Switch Mode

အခန်း ( ၄၇၅ )

ဒီအဘိုးကြီး...ကျုပ်ကို အပြစ်လုပ်ခဲ့တယ်

ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုအလုံးတစ်ရာအပြင် ထို့ထက်ပို၍များသည့် အခြားလိုအပ်ချက်များ ရှိသေးသည်ကို ပိုင်လင်းက သိလိုက်ရသောအခါ အနည်းငယ်မျှ တွေဝေသွားသည်။ သူတောင်းဆိုထားသည့် ဆေးပေါင်းဖိုအမျိုးအစားမှာ အလွန်တန်ဖိုးကြီးသည် မဟုတ်ပါလော။ သို့သော် ပိုင်ရှောင်ချန်း၏ နောက်ဆုံးတွင် ဖြည့်စွက်ပြောဆိုလိုက်သော စကားများက ယုံကြည်စရာကောင်းလွန်းနေသဖြင့် ပိုင်လင်းက ခေါင်းညိတ်ကာ လက်ခံလိုက်တော့သည်။
” ပြဿနာမရှိဘူး။ ”

” ပြီးတော့ ကျုပ် အဆင့်မြင့် မြေမီးတောက်သလင်းကျောက် အတုံးတစ်သောင်းလည်းလိုတယ်။ ” ပိုင်ရှောင်ချန်းက ဆက်ပြောသည်။
” အဲ့ထဲက တစ်တုံးတစ်လေတောင် မြေမီးတောက်စွမ်းအင်က ဆံချည်မျှင် တစ်မျှင်လောက်လျော့နေလို့ မဖြစ်ဘူးနော်။ စွမ်းအင်အပြည့်ပါနေဖို့လိုတယ်။ ပြီးတော့ အဲ့တစ်သောင်းဆိုတာ ပထမဆုံးတစ်လအတွက်ပဲ။ နောက်လစဥ်လတိုင်း အဲ့ပမာဏထပ်ရဖို့ လိုတယ်။ ”

” အေးဆေးပါ။ ”
ပိုင်လင်းက ပြုံးရင်းပြန်ဖြေသည်။ သူ၏အတွေးထဲတွင် ဝိညာဥ်ကျောက်တုံးများဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာများမှာ သူ့အတွက် အရေးစိုက်စရာ မဟုတ်ပေ။

ပိုင်လင်း၏ ဟန်မပျက်သောအမူအရာကြောင့် ပိုင်ရှောင်ချန်းက အနည်းငယ် ကသိကအောက်ဖြစ်သွားပြီး ထပ်၍တောင်းဆိုလိုက်သည်။
” ပြီးတော့ ငါးရောင်ခြယ်၊ ခြောက်ရောင်ခြယ်၊ ခုနစ်ရောင်ခြယ်၊ ရှစ်ရောင်ခြယ်မီးတောက်တွေအတွက် လောင်စာတွေလည်း လိုသေးတယ်။ ”

ပိုင်လင်းမှာ ဤအခေါက်တွင် ချီတုံချတုံ ဖြစ်သွားရပြီး အံကြိတ်ကာ ပြန်ဖြေလိုက်ပြန်သည်။
” ငါ အကောင်းဆုံးကြိုးစားပြီး ရအောင်လုပ်ပေးမယ်။ ”

” ပြီးတော့ တိမ်ဝိညာဥ် သစ်ရွက် အရွက်တစ်ထောင်၊ မြေဝိညာဥ် သစ်ဥသစ်ဖု တစ်ထောင်၊ ဝါယောပန်းပွင့် အပွင့်တစ်ထောင်…. ”
ထိုကဲ့သို့ သူက အခြားသော ဆေးပင်ဒါဇင်များစွာကို ဆက်၍တောင်းဆိုနေတော့သည်။ ထိုဆေးပင်များမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် စျေးအမြောက်အမြားပေးကာမှ ဝယ်ယူနိုင်သော အပင်များဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်များကိုသာ ဝယ်ယူခွင့်ပေးထားသော အပင်တချို့လည်းပါဝင်ပြီး တချို့ဆိုလျှင် မျိုးတုံးသွားပြီဟုပင် သတ်မှတ်ခံထားရပြီဖြစ်သည်။ သို့သော် ပိုင်လင်းက သူ့ကိုယ်သူ အလွန်ကြွယ်ဝချမ်းသာနေသည်ဟု ယုံကြည်ထားသဖြင့် အနည်းငယ်တွေးတောစဥ်းစားလိုက်ပြီးနောက် သူက တောင်းဆိုမှုအားလုံးကို လိုက်လျောရန် သဘောတူလိုက်သည်။

ပိုင်ရှောင်ချန်းသည် ဦးနှောက်ကို အိတ်သွန်ဖာမှောက် စဥ်းစားနေပါသော်လည်း သူလိုအပ်သော အခြားပါဝင်ပစ္စည်းများကို မစဥ်းစားနိုင်တော့သဖြင့် ဗျူဟာ အနည်းငယ် ပြောင်းရန် တွေးလိုက်သည်။
” သြော်..မေ့လို့။ ဆေးဖော်စပ်ရတာက လူတစ်ယောက်ရဲ့စွမ်းအင်နဲ့ ကျင့်ကြံခြင်းအခြေခံကို အင်မတန် အားလျော့စေတာ။ ပတ်ဝန်းကျင်ကိုပါ ထည့်တွက်ရင်ပိုတောင်ဆိုးဦးမယ်။ ကျုပ်ကို မနားတမ်း အလုပ်လုပ်စေချင်တယ်ဆိုရင် ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဆက်တိုက်အလုပ်လုပ်နိုင်အောင်လို့ သောက်ဖို့ ထိပ်သီးအဆင့် ဝိညာဥ်အရက်တွေလည်း လိုတယ်နော်။ ”

ပိုင်လင်းမှာ ချက်ချင်းပင် အားပါးတရ ရယ်မောလိုက်သည်။
” ဖြစ်စေရမယ်။ ”
သို့သော် တစ်ခဏအကြာတွင် သူ၏မျက်လုံးများမှာ ရေခဲတမျှအေးစက်သွားပြီး သူ၏သတ်ဖြတ်လိုသော အခိုးအငွေ့များမှာလည်း ပေါ်ထွက်လာတော့သည်။
” ဒါပေမဲ့နော်…. တကယ်လို့ မင်းတောင်းဆိုတာတွေ ငါအကုန်ပေးပြီးတော့မှ ငါလိုချင်တာကို မင်းမပေးနိုင်လို့ကတော့….. ”

ထိုအခါ ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါယမ်းကာ ဝင့်ကြွားစွာဖြင့် ကြားဖြတ်ပြောလိုက်သည်။
” တကယ်လို့ဆိုတာ မရှိစေရဘူး။ ဆေးဖော်စပ်တဲ့နေရာမှာ ပိုင်ရှောင်ချန်းပါးစပ်က လုပ်နိုင်တယ်လို့ပြောရင် သူလုပ်နိုင်လို့ပဲ။ ”

ပိုင်ရှောင်ချန်းသည် သူ၏ဆေးဖော်စပ်သည့် စွမ်းရည်ကို အခြားသူများက မေးခွန်းထုတ်လာသည်အား ငြိမ်ခံနေမည့် လူစားမျိိုးမဟုတ်ပေ။

ပိုင်လင်းမှာ ထိုစကားကြောင့် အနည်းငယ်ပင် အံ့အားသင့်သွားရသော်လည်း ဒေါသမထွက်ပေ။ သူ၏ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးတစ်ခုကိုပင် မြင်နေရသေးသည်။ သူသည် ကျွမ်းကျင်သော လူများကို လေးစားသောလူမျိုးဖြစ်ပြီး ပိုင်ရှောင်ချန်းသည် သူ၏အရည်အချင်းကို ယုံကြည်မှုအပြည့်ဝ ရှိနေသည့်ပုံ ပေါ်နေသည်။ ထို့ကြောင့် သူသည် ဆေးဖော်စပ်ရာတွင် အလွန် ကျွမ်းကျင်လိမ္မာမှုရှိလိမ့်မည်ဟု ပိုင်လင်းကတွေးထားတော့သည်။

ထို့အပြင် ပိုင်လင်းသည် ပိုင်ရှောင်ချန်းပြောခဲ့သည့် ဘေးဥပါဒ်များကိုလည်း စိတ်ပူမနေပေ။ မဟာတံတိုင်းမြို့တော်တွင် သူ့ကို ရန်စရဲသူ မည်သူမှ မရှိသည်မဟုတ်ပါလော။ အခြားတစ်ဖက်တွင်လည်း ပိုင်ရှောင်ချန်းသာ ဆေးမဖော်စပ်နိုင်ပါက ပိုင်လင်းက သူ့ကို လိမ်ညာခြင်းအတွက် ပြစ်ဒဏ်ကောင်းကောင်းပေးမည်သာ ဖြစ်သည်။

ထို့ကြောင့် သူကရယ်မောကာ ပိုင်ရှောင်ချန်းကိုကြည့်ပြီး ဆိုလိုက်သည်။
” ကောင်းပြီ။ မင်းလိုချင်တာတွေ အားလုံးကို သုံးရက်အတွင်းရစေရမယ်။ မင်းတခြားလိုတာရှိရင်လည်း ပြောသာပြော။ ငါဂရုစိုက်တဲ့ တစ်ခုထဲသောအရာက အဆုံးမှာ မင်းဆေးဖော်စပ်တာ အောင်မြင်ဖို့ပဲ။ ”

ပိုင်ရှောင်ချန်းသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် အဆောက်အဦနံပါတ်ရှစ်ဆီသို့ ဦးတည်နေသည့် နံရံကိုကြည့်လိုက်သည်။ ထိုအဆောက်အဦမှ အဘိုးကြီးက သူ၏ပစ္စည်းများကို အလွယ်တကူခိုးယူခဲ့ရုံသာမက သူ့ကိုလည်း ရန်စသလိုကြည့်သွားသေးသည်။ စောစောက သူသည် လူသစ်တစ်ယောက်ဖြစ်နေသည်အတွက် အနာဂတ်တွင် ပြဿနာများတက်လာနိုင်စေသည့် ကိစ္စများကို မလုပ်ရန်မှာ အကောင်းဆုံးဖြစ်သည်ဟု တွေးထားသည်။

သို့သော် ယခုတွင်မူ ဝိညာဥ်စုစည်း ဆေးလုံးများမှာ ပိုင်လင်းအတွက်အလွန်အရေးပါသောအရာများဖြစ်ကြောင်းကို သိလိုက်ပြီးနောက် သူက နောက်ဆုံး တောင်းဆိုချက်တစ်ခု ထပ်တောင်းကာ ပိုင်လင်းက မည်သို့ဖြေရှင်းပေးမည်ကို သိချင်နေတော့သည်။ ထို့ကြောင့် သူက မျက်လုံးများမှေးလိုက်ပြီး ထပ်တောင်းဆိုလိုက်သည်။
” ကျုပ် ခြံဝန်းလေးက ဆေးပေါင်းဖိုအလုံးတစ်ရာလောက်ကြီး မဆံ့လောက်ဘူးထင်တယ်။ ပြီးတော့ အဆောက်အဦနံပါတ်ရှစ်က အဘိုးကြီးက စောစောက ကျုပ်ကို စော်စော်ကားကား ဆက်ဆံခဲ့သေးတာ။ ”

ပိုင်လင်းသည် အံ့သြသွားသည့်ပုံပေါ်နေပြီး ပိုင်ရှောင်ချန်းကို တစ်ခဏမျှ အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။

” မင်းသိလား ပိုင်ရှောင်ချန်း။ မင်းတောင်းဆိုတာတွေ များလေလေ မင်းကျရှုံးဖို့ အခွင့်အရေး နည်းလေလေပဲ ဖြစ်ရမယ်။ ကောင်းပြီလေ။ အခုကစပြီး အဆောက်အဦနံပါတ်ရှစ်ကို မင်းပိုင်သွားပြီ။ မဟာသမားတော် ချိန်ကိုတော့ နောက်နှစ်ပေါင်း များစွာ မင်း မမြင်စေရဘူးကွာ။ ပြီးတော့မင်း…. ”
သူစကားမဆုံးခင်တွင် မဟာတံတိုင်းအလွန်မှ ကျယ်လောင်လွန်းလှသည့် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးကို ကြားလိုက်သည်။ ထိုအသံကြီးကြောင့် တစ်မြို့လုံးမှာ တုန်ရီသွားရသည် အထိပင်။

ပိုင်လင်း၏မျက်ဝန်းများမှာ ကျဥ်းသွားပြီး ပိုင်ရှောင်ချန်းသည်လည်း ထိတ်လန့်သွားသဖြင့် နှလုံးခုန်မြန်လာတော့သည်။ လူတိုင်းက မဟာတံတိုင်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီး မှောင်ရီပျိုးစအချိန် ကောင်းကင်ယံရှိ တိမ်တိုက်များက ဧရာမ လေပွေကြီးတစ်ခုအသွင်ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။ ထိုလေပွေကြီးမှာ ကြီးမားလွန်းသဖြင့် အဆုံးကိုပင်မမြင်ရနိုင်ပေ။ ထိုလေပွေထဲမှ ထောင်ခန်းများထဲမှ အကျဥ်းသားများ ပြေးထွက်လာသကဲ့သို့ အဆုံးမဲ့လောက်အောင် များပြားသော အမုန်း ဝိညာဥ်များ ထွက်ပေါ်လာပြီး ဒေါသတကြီးဖြင့် မဟာတံတိုင်းဆီသို့ ပြေးလာနေကြသည်။

ထိုများပြားလှသော ဝိညာဥ်အရေအတွက်ကြောင့် လူတိုင်းမှာ ဦးရေခွံများပင် ထုန်ကျဥ်သွားရသည် အထိ ဖြစ်နေသည်။ ထိုဝိညာဥ်များမှာ အင်မတန် ရက်စက်ကြမ်းကြုတ်မည့်ပုံစံပေါ်နေပြီး တပ်ဖွဲ့ငါးဖွဲ့မှ နံရံအပြင်ဘက်သို့ထွက်ကာ ရန်သူများကို သတ်ဖြတ်နေကြသည့် ကံဆိုးသော ကျင့်ကြံသူအချို့မှာမူ ထိုဝိညာဥ်များ၏ ဝါးမျိုခြင်းကိုခံလိုက်ပြီး ချက်ချင်းပင် ရေဓာတ်ခန်းခြောက်နေသည့် ရုပ်အလောင်းများအသွင် ပြောင်းလဲသွားရတော့သည်။

” ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာတုံး။ တစ်ယောက်ယောက်တော့ မြင့်မြတ်သော မှော်ပညာရပ်တွေသုံးပြီး မြေအောက်မြစ်နဲ့ ချိတ်ဆက်လိုက်ပြီပဲ နေမှာ။ ”
ထိုသို့ဆိုကာ ပိုင်လင်းက လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် မဟာတံတိုင်းဆီသို့ ပျံသန်းသွားသည်။

ပိုင်ရှောင်ချန်းသည်လည်း မှင်တက်သွားပြီး ယခု သူခံစားနေရသည့် အန္တရာယ်ကြီးမားလှသော အရာကြီးမှာ မဟာတံတိုင်းက နေ့စဥ်ဓူဝကြုံတွေ့ရသည့် အရာများဖြစ်ကြောင်းကို သိရှိသွားတော့သည်။

တိုက်ပွဲများမှာ မည်သည့်အချိန်တွင်မဆို ကောက်ကာငင်ကာ ဖြစ်သွားနိုင်သည်။

အချိန်အတော်အတန်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဝိညာဥ်စုစည်းဆေးလုံးများမှာ တိုက်ပွဲတွင် အလွန်အသုံးဝင်နိုင်လိမ့်မည်ကို ပို၍ယုံကြည်လာတော့သည်။

ကံကောင်းထောက်မစွာပင် သူသည် ဝိညာဥ်စုစည်း ဆေးလုံးများကိုဖော်စပ်ခြင်းနှင့် အလွန်အသားကျနေသည်ဖြစ်ပြီး သူ၏တာဝန်မှာ ဆေး၏စွမ်းအားကိုပို၍ ပြင်းအောင်လုပ်ရန်သာ ဖြစ်သဖြင့် အလွန်ခက်ခဲမည်မဟုတ်ဟု ယုံကြည်ထားသည်။ သူ၏ ဆေးဖော်စပ်နည်းကို အနည်းငယ်မျှပြုပြင်ပြောင်းလဲလျှင် ရပြီမဟုတ်ပါလော။ ဆေးတာအိုပညာကို သူလိုက်စားနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး အဏ္ဏဝါဆေးလုံးတစ်လုံးကိုပင် ဖော်စပ်ဖူးပြီးသားဖြစ်သဖြင့် မည်သို့မျှမပြောပလောက်သော ဝိညာဥ်စုစည်း ဆေးလုံးလေးထဲသို့ ဆေးစွမ်းအင်အနည်းငယ် ထပ်ထည့်ရမည့်ကိစ္စကို အောင်မြင်နိုင်မည်ဟု သူက ယုံကြည်မှုအပြည့်ရှိနေသည်။

သို့သော်လည်း သူက စိုးရိမ်နေဆဲပင်။ ဆေးလုံးကြောင့်မဟုတ်ပဲ သူဆေးဖော်စပ်ရာတွင် ဖြစ်ပေါ်လာတတ်သည့် ထူးဆန်းသောအရာများကြောင့် ဖြစ်သည်။ သို့သော် ပိုင်လင်းက သူကိုယ်တိုင် တာဝန်အပြည့်ယူမည်ဖြစ်ကြောင်း အတိအလင်းအာမခံထားသဖြင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်သက်သာရာ ရနေတော့သည်။

သူ၏ တာအိုဆေးပညာရပ်ထဲရှိ ကျွမ်းကျင်မှုအရဆိုလျှင် သူပြဿနာတစ်ခုခု လုပ်မိနိုင်ခြေပင် မရှိပေ။ ဤသို့တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး မဟာတံတိုင်းမှာ ထင်သလောက်ဆိုးသည့် နေရာမဟုတ်ကြောင်း တွေးလိုက်တော့သည်။

” ပိုင်ရှောင်ချန်းဆိုတဲ့ ငါက ဘယ်သွားသွား ကြယ်တစ်စင်းလို တောက်ပနေတော့တာပဲ။ အိမ်း။ ငါက အဲ့လိုဖြစ်အောင် တမင် လုပ်နေတာလည်း မဟုတ်ရပါဘူး။ ” ထို့နောက်သူက လေကလေးချွန်ကာ သူ၏ နေအိမ်ထဲသို့ ပြန်ဝင်သွားသည်။

နောက်နေ့တွင် ကျင့်ကြံသူများစွာပါသည့် အုပ်စုကြီးတစ်ခုက အဆောက်အဦနံပါတ်ရှစ်ထဲသို့ဝင်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ခဏအကြာတွင် မဟာသမားတော် ချိန်ထံမှ ဒေါသတကြီးပေါက်ကွဲသံများကို ကြားလိုက်ရတော့သည်။ သို့သော် ထိုအော်ဟစ်သံများမှာ မကြာမီ ကွယ်ပျောက်သွားပြီး နှစ်နာရီအတွင်း အဆောက်အဦအမှတ် ခုနစ်နှင့် အမှတ်ရှစ်ကြားရှိ နံရံကြီးမှာ ဖြိုချပြီးသား ဖြစ်သွားတော့သည်။

အဆုံးတွင် ထိုခြံဝန်းနှစ်ခုမှ တစ်ခုနှင့်တစ်ခု တစ်ဆက်ထဲဖြစ်သွားပြီး မန္တန်အစီအရင်အသစ်တစ်ခုလည်း ပေါ်ပေါက်လာသည်။ ယခုတွင် ပိုင်ရှောင်ချန်း၏ ခြံဝန်းမှာ ယခင်ထက် နှစ်ဆခန့် ကျယ်သွားပြီဖြစ်သည်။

ခြံဝန်းနှစ်ခု၏ ထုံးကျောက်ဖြင့်တည်ဆောက်ထးသော ကြမ်းပြင်နှစ်ခုမှာလည်း ဆက်သွယ်ပြီးသား ဖြစ်သွားပြီး စိတ်စွမ်းအင်များပို၍များလာသည်ကိုလည်း ခံစားမိနိုင်သည်။ ထိုစိတ်စွမ်းအင်မှာ အားနည်းနေသေးသော်လည်း မဟာတံတိုင်းမြို့ထဲရှိ လူများအတွက်မူ ဤအခြေအနေမှာ ဇိမ်ခံစရာတစ်ခုဟုပင် ဆိုနိုင်သည်။ ဤမျှ များပြားသော စိတ်စွမ်းအင်များကို ခံစားခွင့်ရှိသော အခြားသူများမှာ စစ်သေနာပတိချုပ်များသာ ရှိတော့သည်။

ပိုင်ရှောင်ချန်းက နေအိမ်ထဲမှထွက်ကာ ကျယ်ဝန်းလှသည့် ခြံဝန်းကြီးကို ကြည့်လိုက်ပြီး အတော်အတန်ကျေနပ်သွားတော့သည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် သူနှင့်တစ်မျိုးဆက်ထဲ ရှိသောလူများထဲမှ မည်သူကမှ သူ့လောက်ကောင်းမွန်သော အင်မော်တယ်ဂူတစ်လုံးကို ရရှိနိုင်မည်မဟုတ်ပေ။

” ဘယ်ဆိုးလို့လဲကွ။ ”

သူက အလွန်ပျော်ရွှင်နေပါသော်လည်း ဤနေရာကြီးမှာ အနည်းငယ် လစ်ဟင်းနေသည်ဟု ခံစားမိနေတော့သည်။ ထိုနေ့လယ်ခင်းတွင် အရေခွံဆုတ်တပ်၏ စစ်ဦးစီးမှူး တစ်ယောက်က အိမ်ဖော်အမျိုးသမီး တစ်ဒါဇင်လောက်အား ထိုနေရာကို ပြုပြင်မွမ်းမံကာ ထိန်းသိမ်းပေးရန် စေလွှတ်လိုက်လေသည်။ ထိုအချိန်မှသာ ပိုင်ရှောင်ချန်းသည် အရာရာတိုင်းမှာ ပြည့်စုံသွားသည့်အလား ခံစားလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းသည် လက်နက်တိုက်ထဲသို့ ပြောင်းရွှေ့ခဲ့သည့်ကိစ္စနှင့် နောက်တစ်နေ့တွင် မဟာသမားတော် ချိန်မှာ အဆောက်အဦနံပါတ် ရှစ်ထဲမှ အရေခွံဆုတ်တပ်သားများ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည့် ကိစ္စများကြောင့် အခြားသော မဟာသမားတော် များမှာ တုန်လှုပ်သွားရတော့သည်။

လက်နက်တိုက်ထဲတွင် နေထိုင်သူအားလုံးမှာ နာမည်ကြီးသော ကျင့်ကြံသူများဖြစ်ကြပြီး သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်းရင်းနှီးကြသည် မဟုတ်သော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏အခွင့်အာဏာကို ရုတ်ရင်းကြမ်းတမ်းစွာ အသုံးချနေသည်ကို သူတို့က မြင်လိုက်ရသောအခါ မကျေနပ်ကြပေ။

” ဒီကလေး၊ ဘယ်လောက်ကြာကြာခံမခဲ ကြည့်ကြသေးတာပေါ့။ ”

” ဟွန်း။ အရေခွံဆုတ်တပ်က စစ်သေနာပတိချုပ် ပိုင်လင်းက ရလဒ်တွေပဲ ဂရုစိုက်တာ။ ပိုင်ရှောင်ချန်းသာ သူ့ကိုကျေနပ်အောင် မလုပ်ပေးနိုင်လို့ကတော့ သူဒေါကန်မှာ အသေအချာပဲ။ ”

” ပိုင်လင်းက မင်းကိုပေးတဲ့ အရာတွေများလေလေ မင်းကျရှုံးတဲ့အချိန် ပိုဆိုးလေပဲ။ ဒီကလေးက တကယ့်ကို ငတုံးပဲ။ အနှေးနဲ့ အမြန် သေတော့မှာပါကွာ။ ”

ပိုင်ရှောင်ချန်းသည် လက်နက်တိုက်ထဲရှိ အခြားသော မဟာသမားတော်များက သူ့အကြောင်းပြောဆိုနေကြသည်ကို သတိမထားမိသော်လည်း သူလမ်းလျှောက်ထွက်တိုင်း ထိုသူများထံမှ အေးစက်မှုများကို ခံစားနေရတော့သည်။

” ဟွန်း။ ” သူက ရေရွတ်လိုက်တော့သည်။
” ငါ့ နေအိမ်က သေးနေတယ်လို့တောင် ထင်လာပြီ။ ” နောက်တစ်ရက် ကုန်ဆုံးသွားပြန်သည်။ ညနေခင်းအချိန် ပိုင်ရှောင်ချန်းက နောက်ထပ်တစ်ခေါက် လမ်းလျှောက်ထွက်ပြီး ပြန်လာသောအခါ သူ၏မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားရတော့သည်။

သူ၏ခြံဝန်းထဲတွင် အစီအရီနေရာချထားသော တစ်လုံးလျှင် သုံးမီတာအတိမြင့်သည့် ဆေးပေါင်းဖိုအလုံးတစ်ရာရောက်နေပြီဖြစ်သည်။ ထိုဆေးပေါင်းဖိုများ၏ရှေ့တွင် လွန်ခဲ့သောရက်အနည်းငယ်က ပိုင်လင်းနှင့်အတူ သူ့ထံသို့လာခဲ့သည့် စစ်ဦးစီးမှူးတစ်ယောက်က ရပ်နေသည်။ ထိုအဘိုးကြီး၏ ဘယ်ညာတွင်လူငယ်လေးယောက်ရှိပြီး ထိုလေးယောက်မှာ ပိုင်ရှောင်ချန်းကို စကားတစ်ခွန်းမှ မပြောပဲ စိုက်ကြည့်နေသည်။

ဆေးပေါင်းဖိုများမှာ အစိမ်းပုတ်ရောင်ရှိပြီး ပုံစံတူညီကာ ကျက်သရေရှိသော ချီလင် ပုံများ ထွင်းထားသည်။ သူတို့ထံမှ အားကောင်းသော အငွေ့အသက်များလည်း ပေါ်ထွက်နေသေးသည်။

ထို့အပြင် ဆေးပေါင်းဖိုများမှာ ယခုအချိန်တွင် မည်သည့်ဆေးဖော်စပ်သည့်နေရာတွင်မှ မသုံးရသေးသော်လည်း သူတို့၏ပတ်ပတ်လည်တွင် အားကောင်းသော ဆေးရနံ့များမှာ ဝန်းရံနေသည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်တရှားဖြင့် ရှေ့သို့အပြေးသွားလိုက်ပြီး ဆေးပေါင်းဖိုများကို စစ်ဆေးလိုက်ပြီးနောက် သူ၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။
” သူက ငါ့ကို အဆင့်သုံးရှိတဲ့ ဆေးပေါင်းဖို အလုံးတစ်ရာ တကယ်ပေးတာပဲဟ။ “

Comment

Leave a Reply

Options

not work with dark mode
Reset