သို့သော် သူ့အား မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ရာ သူသည် အများကြီး ပြောင်းလဲသွားခဲ့သည့်ပုံပေါက်နေ၏။ သူတို့နှစ်ယောက် ဆုံတွေ့လိုက်ကြသောအခါ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် အမြုတေထိပ်ဆုံးအဆင့်တွင် ရောက်နေသည့် ရှုယွင်ခွင်းပင်လျှင် အံ့အားသင့်သွားရ၏။ အထူးသဖြင့် သွမ့်မုချွယ်မှာ သူ့အား လွှတ်ပေးခဲ့ပြီးနောက် အရည်အချင်းစမ်းသပ်ပွဲကြီးနှင့် ပတ်သက်၍ ဖုန့်ချိုးရန် ပေးပို့ခဲ့သည့်အချက်အလက်များကို ပြောပြခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ရှုယွင်ခွင်းမှာ မျိုးဆက်သစ် ထိပ်သီးအဆင့် ပညာရှင်တစ်ယောက် ပေါ်ထွက်လာပြီဟု လက်ခံခဲ့ရ၏။
ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်၏။
” မြို့တော်သခင်ဝမ်။ ကျွန်တော်တို့တွေ မြို့တော်သခင်ဝမ်ရဲ့ ဂူဗိမာန်ထဲမှာ စကားပြောလို့ရမလား ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ဂိုဏ်းချုပ်ကြီးရှုအား အကဲခတ်လိုက်၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာလည်း သူ၏အတွေးထဲ၌ ပြန်လည်ပေါပေါက်လာသည်။ ဝမ်ပေါင်လဲ့မှာ ထိုစဉ်တုန်းက သေမင်းခံတွင်းဝနှင့် အနီးဆုံးသို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ သူသည် သူ၏ အခြေတည်ကျင့်ကြံခြင်းအဆင့် ဆွဲထုတ်ခံခဲ့ရပါသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက် လပေါ်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုတွင် ထို အဖြစ်အပျက်များအားလုံးမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာပြီ ဖြစ်သည်။ သူ၏ရှေ့တွင် ရပ်နေသည့်လူမှာ ထိုစဉ်တုန်းက ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုပင် အသုံးမပြုဘဲ ဖိနှိပ်ချုပ်တည်းနိုင်သည့် လူတစ်ယောက်အဖြစ်သို့ ရောက်သွားပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရယ်မောမိလိုက်၏။ သို့သော် ပြည်ထောင်စုကြီးထဲ၌ ရာထူးအဆင့်အတန်း မြင့်မားပြီး အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ထုံးလိုချေရေလိုနှောက် နားလည်ထားသည့် ဝမ်ပေါင်လဲ့မှာ သူ၏ မောင့်မာဝင့်ကြွားမှုများကို အလွယ်တကူ ထုတ်ပြမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ဂိုဏ်းချုပ်ကြီးရှုအား မကျေမနပ်ဖြစ်နေသည့်တိုင်အောင် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်မှာ လေထဲသို့ ပျံတက်သွားလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်မှ ထွက်ခွာသွားကြ၏။ သူတို့မှာ လမ်းတစ်လျှောက်လုံးတွင် နှုတ်ဆိတ်နေခဲ့ပြီး မီးစိမ်းကျွန်းဆီသို့ မသွားဘဲ လူမရှိသော ကျွန်းတစ်ကျွန်းပေါ်တွင် ဆင်းသက်လိုက်ကြ၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ သတိကြီးသော လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှုယွင်ခွင်း၏ မျက်ဝန်းများထဲ၌ လေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျွန်းပေါ်တွင် သူတို့၏ စကားဝိုင်းအား ခိုး၍နားထောင်နိုင်မည့် လျှို့ဝှက်ပစ္စည်းကိရိယာများ ရှိနေမည်ကို စိုးရိမ်နေသောကြောင့် သူ့အား လူမရှိသော နေရာတစ်ခုဆီသို့ ခေါ်လာခဲ့ခြင်းဖြစ်ပေသည်။
ရှုယွင်ခွင်းမှာ ကျွန်းပေါ်သို့ရောက်လာသောအခါ မန္တန်လက်ကွက်များ ချက်ချင်းဖော်လိုက်ပြီး ဘေးပတ်ပတ်လည်အား လက်ညှိုးထိုးလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ သိုလှောင်လက်ကောက်ထဲမှ သံလိုက်အိမ်မြှောင်တစ်လုံးကို ထုတ်ယူကာ သူ၏ခြေထောက်အောက်၌ ချထားလိုက်သည်။ ထိုအခါ ထို သံလိုက်အိမ်မြှောင်မှာ တောက်ပလာပြီး အကာအရံတစ်ခု ဖန်တီးကာ သူတို့နှစ်ယောက်အား လွှမ်းခြုံသွားစေလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ပစ္စည်းအမြောက်အများကိုပင် ထုတ်ယူလိုက်သေးသည်။
သူတို့နှစ်ယောက်စလုံး ထိုနေရာကြီးအား ဘေးကင်းအောင် လုပ်ပြီးသွားသောအခါမှ ရှုယွင်ခွင်းမှာ အသက်ပြင်းပြင်းရှူကာ ဆိုလိုက်၏။
” ကျွန်တော်တို့တွေ အဆင်ပြေမှာပါ။ ဒီ သံလိုက်အိမ်မြှောင်က ပြည်ထောင်စုကြီးရဲ့ လျှို့ဝှက်ဖန်တီးမှုတစ်ခုလေ။ လေ့လာချက်တွေအရဆိုရင် အဲဒီ သံလိုက်အိမ်မြှောင်က ဝိညာဉ်ကြားခံနယ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ အာရုံခံနိုင်စွမ်းကနေ ငါးမိနစ်တိတိ ရှောင်တိမ်းနိုင်စွမ်းရှိတယ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ပြကာ ထောင့်တစ်ထောင့်တွင် ထိုင်ချလိုက်ပြီးနောက် ရှုယွင်ခွင်းအား စိုက်ကြည့်ကာ သူစကားပြောမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
” မြို့တော်သခင်ဝမ်။ ဟိုးအရင်တုန်းက ကိစ္စကြီးနဲ့ပတ်သက်လို့ ပြောရဦးမယ် …. မြို့တော်သခင်ဝမ်ကို တိုက်ခိုက်ခဲ့တဲ့ အကြီးအကဲကြီးကို သောကြာဂြိုဟ်ပေါ်မှာ အကျဥ်းချထားတုန်းပဲ။ ကျွန်တော်လည်း အပြစ်ပေးခံခဲ့ရပြီးပြီ။ အဲတာမလို့ ကျွန်တော်တို့ကို ဗွေမယူပါနဲ့တော့။ အခု ကျွန်တော်က ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ ရောက်လာတာပါ။ မြို့တော်သခင်ဝမ်ကိုလည်း ဆရာလုပ်ခွင့်မရှိတဲ့အပြင် မြို့တော်သခင်ဝမ်ဆီကနေ အကူအညီတွေအများကြီး တောင်းရဦးမှာ ” ရှုယွင်ခွင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်လိုက်၏။
လက်ရှိတွင် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးအား ကိုယ်စားပြုသည့်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ကြောင်း သူက ကောင်းကောင်းကြီးသိထား၏။ အထူးသဖြင့် အရည်အချင်းစမ်းသပ်ပွဲ ပြီးဆုံးသွားပြီးနောက် သူ၏ ရာထူးအဆင့်အတန်းမှာ အခြား ပြည်ထောင်စုကျင့်ကြံသူများထက် အများကြီးပို၍ မြင့်သွားပြီဖြစ်သည်။
သူသည် သူ၏ရောက်ရှိလာမှုကို ဝမ်ပေါင်လဲ့ဘက်မှ အထင်လွဲနေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ထိုအကြောင်းကို အရင်ဆုံးထုတ်ပြောလိုက်ခြင်းဖြစ်၏။
” ကျွန်တော် ဒီမှာ ထမ်းဆောင်ရမယ့်တာဝန်တစ်ခုရှိတယ်။ ပထမတစ်ခုက အသေးစား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုကို ဘယ်သူမှမသိအောင် တည်ဆောက်ဖို့ပဲ။ အဲတာမှ တကယ်လို့ တိုက်ပွဲဖြစ်လာခဲ့ရင် ကျွန်တော်တို့တွေ အကုန်လုံးထွက်ပြေးနိုင်မှာ ”
ဝမ်ပေါင်လဲ့မှာ သူ၏စကားများကိုနားထောင်ကာ တည်တည်ငြိမ်ငြိမ်နှင့် စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
” အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် သေချာပေါက် ကူညီပါ့မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ သတိရှိရှိနဲ့ လှုပ်ရှားဖို့တော့လိုတယ်။ အထူးသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်က ပိုလို့တောင် သတိထားသင့်တယ် ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။
” တာအိုဘုန်းတော်ကြီးယိုရန် ဟုတ်လား ” ရှုယွင်ခွင်းမှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်လုံးများအရောင်လက်သွား၏။
” ကျွန်တော့်မှာ သက်သေအထောက်အထားတော့မရှိဘူး။ ဒါပေမဲ့ သူက မြဲ့လျဲ့ကျိထက်ကို ပိုပြီးတော့ အန္တရာယ်ရှိနိုင်တယ်လို့ စိတ်ထဲမှာ ခံစားမိနေတာ ”
ထိုအခါ ရှုယွင်ခွင်းမှာ အတွေးများထဲတွင်နစ်မျောသွားသည်။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုသို့ပြောနေခြင်းဖြစ်ပါက သူသည် ယုံတစ်ဝက်မယုံတစ်ဝက် ဖြစ်နေမည်သာဖြစ်သည်။ သို့သော် ယခုတွင် ဝမ်ပေါင်လဲ့က သတိပေးနေသည်ဖြစ်ရာ သူသည် စိတ်ထဲ၌ သေသေချာချာမှတ်သားထားလိုက်၏။ ထို့နောက် ရှုယွင်ခွင်းမှာ ထိုကိစ္စအား မေ့ထားလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးနေလိုက်တော့သည်။
သူတို့မှာ လွန်ခဲ့သည့်နှစ်အတွင်း၌ ပြည်ထောင်စုပျိုးပင်များ ကြုံခဲ့ရသည့်ကိစ္စများကို အဓိကထား၍ ဆွေးနွေးခဲ့ကြ၏။ ရှုယွင်ခွင်းမှာ သူ၏ ဒုတိယတာဝန်ကို မထမ်းဆောင်ခင် အခြေအနေတစ်ခုလုံးကို အပြည့်အဝနားလည်ထားရန် လိုအပ်ပေသည်။
ရှုယွင်ခွင်းမှာ သေဆုံးမှုများ၊ ပြည်ထောင်စုပျိုးပင်များ ကြုံခဲ့ရသည့် အခက်အခဲများနှင့် ဖုန့်ချိုးရန်၏ ပျော့ညံ့သော အုပ်ချုပ်မှုများအကြောင်းကို ကြားလိုက်ရသောအခါ တွေဝေတုန့်ဆိုင်းသွားရ၏။ ထို့နောက် သူသည် မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောကာ ဝမ်ပေါင်လဲ့အားကြည့်၍ ဆိုလိုက်၏။
” မြို့တော်သခင်ဝမ်။ ကျွန်တော် ပြောသင့်မပြောသင့် ဝေခွဲမရဖြစ်နေတဲ့ စကားတချို့ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ပြောရင် မြို့တော်သခင်ဝမ် နားလည်မှုလွဲမသွားဖို့ မျှော်လင့်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ရှုယွင်ခွင်းအား တည်ကြည်စွာကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆိုလိုက်၏။
” ကျေးဇူးပြုပြီး ပြောပါ ”
ရှုယွင်ခွင်းမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင်၏ အမူအရာဖြင့် တိုးတိုးလေးဆိုလိုက်တော့သည်။
” မြို့တော်သခင်ဝမ်။ ပြည်ထောင်စုပျိုးပင် ပထမအသုတ်က ဘယ်နေရာရောက်ရောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ဖယ်ကြဉ်ခံခဲ့ရတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ မြို့တော်သခင်ဝမ်တို့ လုပ်မိခဲ့တဲ့အမှားကို သိလား ”
” မြို့တော်သခင်ဝမ်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်မဟုတ်ဘဲ တွေးခေါ်ပုံတွေက မှားနေခဲ့တာ ”
” မြို့တော်သခင်ဝမ်တို့က အစကထဲက ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပေါင်းစည်းဖို့ စိတ်ကူးမရှိခဲ့ဘူးလေ။ တကယ်လို့ အဲ့လိုစိတ်ကူးရှိခဲ့တယ် ဆိုရင်တောင် တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့ကြဘူး။ အဲဒီ မသိစိတ်ကြောင့်ပဲ မြို့တော်သခင်ဝမ်တို့အားလုံးနဲ့ ကျယ်ပြန့်တာအိုနန်းတော်က အရေခွံပေါ်က အသားပိုတစ်ခုလို တကွဲတပြားစီ ဖြစ်နေခဲ့ကြတာ။ ကျွန်တော့်ရဲ့ ဥပမာက မသင့်တော်ပေမဲ့ အဓိပ္ပါယ် အနီးစပ်ဆုံးပဲ။ အဲဒီ အသားပိုကို ကျယ်ပြန့်တာအိုနန်းတော်ဘက်က ဖယ်ရှားပစ်ရင်တောင်မှ သူတို့အတွက် ဘာဆိုးကျိုးမှ မရှိနိုင်ဘူးလေ ” ရှုယွင်ခွင်းမှာ သူ၏အတွေ့အကြုံများနှင့် ချင့်ချိန်ကာ အခြေအနေကြီးတစ်ခုလုံးအား သုံးသပ်ပြလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် နှုတ်ဆိတ်၍ မျက်လုံးများမှေးကာ စဉ်းစားတွေးတောလိုက်ပြီးနောက် ရှုယွင်ခွင်း၏ စကားများမှာ အဓိပ္ပါယ်ရှိကြောင်း သိလိုက်ရတော့သည်။ ဝမ်ပေါင်လဲ့မှာ ခေါင်းမာသူတစ်ယောက် မဟုတ်သောကြောင့် မျက်လုံးများပြန်ပွင့်လာပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ရှုယွင်ခွင်းအား ဦးညွှတ်အရိုအသေပေးလိုက်၏။
” ကျေးဇူးပြုပြီးတော့ ဂိုဏ်းချုပ်ကြီးရှုရဲ့ အမြင်တွေကို ဝေမျှပေးပါ ”
” မြို့တော်သခင်ဝမ်က ယဉ်ကျေးလွန်းနေပါပြီ။ ကိုယ်ကိုယ်တိုင် ကြုံနေရတဲ့ အခက်အခဲကြီးကို တခြားရှုထောင့်တစ်ခုကနေ မမြင်နိုင်တာ လူတွေရဲ့ သဘာဝပါပဲ။ ကျွန်တော်ဆိုရင်လည်း အဲလို ဖြစ်နေမှာပါ ” ရှုယွင်ခွင်းမှာ ပြုံးကာ ဝမ်ပေါင်လဲ့အား အရိုအသေပြန်ပေးလိုက်၏။ သူသည် အစမှ အဆုံးအထိ သူ့ကိုယ်သူ ဝမ်ပေါင်လဲ့၏ အထက်လူကြီးတစ်ယောက်အဖြစ် သဘောထားခဲ့ခြင်းမရှိသည့်အပြင် ဝမ်ပေါင်လဲ့ထက် တစ်ဆင့်နိမ့်သည့် လူတစ်ယောက်ကဲ့သို့ပင် ပြောဆိုပြုမူခဲ့၏။
” အဲတာ ကျွန်တော့်ရဲ့ ဒုတိယတာဝန်ပါပဲ။ ကျယ်ပြန့်တာအိုနန်းတော်ကို အထိနာအောင်လုပ်နိုင်မယ့် အစီအစဉ်က… သူတို့ကို ပြည်ထောင်စုကြီးနဲ့ တစ်သားတည်းဖြစ်သွားအောင် ပြောင်းလဲပစ်ဖို့ပဲ။ တကယ်လို့ ပြည်ထောင်စုကြီးကသာ ကျယ်ပြန့်တာအိုနန်းတော်နဲ့ ထဲထဲဝင်ဝင် ပတ်သတ်နေမယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို ရှင်းထုတ်နိုင်မှာမဟုတ်တော့ဘူးလေ။ သူတို့က အဲလိုရှင်းထုတ်ဖို့ ကြိုးစားမယ်ဆိုရင်တောင် အများကြီး ထိခိုက်နစ်နာရမှာ။ အဲတာမလို့ သူတို့က နောက်ဆုံး ရွေးချယ်စရာမရှိတော့တဲ့ အချိန်ကိုရောက်မှသာ အကြံကုန် ဂဠုန်ဆားချက်ကြမှာပဲ ” ရှုယွင်ခွင်းမှာ စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် ထိုသို့ဆိုလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာ၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ၎င်းတို့၏ လေးနက်သောအဓိပ္ပါယ်များကြောင့် အံ့ဩမှင်တက်သွားရပြီး ထိုလူကြီးမှာ အမှန်တကယ်ပင် ဝါရင့်အကြံသမားတစ်ယောက်ဖြစ်ကြောင်း စိတ်ထဲတွင် ရေရွတ်မိလိုက်တော့သည်။ သူ၏ သုံးသပ်ချက်များမှာ မှန်ကန်နေသည်မဟုတ်ပါလော။ ကျယ်ပြန့်တာအိုနန်းတော်မှာ သူတို့အား အပြင်လူများအဖြစ် ဆက်ဆံခဲ့ကြသောကြောင့် သူတို့မှာလည်း ကျယ်ပြန့်တာအိုနန်းတော်အား သူစိမ်းများအဖြစ် ပြန်၍ သဘောထားခဲ့ကြခြင်း ဖြစ်သည်။
” ကျွန်တော် ဒီကိစ္စနဲပတ်သတ်ပြီး အစီအစဉ်တွေ ရေးဆွဲထားပြီးသားပါ။ တကယ်လို့ အချိန်ကျလာရင် မြို့တော်သခင်ဝမ်ရဲ့ အကူအညီတွေကိုတော့ လိုလိမ့်မယ် ” ရှုယွင်ခွင်းမှာ ထိုသို့ဆိုကာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ အခြေအနေတစ်ခုလုံးကို နားလည်သွားအောင် ဝမ်ပေါင်လဲ့နှင့် ဆက်၍ စကားပြောနေလိုက်၏။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
သို့သော် ရှုယွင်ခွင်းမှာ ထိုသို့ထွက်ခွာမသွားခင် မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောကာ ဆိုလိုက်၏။
” မြို့တော်သခင်ဝမ်ရေ။ ကျေးဇူးပြုပြီးတော့ အတိတ်ကဖြစ်ရပ်တွေကို အတိတ်မှာပဲ ထားခဲ့ရအောင်လား… ”
” အကုန်လုံး လေထဲမှာ လွင့်ပါသွားပါပြီဗျာ ” ဝမ်ပေါင်လဲ့မှာလည်း ရှုယွင်ခွင်းအား ရိုသေလေးစားမှုအပြည့်ဖြင့် ပြန်ကြည့်ကာ ဆိုလိုက်၏။ သူသည် ရှုယွင်ခွင်းကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင်နှင့် ယှဥ်လိုက်ပါက ဝါနုနေသေးကြောင်း သိသွားရပြီဖြစ်သည်။ ထို့ကြောင့် ရှုယွင်ခွင်းဆီမှ ပညာအများကြီး လေ့လာသင်ယူရဦးမည်ဟု မှတ်ယူလိုက်၏။
ရှုယွင်ခွင်းမှာလည်း ဝမ်ပေါင်လဲ့၏ စကားကိုကြားလိုက်ရသောအခါ သူ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ဝမ်းသာအားရ ရယ်မောလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ရှုယွင်ခွင်းအား မမြင်ရတော့သောအချိန်မှ မျက်လုံးများမှိတ်ကာ စိတ်ထဲ၌ တွေးတောနေလိုက်၏။
” ဒီ မြေခွေးအိုကြီးက နှယ်နှယ်ရရတော့ မဟုတ်ဘူး။ အေးလေ။ သူက ဟိုးအရင်ကတည်းက ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်ခဲ့တာဆိုတော့လဲ… ” ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော လူမျိုးနှင့် ရန်ငြိုးမဖွဲ့လိုပေ။ လက်ရှိတွင် မည်သူကမှလည်း ဝမ်ပေါင်လဲ့နှင့် ရန်ငြိုးဖွဲ့ချင်မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ လပေါ်မှ ဖြစ်ရပ်ကြီးအား ကျေအေးပေးရန် အဆင်သင့်ဖြစ်နေ၏။ အမှန်တွင် ရှုယွင်ခွင်း၏ ရောက်ရှိလာမှုကြောင့် ခေါင်းခဲနေရမည်လူမှာ ကျယ်ပြန့်တာအိုနန်းတော်မှ လူများသာ ဖြစ်ပေသည်။ ဤနေရာတွင် ရှိနေသည့် ပြည်ထောင်စုပျိုးပင်များမှာမူ ရှုယွင်ခွင်း၏ ရောက်ရှိလာမှုကြောင့် ပို၍ ဘေးကင်းလုံခြုံသွားကြမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူ တပ်ဆင်ထားခဲ့သည့် အကာအကွယ်ပစ္စည်းကိရိယာများအားလုံးကို သိမ်းယူလိုက်၏။ ထို့နောက် သူသည် မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်တော့သည်။ သူ သူ၏ဂူဗိမာန်ထဲသို့ ပြန်ရောက်လာပြီးနောက် သိပ်မကြာခင်တွင် သူ၏ နေရပ်လိပ်စာအား မည်သို့မည်ဖုံ ရှာတွေ့ခဲ့မှန်းမသိသော ကျင့်သိုမင်တစ်ယောက်မှာ သူ့ဆီသို့ ရောက်ရှိလာတော့သည်။
ကျင့်သိုမင်မှာ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ဂူဗိမာန်ထဲသို့ တန်းဝင်လာပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်နှာအမူအရာဖြင့် အော်ပြောလိုက်၏။
” ဟ။ မင်းက တကယ်ပဲ ဝမ်ပေါင်လဲ့ အစစ်လား။ မင်း… မင်း… ဘယ်လိုလုပ်ပြီးတော့ အခုလောက်အထိ ပိန်သွားရတာလဲ။ ငါ မင်းကို ဒီလောက်အကြာကြီး ကြည့်နေတာတောင် မမှတ်မိသေးဘူး။ မင်း ဘယ်လိုတွေများ လုပ်လိုက်တာလဲဟ ”
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ အံ့သြမှင်တက်နေသော မျက်နှာကိုကြည့်ရင်း စိတ်ထဲတွင် သူ့ကိုယ်သူ ကျေနပ်နေမိတော့သည်။ သို့သော် အပြန်ပန်းတွင်မူ သူသည် ကျင့်သိုမင်အား ဆူပူကြိမ်းမောင်းလိုက်၏။
” မင်လေး။ မင်းက ဘာလို့ သူများတွေကို အပေါ်ယံရုပ်ရည်နဲ့ လိုက်ပြီးတော့ အကဲဖြတ်နေရတာလဲ။ ငါ အရင်တုန်းက ဝနေရတဲ့ အကြောင်းအရင်းကို သိလား။ ဘာလို့လဲဆိုတော့ ငါ ငယ်ငယ်တုန်းက မင်းလိုမျိုး ငါ့ရဲ့ ချောမောလှပတဲ့ မျက်နှာလေးကိုပဲ လာလာကြည့်ကြတဲ့ လူတွေကို ငြီးငွေ့လာလို့ကွ။ အဲတာမလို့ ငါ့ကိုယ်ငါ ဝအောင်လုပ်ပြီးတော့ အေးအေးလူလူ နေနေခဲ့တာ။ ဒီတစ်ခေါက် ငါ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားတုန်းက ဝိတ်ကျသွားပြီးတော့ နဂိုပုံအတိုင်း ပြန်ဖြစ်သွားတာ ကံဆိုးတာပဲကွာ။ ဟူး… စိတ်ရှုပ်စရာတွေနဲ့ ကြုံရဦးမယ် “
ဖက်တီးကြွားလေပြီ