ပိုင်ရှောင်ချန်သည် ရှုံ့တွနေသော မျက်နှာဖြင့် ပိုင်လင်းထွက်သွားသည်ကို ကြည့်ပြီးနောက် လီဟုန်မင်ကို လှည့်ကြည့်လိုက်သည်။
လီဟုန်မင်က အူကြောင်ကြောင်အပြုံးတစ်ဝက်ဖြင့် ပြန်ကြည့်လိုက်၏။ သူက ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး ပြောသည်။
” စစ်သေနာပတိချုပ်ရဲ့အာရုံကို ဆွဲဆောင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ရှောင်ချန်းရေ။ သူ့လိုလူ ကိုယ်တိုင်က မင်းကို အသစ်ခန့်ပြီး အာမခံပေးတာ အင်မတန်ဂုဏ်ယူစရာပဲကွာ။ စစ်တပ်မှာ ငါ နေလာခဲ့တဲ့ နှစ်တစ်လျှောက် လူသုံးယောက်ပဲ အဲလိုဖြစ်ခဲ့တာ မြင်ခဲ့တယ်။ မင်းကတော့ လေးယောက်မြောက်ပဲ”
ပိုင်ရှောင်ချန်းမှာ စစ်သေနာပတိချုပ်ကိုယ်တိုင် အမှုထမ်းစေသော လေးယောက်မြောက်လူမဖြစ်ချင်သဖြင့် သူ့ကိုယ်သူ ချက်ချင်း အပြစ်တင်မိတော့သည်။ သို့သော်လည်း သူ၏ကံကြမ္မာကို လက်ခံရုံကလွဲပြီး ရွေးချယ်စရာမရှိလေရာ လီဟုန်မင်းနှင့်အတူ ထွက်ခွာသွားလေတော့သည်။
ဘေးတံခါးပေါက်မှ ဝေးသထက် ဝေးလာသည်နှင့် သူ၏ လွတ်လပ်မှု၊ သူ့ဘဝသူထိန်းချုပ်နိုင်မှုနှင့် သူ၏အိပ်မက်များနောက်လိုက်ရန် အခွင့်အရေးများ ဆုံးရှုံးသွားပြီဟု ခံစားနေမိတော့သည်… ….
” ဘာကြောင့် ဒီလိုဖြစ်သွားတာလဲကွာ….”
သူက အဆက်မပြတ် သက်ပြင်းချနေရင်း တွေးလိုက်သည်။ တချိန်လုံး စိတ်ထဲတွင် ညည်းတွားနေရင်း လီဟုန်မင်၏ နောက်သို့လိုက်ပါသွားကာ သူ၏ အနက်ရောင်ချပ်ဝတ်တန်ဆာဖြစ်သော ဝတ်စုံကိုထုတ်ယူလိုက်၏။ ချပ်ဝတ်တန်ဆာလဲဝတ်ပြီးနောက် ပိုင်ရှောင်ချန်းသည် အတော်လေးသူရဲကောင်းဆန်သွားသည်ဟု ခံစားလိုက်ရပါသော်လည်း သူ့စိတ်မှာ ကြည်မလာသေးပေ။
သူတို့လမ်းလျှောက်သွားစဥ် လီဟုန်မင်က သူ့ကို အရေခွံဆုတ်တပ်၏ သမိုင်းကြောင်းကို စိတ်လှုပ်တရှားပြောပြ၏။ ပိုင်ရှောင်ချန်းမှာ ဆူဆူပုပ်ပုပ်ဖြင့် နားထောင်နေရင်း ပိုင်လင်းက သူ့ကို ခေါ်လာခိုင်းသည့် နေရာဖြစ်သော လက်နက်တိုက်ကို ဦးတည်သွားလိုက်ကြသည်။
လက်နက်တိုက်ကို ဖော်ပြရလျှင် မရေမတွက်နိုင်သော လူနေအိမ်ဝင်းများ ပြည့်ကြပ်လျက် သေချာစွာ စောင့်ကြပ်ထားသောနေရာတစ်ခုဖြစ်လေသည်။ တပ်ခွဲမှူးဖြစ်နေသည့်တိုင်အောင် လီဟုန်မင်သည်ပင် အထဲဝင်ခွင့်မပြုမီ စေ့စေ့စပ်စစ်ဆေးခံရ၏။
” လက်နက်တိုက်က အရေခွံဆုတ်တပ်ဒေသမှာ အရေးကြီးဆုံးနေရာတွေထဲက တစ်ခုပဲ။ ဒီနေရာနေဖို့ ခွင့်ပြုခံရတဲ့လူတွေက ဆေးဖော်စပ်တဲ့၊ အဆောင်လက်ဖွဲ့တွေဖန်တီးတဲ့၊ ချပ်ဝတ်တန်ဆာတွေ စစ်လက်နက်တွေ ထုလုပ်တဲ့ မဟာသမားတော်တွေပဲ”
” ရှောင်ချန်း ” လီဟုန်မင်က သက်ပြင်းချပြီး ပြော၏။
” စစ်သေနာပတိချုပ်က မင်းကို တကယ်ကြီး သဘောကျနေတာ”
လက်နက်တိုက်သည် အပြင်ဘက်ရှိ အခြားနေရာများနှင့် တစ်နည်းနည်းဖြင့် ကွဲပြားနေကြောင်း ပိုင်ရှောင်ချန်း ချက်ချင်းပင် အာရုံရလိုက်လေသည်။ ၄င်းသည် ပို၍ဆိတ်ငြိမ်အေးချမ်းသည်သာမက စိတ်စွမ်းအင်များလည်း စုဝေးနေလေသည်။
တခြား ထူးဆန်းသောအရာမှာ လက်နက်တိုက်ရှိ ကျင့်ကြံသူအားလုံးသည် အလွန်မာနကြီးသည့်ပုံရသည်။ လီဟုန်မင်က ရှေ့ဆက်လျှောက်ရင်း လက်ယှက်၍ အရိုအသေပေးနေသည့်တိုင်အောင် သူတို့အားလုံးက အဖက်ပင်မလုပ်ပေ။
လီဟုန်မင်က မတူမတန်သလို ဆက်ဆံခံနေရသည်ကို ကြည့်ပြီး ပိုင်ရှောင်ချန်း ဒေါသအနည်းငယ်ထွက်လာတော့သည်။
” ဒီလူတွေမှာ ဘာတွေများ အဲ့လောက် အံ့သြစရာရှိလို့လဲ ” သူက မေးလိုက်သည်။
လီဟုန်မင်က ရယ်လိုက်ပြီး ပြန်ပြော၏။
” ရှောင်ချန်း.. သူတို့အားလုံးက မဟာသမားတော်တွေလေ။ သူတို့က ငါတို့ တိုက်ပွဲမှာ တိုက်ခိုက်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို လုပ်ပေးတဲ့ လူတွေလေ။ မဆန်းပါဘူးကွာ”
ထိုအချိန်တွင် လက်နက်တိုက်၏ ခုနစ်ခုမြောက် အဆောက်အဦ အပြင်ဘက်တွင် သူတို့ရပ်လိုက်၏။
“ရှောင်ချန်း၊ ငါ လိုက်ပို့ပေးနိုင်တာ ဒီအထိပဲ။ အခုကစပြီး ငါတို့က သွေးသောက်ရောင်းရင်းတွေပဲ။ မင်းပြဿနာတစ်ခုခုကြောင့် အကူအညီလိုရင် ငါ့ကို အချက်ပေးလိုက် ”
အကြံအနည်းငယ်ပေးပြီးနောက် သူက လှည့်ပြန်သွားတော့သည်။
ပိုင်ရှောင်ချန်းသည် လီဟုန်မင်ထွက်ခွာသွားသည်ကို ဝမ်းနည်းစွာကြည့်ပြီးနောက် လှည့်ကာ သူ့အတွက် ပြင်ဆင်ထားသော အဆောက်အဦထဲ ခြေချလိုက်သည်။ ၄င်းသည် မီတာထောင်ပေါင်းများစွာရှည်လျားပြီး အခြားအဆုံးတစ်ဖက်တွင် သုံးထပ်အဆောက်အအုံနှင့် အစိမ်းရောင် စိတ်စွမ်းအင်ကျောက်ပြားများဖြင့် သပ်သပ်ရပ်ရပ် လမ်းခင်းထားသော ခြံဝင်းကျယ်ကြီးတစ်ခုပမာ ဖြစ်သည်။ မဟာတံတိုင်းမြို့တော်သည် တစ်မြို့လုံးအားဖြင့် စိတ်စွမ်းအင်မရှိသလောက်နီးပါးဖြစ်လေရာ ဤနေရာသည် မည်သည့် ကျင့်ကြံသူအတွက်မဆို အံ့မခန်းနေရာတစ်ခုဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းသည် မဟာတံတိုင်းမြို့တော်တွင် အမှန်တကယ် သောင်တင်မနေချင်သော်လည်း ဤနေအိမ်သည် သိပ်မဆိုးလှဟုတော့ ဝန်ခံရပေမည်။ ဘေးဘက်တွင် သာယာကြည်နူးဖွယ်ကောင်းသော ကန်သေးသေးလေးတစ်ခုကိုပင် မြင်လိုက်သေးသည်။
ရေကန်များမှာ မဟာတံတိုင်အနီးနားတွင် ရှာမှရှားသောအရာများဖြစ်ပြီး ရှိသည့်အရာတိုင်းမှာလည်း အမည်းရောင်ရေများဖြင့် ပြည့်နေ၏။ ထို့ကြောင့် အေးမြကြည်လင်သောရေများနှင့် ဤသို့သောကန်ကို တွေ့ရခြင်းမှာ သူ့ကို ချက်ချင်းပင် စိတ်ကြည်လင်သွားစေလေသည်။
” အာ… အင်းပါလေ အမိန့်အတိုင်း လိုက်လုပ်ရုံပေါ့”
သူသည် သက်ပြင်းချရင်း လမ်းလျှောက်သွားကာ နောင်ဖြစ်လာမည့်အရာများကို စဥ်းစားရင်း ရေကန်ဘေးတွင် ထိုင်ချလိုက်သည်။ ထိုနေရာ၌ သူ့ရှေ့တွင် ရွှေငါးကြင်းသုံးကောင် လူးလာကူးခတ်နေသည်ကို သတိပြုမိလိုက်၏။ သူတို့မှာ ရှည်လျားသော နှုတ်ခမ်းမွှေးများရှိနေလေရာ အချိန်အတော်ကြာ ရှင်သန်နေခဲ့ကြောင်း ညွှန်ပြနေပြီး အားလုံးအထဲ အံသြတုန်လှုပ်ဖွယ်အကောင်းဆုံးမှာ သူတို့ကို ထိုးဖောက်မြင်နေရခြင်းဖြစ်သည်။ သိသာထင်ရှားစွာပင် သူတို့သည် သက်ရှိအဆင့် သတ္တဝါများမဟုတ်ပဲ ဆေးဖန်တီးရာတွင် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သော သတ္တဝါအမျိုးအစားဖြစ်သည်။
” ဒီနဂါးငါးတွေ အနည်းဆုံး နှစ်ခြောက်ဆယ်ရပ်ဝန်း နေထိုင်ခဲ့တာပဲ။ တော်တော် ရှားတယ်ဟ။ ဒီကောင်တွေက ငါးနဂါးဆေးလုံးတွေ အတွက် အဓိကပါဝင်ပစ္စည်းပဲ ”
ငါးအား အချိန်အနည်းငယ် ကြည့်ပြီးနောက် လက်နက်တိုက်ကို လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ မကြာမီ အဆောက်အဦများအားလုံးအပေါ်၌ နံပါတ်များရှိပြီး နံပါတ်ငယ်လေလေ အဆောက်အအုံများကြီးလေလေ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြလေသည်။ ထို့အပြင် ပိုကြီးသော အဆောက်အအုံများသည် ပို၍လည်း ကောင်းမွန်၏။
သူက အဆောက်အအုံ ၇ တွင် ဖြစ်ပြီး လက်နက်တိုက်တစ်ခုလုံးတွင် အကောင်းဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်လေသည်။ အဆောက်အအုံမှတ်တမ်းများကို လေ့လာဆန်းစစ်ပြီးနောက် သူပိုင်သော ကန်ငယ်လေးကို လှမ်းကြည့်ပြီး ရေရွတ်လိုက်၏။
” မှတ်တမ်းတွေအရဆိုရင် နဂါးငါးအုပ်လိုက်ရှိရမှာလေ။ ဘာလို့ သုံးကောင်ပဲရှိတာတုန်း”
ထိုကိစ္စကို တွေးရန် အချိန်မရခင် အနီးရှိခြံတံတိုင်းကိုလှမ်းကြည့်လိုက်ရာ သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းသွား၏။ ထိုနေရာတွင် အရိပ်တစ်ခုသည် အကာအကွယ်မန္တန်များကို ရှောင်တိမ်း၍ လျှို့ဝှက်ပညာရပ်တစ်ခုခုကိုသုံးပြီး သူ့ခြံဝင်းထဲသို့ လေကို ခွင်း၍ ပျံဝင်လာလေသည်။
၄င်းသည် နှောင်းပိုင်း အမြုတေအဆင့်ရှိ ကျင့်ကြံခြင်းအခြေခံနှင့် မျက်နှာပေါ်တွင် မာနကြီးသော အမူအရာတစ်ခုရှိသော ခပ်ပိန်ပိန် အဘိုးအိုတစ်ယောက်ဖြစ်လေသည်။ သူက ခြံဝင်းထဲရောက်သည်နှင့် ပိုင်ရှောင်ချန်းကို သတိပြုမိသောအခါ သူ့မျက်လုံးထဲတွင် အံ့သြများအရိပ်များ ဖြတ်ပြေးသွား၏။ သို့သော်လည်း တစ်ခုခုပြောမည့်အစား သူက ပိုင်ရှောင်ချန်းကို အဖက်ပင်မလုပ်ဘဲ ကန်၏အစွန်းကို အေးအေးလူလူလျှောက်သွားပြီး ရေထဲနှစ်ကာ နဂါးငါးတစ်ကောင်ကို ဖမ်းလိုက်လေသည်။ ထို့နောက် သူက ထွက်ခွာရန် လှည့်လိုက်သည်။
ထိုအဘိုးကြီးက မည်မျှ အထက်စီးဆန်ဆန်ပြုမူသည်ကိုကြည့်ကာ ပိုင်ရှောင်ချန်းမှာ မှင်သက်သွားတော့သည်။ ပိုင်ရှောင်ချန်းက ထိုနေရာတွင် ရပ်နေသည့်တိုင်အောင် ထိုအဘိုးကြီးက သူ့ကို မမြင်ချင်ယောင်ဆောင်ပြီးနောက် သူ၏အဖိုးတန်ငါးတစ်ကောင်ကို ဖမ်းသည်အထိ လွန်လွန်းလှသည်။
ပိုင်ရှောင်ချန်းမှာ ဤနေရာတွင် နေလိုက်ရသည့် အတွက် စိတ်ညစ်နေခဲ့သော်လည်း ယခုအခါ ဒေါကန်သွားလေပြီ။
“ဟေး.. ခင်ဗျား ဘာလုပ်နေတယ်လို့ထင်လဲ ” သူက အော်လိုက်သည်။
” ဆေးဖော်တာလေ”
အဘိုးအိုက ရပ်တန့်မည့်ပုံမပေါ်ပဲ ပြန်ပြောလိုက်သည်။
” စစ်သေနာပတိချုပ်က ကျုပ် ကို အနိုင်ကျင့်ချင်လို့ ရတယ်။ ဒါပေမယ့် ခင်ဗျားလည်း ကျုပ်ကို အနိုင်ကျင့်လို့ရမယ်ထင်နေတာလား ”
ပိုင်ရှောင်ချန်းမှာ ဒေါသများတောက်လောင်လာလေရာ သူ၏မျက်လုံးများမှာ အေးစက်သောအလင်းများဖြင့် တောက်ပနေတော့သည်။ သူ၏ ကောင်းကင်တံတားမျက်လုံးကိုဖွင့်ပြီး တချိန်တည်းမှာပင် ခရမ်းရောင်အလင်းများ ထုတ်လွှတ်ကာ လှမ်းဆွဲလိုက်သည်။ တုန်လှုပ်သွားသော အဘိုးအိုသည် ပျံပြေးရန်ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူယူထားသည့် နဂါးငါးမှာ ပိုင်ရှောင်ချန်းမှ ဆွဲယူခြင်းခံလိုက်ရပြီး ကန်ထဲ ပြန်ရောက်သွားလေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ငါးများ ရှိသင့်သည်ထက် မည်သည့်အတွက်ကြောင့် နည်းပါးနေရသည်ကို သဘောပေါက်သွားလေပြီ။ အခြားငါးများမှာ ခိုးခံခဲ့ရပြီး လက်သည်မှာ ဤအဘိုးအိုပင်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
အဘိုးအိုသည် အလွန်ဆိုးဝါးသော မျက်နှာထားဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးကြည့်ရင်း သူက အေးစက်စက်ရယ်လိုက်ပြီး ပြောလိုက်သည်။
” ငါ အဆောက်အအုံ ၈ မှာ နှစ်ပေါင်းများစွာနေလာခဲ့တာ မင်းလို အဖြစ်မရှိတဲ့လူများ တစ်ခါမှ မမြင်ဖူးဘူး။ အဆောင်အအုံ ၇က နဂါးငါးတွေက ငါ့အတွက်ပဲ။ မင်းလို သောက်ကလေးက ငါ့လိုလူကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူရမယ်လို့ ထင်နေတာလား”
ပိုင်ရှောင်ချန်းသည် အစကတည်းက ဒေါသထွက်နေသော်လည်း ထိုအဘိုးအို၏စကားများကြောင့် သူ၏ ဒေါသများမှာ ပို၍ တိုးလာတော့သည်။
” တိတ်စမ်း”
သူက ရှေ့သို့ တစ်လှမ်းတိုးရင်း ပြောလိုက်သည်။ ချက်ချင်းပင် အေးစိမ့်ချီများ နေရာအနှံ့ပျံ့သွားခြင်းကြောင့် နေရာတိုင်းတွင် ရေခဲလွှာများဖြစ်ပေါ်လာလေရာ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ ထို့နောက် သူက အသေးစားတည်ရွှေ့ပြောင်းခြင်းကဲ့သို့သော အရာတစ်ခုပြုလုပ်လိုက်ရာ အဘိုးအိုရှေ့တည့်တည့်တွင် ပေါ်လာ၏။
အဘိုးအို၏ အမူအရာပျက်သွားပြီး ပျံပြေးရန်ပင် မတွေးနိုင်လိုက်မီ ပိုင်ရှောင်ချန်းက အသက်ဝင်တောင်ဂါထာဖြင့် ရိုက်ချလိုက်လေသည်။ တောင်ကြီးတစ်ခုလုံးကဲ့သို့ အားတစ်ခုက အဘိုးအိုကို အရှိန်ပြင်းစွာ ထိမှန်သွားရာ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားလာပြီး နောက်သို့ မီတာရာချီ ကျွမ်းထိုးမှောက်ခုံကျသွားတော့သည်။
” ထွက်သွားစမ်း ။ အခုကစပြီး ဒီနေရာ နဂါးငါးတွေအားလုံးက ပိုင်မျိုးရိုးပဲ ”
အဘိုးအို၏ မျက်လုံးထဲတွင် အာဃာတ အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း ပြဿနာထပ်မဖြစ်နိုင်လေရာ လှည့်ပြန်သွားတော့သည်။
အရှက်မရှိသော အဘိုးအိုကို နှင်ထုတ်လိုက်ခြင်း သည် ပိုင်ရှောင်ချန်းကို အတော်အတန် စိတ်ပေါ့ပါးသွားစေသောကြောင့် သူက ကန်ဘေးတွင် ထိုင်ကာ တရားကျင့်လိုက်လေသည်။ မကြာမီ ညနေစောင်းလာ၏။
ကောင်းကင်အရောင်များပြောင်းသွားသောကြောင့် ပိုင်ရှောင်ချန်း ထရပ်ရန် ပြင်လိုက်စဥ်မှာပဲ ရုတ်တရက် ဆန့်ကျင်ဘက်အရပ်သို့ မော့ကြည့်လိုက်သည်။ တခဏကြာသော် ပိုင်ရှောင်ချန်းထံ အလင်းကဲ့သို့ အရှိန်ဖြင့် လာနေသောအလင်းတန်းက အနည်းငယ်ပုံပေါ်လာ၏။
ပိုင်ရှောင်ချန်းဆီသို့ အရိပ်သုံးခု ချဥ်းကပ်လာနေပြီး ဦးဆောင်နေသူမှာ ချပ်ဝတ်တန်ဆာဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ခံစားချက်မဲ့နေသောမျက်နှာဖြင့် ပိုင်လင်းဖြစ်လေသည်။
သူ့နောက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံ အဘိုးအိုနှစ်ယောက်ရှိ ပြီး နှစ်ယောက်လုံးက ပိုင်ရှောင်ချန်းကို သိချင်စိတ်များဖြင့် အကဲခတ်နေလေသည်။
ပိုင်ရှောင်ချန်းက ချက်ချင်း ထကာ ပြောလိုက်၏။
” စစ်သေနာပတိချုပ်ကို ဂါဝရပြုပါတယ်”
” လက်နက်တိုက်က ပတ်ဝန်းကျင်နဲ့ ကျင့်သားရသွားပြီလား” ပိုင်လင်းက မေးသည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီးနောက် ဂရုတစိုက် ပြန်ပြောလိုက်သည်။
” အဆင်ပြေပါတယ် ။ နည်းနည်းလေးတိတ်ဆိတ်နေတယ် ”
ထိုသည်ကို ကြားသည်နှင့် ပိုင်လင်းက အဘိုးအိုတစ်ယောက်ကို ကြည့်လိုက်ပြီး ပြော၏။
” လင်းတောင်… ပိုင်ရှောင်ချန်းရဲ့ နိစ္စဓူဝိကိစ္စတွေကို ဆောက်ရွက်ပေးဖို့ အစေခံမလေးတွေ စီမံလိုက်”
အဘိုးအိုက ခေါင်းညိတ်လိုက်ကာ ကျောက်စိမ်းပေလွှာကို ဆွဲထုတ်လိုက်ပြီး အမိန့်အချို့ပေးလိုက်၏။
ပိုင်ရှောင်ချန်းမှာ သူလိုအပ်သည့်အရာများကို အလျင်အမြန် ဆောင်ရွက်ပေးခြင်းကြောင့် အတန်ငယ်တုန်လှုပ်သွား၏။ သူဘာပြောသင့်သည်လဲ စဥ်းစားနေဆဲမှာပင် ပိုင်လင်းက ကြည်လင်နေသော ကန်ရေကို တခဏ ငုံကြည့်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။
” မဟာတံတိုင်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်” သူက ပြောသည်။
” အမှန်အတိုင်းပြောရရင် ရှင်းကုံကျစ်တာအိုဂိုဏ်းထက်တောင် သက်တမ်းရင့်သေးတယ်။ ဒီမြို့တော်မှာ ကျင့်ကြံသူတွေဘယ်လောက်တောင် အခြေချနေခဲ့ရပြီး မြေရိုင်းဒေသနဲ့ ဒီနေရာမှာ ဘယ်လောက် တိုက်ခိုက်ခဲ့ရလဲ မင်းသိလား”
” အင်မတန် များတယ်။ သံမဏိသွေးကြောခန်းမရဲ့ စစ်တပ်ငါးဖွဲ့က ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်ထဲက တပ်ချနေခဲ့ရတယ်”
” မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက်။ လူတွေ သေတယ်။ လူတွေ ထွက်သွားတယ်။ ဒါပေမယ့် မဟာတံတိုင်းကြီးက ဒီတိုင်းပဲ”
” စစ်တပ်ငါးဖွဲ့ကြားမှာ ပြိုင်ဆိုင်မှုနည်းနည်းတော့ ရှိပေမယ့် ခြုံငုံလိုက်ရင်တော့ ဆက်ဆံရေးတွေ အဆင်ပြေတယ်။ ငါတို့ နေရာအမျိုးမျိုးအတွက် တာဝန်ယူရတယ်။ တံတိုင်းကြီးကို စောင့်ရတယ်။ မြေရိုင်းသားတွေ ထိုးဖောက်ဝင်မလာအောင် ကာကွယ်ရတယ်”