ဘေးဘက်တွင်မူ ထည့်စရာအိတ်ဒါဇင်များစွာပုံထားသည်ကိုလည်း ပိုင်ရှောင်ချန်းက တွေ့လိုက်ရသည်။ ထိုအိတ်များကို စစ်ဆေးကြည့်လိုက်သောအခါ မြေမီးတောက်သလင်းကျောက် အတုံးတစ်သောင်းကိုမြင်လိုက်ရသဖြင့်် သူကမှင်တက်သွားရတော့သည်။ ထို့အပြင် သူတောင်းဆိုခဲ့သမျှ အရာအားလုံးမှာလည်း တစ်ခုမကျန် ထိုအိတ်များထဲတွင် ပါဝင်နေသည်။
သူတောင်းဆိုခဲ့သည့် ဝိညာဥ်အရက်များပင်လျှင် အပြည့်အဝ ပါသည်။
” ပိုင်လင်းက ကြွားနေရုံသက်သက် မဟုတ်ဘူးပဲ။ သုံးရက်အတွင်း ဒါတွေအကုန်ရအောင် သူတကယ်လုပ်နိုင်တာပါလား။ ”
ဤအချိန်တွင်မူ သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများ၊ ပြတ်သားမှုများဖြင့် တောက်ပနေပြီဖြစ်သည်။ ထို့အပြင် ပိုင်လင်းက သူပေးထားသည့် ကတိကိုတည်သည့်အတွက် ပိုင်ရှောင်ချန်းကလည်း သူ၏ကတိအတိုင်း ဖြစ်အောင်လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုသို့အဆင့်ဆင့် တွေးတောလိုက်ပြီးနောက် သူက စစ်ဦးစီးမှူးကို လှမ်းကြည့်လိုက်သည်။
” အပန်းမကြီးဘူးဆိုရင်လေ ” သူက စစ်ဦးစီးမှူးကို ပြောလိုက်သည်။
” ကျုပ် စွမ်းစွမ်းတမံကြိုစားပါ့မယ်လို့ စစ်သေနာပတိချုပ်ကို ပြောပေးပါနော်။ ”
ထိုအခါ အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။
” ဒါ ငါ့လက်အောက်က အတော်ဆုံး စစ်သားလေးယောက်ပဲ။ မင်းယူထားတဲ့တာဝန်က ကြီးတော့ မင်းကိုနှောင့်ယှက်မဲ့လူမရှိအောင် သူတို့ကို ဒီမှာ အစောင့်အဖြစ် ထားခဲ့မယ်။ ”
ထိုသို့ဆိုပြီး သူက နောက်လှည့်ကာ ထွက်ခွာသွားသည်။
လူငယ်လေးယောက်မှာ အေးစက်သော မျက်နှာအမူအရာများဖြင့် ခပ်လှမ်းလှမ်းသို့ လျောက်သွားကြပြီး တင်ပျဥ်ခွေထိုင်ချလိုက်တော့သည်။ သူတိုပုံစံမှာ ပိုင်ရှောင်ချန်းကို ကာကွယ်နေသည်နှင့်မတူပဲ စောင့်ကြည့်နေသည်နှင့်ပင် တူနေတော့သည်။
သူ့ကို ပေးအပ်ထားသည့် ပစ္စည်းများမှာ အလွန်တန်ဖိုးကြီးပြီး ပိုင်လင်းမှာ ခက်ခက်ခဲခဲ ရယူထားရသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည် ထိုလေးယောက်၏ အကြည့်များကို လျစ်လျူရှုလိုက်တော့သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေရသည်။ ဆေးပေါင်းဖိုများစွာနှင့် ဆေးပင်များစွာကို မြင်လိုက်ရသဖြင့် သူက အလုပ်လုပ်ချင်စိတ်များ တဖွားဖွားပေါ်လာရတော့သည်။
” ငါဆေးမဖော်စပ်တာတောင် တော်တော် ကြာခဲ့ပြီပဲ…. ”
သူက စုတ်သပ်ကာ ရေရွတ်လိုက်သည်။ ရှေ့လျောက်ဖြစ်ပေါ်လာနိုင်သည့် ဘေးဥပါဒ်များအတွက် စိုးရိမ်စရာမလိုသဖြင့် ပိုင်ရှောင်ချန်းသည် သူ၏ လက်ရှိဘဝကြီးမှာ အရာရာပြည့်စုံနေသည်ဟုပင် ခံစားနေရတော့သည်။
သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရပင် ရယ်မောလိုက်သေးသည်။ အစောင့် လူငယ်လေးယောက်မှာမူ သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်ရုံမှလွဲ၍ အခြားဘာမှ မလုပ်နိုင်ချေ။
” ဝိညာဥ်စုစည်း ဆေးလုံးတွေကို ပိုပြီးစွမ်းအားပြင်းအောင် လုပ်ဖို့ဆိုရင် ပါဝင်ပစ္စည်းတွေ ပိုထည့်ရုံနဲ့ မရဘူး။ ဆေးဖော်စပ်နည်းကို ပြန်ချိန်ဆမှ ရမှာ… ”
ထိုသို့ဆိုကာ သူက တင်ပျဥ်ခွေထိုင်ပြီး ထည့်စရာအိတ်များထဲမှ ဆေးပင်များကို ထုတ်ယူနေတော့သည်။ ထို့နောက် နိမိတ်ဖတ်ခြင်းပညာရပ်ကြည့်ရှုေနသည့်အလား စူးရှ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ထိုဆေးပင်များကို နက်နက်နဲနဲ လေ့လာနေတော့သည်။
မကြာမီတွင် ဆေးဖော်စပ်နည်းအသစ်တစ်ခု၏ အခြေခံများမှာ သူ၏ခေါင်းထဲတွင် ပေါ်ပေါက်လာတော့သည်။ အချိန်သုံးရက် ကုန်သွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ အိပ်လည်းမအိပ် အနားလည်းမယူပေ။ သူသည် ဆေးဖော်စပ်နည်းကို ပြောင်းလဲရန်အတွက် လုံးဝ စိတ်ကိုနှစ်မြှုပ်ထားသည်။ ခဏအကြာတွင် သူ၏မျက်ဝန်းများမှာ နီမြန်းသွားပြီး ရံခါဖန်ခါ မတ်တတ်ထရပ်ကာ ခြံဝန်းထဲတွင် ဟိုဟိုသည်သည်လျှောက်ရင်း ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတော့သည်။
” မဟုတ်သေးဘူး။ အဲ့တာဆို ရမှာမဟုတ်ဘူး။ ”
” အရည်ကျိုတဲ့ နည်းလမ်းများ သုံးသင့်လား။ ဒီမှာက စိတ်စွမ်းအင် သိပ်မရှိဘူးဆိုတော့ အဲ့လိုနည်းက ခက်ခဲမှာ…. ”
” ဆေးပေါင်းဖိုကို လုံးဝအလုံပိတ်လိုက်ရင်ရော။ မသန့်စင်တဲ့ သက်စောင့်စွမ်းအားကြောင့် ပါဝင်ပစ္စည်းတွေက အရည်မြန်မြန်ပျော်သွားမှာဖြစ်ပေမဲ့ အရောအနှောထဲမှာ ချီအများကြီး ပါဝင်သွားရင်က ဆေးပေါင်းဖိုတွေ ပေါက်ကွဲနိုင်ခြေ ပိုများသွားမှာ… ”
ပိုင်ရှောင်ချန်းမှာ တတွတ်တွတ် ရွတ်လိုက် မျက်မှောင်ကြုတ်လိုက်နှင့် သရဲစီးနေသည့်အလားပင်။ အစောင့်လေးယောက်သည် ပိုင်ရှောင်ချန်း၏ ထူးဆန်းသော အပြုအမူများကို မကြာခဏဆိုသလို လှမ်းကာကြည့်နေကြသည်။
ထိုစဥ် လက်နက်တိုက်ထဲရှိ အခြား မဟာသမားတော်များမှာ ပိုင်ရှောင်ချန်းက ဆေးများစတင်ဖော်စပ်နေပြီဖြစ်ကြောင်း ကြားလိုက်ရ၍ သူတို့၏ နှလုံးသားများထဲတွင် အေးစက်စက် လှောင်ရယ်သံများနှင့်သာ ပြည့်နေကြတော့သည်။ သူတို့ထဲက အချို့မှာ ပိုင်ရှောင်ချန်း၏ နေအိမ်သို့သွား၍ သူလုပ်နေသည်များကို ချောင်းကြည့်ကြသည်အထိပင်။
အစောင့်များမှာ သူတို့ကို ဂရုမစိုက်ပေ။ နေအိမ်အတွင်းထဲသို့ ဝင်မလာသ၍ သူတို့က တားဆီးမည်မဟုတ်ချေ။
” သူက တမင်သက်သက်ကြီး နက်နဲချင်ယောင်ဆောင်နေတာပါကွာ။ သူ့ရဲ့ ကျွမ်းကျင်မှုအစစ်အမှန်ကို ငါအရမ်းမြင်ချင်နေပြီ။ ”
” ဟွန်း။ ပထမအသုတ်ကိုသာ သူအောင်အောင်မြင်မြင် မဖော်စပ်နိုင်ရင် ခေါင်းဖြတ်စက်ပေါ် တစ်ခါထဲ ရောက်လောက်တယ်။ ”
အဆင့်မြင့် ဆေးပေါင်းဖိုအလုံးတစ်ရာဆိုသော မြင်ကွင်းကြောင့် အခြား မဟာသမားတော်များမှာ အံ့အားသင့်နေကြရပြီး သူတို့ရင်ထဲတွင် မနာလိုမှုများ အားကျမှုများဖြင့်သာ ဖုံးလွှမ်းနေကြတော့သည်။
နှစ်ရက်တိတိထပ်မံ ကုန်ဆုံးသွားပြီး အပြင်ဘက်တွင်စုဝေးနေကြသည့် အကြီးအကဲအချို့မှာ စိတ်မရှည်တော့သဖြင့် ထွက်ခွာသွားကြတော့သည်။ မကြာမီတွင် ရှစ်ယောက်သာ ကျန်ခဲ့တော့သည်။ ပိုင်လင်းမှာလည်း အပြင်ဘက်တွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် တင်းမာသော မျက်နှာထားဖြင့် ရောက်လာသေးသည်။ ပိုင်ရှောင်ချန်းကို တစ်ခဏမျှကြည့်လိုက်ပြီးနောက် သူက အနှောင့်အယှက် မပေးတော့ဘဲ ထွက်ခွာသွားသည်။
ခြောက်ရက်နေ့မြောက်၏ နေ့လယ်ခင်းတွင် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး မျက်နှာမှာ အနည်းငယ် ဖျော့တော့နေသည်။ သို့သော် သူ၏ မျက်လုံးအိမ်ထဲတွင်မူ ထူးဆန်းသော အလင်းရောင်တစ်ခုက လင်းလက်နေသည်။
” ဒီ တိမ်ဝိညာဥ် သစ်ရွက်ကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရမယ်။ ဟုတ်ပြီ။ ဒီဖော်စပ်နည်းကို မြေဝိညာဥ် သစ်ဥနဲ့ အားဖြည့်၊ လေပန်းရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေကိုထည့်ပေါင်းပြီးတော့ ဆေးပေါင်းဖိုကို လုံအောင် ပိတ်ထားလိုက်မယ်။ အဲ့တာဆို ဝိညာဥ်စုစည်းဆေးလုံးတွေရဲ့ အာနိသင်တွေက အဆပေါင်းများစွာ တက်သွားမှာပဲ။ ကဲ… ငါ့နည်းလမ်း မှန်လား၊ မမှန်လား ဆုံးဖြတ်ဖို့က တစ်နည်းပဲရှိတာပဲ။ အသုတ် ဆယ်သုတ်လောက် စဖော်စပ်ကြည့်လိုက်မယ်ကွာ။ ”
ယခုတွင် ပိုင်ရှောင်ချန်းသည် အချိန်များကိုပင် မှတ်မထားမိပဲ သူ၏ဘေးနားတွင် သူ့ကိုကြည့်နေသူများရှိနေသည်ကိုလည်း ဂရုမပြုမိပေ။ သူ၏ ဦးတည်ရာလမ်းကြောင်းမှာ မှန်သည်ဟုယူဆလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ဆေးပေါင်းဖိုဆယ်လုံးကို သူ၏ရှေ့သို့ ပျံဝဲလာစေလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သောအခါ အဖုံးများမှာ ပွင့်သွားတော့သည်။
ထိုအခါ သူက မြေမီးတောက် သလင်းကျောက်အချို့ကို ဆေးပေါင်းဖို၏ အောက်ခြေသို့ ပစ်ထည့်လိုက်ပြီး ၎င်းတို့၏ မြေမီးတောက် စွမ်းအားများကို ထုတ်လွှတ်စေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုဆေးပေါင်းဖို ဆယ်လုံးမှာ နီရဲလာပြီး အလွန်ပူပြင်းသော အပူဓာတ်များကို ထုတ်လွှတ်နေတော့သည်။ အစောင့်လေးယောက်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုများအပေါ်တွင်သာ လုံးဝအာရုံရောက်နေသည်။ ၎င်းတို့၏ အပူချိန်မြင့်တက်လာသောအခါ သူက တုံ့ဆိုင်းမနေပဲ သူ၏ခေါင်းထဲရှိ ဆေးဖော်စပ်နည်းအတိုင်း ဆေးပင်များကို အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။ ယခုအကြိမ်သည် သူ၏ပထမဆုံး စမ်းသပ်မှုဖြစ်သဖြင့် သူက အရာရာတိုင်းကို ဂရုတစိုက် လုပ်နေပြီး ဖော်စပ်နေစဥ်အတွင်း မည်သည့်ကျရှုံးမှုမျိုးမှ ပေါ်မလာစေရန် သူကမျှော်လင့်နေတော့သည်။ သူသည် ဆေးပင်များကိုပင် စနစ်တကျ အစဥ်လိုက်အတိုင်း သေသေချာချာ ထည့်နေသည်။ ဤဆေးဖော်စပ်ချိန်တွင် သူ၏စဥ်းစားတွေးခေါ်စွမ်းများသာမက သူ၏လုပ်ဆောင်ချက်များပါ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် သူက ဆေးပေါင်းဖိုဆယ်လုံးထဲသာ ရွေးချယ်ပြီး ပါဝင်ပစ္စည်းများကို ထည့်သွင်းရာတွင်လည်း အလွန်ဂရုစိုက်နေခြင်း ဖြစ်သည်။ အဆုံးတွင် ဆေးပေါင်းဖိုများ၏ အဖုံးကို ပြန်ပိတ်လိုက်ပြီးနောက် သူ၏မျက်လုံးများမှာ လင်းလက်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်ကာ အော်ဟစ်လိုက်သည်။
” ပိတ်လှောင်စေ။ ”
ထိုအခါ မရေမတွက်နိုင်သော မှော်သင်္ကေတများက သူ၏လက်ထဲမှ ပျံဝဲထွက်လာပြီး ဆေးပေါင်းဖိုတစ်လုံးပေါ်သို့ကျဆင်းသွားသောအခါ ထိုဆေးပေါင်းဖိုကြီးမှာ တုန်ရီသွားတော့သည်။ ထိုသို့ ပိတ်လှောင်ခြင်းပြီးဆုံးသွားသောအခါ ၎င်း၏ အဖုံးမှာ ယခင်ကထက်ပင် ပို၍ တင်းကျပ်စွာပိတ်သွားပြီး အနည်းငယ်လေးမျှပင် ပွင့်မနေတော့ပေ။
သူက ထိုဆေးပေါင်းဖိုကြီး လုံးဝပိတ်သွားအောင် ရာနှင့်ချီသည့် ပိတ်လှောင်ခြင်း သင်္ကေတများကို ထပ်သုံးလိုက်သည်။ ထိုအထဲမှ မီးခိုးများပင် ထွက်မလာနိုင်တော့သည် အထိပင်။
ဤသို့ပြုလုပ်ပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ချွေးများပင် စီးကျလာတော့သည်။ သို့သော် သူက ဆေးပေါင်းဖိုများထံမှ အကြည့်ကို လုံးဝမခွာပေ။ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး ဝိညာဥ်အရက်တစ်ပုလင်းကို ထုတ်ယူကာ အကုန်မော့ချလိုက်ပြီး ဆေးပေါင်းဖိုကြီးအပေါ်သို့ ပိတ်လှောင်ခြင်း သင်္ကေတများ ထပ်မံ ထည့်နေတော့သည်။ သူကျေနပ်သွားသည့်အချိန်ရောက်မှသာ အခြား ဆေးပေါင်းဖို ကိုးလုံးကို ထပ်၍ ထိုနည်းတူ လုပ်လိုက်ပြန်သည်။ ဆေးပေါင်းဖိုအားလုံးကို ပိတ်ဆို့ပြီးနောက် သူက ဖြူဆုတ်နေသည့် မျက်နှာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ ထို့နောက် သူက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အသက်ရှူလေ့ကျင့်ခန်းအချို့ လုပ်လိုက်တော့သည်။
အစောင့်လေးယောက်မှာ ထိုအရာများကို တချိန်လုံးကြည့်နေပြီး နားလည်ချင်ယောင် ဆောင်နေပါသော်လည်း အမှန်တကယ်တွင်မူ မည်သည့်အရာကိုမှ မသိပေ။ သို့သော် ဘေးနားရှိ မဟာသမားတော်များက သိပေသည်။
” သူက ပါဝင်ပစ္စည်းတွေကို ပိတ်လှောင်နေတာလား။ ”
” မဟုတ်ဘူးလေ။ ပါဝင်ပစ္စည်းတွေကို ပိတ်လှောင်ချင်ရင် ဆေးပေါင်းဖိုကို ပိတ်လှောင်လို့မှ မရတာ။ သူဘာတွေများ တွေးနေတာတုံး။ ”
” ဆေးပေါင်းဖိုတွေကို ပိတ်ဆို့ရင် သူတို့ရဲ့ ပေါက်ကွဲနိုင်မှုနှုန်းက ပိုများလာတာလေ။ ပိုင်ရှောင်ချန်းက ဘယ်လိုဆေးဖော်စပ်ရသလဲဆိုတာကို တကယ်ရော သိရဲ့လားကွာ။”
” သူက အဲဒီတန်ဖိုးကြီး ဆေးပင်တွေအကုန်လုံးကို ဖြုန်းတီးပစ်နေတာပဲ။ အဲ့ ဆေးပေါင်းဖိုတွေ ရှစ်နာရီအတွင်း ပေါက်ကွဲစေရမယ်လို့ ငါအာမခံတယ်။ ဟွန်း။ အဲ့အချိန်ရောက်ရင် မင်းတို့ ငါပြောတာ မှန် မမှန် ကြည့်ကြပေါ့ကွာ။ ”
ထိုမဟာသမားတော်များက ပိုင်ရှောင်ချန်းကို အထင်သေးနေကြသည်မှာ အထင်အရှားပင်။
အချိန်များ ကုန်ဆုံးသွားပြီး မကြာမီတွင် ရှစ်နာရီအချိန်သို့ ချဥ်းကပ်လာသည်။ မဟာသမားတော်များမှာ ဆေးပေါင်းဖိုများကို စိုက်ကြည့်နေကြပြီး သူတို့မှန်းထားသည့်အတိုင်းပင် ထိုဆေးပေါင်းဖိုများမှာ နီရဲနေရုံသာမက တုန်ရီနေကြပြီး အက်ကွဲသံများပင် ထွက်နေပြီဖြစ်သည်။ အပူလှိုင်းများပင်လျှင် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့နေသည်။
ဆေးပေါင်းဖို ငါးလုံး၏ အခြေအနေမှာ ပို၍ဆိုးသည်။ သူတို့၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ပေါက်ကွဲတော့မည့် အရိပ်အယောင်များပင် ပေါ်နေတော့သည်။
ထိုဆေးပေါင်းဖို ငါးလုံးကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားတော့သည်။ သူက နောက်သို့ဆုတ်လိုက်ပြီးနောက် အော်ပြောလိုက်လေသည်။
” အဲ့ဆေးပေါင်းဖိုတွေက ပေါက်ကွဲတော့မှာ။ အားလုံး သတိထားကြဦး။ ”
သူက နောက်သို့ဆုတ်ရင်း လက်နှစ်ဖက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အက်ကွဲကြောင်းများ မပေါ်သေးသည့် အခြားဆေးပေါင်းဖိုငါးလုံးကို ကာကွယ်ရန် ကြိုးပမ်းလိုက်သည်။
အစောင့်လေးယောက်၏ မျက်နှာများပေါ်တွင် အေးစက်စက် အပြုံးများ ပေါ်ပေါက်လာတော့သည်။ ထိုလူငယ်များမှာ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ဖူးသည်ဖြစ်ပြီး အဆင့်မြင့်သော အမြုတေအဆင့် ကျင်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အတွေ့အကြုံအရဆိုလျှင် မျက်စိဖြင့် မြင်နိုင်သည့်အရာအားလုံးကို ဖြင်ဖူးထားပြီးသည့် အလားဖြစ်နေသဖြင့် ဆေးပေါင်းဖိုအနည်းငယ်လောက် ပေါက်ကွဲခြင်းမှာ အထူးအဆန်းမဟုတ်တော့ပေ။
နေအိမ်အပြင်ဘက်ရှိ မဟာသမားတော်များက အထင်သေးသော အမူအရာများဖြင့် ကြည့်နေကြပြီး စိတ်မဝင်စားသည့် အရိပ်အယောင်များပင် ပေါ်လာတော့သည်။
” ဒီလို ဆေးပေါင်းဖိုလေးတွေ ပေါက်ကွဲတာ ဘာဆန်းတုံး။ ဒီ သမားတော်ပိုင်က ဣန္ဒြေရရ မနေတတ်ဘူးပဲ။ ”
” ဆေးဖော်စပ်မှုပြီးတဲ့အချိန် ဆေးပေါင်းဖိုပေါက်ကွဲရင်က အဲ့ပေါက်ကွဲမှုရဲ့ ပမာဏ အရွယ်အစားက ဆေးပေါင်းဖို အမျိုးအစားနဲ့ ဖော်စပ်နေတဲ့ ဆေးလုံးအမျိုးအစားပေါ်မှာ မူတည်တာ။ အခုလို အဆင့်သုံး ဆေးပေါင်းဖိုဆိုရင် အုန်းခနဲ အသံလေး နည်းနည်းလောက်ပဲ ထွက်မှာပါဟ။ ကြောက်စရာမဟုတ်ပါဘူး။ ”
” ဆေးပေါင်းဖိုတွေကို ပိတ်လှောင်ခြင်းကြောင့် အထဲကဆေးလုံးတွေရဲ့ အစွမ်းတွေက နည်းနည်းလေး တိုးတက်လာနိုင်ပြီး ပေါက်ကွဲနိုင်ခြေ ပိုများလာနိုင်ပေမဲ့ ပေါက်ကွဲအားက အရမ်းမပြင်းပါဘူး။”
ထိုသမားတော်များ၏ စကားများကိုကြားလိုက်ရသောအခါ အစောင့်လေးယောက်မှာ အနည်းငယ် စိတ်အေးသွားတော့သည်။ သို့သော် သူတို့သည် ဆေးပေါင်းဖိုများနှင့် အလွန်နီးကပ်နေသဖြင့် အကာအကွယ်မှော်ပစ္စည်းများကို လိုရမယ်ရ ထုတ်ထားလိုက်ကြတော့သည်။