ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ကျင့်သိုမင်မှာ အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။ သူသည် ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် ဝမ်ပေါင်လဲ့က သူ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်ကို သတိထားမိလိုက်သည်။
ထိုအကြည့်မှာ ခြိမ်းခြောက်သည့်ပုံစံ ပေါက်နေသောကြောင့် ကျင့်သိုမင်မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ရ၏။ သူသည် သူပြောချင်နေသည့် စကားများကို မျိုသိပ်ထားလိုက်ရပါသော်လည်း ဝမ်ပေါင်လဲ့အား ဖားယားချင်စိတ် မရှိသေးပေ။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ ဝမ်ပေါင်လဲ့အား လှမ်းပေးလိုက်၏။
” ဒါ ပြည်ထောင်စုကြီးက ကြေညာထားတဲ့ ပြည်ထောင်စုပျိုးပင် စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက်စာရင်းပဲ။ ငါ မင်းအတွက် ယူလာပေးတာ ” ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများအရောင်လက်သွားပြီး ထို ကျောက်စိမ်းပေလွှာလေးအား ချက်ချင်းပင် ကြည့်ရှုစစ်ဆေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏အမည် ထိပ်ဆုံး၌ ရောက်နေပြီး လီယီထက် ကျင့်ကြံခြင်းပညာရပ်ဆယ်ခုကျော် ပို၍များနေသည်ကို မြင်လိုက်ရသောအခါ အားရကျေနပ်သွား၏။ ထို့ကြောင့် သူသည် ပြည်ထောင်စုကြီးထဲသို့ ပြန်ရောက်ပါက ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်သွားတော့မည်ဟု မှတ်ယူလိုက်တော့သည်။
သူ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သွမ့်မုလေး သူ၏ရာထူးမှ ဖယ်ပေးရမည့်အကြောင်းကို စဉ်းစားတွေးတောနေရင်း ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းသွားပြီး သူ၏ဗိုက်အား ကျေနပ်အားရစွာဖြင့် ပုတ်လိုက်၏။ သူ၏ဗိုက်မှာ အရွယ်အစားသေးငယ်သွားပြီဖြစ်၍ လက်ဖြင့်ပုတ်ရသည်မှာ ယခင်ကလောက် မကောင်းတော့ပါသော်လည်း သူသည် ထိုအကျင့်အား မဖျောက်နိုင်သေးပေ။ ဝမ်ပေါင်မှာ ထိုအကြောင်းအား မေ့ထားလိုက်ပြီးနောက် ချောင်းဟန့်ကာ မေးလိုက်၏။
” မင်လေး။ စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက်စာရင်းပဲလားကွ။ တခြားဘာတွေပါသေးလဲ ”
ကျင့်သိုမင်မှာ လသုံးစင်းမဟာမိတ်အဖွဲ့၏ အမွေဆက်ခံသူဖြစ်ရာ အလွန်အင်မတန်မှ ဉာဏ်ပြေးသော လူတစ်ယောက် ဖြစ်ပေသည်။ သူသည် ထိုစကားများကိုကြားလိုက်ရသောအခါ ရယ်မောလိုက်ပြီး သိုလှောင်အိတ်တစ်လုံးအား လှမ်းပစ်ပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုအိတ်ကိုဖွင့်၍ ကြည့်ရှုစစ်ဆေးလိုက်သောအခါ ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားရတော့သည်။ ထို့နောက် သူသည် ကျင့်သိုမင်အား သဘောကျနှစ်သက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေလိုက်၏။
ထို သိုလှောင်အိတ်ထဲတွင် အနံ့အရသာအစုံအလင်ပါရှိသော မုန့်အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်ရေခဲရေဘူး ဘူးတစ်ရာကျော်လည်း ပါရှိနေသေးသည်။ လွန်ခဲ့သည့်တစ်နှစ်ပတ်လုံး သူ့တွင် ကျန်တော့သည့် မုန့်သုံးခုအား အရသာပျောက်သွားသည့်အထိ ထပ်ခါတလဲလဲ လျှာဖြင့် လျက်နေခဲ့ရသည့် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ ကောင်းကင်ပေါ်မှ ကျလာသည့် ရတနာထုပ်ကြီးတစ်ထုပ်ကဲ့သို့ပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မုန့်တစ်ထုပ်အား ဖောက်ကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် တစ်ကိုယ်လုံးတုန်ရီသွားရတော့သည်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် မျက်လုံးများမှိတ်သွားပြိး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေလိုက်တော့သည်။
” ဒါကမှ အိမ်ရဲ့အရသာအစစ်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အစားအသောက်နဲ့ ပတ်သတ်လာရင် လောဘမကြီးပါဘူး။ အခုလောလောဆယ် အိမ်လွမ်းနေလို့သာ… ”
ကျင့်သိုမင်မှာမူ မျက်တောင်တဖျပ်ဖျပ် ခတ်နေရပြီဖြစ်သည်။ သူသည် စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက်စာရင်းအား ရယူခဲ့ပြီး ဝမ်ပေါင်လဲ့အား မုန့်များပေးထားသည့်အပြင် ဝမ်ပေါင်လဲ့၏ ကိုယ်ရည်သွေး စကားများကိုပင် ခွန်းတုံ့ပြန်ခဲ့ခြင်းမရှိသောကြောင့် ဝမ်ပေါင်လဲ့အား ကျေနပ်သွားအောင်လုပ်နိုင်လိမ့်မည်ဟု မှတ်ယူထား၏။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်တော့သည်။
” ပေါင်လဲ့ရေ။ ငါ မင်းကို ပြောစရာ စကားတစ်ခုရှိလို့ ”
ဝမ်ပေါင်လဲ့မှာမူ ဝိညာဉ်ရေခဲရေ တစ်ပုလင်းအား ထုတ်ယူလိုက်ပြီး တစ်ဝကြီး မော့သောက်လိုက် လိုက်၏။ ထို့ကြောင့် သူသည် နေရထိုင်ရ ကောင်းသွားပြီး စိတ်ဓာတ်များတက်ကြွလာတော့သည်။ ထိုအခါမှသာ သူသည် ကျင့်သိုမင်အား ကျေနပ်အားရနေသည့် အကြည့်ဖြင့် ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် မေးလိုက်၏။
” ပြော။ ဘာကိစ္စလဲ ”
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါမှ ကျင့်သိုမင်မှာ စိတ်ဒုက္ခရောက်နေသည့် မျက်နှာအမူအရာဖြင့် သက်ပြင်းချကာ ပြန်ဖြေလိုက်တော့သည်။
” ပေါင်လဲ့။ ငါ ပြီးခဲ့တဲ့ တစ်နှစ်လုံးကို ပင်ပင်ပန်းပန်းနဲ့ နေထိုင်ဖြတ်သန်းခဲ့ရတာ။ ငါတို့နှစ်ယောက်က ညီအစ်ကိုတွေဆိုတာ အင်္ဂါဂြိုဟ်ပေါ်က လူတွေတင် မဟုတ်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး သိထားပြီးသားပဲ။ ဒါပေမဲ့ ဒီကိစ္စကို ငါ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ငါက ဒီကို တာဝန်တစ်ခုနဲ့ ရောက်လာရတာကွ… ” ကျင့်သိုမင်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာအား သေသေချာချာ အကဲခတ်လိုက်၏။ ဝမ်ပေါင်လဲ့၏ မုန့်ထုပ်ကိုင်ထားသောလက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါမှသာ ကျင့်သိုမင်မှာ စကားဆက်ပြောလိုက်၏။
” မင်းက အစွမ်းထက်လွန်းနေလို့ကွ။ အဲတာမလို့ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်က မင်းကို အကြောက်လွန်ပြီးတော့ ငါ့ကို ခြိမ်းခြောက်ပြီး မင်းနဲ့အတူ ဒုက္ခခံခိုင်းဖို့ ဒီကိုပို့လိုက်တာ ”
” ပေါင်လဲ့။ ငါ့မှာ မင်းကို ပုန်ကန်ချင်တဲ့စိတ် လုံးဝမရှိဘူး။ ဒါပေမဲ့ ငါ့ဆီမှာ တခြားရွေးချယ်စရာလည်း မရှိဘူးလေ။ လသုံးစင်းမဟာမိတ်အဖွဲ့က အစွမ်းထက်တာမှန်ပေမယ့် အဲဒီ အရှက်မရှိတဲ့ သွမ့်မုချွယ်ကိုတော့ ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ သူက ငါ့ကို ငါ့ရဲ့ ညီအစ်ကိုအရင်းနဲ့ ပြိုင်ဆိုင်ရအောင် အတင်းအကျပ် ဖိအားပေးခဲ့တာ။ ပေါင်လဲ့။ ငါ ဒီကိစ္စကြီးနဲ့ ပတ်သက်ပြီးတော့ သေသေချာချာ စဉ်းစားထားပြီးသား။ အကောင်းဆုံးနည်းလမ်းက ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီး လုပ်ပြီးတော့ မင်းက ဒုဥက္ကဋ္ဌကြီး လုပ်ဖို့ပဲ။ အဲဒီအချိန်ကျရင် မင်းစိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရှိသွားပြီ ”
ကျင့်သိုမင်မှာ မကျေမချမ်းဖြစ်နေပြီး သူသည်လည်း ထိုသို့ဖြစ်လာရန် မလိုလားသည့်ပုံစံ ပေါက်နေ၏။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ မုန့်များနှင့် ဝိညာဉ်ရေခဲရေဘူးအား ဘေးသို့ချလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောကာ ကျင့်သိုမင်အား ခေါင်းမော့ကြည့်လိုက်၏။
” မင်လေးရာ။ ဒီကိစ္စက ဘာမှ ကြီးကြီးမားမားမဟုတ်ပါဘူးကွ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက သဘောထားသေးသိမ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ငါတို့တွေ မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့။ ပြည်ထောင်စုကြီး ကောင်းဖို့အတွက်ပဲကို။ ဒါပေမဲ့ ကျယ်ပြန့်တာအိုနန်းတော်က တော်တော်ကို အန္တရာယ်များတဲ့ နေရာတစ်ခုနော်။ ဒီမှာရှိသမျှ လူတွေအားလုံးကလည်း ရက်စက်သလားမမေးနဲ့။ ပြောရမှာတော့ခက်တယ်ကွာ။ ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်ကများ မင်းကို မျက်စိစပါးမွေး စူးလာတဲ့အချိန်ကျရင် …. ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ခေါင်းယမ်းလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ သူသည် စကားအဆုံးအထိ မပြောခဲ့ပါသော်လည်း သူ၏ မျက်ဝန်းများထဲမှ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များမှာ ဖုံးကွယ်၍ မရနိုင်လောက်အောင် အားကောင်းနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ သူ၏အမြင်တွင် သူနှင့် ယှဉ်ပြိုင်ရဲသည့်လူများအားလုံးမှာ သူ၏ ရန်သူများသာဖြစ်ပေသည်။ တစ်ချိန်ထဲမှာပင် သူသည် ကျင့်သိုမင်တစ်ယောက် စကားအဆုံး၌ ပြောခဲ့သည့် စကားများကို ကောင်းကောင်းကြီး သိနေသလို ခံစားနေရ၏။ ယခင်တုန်းက သူသည် ထိုစကားလုံးများကို သုံးကာ လီဝမ်အာကို လှည့်စားခဲ့သည်မဟုတ်ပါလော။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲရှိ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များကို မြင်လိုက်ရသောအခါ စိတ်သောကရောက်သွားရပြီး အလောတကြီး ရှင်းပြလိုက်ပြန်သည်။
” ပေါင်လဲ့။ ငါလည်း မလုပ်ချင်ပါဘူးကွာ။ ဒါပေမဲ့ သွမ့်မုချွယ်က သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ငါ့ကို အကျပ်ကိုင်ထားတာကွ ”
” ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်ချင်ရင် တာအိုကျောင်းလေးကျောင်းက ဖြစ်ဖို့လိုတယ်ဆိုတဲ့ အချက်ကို ငါ မှတ်မိပါတယ်။ အဲဒီ ကျောင်းလေးကျောင်းထဲမှာ လသုံးစင်းမဟာမိတ်အဖွဲ့ရော ပါတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုအချက်အား တွေးမိသွားသဖြင့် ကျင့်သိုမင်အား ထပ်မေးလိုက်၏။
ထိုအခါ ကျင့်သိုမင်မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားတော့သည်။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာရန် လုံးဝ စိတ်ဝင်စားမှုမရှိသည်တော့ မဟုတ်ပေ။ သို့သော် ကျင့်သိုမင်မှာ အခြေအနေတစ်ခုလုံးကို ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် အမှန်အတိုင်းထုတ်ပြောရန် ဆုံးဖြတ်လိုက်၏။
” ပြီးခဲ့တဲ့နှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲမှာ သွမ့်မုချွယ်က ငါ့ကို သမင်ဖြူတာအိုကျောင်းဆီ ပို့ခဲ့တာကွ…. ငါက မသွားချင်ပေမယ့် မိစ္ဆာကြီး သွမ့်မုချွယ်က မသွားမနေရဆိုပြီး အမိန့်ပေးခဲ့တာ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဟန်ဆောင်ပြုံးလိုက်၏။ သူသည် ကျင့်သိုမင်၏ အကြောင်းကို ကောင်းကောင်းကြီး နားလည်ထားသောကြောင့် သွမ့်မုချွယ်မှာ ကမ်းလှမ်းရုံမျှသာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ကျင့်သိုမင်ကိုယ်တိုင်၌က ထိုအခွင့်အရေးအား လိုချင်နေခဲ့ခြင်း ဖြစ်ရမည်ဟု သိလိုက်၏။
ထို့အပြင် သူတို့နှစ်ယောက်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် အချိန်အကြာကြီး အလုပ်အတူတူ တွဲလုပ်ခဲ့သည့်တိုင်အောင် ကျင့်သိုမင်မှာ ခုန်းတောက်ကဲ့သို့ မဟုတ်ပေ။ ခုန်းတောက်မှာ သူ့အား အရှုံးပေးထားပါသော်လည်း ကျင့်သိုမင်မှာ မောက်မာဝင့်ကြွားနေဆဲပင်။
သို့ဖြစ်ရာ ကျင့်သိုမင်မှာ သူ့ဘက်မှ စတင်လှုပ်ရှားခဲ့ခြင်း မဖြစ်နိုင်ပါသော်လည်း ဤအခွင့်အရေးအား အမိအရအသုံးချရန် ကြံရွယ်ထားခြင်း ဖြစ်ရပေမည်။ သို့သော် ယခုလို ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ သွမ့်မုချွယ်တစ်ယောက် ယခင်တုန်းက သူ့ကိုယ်သူ အထင်ကြီးလွန်းနေခဲ့သောကြောင့်သာ ဖြစ်ပေသည်။ ယခုမှသာ ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများမှာ သူ ထင်မှတ်ထားသည်ထက် အများကြီးပို၍ သာလွန်နေသဖြင့် သူသည် ဝမ်ပေါင်လဲ့ ပြန်ရောက်လာသည့်အချိန်တွင် သူ၏ရာထူးမှ အမှန်တကယ် ဖယ်ပေးလိုက်ရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
” သွမ့်မုလေး။ မင်းက တော်တော်တရားလွန်သွားပြီပဲ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီး ထိုအကြောင်း ဆက်မတွေးတော့ပေ။ လွန်ခဲ့သည့်နှစ်အတွင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် သူသည် အသာစီးရထားပြီးသား မဟုတ်ပါလော။ ထို့အပြင် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်လည်း သူ၏ ရာထူးအဆင့်အတန်းမှာ အတော်အတန်မြင့်မားနေသေးသည်။ ထိုမျှသာမက ယခုတွင် သူသည် တိုက်ပွဲရမှတ်များကို အလွယ်တကူ စုဆောင်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။
” ကြည့်ရတာ သွမ့်မုလေး မျှော်လင့်ချက်တွေအားလုံး ပျက်သုဉ်းသွားပြီး သူ့ရဲ့ ရာထူးကို ဘာစောဒကမှ မတက်ဘဲ လွှဲပေးဖို့ဆိုရင် ငါ စုစုပေါင်း ကျင့်ကြံခြင်းပညာရပ် အခုတစ်ရာထိထိ ပို့ပေးမှ ရမယ့်ပုံပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် သူ့ကိုယ်သူ ဂုဏ်ယူမိသွား၏။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ သူတစ်ယောက်သာလျှင် ပြည်ထောင်စုဥက္ကဋ္ဌကြီးအား သူ၏ ရာထူးနှင့်ပတ်သက်၍ စိုးရိမ်စိတ်များဝင်လာအောင် ဖိအားပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။ ထိုအခါမှသာ ကျင့်သိုမင်မှာလည်း စိတ်အေးသွားရ၏။ သူသည် မျှော်လင့်ချက်ကြီးမားသည့် လူတစ်ယောက်ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့အား ရန်မစလိုပေ။ ထို့အပြင် သူပြောခဲ့သည့် စကားအများစုမှာ အမှန်အတိုင်း ဖြစ်ပေသည်။ သူသည် အနာဂတ်တွင် ဝမ်ပေါင်လဲ့၏ ရန်သူအဖြစ်သို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့် ယခုလို ကြိုပြောထားခဲ့ခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အပေါ်ယံတွင် ဖော်ဖော်ရွေရွေ ရှိသည့်ပုံ ပေါ်ပါသော်လည်း အကယ်၍ သူသာ ဆန္ဒရှိပါက အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်တတ်သည်ကိုလည်း သူက သိထားသည်မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် ကျင့်သိုမင်မှာ စိတ်သောကများ ရောက်နေရသဖြင့် မသိစိတ်မှနေ၍ ဝမ်ပေါင်လဲ့အား ဖားယားနေမိတော့သည်။ ထို့နောက် သူတို့မှာ စကားအနည်းငယ် ထပ်ပြောလိုက်ကြပြီးနောက် ညနေခင်းအချိန်သို့ ရောက်လာသောအခါ ကျင့်သိုမင်မှာ ထွက်ခွာသွားတော့သည်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ် စဉ်းစားတွေးတောနေလိုက်၏။ ကျင့်သိုမင်မှာ သွမ့်မုချွယ်၏ ကူညီထောက်ပံ့မှုများကို ရရှိထားလျှင်တောင် သူ့အား ကျော်တက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်ကြောင်း သူက နားလည်ထားသည်။ သို့ဖြစ်ရာ သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ခေါင်းရှုပ်ခံမနေတော့ဘဲ သူ၏ ဂူဗိမာန်ထဲသို့ ပြန်ဝင်သွားလိုက်ပြီး တရားထိုင်ကာ သူ၏ ကျင့်ကြံခြင်းပညာရပ်များကို လေ့လာနေလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီးနှင့် ကျင့်သိုမင်တို့အပြင် ပြည်ထောင်စုပျိုးပင် ဒုတိယသုတ်ထဲမှ သူနှင့် ခင်မင်ရင်းနှီးသော လူအချို့မှာလည်း ဝမ်ပေါင်လဲ့ဆီသို့ လာရောက်လည်ပတ်ခဲ့ကြ၏။ သို့သော် ကျိုးရိရှန်မှာ လုံးဝ ရောက်မလာခဲ့ပေ။ ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်နေခြင်းတော့ မရှိပေ။ သူသည် ယွင်ဖျောင်ကျိအား လှမ်း၍ဆက်သွယ်လိုက်ပြီးနောက် ကျိုးရိရှန်အား စောင့်ကြည့်ရန်အလို့ငှာ လူတစ်ယောက် စေလွှတ်ပေးရန် သူ့အား တောင်းဆိုလိုက်၏။ သူသည် သူနှင့် ကျိုးရိဖန်းတို့၏ ကြားမှ ပဋိပက္ခကြီးကို ဖြေရှင်းချင်နေခြင်း ဖြစ်သည်။
သို့သော် ကျိုးရိရှန်မှာ ကျယ်ပြန့်တာအိုနန်းတော်သို့ ရောက်ရှိလာသည့် ပဉ္စမမြောက်နေ့တွင် လုံးဝပျောက်ကွယ်သွားခဲ့၏။ ယွင်ဖျောင်ကျိ အပါအဝင် အခြားမည်သူကမှ သူ၏တည်နေရာကို မသိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရပြီး ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီး ပြောခဲ့သောစကားများကို ပြန်၍ သတိရသွား၏။ သူသည် ထိုကိစ္စကြီးနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေစဉ်မှာပင် ကျယ်ပြန့်တာအိုနန်းတော်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် ကိစ္စရပ်ကြီးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ အာရုံအား ဖမ်းစားသွားတော့သည်။
ထိုကိစ္စကြီးအား ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီးက စတင်လိုက်ခြင်းဖြစ်ပြီး ထိုအကြောင်းကို ကြားလိုက်ရသည့်သူတိုင်းမှာ အံ့ဩမှင်တက်ကာ မျက်လုံးများပြူးသွားရသည်သာ ဖြစ်သည်။ မြဲ့လျဲ့ကျိပင်လျှင် ထိုသတင်းအား ကြားလိုက်ရပြီးနောက် ပင့်သက်များရှိုက်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။
ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီးမှာ… ဖုန့်ချိုးရန်ကျိုးအား လက်ထပ်ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်။
သို့သော် သူသည် ဖုန့်ချိုးရန်အား သူနှင့်လက်ထပ်ရန် တောင်းဆိုခဲ့ခြင်းမဟုတ်ဘဲ လီရှင်းဝမ်ကိုယ်စား တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။