Switch Mode

အခန်း ( ၄၇၇ )

အဲ့တာတွေက ဘယ်လို မှော်ပစ္စည်းတွေလဲ။

အစောင့်ငယ်လေးများထဲမှ တစ်ယောက်သည် သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို အလွန်ယုံကြည်နေပြီး အကာအကွယ်မှော်ပစ္စည်းတစ်ခုကိုမှ မထုတ်ပေ။ ဘေးပတ်လည်မှ သမားတော်များသည်လည်း ပိုင်ရှောင်ချန်းကို ဆက်လက်၍ မထီမဲ့မြင်ပြုနေဆဲဖြစ်သည်။

အားပျော့လာသော ဆေးပေါင်းဖို ၅ခုအနက်မှ ၂ခု၏ မျက်နှာပြင်များတွင် ရုတ်တရက် အက်ကွဲကြောင်းများ ပြည့်နှက်လာသည်။ ၎င်းတို့ထဲတွင် ဖြစ်ပေါ်လာသော စွမ်းအင်များသည် ထပ်မံထိန်းမထားနိုင်တော့သည့် ပမာဏအထိ ရောက်ရှိလာသည်မှာ သေချာသည်။ နောက်ဆုံးတွင် ဆေးပေါင်းဖို၂ခုလုံး ပေါက်ကွဲသွားလေသည်။

စွမ်းအင်လှိုင်းတစ်ခု ချက်ချင်းပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ် များပြားလှသော စွမ်းအင်များ ပြည့်နှက်နေသည်။ ဆေးပေါင်းဖိုအစအနများသည် ကောင်းကင်ကို လှုပ်ခတ်စေနိုင်ပြီး ကမ္ဘာမြေကြီးကို ကွဲကြေစေနိုင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ဦးတည်ရာ အမျိုးမျိုးသို့ ဥက္ကာခဲများအလား ပျံ့လွင့်သွားကြသည်။

စွမ်းအင်လှိုင်းသည် အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာပြီး လေထုသည်လည်း ရှုံ့တွပျက်စီးကာ ကောင်းကင်နှင့် မြေပြင်တွင် တောက်ပသော အလင်းတန်းများ ဖြစ်ပေါ်လာသည်။ ထိုနေရာတစ်ဝိုက်ရှိ လူအားလုံးသည် ကျယ်လောင်ပြင်းထန်လှသော အသံကြီးကြောင့် နားများပင် စူးစူးရှရှ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။

ခြံဝန်းထဲမှ မန္တန်ဝင်္ကပါသည်လည်း ချက်ချင်းပင် ပျက်စီးသွားကာ လုံးဝပျက်စီးမသွားသော်လည်း အပေါက်ကြီးများ ဖြစ်သွားသည်။

အစောင့်ငယ်လေးယောက်မှာ မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း ဘာမှလုပ်ရန် အချိန်မရှိလိုက်ပေ။ မျက်တောင်တစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲသွားသော ဆေးပေါင်းဖို၂လုံးမှ စွမ်းအင်လှိုင်းများသည် သူတို့ပေါ်ရောက်လာပြီဖြစ်သည်။

ကြိုတင်သတိပေးချက်ကို လိုက်နာကာ ကာကွယ်ထားကြသော ၃ယောက်မှာ အနည်းငယ် ခံသာသည်။ မီတာပေါင်း ရာချီကာ နောက်သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ လွင့်ကျသွားပြီး မြေကြီးနှင့်ဆောင့်မိကာ အရိုးများ ကွဲကြေကာ မျက်လုံးများ၊ နားများ၊ နှာခေါင်းများ၊ ပါးစပ်များမှ သွေးများ စီးကျလာသည်။ သူတို့၏ ဝိညာဥ်မီးတောက်များမှာလည်း အချိန်မရွေး ကိုယ်မှ ထွက်ခွာသွားတော့မည့်အလား လှုပ်ခတ်နေပေသည်။

သွေးကြီးသော ၄ယောက်မြောက်အစောင့်မှာမူ အကာအကွယ်မှော်ပစ္စည်းမထုတ်လိုက်ရသောကြောင့် စွမ်းအင်လေပြင်းက ဆွဲမကာ အဝေးသို့ လှမ်းပစ်ပေါက်လိုက်ချိန်တွင် နာကျင်စွာ အော်ဟစ်ရုံသာ တတ်နိုင်လေသည်။ မည်သည့်နေရာသို့ သူ ကျသွားသည်ကို တစ်ယောက်မှ မပြောနိုင်ကြချေ။

ထိုမျှနှင့် မပြီးသေးပေ။ ထိုအစောင့်ငယ်လေးယောက်ပင် ဤသို့ ခံစားရသေးရာ အကာအကွယ်ပစ္စည်း လုံးဝထုတ်မသုံးလိုက်ရသော သမားတော်အားလုံးမှာ ပြောစရာမလိုတော့ပေ။ ခြံဝန်း၏ အပြင်ဘက်တွင်ဖြစ်သော်လည်း ထွက်မပြေးနိုင်လိုက်ဘဲ စွမ်းအင်လှိုင်းက ဆက်လက်ပျံ့နှံ့လာသောကြောင့် ပြင်းထန်စွာ နောက်သို့ လွင့်စင်သွားပြီး ငယ်သံပါအောင် အော်ဟစ်နေသံများလည်း ထွက်လာသည်။

ပါးစပ်များမှ သွေးများစီးကျလာပြီး ဝိညာဥ်များမှာလည်း အခြေမငြိမ်စွာဖြင့် ဒယိမ်းဒယိုင်ဖြစ်သွားဟန်တူသည်။ တစ်ယောက်မှ မကျန်ဘဲ တစ်ယောက်စီတိုင်းသည် ထိခိုက်ဒဏ်ရာများ ရသွားကြသည်။

တချိန်တည်းမှာပင် ဤနေရာရှိ အရာအားလုံးသည် တုန်ခါလာပြီး အနီးအနားမှ အဆောက်အအုံများ ပြိုကျကုန်သည်။ ယခုထုတ်လွှတ်လိုက်သော စွမ်းအင်မှာ ခန့်မှန်း၍ မရနိုင်လောက်အောင် ပြင်းထန်သည်။

“ဒါ မဖြစ်နိုင်ဘူး။”

“ဘုရားရေ၊ ဒီပေါက်ကွဲမှုကြီးက တကယ်ကြီး ဆေးပေါင်းဖိုတစ်ခုကနေလား။”

“ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပိုင်ရှောင်ချန်းက အဲဒီဆေးပေါင်းဖိုကို ဘာတွေလုပ်လိုက်တာလဲ။ ငါဆေးဖော်လာတာ ငါ့တစ်သက်လုံးပဲ။ အဲဒီလို ပေါက်ကွဲတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ အစွမ်းထက် မှော်သိုင်းကွက်မျိုးနဲ့တောင် ပိုတူတယ်။ ”

သူတို့၏ အော်ဟစ်သံများ ထွက်ပေါ်လာနေဆဲတွင် လက်နက်တိုက်သည် ဆက်လက်တုန်ခါနေကာ ကျင့်ကြံသူအများအပြားသည် ကွင်းပြင်ထဲသို့ ပျံထွက်လာကာ ပိုင်ရှောင်ချန်း၏ နေအိမ်ရှိရာသို့ ထိတ်လန့်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းသည် အဖြစ်အပျက်များကြောင့် အတော်လေး ကြောက်လန့်နေပြီဖြစ်သည်။ သို့သော် သူသည် အစကပင် နောက်ဆုတ်ထားပြီး မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် အပြင်အားကို ပိုင်ဆိုင်ထားသည့်အပြင် သူ့ကိုယ်သူကာကွယ်နိုင်ရန် ဟန်ဇောင်ချီအချို့ကိုလည်း ထုတ်လွှတ်ရန် ဝန်မလေးပေ။ သို့ဖြစ်ရာ ထိခိုက်မှုမရှိပေ။

သူ၏ အသစ်တီထွင်ထားသော ဆေးဖော်စပ်နည်းသည် ဤမျှအထိ ပေါက်ကွဲစေလိမ့်မည်ဟု လုံးဝသတိမထားမိခဲ့ပေ။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် အဆင့်တူတူပင်ဖြစ်သည်။

ထို့အပြင် ဝိညာဥ်စုစည်းဆေးလုံးများသည် ဝိညာဥ်ကို သက်ရောက်ရန် ဖော်စပ်ထားရာ လှိုင်းထိမိသော လူတိုင်းသည် ခန္ဓါကိုယ်ထဲမှ ဝိညာဥ်များကို စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ယခုအချိန်တွင် အများစုသည် တွေးတောနိုင်စွမ်းမရှိတော့သည့်အလား အသက်မဲ့စွာဖြင့် ကြောင်ကြည့်နေကြသည်။

ထို့ပြင် ၎င်းသည် ပေါက်ကွဲသွားသော ဆေးပေါင်းဖိုနှစ်ခုတည်းမှ ရလဒ်သာဖြစ်သည်။ နောက်ထပ်အများကြီး ထပ်မံပေါက်ကွဲသွားပါက မည်သို့ဖြစ်မည်ကို တွေးကြည့်ရန် လွယ်ကူလှပေသည်။ ဤနေရာရှိ လူများမှာ အပိုင်းပိုင်းဖြစ်သွားလေမလား၊ သို့မဟုတ် အနည်းဆုံး ဝိညာဥ်များတွင် မယုံနိုင်လောက်သည့် ပျက်စီးမှုများ ရှိသွားမည်ဖြစ်သည်။

“ဒီ…ဒီဟာက…”
ပိုင်ရှောင်ချန်းသည် ကျန်ရှိနေဆဲ ဆေးပေါင်းဖိုသုံးခုကို ကြည့်လိုက်ကာ မျက်နှာပေါ်တွင် အသည်းအသန် ထိတ်လန့်နေသော အမူအရာပေါ်လာသည်။ ဆေးပေါင်းဖိုသုံးခု၏ မျက်နှာပြင်များတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေကာ အထဲတွင်လည်း စွမ်းအင်များ ဆက်လက်စုစည်းလျက်ရှိသည်။ ပေါက်ကွဲတော့မည်မှာ အသေအချာပင် ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ပါးစပ်အဟောင်းသားဖြစ်ကာ နောက်သို့ ဆုတ်သွားသည်။

ထိုအချိန်မှာပင် လေထဲတွင် ဒေါသတကြီးအော်ဟစ်သံတစ်ခု ပေါ်လာသည်။

” ပိုင်ရှောင်ချန်းးး ”
အသံကြီးမှာ မိုးကြိုးသွားအလား နားကွဲလောက်သည်အထိ ကျယ်လောင်ကာ နေရာရှိ အရာအားလုံးကို ယမ်းခါသွားစေလေသည်။ တချိန်တည်းမှာပင် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ပုံရိပ်သည် အဝေးမှနေ၍ ရုတ်တရက် ဤနေရာသို့ တည်နေရာရွှေ့ပြောင်းကာ ရောက်ရှိလာသည်။

ထိုသူမှာ အရေခွံဆုပ်တပ်မှ စစ်သေနာပတိချုပ် ပိုင်လင်းမှတစ်ပါး အခြားမဟုတ်ပေ။

ပိုင်ရှောင်ချန်းသည် စိတ်ပျက်အားငယ်သွားရုံမက မတရားဟုပါ ခံစားရသောကြောင့် လွှန်ခနဲ ပြောမိသွားသည်။
” ကျုပ်ကို အပြစ်တင်လို့ မရဘူးနော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သတိပေးထားသားပဲ။”

မည်သို့ပင် ဖြစ်စေ သူသည် အမှန်တကယ်ပင် သတိပေးထားပြီး မယုံကြည်ကြခြင်းဖြစ်သည်။

စောစောက ပိုင်လင်းသည် တံတိုင်းပေါ်တွင် ရှိနေခဲ့ပြီး တိုက်ခိုက်လျက်ရှိသော စစ်သည်များကို ထောက်ပံ့ပေးနေခဲ့သည်။ တစ်စုံတစ်ယောက်သည် မြေအောက်ကမ္ဘာကို လာဘ်ထိုးထားသောကြောင့် လက်ရှိတွင် မဟာတံတိုင်း၏ အပြင်ဘက်၌ အမုန်းဝိညာဥ်များသည် မရေမတွက်နိုင်အောင် ရှိပေသည်။ တပ်မဟာ၅ခုသည်လည်း ဖိအားများလျက်ရှိပြီး အထူးသဖြင့် အောက်လမ်းဆရာများကို ရန်သူ့စစ်တပ်ထဲတွင် တွေ့ရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်လင်းကိုယ်တိုင် စစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်နေရခြင်းဖြစ်သည်။

သို့သော်လည်း အောက်လမ်းဆရာများ မလှုပ်ရှားမီ လက်နက်တိုက်မှ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး စွမ်းအင်လှိုင်းများ ပေါ်ထွက်လာရာ ပိုင်လင်းကိုပါ ထိတ်လန့်သွားစေခဲ့သည်။ ထို့နောက် တည်နေရာရွှေ့ပြောင်းကာ ကြည့်လိုက်သည်တွင် လုံးဝဘေးအန္တရာယ်ဆိုးကြီးဖြစ်နေသည့် မြင်ကွင်းကို တွေ့လိုက်ရလေသည်။ နေရာရှိ လူတိုင်းသည် သွေးများ အန်လျက်ရှိပြီး ထပ်ပေါင်းအနေဖြင့် ဆိုးရွားစွာ ပျက်စီးနေသော ပေါက်ကွဲလုဆဲဆဲ ဆေးပေါင်းဖို၃ခုပါ ရှိလေသည်။

ဒေါသထွက်နေသည့်တိုင် ပိုင်လင်းသည် တွေးနေရန်၊ စီစဥ်နေရန် အချိန်မရှိတော့ပေ။ သူသည် အော်ဟစ်လိုက်ကာ ဆေးပေါင်းဖို၃ခုကို ဆွဲယူ၍ မဟာတံတိုင်းပေါ်သို့ တည်နေရာရွှေ့ပြောင်းလိုက်ပြီး အခြားတစ်ဖက်သို့ ပစ်ပေါက်လိုက်လေသည်။

မဟာတံတိုင်း၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော အမုန်းဝိညာဥ်များသည် များပြားလွန်းလှသည့်အတွက် ကောင်းကင်တွင်ပါ ပြန့်ကျဲလျက်ရှိသည်။ အများစုသည် အတူတကွပေါင်းစည်း၍ ဝိညာဥ်ဧကရာဇ်အဖြစ် အသံကုန်အော်ဟစ်ကာ တိုက်ခိုက်လျက်ရှိသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်တည်ရှိမှုကိုလည်းကောင်း၊ ပျက်စီးမှုကိုလည်းကောင်း သိရှိဟန်မတူပေ။ တံတိုင်းမှ မြင့်တက်နေသည့် တလက်လက်တောက်နေသော ဒိုင်းကာသည် တိုက်ခိုက်မှုအားများကြောင့် ပျက်စီးစပြုလာသည်။ တပ်မဟာ၅ခုမှ ကျင့်ကြံသူများသည် သူတို့၏ မှော်အမြောက်များထဲသို့ ထည့်နိုင်သမျှ စွမ်းအားများကို ထည့်၍ ဖျက်ဆီးရေးအလင်းတန်းများကို မရပ်မနား ပစ်လွှတ်လျက်ရှိသည်။ ကံမကောင်းစွာပင် အမုန်းဝိညာဥ်များမှာ များပြားလှသည်ဖြစ်ရာ ကျင့်ကြံသူများ၏ ခုခံမှုသည် အချည်းနှီးဖြစ်တော့မည်ဖြစ်သည်။

ဝိညာဥ်များ၏အလယ်တွင် လူ့ဘီလူးကြီးအမြောက်အများ ရောယှက်လျက်ရှိပြီး သူတို့၏ ဖြုံလောက်သည့် ပြင်ပခန္ဓာကိုယ်များကိုသုံးကာ တံတိုင်းဆီသို့ သွားရာလမ်းတွင် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လျက်ရှိပြီး ရောက်လျှင် မတွန့်ဆုတ်ဘဲ ကိုယ်တိုင်ပေါက်ကွဲလိုက်ကြသည်။ ရလဒ်အနေဖြင့် တပ်မဟာ၅ခုကြားတွင် ထိခိုက်ဒဏ်ရာရမှုများသည် မြင့်တက်လာနေသည်။

ထိုအချိန်မှာပင် ၃မီတာခန့်မြင့်မားသည့် နီညိုရောင် ဆေးပေါင်းဖို၃ခုက နေလုံးများသဖွယ် လေထုကို ဖြတ်ကာ ပျံသန်းလာပြီး လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ချေမွသွားလေသည်။

ထို့နောက် မြေကြီးပေါ်ရောက်သည်တွင် မျက်နှာပြင်များတွင် အက်ကွဲကြောင်းများ အများအပြားပေါ်လာရာ မပေါက်ကွဲဘဲ ဆက်လက်နေနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။

လူ့ဘီလူးကြီးများသည် လုံးဝမရင်းနှီးသည့် အရာများဖြစ်သော ဆေးပေါင်းဖိုများနှင့် တိုက်ခိုက်ခံရသည့်အတွက် ထိတ်လန့်နေဟန်ရှိသည်။ လူ့ဘီလူးကြီးများထဲမှ မီတာပေါင်း ဒါဇင်နှင့်ချီ မြင့်မားသည့် တစ်ယောက်သည် အေးစက်စက် နှာမှုတ်လိုက်ကာ အနီးဆုံးဆေးပေါင်းဖိုဆီသို့ ပျံသွား၍ အံ့ဩဖွယ် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်လေသည်။

ထိုအခိုက်တွင် ဆေးပေါင်းဖို၏ အတွင်း၊အပြင်မှအားများ ပေါင်းစပ်သွားကာ ခံနိုင်ရည်မရှိတော့ကြောင်း သက်သေပြလိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခါစေနိုင်သည့် မြည်သံကြီး ပေါက်ကွဲထွက်လာကာ လောင်ကျွမ်းနေသော အစအနများသည် စစ်မြေပြင်တစ်ခုလုံး ပျံ့နှံ့သွားလေသည်။ စစ်မြေပြင်ရှိ အရာအားလုံးသည် ပြင်းထန်စွာ လှုပ်ရမ်းသွားပြီး အမုန်းဝိညာဥ် အများအပြားသည် အော်ဟစ်နေကြကာ မရှောင်နိုင်သည့် အနီးနားမှ သားရဲများသည်လည်း ချက်ချင်းပင် မီးစွဲလောင်သွားကြသည်။

ဆေးပေါင်းဖိုကို ယခုရိုက်လိုက်သော လူ့ဘီလူးကြီးမှာမူ စွမ်းအင်များ ဖုံးလွှမ်းကာ နောက်သို့ လွင့်ထွက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သံများထွက်လာကာ ခန္ဓါကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလေသည်။

သို့သော် ပေါက်ကွဲသွားခြင်းသည် အပြင်းထန်ဆုံး ရိုက်ခတ်မှုမဟုတ်သေးပေ။ ဝိညာဥ်စုစည်းဆေးလုံး၏ ဆေးစွမ်းအင်သည် ချက်ချင်းပင် မီတာ၃၀၀၀ဧရိယာသို့ ပျံ့နှံ့သွားကာ အမုန်းဝိညာဥ်အားလုံးသည် တုန်ခါလျက် ပြင်းထန်လှသော ဆွဲငင်အားတစ်ခုတွင် တွယ်ကပ်သွားလေသည်။ ထို့နောက်တွင် စွမ်းအင်လှိုင်းက ဖြတ်တိုက်သွားရာ အစိတ်စိတ် အြမွှာြမွှာ ဖြစ်သွားလေသည်။

အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားရာ လူ့ဘီလူးကြီးများနှင့် အမုန်းဝိညာဥ်များသည် တုံ့ပြန်ရန် အချိန်ပင် မရှိလိုက်ပေ။ ခဏကြာလျှင် နောက်ထပ်ဆေးပေါင်းဖို၂ခုကလည်း ပေါက်ကွဲသွားရာ အချိန်တိုအတွင်းမှာပင် နားကွဲစေလောက်သည့် ပေါက်ကွဲသံများနှင့် စူးစူးဝါးဝါးအော်သံများသည် စစ်မြေပြင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။

လူ့ဘီလူးကြီးအမြောက်အများ သုတ်သင်ခံလိုက်ရပြီး မရေမတွက်နိုင်သော သားရဲများနှင့် ဝိညာဥ်များ ပျက်စီးသွားကြသည်။ မီးတောက်ပင်လယ်များ ပေါ်ထွက်လာကာ ထိတ်လန့်ဖွယ် တွင်းကြီးများ မြေပေါ်တွင် ဖြစ်သွားသည်။

သွေးစက်များသည် အဘက်ဘက်သို့ ပျံလွင့်လျက်ရှိရာ အသက်ရှင်ကျန်ရစ်သော လူ့ဘီလူးကြီးများသည် ထိတ်လန့်အံ့ဩစွာဖြင့် ဘေးပတ်လည်ကို ကြည့်နေကြပြီး အသိဥာဏ်မရှိဆုံး အမုန်းဝိညာဥ်များပင်လျှင် ကြောက်ရွံ့နေပုံပေါ်သည်…။

“အဲဒီမှော်ပစ္စည်းတွေက ဘာတွေလဲ။”

“ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်ရတာလဲ။ငါ ဒါမျိုးဖြစ်တာ တစ်ခါမှ မတွေ့ဖူးဘူး။”
လူ့ဘီလူးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် မဟာတံတိုင်းကို လှည့်ကြည့်လိုက်သည်။ သူတို့၏မျက်နှာများတွင် အလွန်ကြောက်လန့်နေသည့် အမူအရာများကို တွေ့ရသည်။

အမှန်တွင် သူတို့သာ ထိုကဲ့သို့ ဖြစ်သွားသည်မဟုတ်ပေ။ မဟာတံတိုင်းပေါ်က ကျင့်ကြံသူများဖြစ်သော အရေခွံဆုပ်တပ်သားများသာမက အခြားတပ်မဟာ၄ခုမှ ကျင့်ကြံသူများပါ ကြက်သေသေကုန်ကြသည်။

“အဲဒီဟာတွေက ဘာတွေလဲ…။”

“ဘယ်လိုဖြစ်ပြီး ဆေးပေါင်းဖိုတွေနဲ့ တူနေတာလဲ။”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ဆေးပေါင်းဖိုတွေကနေ ဘယ်လိုလုပ်ပြီး အဲဒီလို စွမ်းအားမျိုးထုတ်နိုင်တာလဲ။”

” အရေခွံဆုပ်တပ်က စစ်သေနာပတိချုပ် ပိုင်လင်းကိုယ်တိုင် ပစ်လွှတ်လိုက်တယ်ဆိုတာ အတော်လေး သေချာတယ်။ အသစ်တီထွင်ထားတဲ့ မှော်ပစ္စည်းလိုဟာမျိုးများ ဖြစ်မလား။ ”

အားလုံးသည် အံ့ဩတကြီးဖြစ်နေကြကာ အမှန်တွင် ပိုင်လင်းသည် အလွန်အံ့ဩသွားသဖြင့် ဒေါသမှာ လုံးဝပြေသွားပြီဖြစ်သည်။ သူသည် မဟာတံတိုင်း၏ အပြင်ဘက်မှ တွင်းကြီးများ၊ ကြောက်ရွံ့နေသော ဝိညာဥ်များ၊ လူ့ဘီလူးကြီးများကို အသက်မဲ့စွာ ရပ်ကြည့်နေခဲ့ပြီး ခဏအကြာတွင် အသက်ကို မောပန်းစွာ ရှူနေရသည်။ ထို့နောက်တွင် သူ၏ မျက်လုံးများသည် ပြိုင်ဘက်ကင်းသည့်တောက်ပမှုမျိုးဖြင့် လင်းလက်လာကာ ပျော်ရွှင်များပင် ရောယှက်ပါဝင်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset