့ကျိတို့ဆီသို့ သွားရောက်လည်ပတ်ရာတွင် ကျင့်သိုမင်အား သူနှင့်အတူ ခေါ်သွားခဲ့သည်။

ဂိုဏ်းချုပ်ကြီးရှုမှာ တာအိုဘုန်းတော်ကြီး ယိုရန်ကိုလည်း မေ့ထားခြင်းမရှိပေ။ သူသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ရာထူးအကြီးပိုင်းမှ လူများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးများကို တည်ဆောက်နိုင်ခဲ့၏။ ယွမ်ယင်အဆင့် အမျိုးသမီး ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာဆိုလျှင် ဂိုဏ်းချုပ်ကြီးရှုနှင့် အလွန်အမတန်မှ ရင်းနှီးနေကြပြီ ဖြစ်သည်။

ထိုအချက်မှာ အံ့အားသင့်စရာအကောင်းဆုံး မဟုတ်သေးပေ။ ထိုကဲ့သို့သော ဆက်ဆံရေးများ တည်ဆောက်ခဲ့ပြီးနောက် လဝက်တိတိ ကုန်ဆုံးသွားသောအခါ ကျယ်ပြန့်တာအိုနန်းတော်ကြီးအား အံ့အားသင့်သွားစေခဲ့သည့် နောက်ထပ်ကိစ္စရပ်ကြီးတစ်ခု ပေါ်ပေါက်လာပြန်သည်။ ထိုကိစ္စကြီးမှာမူ ဂိုဏ်းချုပ်ကြီးရှုကြောင့် မဟုတ်ဘဲ ကျင့်သိုမင်ကြောင့် စတင်ပေါ်ပေါက်လာရခြင်းဖြစ်၏။

ကျင့်သိုမင်မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ဝိညာဉ်ကွန်ရက် နည်းစနစ်တစ်ခုကို တပ်ဆင်ခဲ့ခြင်းဖြစ်ပေသည်။

ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ထဲမှ ကျင့်ကြံသူများ၏ သုံးဆယ်ရာခိုင်နှုန်းမှာ ထိုနယ်ပယ်တွင် ကျွမ်းကျင်သောလူများဖြစ်ကြ၏။ သူတို့၏ အကူအညီများကိုရယူကာ ပြည်ထောင်စုကြီး၏ နည်းပညာအား ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ယူဆောင်လာခဲ့ပြီးနောက် ဝိညာဉ်ကွန်ရက်အား တည်ထောင်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ လက်ခံအသုံးပြုနေကြသည့် ဝိညာဉ်ကွန်ရက်မှာ လသုံးစင်းမဟာမိတ်အဖွဲ့က ဖန်တီးထားသည့် နည်းပညာတစ်ခုဖြစ်သည်ကို သိထားရန်လိုအပ်ပေသည်။ ထို့ကြောင့် ကျင့်သိုမင်အတွက်မူ ဝိညာဉ်ကွန်ရက်မှာ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ပင်။

အမှန်တွင် ကျယ်ပြန့်တာအိုနန်းတော်ပေါ်၌ ယခုလို ဝိညာဉ်ကွန်ရက်အား တပ်ဆင်လိုပါက ရာထူးအကြီးပိုင်းမှလူများ၏ ပိတ်ပင်တားဆီးမှုများနှင့် ကြုံရမည်သာဖြစ်သည်။ သို့သော် ဂိုဏ်းချုပ်ကြီးရှု၏ စည်းရုံးမှုများကြောင့် ကျယ်ပြန့်တာအိုနန်းတော်မှာ ထိုကိစ္စအား သဘောတူလက်ခံခဲ့၏။

ထိုသို့ဖြင့် ကျင့်သိုမင်၏ ဝိညာဉ်ကွန်ရက်အား အောင်မြင်စွာ တပ်ဆင်ပြီးသွားတော့သည်။ ၎င်း၏ အရွယ်အစားမှာ မကြီးမားပါသော်လည်း ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းနှင့် ၎င်း၏ အနီးတဝိုက်ရှိ အခြားကျွန်းများအထိ ဖြန့်ကြက်နိုင်ခဲ့၏။

ကျင့်သိုမင်မှာ ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်ရောက်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း အလကား ဖြန့်ဝေပေးခဲ့သေးသည်။ သူသည် ကုန်ကျစရိတ်ကို ထည့်တွက်နေခြင်းမရှိဘဲ ထိုကိရိယာများအား ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားအားလုံးနီးပါးဆီသို့ ဖြန့်ဝေပေးခဲ့၏။ အစပိုင်းတွင် သူတို့ထဲမှ အချို့မှာ ထိုပစ္စည်းအား အလေးမထားကြသလို အချို့မှာမူ ၎င်းအား အထင်မကြီးကြပေ။ ထို့အပြင် ၎င်းတို့အား လွှင့်ပစ်ခဲ့သည့်လူများပင် ရှိကြသေးသည်။ သူတို့ထဲမှ လူနည်းစုသာလျှင် ဝိညာဉ်ကွန်ရက်ကြီးထဲသို့ ဝင်ရောက်ကြည့်ရှုခဲ့ကြ၏။

ထိုကဲ့သို့ ဝင်ရောက်ကြည့်ရှုခဲ့ကြသည့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာ ဝိညာဉ်ကွန်ရက်အား ချက်ချင်းပင် စွဲလန်းသွားကြ၏။ ၎င်းမှာ အလွန်အင်မတန်မှ ဆန်းသစ်သော ဖန်တီးမှုတစ်ခု ဖြစ်သည်ဟု သူတို့က ခံစားနေကြရ၏။ ဝိညာဉ်ကွန်ရက်၏ ရှေ့ဆုံးစာမျက်နှာမှာ အလွန်အမတန်မှရိုးရှင်းပြီး ကျင့်သိုမင်ကိုယ်တိုင် အဏ္ဍအလိုက် အကန့်များ ခွဲပေးထား၏။

ယခုတွင် အကန့်တစ်ကန့်သာ ဖွင့်ထားသေးသည်ဖြစ်ပြီး အခြားသော အကန့်များအား ပိတ်ထား၏။ ဖွင့်ထားသော အကန့်ထဲတွင်မူ အတင်းအဖျင်းသတင်းများကို အဓိကထား၍ တင်ပေးနေသည်။ ထို အကန့်ထဲတွင် ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများ စုဆောင်းပေးထားသည့် သတင်းမျိုးစုံ ရှိနေကြ၏။ ၎င်းမှာ ပြီးပြည့်စုံခြင်း မရှိသေးပါသော်လည်း အိမ်အပြင်ထွက်စရာမလိုဘဲ ဂိုဏ်းထဲ၌ ဖြစ်ပျက်နေသည့် ကိစ္စအားလုံးကို အချိန်နှင့် တပြေးညီ သိရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ပေးသည်။

တစ်ချိန်ထဲမှာပင် ကျင့်သိုမင်မှာ အရင်းအနှီးအမြောက်အမြား စိုက်ထုတ်ကာ သတင်းများကို စုဆောင်းနေခဲ့၏။ သူ့ဆီတွင် တိုက်ပွဲရမှတ်များ မရှိပါသော်လည်း သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းမြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် လူပေါင်းများစွာမှာ သူ့ဆီမှ ကုန်ကြမ်းပစ္စည်းများအား အဖိုးတန် သတင်းများနှင့် လာရောက် ဖလှယ်နေကြတော့သည်။ ထို့ကြောင့် အတင်းအဖျင်းသတင်းအကန့်ထဲ၌ သတင်းများ ပို၍ စုံလင်လာတော့သည်။

ကျင့်သိုမင်မှာ အတင်းအဖျင်းစကားများကိုလည်း လျစ်လျူရှုထားခြင်း မရှိဘဲ အချက်နှစ်ချက်အပေါ် အဓိက အာရုံစိုက်နေ၏။ ပထမအချက်မှာ လီရှင်းဝမ်နှင့် ဖုန့်ချိုးရန်တို့၏ကြားရှိ ပြတ်သားမှုမရှိသော ဆက်ဆံရေးကြီးအကြောင်း ဖြစ်ပြီး အခြားတစ်ချက်မှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင် ဖြစ်ပေသည်။

ထိုမျှလောက်သာဆိုပါက လူများမှာ အချိန်အနည်းငယ်အတွင်း ဝိညာဉ်ကွန်ရက်ကြီးအား ငြီးငွေ့သွားကြမည်သာဖြစ်သည်။ သို့သော် ကျင့်သိုမင်မှာ လသုံးစင်းမဟာမိတ်အဖွဲ့၏ အမွေဆက်ခံသူ ဖြစ်သောကြောင့် ဈေးကွက်အခြေအနေအား ကျွမ်ကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူသည် ဝိညာဉ်ကွန်ရက်ထဲသို့ နေ့စဉ်ဝင်ရောက်နေသည့် လူဦးရေ အရေအတွက် တဖြည်းဖြည်းနှင့် လျော့နည်းလာနေသည်ကို သတိထားမိလိုက်သောအခါ ဒုတိယအကန့်အား ချက်ချင်းပင်ဖွင့်လိုက်တော့သည်။

ထိုအကန့်၏ အမည်မှာ… ” အောင်သွယ်၊ မိတ်ဆွေဖွဲ့၊ အပျော်ရှာ ” ဖြစ်ပေသည်။

ထိုအကန့်အား ဖွင့်လိုက်သည်နှင့် ဝိညာဉ်ကွန်ရက်ထဲတွင် ရှိနေကြသည့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာ မျက်လုံးများအရောင်လက်သွားကြပြီး သိချင်ဇောဖြင့် ဝင်ရောက်ကြည့်ရှုလိုက်ကြ၏။ ကျင့်သိုမင်မှာ အရင်းအနှီးအများကြီး စိုက်ထုတ်ထားခဲ့သောကြောင့်လားတော့ မသိပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ကျိုးချူတောက်၏ တာအိုလက်တွဲဖော်လည်းဖြစ်သည့် ဟွမ်ယွင်ရှန်းအား ဖိတ်ခေါ်နိုင်၏။

သူသည် ဟွမ်ယွင်ရှန်းအား ” အောင်သွယ်၊ မိတ်ဆွေဖွဲ့၊ အပျော်ရှာ ” အကန့်၏ ကိုယ်စားလှယ်တစ်ယောက်အနေနှင့် ဖိတ်ခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ကွန်ရက်ထဲသို့ ရောက်ရှိလာပြီး ထိုအကန့်ထဲသို့ ဝင်ရောက်လာကြသည့် လူတိုင်းမှာ ဟွမ်ယွင်ရှန်း၏ စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကို ချက်ချင်းမြင်တွေ့လိုက်ရမည်သာ ဖြစ်သည်…

ထို့ကြောင့် လူတိုင်းမှာ စိတ်ဝင်တစား ဖြစ်သွားကြ၏။ ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းများ ပျံ့နှံ့သွားကြပြီးနောက် ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်ရောက်လာကြသည့် လူဦးရေ အရေအတွက်မှာ နေ့စဉ်နှင့်အမျှ ပို၍ များလာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု ခံစားနေရပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset