အပိုင်း ၂

နိုးထခြင်းအဆင့်တစ်မှာ သုံးနှစ်ရှိခဲ့ပြီ

ချင်ယီက ဖူရှင်းကို ခက်ထန်စွာ ကြည့်လိုက်သည်၊ ဖူရှင်းမျက်နှာပေါ်မှ မဲ့ပြုံးကို ကြည့်ကာ လွန်ခဲ့သော သုံးနှစ်ခန့်က ကျောင်းဝင်ခွင့် စစ်ဆေးခြင်းကို ပြန်အမှတ်ရမိသည်။ ရီဖူရှင်းသည် ထိုစဉ်က အသက် ဆယ့်နှစ်နှစ်ခန့်သာ ရှိသေးပေသည်။ သို့သော် တခြားသော သူများနှင့် ကွဲပြား ခြားနားစွာပင် သူ့မျက်နှာတွင် စိုးရိမ်စိတ် မြူမှုန်မျှပင် မတွေ့ရပေ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသော၊ ဂုဏ်ယူဝင့်ကြွားသော ထီမထင်သော အပြုံးတစ်ခုကိုသာ တွေ့ရပေသည်။

နောက်ဆုံးတွင် စစ်ဆေးခြင်းရလဒ် ထွက်လာသောအခါ ဖူရှင်း၏ ပါရမီအား အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်၊ သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်း အမြင့်ဆုံး ဖြစ်နေခြင်းက ဖူရှင်းအတွက် သိုင်းလေ့ကျင့်ရာတွင် ပါရမီရှင်ဖြစ်စေသည်။

ယနေ့အချိန်အထိ သုံးနှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဖူရှင်း၏ ပါရမီမှာ ပြောင်းလဲပုံ မရသော်လည်း ကံမကောင်းစွာဖြင့် သူ၏ ပညာအဆင့်မှာလည်း မပြောင်းလဲပဲ ရှိနေဆဲ ဖြစ်သည်။ သူကား နဂိုအတိုင်း ပျင်းရိနေဆဲ၊ အတန်းမှ မကြာခဏ ပျက်ကွက်နေဆဲသာ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက တောက်ပပြီး ကြည်လင်နေဆဲသာဖြစ်၏။

ချင်ယီက…

“တကယ်လို့ နင်မအောင်ခဲ့ရင်…”

ဖူရှင်းက ပြောသည် …

“နင့်သဘောအတိုင်း ဖြစ်စေရမယ် …”

“ကောင်းပြီလေ… ဒါဆိုလည်း… ယူချင်းရဲ့အနာဂတ်ကို ခက်ခဲအောင် မလုပ်နဲ့…” နောက်နားတွင် ထိုင်နေသော ယူချင်းကို ကြည့်ကာ သူမ ပြောသည်။

ယူချင်း၏ သတ္တုဓာတ်ကို ခံစားနိုင်စွမ်းမှာ အမြင့်ဆုံးဟု သတ်မှတ်ခြင်း ခံထားရသည်။ သူသည် စွမ်းအင်နိုးထခြင်းအဆင့် ခုနစ်တွင်ရှိသော ချင်ယီထက်ပင်လျှင် တစ်ဆင့်မြင့်ကာ စွမ်းအင်နိုးထခြင်း အဆင့်ရှစ်တွင် ရှိနေသည်။ သူ၏ အနာဂတ်အား မချည်နှောင်ထားသင့်ဟု သူမ တွေးသည်။

“သေချာတာပေါ့…”ဖူရှင်းက ကတိပေးလိုက်၏။ သို့သော် အမှန်တကယ် ဖြစ်နိုင်ပါ့မလား။ ချင်ယီက စင်မြင့်ထက်ကို ပြန်လည် တက်ရောက်လာ၏၊

ချင်ယီက…

“ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲရောက်ဖို့ တစ်လပဲလိုတော့တယ်၊ အချိန်ကို အကျိုးရှိအောင် အသုံးချစေချင်တယ်၊ နောက်နှစ် နွေဦးရာသီအထိ စောင့်နေမယ်ဆိုရင် ကျောင်းသားအသစ်တွေနဲ့ အတူတူ ပြိုင်ဆိုင်ရလိမ့်မယ်၊ အထူးသဖြင့် လင်းရှာ… နင်က စွမ်းအင်နိုးထခြင်း အဆင့်ခြောက်နဲ့ ဖန်းရှင်းဇွီ… နင်က စွမ်းအင်နိုးထခြင်း အဆင့်ငါး၊ နှစ်ယောက်လုံးက အဆင့်မတက်ပဲ ရပ်နေတာ ကြာလှပြီ၊ ဒီအတောအတွင်း တိုးတက်လာစေချင်တယ်…”

စွမ်းအင်နိုးထခြင်း အဆင့်အား အဆင့်ကိုးဆင့်ဖြင့် ခွဲခြားထားသည်။ ကျောင်းတော်၏ တရားဝင် ကျောင်းသားဖြစ်ရန် အသက် ဆယ့်ရှစ်နှစ်မပြည့်မီ အနည်းဆုံး အဆင့်ခုနစ် ရှိရန်လိုအပ်ပြီး နွေဦးရာသီစစ်ဆေးခြင်း စာမေးပွဲကို ဝင်ပြိုင်ရမည်ဖြစ်သည်။

“အင်း…” လင်းရှာ ခေါင်းညိတ်လိုက်သည်။ ဖန်းရှင်းဇွီကလည်း သေသေချာချာ ကြိုးစားရန် ဆုံးဖြတ်ထားပုံပေါ်သည်။

“အတန်းသိမ်းပြီ…” ချင်ယီ ပြောသည်၊ ထို့နောက် အခန်းအပြင်ကို သိမ်မွေ့စွာ လှမ်းထွက်သွား၏၊ အခန်းထဲမှ လူများ၏ မျက်လုံးများက သူမထွက်သွားပြီး ပျောက်ကွယ်သွားသည်အထိ လိုက်ပါသွားကြသည်။ သူမ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အားလုံး၏ ဒေါသလွှမ်းခြုံသော အကြည့်က ရီဖူရှင်းဆီ ရောက်သွားကြသည်၊ သူတို့၏ မျက်လုံးတွင် ရီဖူရှင်းက သူတို့၏ အလှနတ်သမီးကို မလေးမစားပြုမူခဲ့သည် မဟုတ်ပါလော။

“ရီဖူရှင်း…” အကြည့်များအား ဆွဲဆောင်ယူသွားသည့် အေးစက်သော ခေါ်သံတစ်ခုအား ကြားရ၏။ ခေါ်သံကား ရီဖူရှင်း၏ နောက်တွင်ထိုင်နေသော ဖန်းရှင်းဇွီ ထံမှဖြစ်သည်။

သူမကား အသက်ဆယ့်ငါးနှစ်မျှသာ ရှိသေးသော်လည်း ဝိုင်းစက်သော မျက်လုံးအစုံနှင့် သိမ်မွေ့သော မျက်နှာသွင်ပြင်တို့နှင့် အတူ ကျောင်းတော်၏ အလှပဂေး တစ်ယောက် ဖြစ်နေလေပြီ၊ ငယ်ရွယ်နုနယ်သော ခန္ဓာအလှက သန့်စင်သော အငွေ့အသက်နှင့်အတူ ဆွဲဆောင်မှုရှိသော အလှတရားကို ခံစားမိစေသည်။ သူမက ရီဖူရှင်းကို ဒေါသတကြီးဖြင့် ကြည့်ကာ…

“နင် ဘယ်လို လုပ်လိုက်တာလဲ…”

“နင် မနာလို ဖြစ်နေတာမလား… မဟုတ်ဘူးလား… ဟားဟား…”

… ရီဖူရှင်းက ရယ်မောလျက် စနောက်လိုက်၏။

ဖန်းရှင်းဇွီ ရုတ်တရက် ဆွံ့အသွားသလို ဖြစ်သွား၏။ ခဏအကြာ သူမက ဆက်၍…

“ဒါကို နင့်အဖေကို နင်ဘယ်လို ရှင်းပြမှာလဲ…”

ရီဖူရှင်း မျက်တောင်ခတ်လျက် …

“ဘာကို ရှင်းပြရမှာလဲ…”

ပြီးမှ ရီဖူရှင်း သူ့အဖေက ဖန်းရှင်းဇွီနှင့်ပတ်သက်၍ ပြောထားသည်များကို သတိရလာသည်၊ သူမက သူ့ကို သိသိသာသာ ဂရုစိုက်ပြနေတာကို သိပ်မထူးဆန်းတော့ပေ။ သူက သူမ၏ လှပသော ကောက်ကြောင်းများအား စိုက်ကြည့်လျက်ပင်…

“မဟုတ်တာတွေ မတွေးနဲ့တော့… ငါတို့က အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်… ကလေးယူဖို့တွေးရမည့် အချိန်မကျသေးဘူး…”

ရီဖူရှင်း၏ စကားက တစ်ခန်းလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေ၏။ တခြား ယောက်ျားလေးများကား ဒေါသထွက်သည်မှအပ တခြား မသိတော့ပေ၊ ဒီခွေးကောင် အရှက်ကင်းမဲ့လွန်းလှသည်။ မိနစ်ခန့်အကြာက မိန်းကလေး ချင်ယီအား စနောက်နေခဲ့ပြီး ယခုလည်း ငယ်ရွယ်ပြီး လှပသော ဖန်းရှင်းဇွီကို ညစ်ပတ်စွာ ပြောနေပြန်သည်။ ဒီကောင် တစ်ခုခု မှားနေသည်မှာ သေချာ၏။

ဖန်းရှင်းဇွီ ရုတ်တရက် အေးခဲသွား၏။ သူမက သူမအဖေနှင့် ရီဖူရှင်းအဖေတို့က သူမတို့နှစ်ယောက်အား ကလေးယူရန် ဟာသလုပ် ပြောခဲ့ကြသည်ကို ချက်ချင်း သတိရလာသည်၊ သူမအား တမင်ပင် ရယ်စရာဖြစ်အောင် ပြောနေသည့် ခွေးကောင်လေးအား ကြည့်ကာ ရှက်သွေးကြောင့် မျက်နှာက နီမြန်းလာသည်။

“ငါဆိုလိုတာက ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲမှာ နင်ကျရင် နင့်အဖေကို ဘယ်လို ရှင်းပြမလဲလို့ပြောတာ…”

သူမ သက်ပြင်း တစ်ချက်ချလိုက်သည်၊ ရီဖူရှင်းစိတ်ထဲ ဘာတွေ တွေးတောနေသည် သူမ နားမလည်ပေ၊ ရီဖူရှင်း၏ နိုးထခြင်း ပထမအဆင့်ဖြင့် စာမေးပွဲအောင်မည်ဟုလည်း သူမ မယုံကြည်ပေ။

ရီဖူရှင်းက ခေါင်းခါ၍ …

“မဟုတ်ဘူး ငါအောင်မှာပါ…”

“ဟား… ဟား… နိုးထခြင်း ပထမအဆင့်နဲ့ စာမေးပွဲအောင်မယ်… ဟုတ်လား… ယုံကြည်ချက် ရှိသေးတယ်ပေါ့… ရီဖူရှင်း… ရှက်ကြောများဖြတ်ထားသလား… ဟား… ဟား…”

ဖန်းရှင်းဇွီနောက်နားမှ ရယ်မော၍ ပြောလိုက်သော အသံတစ်သံ ထွက်လာသည်။ သူကား ချင်းကျူကျောင်းမှ အသက်ဆယ့်ငါးနှစ်အရွယ် မျှသာ ရှိသေးပြီး ရှားရှားပါးပါး နိုးထခြင်း အဆင့် ခြောက်ကို ရောက်ရှိပြီး ပါရမီမြင့် လေဓာတ်အခြေခံ မှော်သိုင်းသမား တစ်ဦးဖြစ်သည်၊ ဒီရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွင် ကျောင်းတော်၏ တရားဝင် ကျောင်းသားဖြစ်လာရန် တစ်ပေးထားခြင်း ခံထားရသူလည်း ဖြစ်၏။

သူက စကားပြောနေသော်လည်း ရီဖူရှင်းကို လှည့်၍ပင်မကြည့်ပေ၊ သူ့မျက်လုံးများက ဖန်းရှင်းဇွီထံမှာ သာရှိ၏။ သူကဆက်၍…

“ရီဖူရှင်း မင်းက အတန်းထဲ အညံ့ဆုံးပဲ၊ ဒါတောင်မှ ဖန်းရှင်းဇွီလို ထက်မြက်တဲ့ မိန်းကလေးကို အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးတယ်၊ ကိုယ့်ဘာသာ မသိတဲ့လူက ကြောက်ရမှန်း မသိဘူးလို့ လူတွေက ပြောကြတာ မဆန်းပါဘူး… ဟား… ဟား…”

တကယ်လည်း လင်းရှာက တစ်ခန်းလုံးကိုယ်စား ပြောပေးနေသလိုပင်၊ သူတို့အားလုံးက ရီဖူရှင်းမှာ အရှက်မရှိဆုံးသူဟု သတ်မှတ်ထားကြသည် မဟုတ်ပါလော။

ယူချင်းက အာရုံစိုက်ဟန်မရှိဘဲ ဖူရှင်း၏ ဘေးနားကို လျှောက်လှမ်းလာသည်၊ ယူချင်း၏ အင်အားကောင်းသော အငွေ့အသက်က ဖူရှင်းအား အပြစ်တင်လိုသော စကားသံများအား တွန့်ဆုတ်စေ၏။

“အစ်ကို ယူ…”ဖန်းရှင်းဇွီ က လှမ်းခေါ်၏။

“အင်း…” လင်းရှာအား လှမ်းကြည့်လျက်ပင် ယူချင်း ခေါင်းညိတ်လိုက်၏၊ သူ့အကြည့်က လင်းရှာကို ထိတ်လန့်စေသည်။

“ကိုယ့်ဘာသာ မသိတဲ့လူက… ကြောက်ရမှန်းမသိဘူး… တဲ့လား…”

ရီဖူရှင်းက လင်းရှာ၏ စကားကို အလေးအနက်ထားပုံမရပေ၊ အမှန်တကယ်လည်း သုံးနှစ်တာကာလအတွင်း လူအများ၏ မေးငေါ့ဝေဖန်မှုများစွာကို ကြားခဲ့ရပြီးပြီ မဟုတ်လား၊ ထို့ကြောင့် ထိုဝေဖန်မှုများကို သိပ်အရေး မစိုက်တော့၊ အထူးသဖြင့် လူများသည် လှပသော မိန်းကလေးများ၏ ရှေ့တွင် တခြားသူများအား ဝေဖန်ခြင်းဖြင့် ထင်ပေါ်အောင် လုပ်ကြခြင်း မဟုတ်ပါလော။

ရီဖူရှင်းက…

“မင်းက ကိုယ့်ဘာသာတော့ အရမ်းဟုတ်နေပြီ ထင်နေတယ်မလား…”

“ဒါက မေးနေစရာ လိုသေးလို့လား… အထူးသဖြင့် မင်းနဲ့ယှဉ်လိုက်ရင်လေ… ဟား… ဟား…”လင်းရှာ ရယ်မောလျက် ပြန်ပြော၏၊ လင်းရှာကား အတန်းမကြာခဏ ပျက်ပြီး နိုးထခြင်း အဆင့်တစ်တွင် သုံးနှစ်ကြာ ရပ်တန့်နေသည့် ရီဖူရှင်းအား မည်သည့်ခါမျှ အထင်မကြီးခဲ့ပေ။

ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်…

“ကောင်းပြီလေ ဒါဆိုလည်း စစ်သူရဲကောင်းတစ်ယောက်က… မီးနဲ့သတ္တု ဓာတ်နှစ်ပါး မှော်ပညာရှင်ကို ဘယ်လို အနိုင်ယူနိုင်သလဲ…”

လင်းရှာ ခဏခန့် တွန့်ဆုတ်သွားသည်၊ ပြီးမှ…

“မင်းငါ့ကို ရယ်စရာ လာပြောနေတာလား… တကယ်လို့ စစ်သူရဲကောင်းကို အနီးကပ်တိုက်ခွင့် မပေးရင် ဓာတ်တစ်ပါး မှော်ပညာရှင်ကတောင် အလွယ်တကူ အနိုင်ယူနိုင်တယ်… ဓာတ်နှစ်ပါး မပြောနဲ့ ဓာတ်တစ်ပါး မှော်ပညာရှင်လည်း ဒီတစ်နည်းပဲ ရှိတယ်…”

မှော်ပညာရှင်ကား မှော်တိုက်ကွက်ကို အဝေးမှပင် အသုံးပြုနိုင်သောကြောင့် စစ်သူရဲကောင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်ပါက သိသိသာသာပင် အလေးသာ၏။

ရီဖူရှင်းက…

“အရူး… စစ်သူရဲကောင်းက စွမ်းအင် အဆင့်ပိုမြင့်ရင် မနိုင်ဘူးလား ”

လင်းရှာ မျက်မှောင်ကြုတ် ကြည့်လိုက်၏။ လူတိုင်းက အရှက်မရှိ ယခုလို မေးခွန်းမျိုးမေးသည့် ရီဖူရှင်းအား ကြည့်ပြီး ဆွံ့အသွားကြ၏။

“မင်းက… ငါ့ကို အဆင့်မတူတဲ့ အကြောင်းကို အရင်မပြောဘဲ အဆင့်မတူတဲ့ သူတွေရဲ့ တိုက်ခိုက်ပုံကို မေးတယ်… ဟုတ်လား… ဒါက အဓိပ္ပာယ်ရော ရှိလား…”

…လင်းရှာက တင်းမာစွာ ပြန်ပြော၏။

“အဆင့်တူတူ… ဟုတ်လား… ဒါဆိုရင် စစ်သူရဲက ကြံ့ခိုင်မှုအားကောင်းပြီး အရမ်းမြန်နေတယ် ဆိုရင်ရော…”

ရီဖူရှင်း ထပ်မေး၏။ လူများက ဖူရှင်းပြောသည်မှာ အဓိပ္ပာယ် အနည်းငယ် ရှိသည်ဟု တွေးတောမိကြ၏။

ကြံ့ခိုင်မှုအားကောင်းပြီး အလွန်မြန်သော စစ်သူရဲများက လျှပ်တစ်ပြက် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။

“ကဲပါ… မင်းက ဓာတ်နှစ်မျိုး မှော်ပညာရှင်လို့ ပြောတယ်မလား… သူက မီးတံတိုင်းနဲ့ အရင်ကာပြီးတော့ သတ္တုဓာတ် မှော်သိုင်းကွက်နဲ့ တိုက်လို့ရတာပဲ… အနီးကပ်တိုက်ပွဲ ဆိုရင်တောင် မှော်ပညာရှင်က ရှုံးမှာမဟုတ်ဘူး…”

လင်းရှာက သရော်သလို ပြော၏။

“ဒါဆိုရင် စစ်သူရဲက မုန်တိုင်း ရင်ခွဲသိုင်းကွက်ကို သိနေတယ် ဆိုရင်ရော… ဒီသိုင်းကွက်က အထူးသဖြင့် ခံစစ်တံတိုင်းတွေကို ဖျက်ဆီးတဲ့သိုင်းပဲ… ကြံ့ခိုင်မှု အသားပေး တိုက်ခိုက်အားနဲ့ဆို မင်းပြောတဲ့ တံတိုင်းခံစစ်က စာရွက် ဖြစ်နေတော့မှာပဲ…”

ရီဖူရှင်းက ဆက်၍…

“ဟင်း… မှော်သိုင်းကွက်တွေကတော့ စကားထဲ ထည့်ပြောနေစရာကို မလိုတာ…”

လင်းရှာ၏ မျက်နှာ ပိုမို၍ မည်းမှောင်လာ၏။ တကယ်လည်း အလွန်မြန်သော ကြံ့ခိုင်မှု အသားပေး စစ်သူရဲက မှော်ပညာရှင်အား အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသောကြောင့် ရီဖူရှင်း ပြောသည်မှာ မှန်ကန်၏။

“အခုပြောနေတာတွေက စာရွက်ပေါ်က နည်းစနစ်တွေပဲရှိတယ်… ထားလိုက်တော့…”

လင်းရှာက စကားစစ်ထိုးရာတွင် အရှုံးကို ဝန်ခံရန် တွန့်ဆုတ်နေပုံရသည်။

“မှန်တယ်… ဘယ်လိုလုပ်ပြီးတော့ မှော်ပညာရှင်က စစ်သူရဲကို ရှုံးမှာလဲ…” နောက်တစ်ယောက် ဝင်ပြော၏။

“မင်းက ကိုယ့်ဘာသာ အကုန် သိဟန်ဆောင်ပြီးတော့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ပြန်ပြီး ရွတ်ပြနေတာပဲ… ကောင်းပြီလေ… ဒါဆိုလည်း ငါမေးတဲ့ မေးခွန်းရိုးရိုးလေး တစ်ခုပဲဖြေ… လူတွေရဲ့ ပထမအဆင့် စွမ်းအင်နိုးထခြင်းမှာ ဘယ်လို ကွဲပြားခြားနားပြီး တိုးတက်လာတာလဲ”

ရီဖူရှင်းက လင်းရှာကို စိုက်ကြည့်လျက် မေး၏။

“တန်ခိုးကျင့်သူ တစ်ယောက်ဟာ စကြဝဠာ ထဲမှာရှိတဲ့ သဘာဝ စွမ်းအင်ကို စုဆောင်းရတယ်၊ [ဘာသာပြန်သူမှတ်ချက် >> တန်ခိုးကျင့်သူ – cultivator ဝေါဟာရအား ပထမဆုံးအကြိမ် မိတ်ဆက်ခြင်းဖြစ်သည်၊ ထိုခေတ်အခါမှ သိုင်းကျင့်သူများသည် လူသား ဘဝမှတစ်ဖန် နတ်ဘုရား အဆင့်အထိ ရောက်နိုင်သည်မှာ အခြေခံ အသိပညာ ဖြစ်သောကြောင့် သိုင်းကျင့်သူ၊ မှော်ပညာကျင့်သူ၊ စိတ်ဝိညာဉ်ပညာ ကျင့်သူ၊ စသည်များ အားလုံးကို တန်ခိုးကျင့်သူ-cultivator ဟု အလွယ်ပြောသည်]

ဒီလို စုဆောင်းရာမှာ မှော်ပညာရှင်က သဘာဝစွမ်းအင်ကို အာရုံခံနိုင်စွမ်း ပိုမြင့်လေလေ၊ သူတို့စုဆောင်းတဲ့ သဘာဝစွမ်းအင်တွေက ပိုပြီး သန့်စင်လေလေပဲ၊ ဒါကြောင့် သဘာဝစွမ်းအင် စုဆောင်းတဲ့အကြောင်း ပြောမယ်ဆိုရင် ဒါက အများကြီး ကွဲပြားတယ်၊ ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် နည်းနည်းပဲ ကွဲပြားတယ်၊ ဥပမာ မှော်ပညာရှင်ဆိုရင် သူတို့ရဲ့ အထူးပြု ဓာတ်သဘောတွေကြောင့် သူတို့ရဲ့ သဘာဝစွမ်းအင် စုဆောင်းမှုမှာလည်း ကွဲပြား ခြားနားသွားတယ်”

လင်းရှာက ဖြစ်နိုင်ဖွယ် အဖြေများအားလုံးကို တွက်ချက်ပြီးဟန်ဖြင့် ဖြည်းဖြည်းချင်း ပြော၏။

“အရူး…”

လင်းရှာအား အဖက်မတန်သလို ကြည့်ကာ နောက်ပြန်လှည့်၍ ထွက်သွား၏၊

“ဘာကိုဆိုလိုတာလဲ…”

ရီဖူရှင်း၏ နောက်ကျောကိုကြည့်လျက် လင်းရှာ မျက်မှောင်ကြုတ်ကာ…

“ပြန်မပြောနိုင်လို့ ထွက်ပြေးသွားတာမလား၊ အသုံးမကျတဲ့အကောင်…”

“ရီဖူရှင်းက အနှစ်မရှိတဲ့အကောင်ပဲ”

လူတချို့က မှတ်ချက်ပေး၏။

တစ်ခဏချင်းမှာပင် ရီဖူချင်းထံမှ အားလှိုင်းတစ်ခု ပေါက်ကွဲ ထွက်လာ၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အား အလွန်တောက်ပသော သက်တန့်ရောင် သဘာဝစွမ်းအင်များ လွှမ်းခြုံသွား၏၊ အခန်းထဲရှိ လူများအားလုံး အံ့သြမှင်တက်လျက် ငေးမောကြည့်နေကြသည်။

ရီဖူရှင်း၏ ရည်ရွယ်ချက်က ရှင်းသည်၊ နိုးထခြင်းအဆင့်တစ်ပင် ဖြစ်သော်လည်း တချို့မှာ သာမန်ဖြစ်ပြီး တချို့ကား သာလွန်အဆင့်တွင် ရှိနိုင်၏။

လင်းရှာကား ၎င်းမြင်ကွင်းအားကြည့်ကာ စိတ်ပျက်သွားပုံရ၏၊ ရီဖူရှင်းထံမှ အားလှိုင်းကား တောက်ပလွန်းသောကြောင့် နိုးထခြင်းပထမအဆင့် ဟုပင် မယုံကြည်ရပေ။

ရီဖူရှင်း ထွက်သွားပြီး ယူချင်းလည်း နောက်မှ လိုက်သွား၏။

“ဒီသောက်ရူးက နိုးထခြင်း ပထမအဆင့်မှာတော့ ထူးခြားတဲ့သူ ဆိုတာတော့ ဝန်ခံရမယ်…”

“ဒီတော့ ဘာဖြစ်လဲ၊ ဒီကောင် ပထမဆင့်မှာ ရပ်နေတာ သုံးနှစ်ရှိနေပြီပဲ၊ သူ့ပထမအဆင့် စွမ်းအင်က ထူးခြားနေတာ ထူးဆန်းလို့လား၊ ငါတို့လည်း သူ့လို ပထမအဆင့်မှာ သုံးနှစ်လောက် ရပ်နေမယ်ဆို ငါတို့လည်း သူ့လိုဖြစ်မှာပဲ…”

“ဒါမှန်တယ်… သူက ပထမအဆင့်ပဲ ရှိသေးတယ် ဘယ်လိုလုပ် မာနကြီးနေနိုင်တာလဲ…”

“ပြီးတော့ မိန်းကလေးချင်နဲ့ ဖန်းရှင်းဇွီကိုလည်း ညစ်ညစ်ပတ်ပတ် ပြောသေးတယ်၊ သောက်ရူးကောင်”

လူများ၏ ရေရွတ်သံ၊ အပြစ်တင်သံများ ထွက်ပေါ်လာသည်၊

“လင်းရှာ… ထားလိုက်တော့… သူဘယ်လောက်ပဲ လေကြီးပါစေ… မင်းကို သူက စိန်ခေါ်မယ်ဆို မင်းက သူ့ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်စွမ်းရှိတာပဲ၊ ဘာမှ အသုံးကျတဲ့ကောင် မဟုတ်ဘူး…” ဘေးနားမှ တစ်ယောက် လှမ်းပြောသည်။ တခြားသူများကလည်း လက်ခံသလို ခေါင်းညိတ်ကြသည်။

လင်းရှာ ခဏခန့် တွန့်ဆုတ်သလိုဖြစ်ပြီးမှ ယုံကြည်မှုများ ပြန်ရလာသည်၊ တခြားသူများ ပြောသည်မှာ မှန်၏။ သိုင်း အဆင့်နိမ့်သည့်သူ တစ်ယောက်ဖြစ်သော ရီဖူရှင်းကား သူ့စိတ်ကို မလှုပ်ရှားစေနိုင်ပေ။

“ဖန်းရှင်းဇွီ… သူက ထက်မြက်တယ်ဆိုတာ လက်ခံပါတယ်၊ နင်တို့က ငယ်ငယ်လေးထဲက ခင်လာတာလည်း ငါသိတယ်၊ ဒါပေမဲ့ သူနဲ့ ဝေးဝေးနေစမ်းပါ…”

မူရွန်ရှင်းက ပြော၏။ သူမက ဖန်းရှင်းဇွီ၏ သူငယ်ချင်း တစ်ယောက် ဖြစ်သည်၊ ဖန်းရှင်းဇွီအား ရီဖူရှင်းနဲ့ ဝေးဝေးနေရန် တိုက်တွန်းနေခြင်း ဖြစ်သည်၊ သူမက ရီဖူရှင်းမှာ တကယ့် အရည်အသွေး အစစ်အမှန်မရှိပေါ် အမြဲ လူများရှေ့တွင် ထင်ပေါ်အောင် လုပ်နေသည်ဟုမြင်ကာ အမြဲ အထင်သေး၍ ကြည့်တတ်သည်။

“သူ တကယ်ကို မဟုတ်သေးဘူး…”

ဖန်းရှင်းဇွီလည်း အနည်းငယ် စိတ်ပျက်နေပုံရ၏။

မူရွန်ရှင်းက ဖန်းရှင်းဇွီ အနည်းငယ် စိတ်ပျက်သွားသည်ကို သတိထားမိသည်၊ သူမက ဆက်၍…

“နိုးထလိုက်တော့ ကလေးမ… နင်က မကြာခင် ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသူ ဖြစ်တော့မှာ၊ နင့် အနာဂတ်အတွက်လည်း စဉ်းစားပါဦး၊ ဒီအကောင် နင့်အနားမှာ နေရင် နင့်ဂုဏ်သိက္ခာကိုပဲ ထိခိုက်လိမ့်မယ်၊ နင်က ဒါကို တကယ် ဂရုမစိုက်တာလား၊ နင်စဉ်းစားကြည့်စမ်း၊ နောက်ဆို လူတွေက နင့်ကို ဘယ်လိုပြောမလဲ…”

ဖန်းရှင်းဇွီ တွေဝေသွားသည်၊ ဘာပြောရမှန်းမသိတော့၊ သူမ ဘယ်တုန်းကမှ ယခုလောက် မတွေးကြည့်မိသေးပေ၊

“ရင့်ကျက်ဖို့ အချိန်တန်ပြီ… သူနဲ့ ဝေးဝေးနေစမ်းပါ… ဝေးလေကောင်းလေပဲ…”မူရွန်ရှင်း ထပ်ပြောသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset