အခန်း ( ၄၇၂ )

ဆယ်နှစ်ကြာ စစ်မှုထမ်းရခြင်း

ထိုအသံကြီးမှာ လေးနက်တည်ကြည်နေရုံမျှမက အနည်းငယ်မျှ အာမခံနိုင်လောက်အောင် အရှိန်အဝါနှင့် ပြည့်စုံနေသည်။ ထိုအသံကိုကြားလိုက်ရသူတိုင်းမှာ အတွင်းစိတ်ထဲတွင် အလွန်တရာ တုန်ရီသွားရမည်သာဖြစ်သည်။

ထိုအသံကြီးပဲ့တင်ထွက်လာပြီးနောက် အနက်ရောင်ဝတ်ရုံရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ပေါ်ပေါက်လာသည်။ စောစောက သူသည် ခပ်လှမ်းလှမ်းတွင် ရှိနေသည်ဖြစ်သော်လည်း ခြေလှမ်းတစ်လှမ်းထဲလှမ်းလိုက်သည်နှင့် ပိုင်ရှောင်ချန်း၏ရှေ့တည့်တည့်သို့ရောက်လာကာ သူ၏လမ်းကိုပိတ်ရပ်လိုက်တော့သည်။

” ဟင်။ ”
ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ ဤလူကြီးမှာ မည်သူဖြစ်နေစေကာမူ ထိုသူ၏ အမြန်နှုန်းမှာ အံ့သြဖွယ်ကောင်းလွန်းလှသဖြင့် သူ၏ စကားအား ပိုင်ရှောင်ချန်းက ပြီးအောင် မကြားရသေးချိန်တွင်ပင် သူသည် ပိုင်ရှောင်ချန်း၏ မြင်ကွင်းထဲတွင် ရပ်နေပြီဖြစ်သည်။

ထိုလူကြီးမှာ ခန့်ညားပြီး အနက်ရောင်ဆံပင်ရှည်ကြီးကို ပိုင်ဆိုင်ထားကာ သက်လတ်ပိုင်းထဲသို့ရောက်နေပါသော်လည်း ဖျတ်ဖျတ်လတ်လတ် ရှိနေဆဲပင်။ သူ၏ အကြည့်ထဲတွင် ကြယ်များစုံလင်နေသည့် ကောင်းကင်ကြီးပါဝင်နေသည့်အလား သူ့အသွင်က ထူးခြားဆန်းကြယ်လွန်းလှသည်။ သူ၏ အကြည့်တစ်ချက်နှင့်ပင် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေရတော့သည်။

သူ၏ အဝတ်အစားများမှာ ပုံမှန်သာဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏အရှေ့တွင် မတ်တတ်ရပ်နေပုံမှာ သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ဖြင့် ပေါင်းစည်းထားသည့်ပုံစံ ပေါ်လွင်နေသည်။ သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပမာ အဆင့်မမြင့်သော်လည်း ထိုအဆင့်သို့ အချိန်မရွေးတက်လှမ်းနိုင်မည့်ပုံစံ ပေါ်နေသည်။ သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်များကို အသုံးချကာ အဆုံးမဲ့ တိုက်ပွဲစွမ်းရည်များကို ဖော်ထုတ်နိုင်သကဲ့သို့ ဖြစ်နေသည်။

သူသည် နတ်အဆင့်တွင်လည်းမဟုတ်သလို ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းအဆင့်တွင်လည်းမဟုတ်ပေ။ သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ မှော်ဥပဒေသအချို့ကို နားလည်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်ဖြစ်သောကြောင့် နတ်အဆင့်ကိုရောက်လုနီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အသက်ရှူများပင် ကြပ်သွားရသည့်အလား ခံစားလိုက်ရပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ထိုအဖြစ်အပျက်များမှာ ဖော်ပြရသည်သာ ကြာသော်လည်း စကားတိုတိုတစ်ခွန်း ပြောရန်ကြာသည့်အချိန်အတွင်းမှာ ဖြစ်သွားခြင်း ဖြစ်သည်။ လီဟုန်မင်က ထိုမတ်တတ်ရပ်နေသူကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ အလွန်အမင်း တည်ကြည်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများဖြင့် တောက်ပလာတော့သည်။ သူက လက်ကိုယှက်ကာ တရိုတသေ ဦးညွှတ်လိုက်လေသည်။

” မင်္ဂလာပါ။ စစ်သေနာပတိချုပ်ခင်ဗျာ ”

ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တဒိန်းဒိန်းခုန်သွားရသည်။ လီဟုန်မင်က သူ့အား စစ်သေနာပတိချုပ်ဟု ခေါ်လိုက်သည်ကိုကြည့်ပါက အရေခွံဆုတ်တပ်၏ လက်ရှိခေါင်းဆောင်ဖြစ်သော စစ်သေနာပတိချုပ်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိနိုင်သည်။

ပိုင်ရှောင်ချန်းမှာလည်း ချက်ချင်းပင် လက်ယှက်ကာ ဦးညွှတ်လိုက်တော့သည်။

” မင်္ဂလာပါ။ စစ်သေနာပတိချုပ်။ ”

ထိုအနက်ရောင် ဝတ်ရုံနှင့် လူကြီးက ပိုင်ရှောင်ချန်းကို တည်ကြည်စွာကြည့်ကာ မေးလိုက်သည်။
” ငါမင်းကို အရေခွံဆုတ်တပ်ထဲကို တကယ်ဝင်ချင်တာလားလို့ မေးနေတယ်လေ။ ”

ပိုင်ရှောင်ချန်းသည် သူပြောမိလိုက်သည့်စကားကို ချက်ချင်းပင် နောင်တရသွားတော့သည်။ ထိုအနက်ရောင်ဝတ်ရုံနှင့် စစ်သေနာပတိချုပ်က သူ့ကိုစိုက်ကြည့်နေသဖြင့် သူက စိုးရိမ်စပြုလာပြီး အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။
” အမ်…. အဲ…. ကျုပ်မ….မဝင်ချင်….. ”

သူ၏စကားမဆုံးခင်မှာပင် ထိုလူကြီး၏ မျက်လုံးများမှာ ရန်မူလိုသော အမူအရာများဖြင့် တောက်ပလာတော့သည်။

” ဟင်။ ”
ထိုလူကြီးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လှိုင်းလုံးများနှင့်တူသော တုန်ခါမှုများအသွင်ပြောင်းလဲသွားသဖြင့် ပိုင်ရှောင်ချန်းမှာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားရသည့် လှေငယ်လေးတစ်စင်းအလား ဖြစ်သွားရတော့သည်။
” မင်း အဖြေမပေးခင် သေချာစဥ်းစားနော်။ ”

ထိုလူကြီးမှာ တည်ငြိမ်စွာ ပြောလိုက်သည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏နားထဲတွင် ထိုစကားသံများမှာ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေဆဲပင်။

ပိုင်ရှောင်ချန်းသည် သူ့အပေါ်တွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည့် ဖိအားကြီးတစ်ခုကို ခံစားနေရသည့်အလားဖြစ်နေတော့သဖြင့် အသားများ တဆတ်ဆတ်တုန်ရီလာပြီး ငိုမဲ့မဲ့ပင် ဖြစ်သွားတော့သည်။ သူ၏မျက်ဝန်းများမှာလည်း နီရဲနေပြီး အကယ်၍သူသာ တပ်ထဲသို့ဝင်မည်ဟု မပြောပါက ထိုနေရာတွင်ပင် ချက်ချင်းဆ အသေသတ်ခံလိုက်ရမည့်အလား ခံစားနေရတော့သည်။

ထို့ကြောင့်သူက တံတွေး မျိုချကာ ပြန်ဖြေလိုက်သည်။
” အမ်…. ကျုပ်က ဓားစာခံတစ်ယောက်ဖြစ်နေလို့ပါ… အဲ့ရာထူးက အထိအရှမခံနိုင်တဲ့ ရာထူးမျိုးဆိုတော့လေ…. ”

” ဓားစာခံ ဟုတ်လား။ ”
ထိုလူကြီးက အံ့သြသွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ဖဝါးထဲတွင် ကျောက်စိမ်းပေလွှာ တစ်ခုပေါ်ပေါက်လာသည်။ ထိုပေလွှာထဲရှိ အချက်အလက်များကို ဖတ်ရှုပြီးလိုက်သောအခါ သူသည် အတွေးများထဲတွင် တစ်ခဏကြာ နစ်မျောသွားတော့သည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် တုန်ရီနေရပြီဖြစ်သည်။ ဤမဟာတံတိုင်းတွင် မည်သည့်နည်းနှင့်မျှ နေမည်မဟုတ်ဟု သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤနေရာမှာ အလွန်အန္တရာယ်များလွန်းလှသဖြင့် သူသာမထွက်ခွာပါက သူ၏ သနားစရာအသက်လေးကို ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလော။ သို့သော် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကြောင့် သူ၏ ခံစားချက်များမှာ မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့်သာ ပြည့်နှက်နေရပြီ ဖြစ်သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ထိုလူကြီးမှာ ကျောက်စိမ်းပေလွှာကို ပြန်သိမ်းလိုက်ပြီး ဆိုလိုက်သည်။
” ကိစ္စမရှိဘူး။ မင်းက ဒီနေရာမှာ နေချင်နေမှတော့ ဓားစာခံဖြစ်နေရတဲ့ ကိစ္စကို ငါဖြေရှင်းပေးလိုက်မယ်။ ကောင်းပြီ။ ဒီကိစ္စ ဒီလောက်နဲ့ပြီးပြီ။ ဒီနေ့ကစပြီး မင်းက အရေခွံဆုတ်တပ်ရဲ့ တပ်သားတစ်ယောက် ဖြစ်သွားပြီ။ ”

ထိုစကားများကြောင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားရသည်။ ထို့နောက် ထိုလူကြီးသည် နောက်လှည့်ကာ ထွက်ခွာရန်ပြင်နေပြီဖြစ်သဖြင့် သူက အလျင်အမြန်ပင် အော်ပြောလိုက်တော့သည်။
” ကျုပ်က လက်ရွေးစင်တစ်ယောက်ဗျ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့် ဆယ်ယောက်ထဲမှာပါတယ်။ ကျုပ်လုပ်ချင်တာ လုပ်လို့ရ…. ”

” လက်ရွေးစင် ဟုတ်လား။ ”
ထိုလူကြီးသည် နောက်သို့လှည့်မကြည့်ပဲ သံမှိုများကို ဖျက်စီးကာ သံချောင်းများကိုပင် ဖြတ်တောက်နိုင်လောက်အောင် အားပြင်းသည့် ပြတ်သားမှုများပါဝင်နေသော လေသံကြီးဖြင့် ပြန်မေးလိုက်သည်။
” အဲ့တာဆို ပိုတောင် ကောင်းသေးတာပေါ့ကွ။ ”

ပိုင်ရှောင်ချန်းမှာ ဒေါသများထွက်လာသဖြင့် အော်ပြောလိုက်တော့သည်။
” ကျုပ် တပ်ထဲမဝင်ချင်ဘူးဗျာ။ ကျုပ်ပြောထားတဲ့ စကားကိုပြန်ရုတ်သိမ်းတယ်…. ဟုတ်ပြီလား။ ”

” ပြန်ရုတ်သိမ်းလည်း ဘာမှမထူးတော့ဘူး။ မင်းက စစ်မှုမထမ်းမနေရ စာရင်းထဲပါသွားပြီ။ ဆယ်နှစ်တိတိ တာဝန်ထမ်းဆောင်ရမယ်။ ”
ထို့နောက်ထိုလူကြီးက လမ်းလျှောက်နေရာမှရပ်လိုက်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ အရေခွံဆုတ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသော အမှတ်တံဆိပ် ထွင်းထားသည့် ခရမ်းရောင် အမိန့်ပေးဆွဲပြားတစ်ခုက လက်ထဲတွင်ပေါ်ပေါက်လာသည်။

” ဒီမဟာတံတိုင်းမှာရှိတဲ့ စစ်တပ်ငါးတပ်ထဲက တစ်တပ်ရဲ့ စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ ငါအလိုရှိတဲ့ လူတိုင်းကို စစ်မှုထမ်းခိုင်းလို့ရတယ်။ မင်းမနေ့က သုံးခဲ့တဲ့ဆေးလုံးတွေက အတော်စွမ်းသားပဲ။ ငါရှင်းရှင်းပြောမယ် ပိုင်ရှောင်ချန်းရာ။ မင်းဒီမှာ နေချင်သည်ဖြစ်စေ၊ မနေချင်သည်ဖြစ်စေ နေရမှာပဲ။ ”

ထို့နောက် သူ၏ အင်္ကျီလက်ကိုခါယမ်းကာ လီဟုန်မင်ကို လှမ်းကြည့်လိုက်သည်။

” လီဟုန်မင် ရေ။ ”

” ဟုတ်ကဲ့ပါ ဆရာ။ ”
လီမင်ဟုန်က ကျယ်လောင်စွာပြန်ဖြေသည်။

” သူ့ကို သူဝတ်ရမဲ့ ဝတ်စုံတွေပေးလိုက်။ ပြီးရင် လက်နက်တိုက်ထဲ ခေါ်သွားလိုက်။ ” ထိုသို့အမိန့်ပေးကာ ထိုလူကြီးက ပိုင်ရှောင်ချန်း၏ အပြုအမူများအားလုံးကို လျစ်လျူရှူကာ ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်သော်လည်း မျက်ရည်များ ကျမလာပေ။ စောစောက ထိုအနက်ရောင်ဝတ်ရုံနှင့် လူကြီး စကားပြောနေစဥ် ဤနေရာတစ်ဝိုက်တွင် သတ်ဖြတ်လိုသောအခိုးအငွေ့များပေါ်ထွက်နေသည့် ကျင့်ကြံသူဒါဇင်အနည်းငယ် ပေါ်ပေါက်လာသဖြင့် ပို၍ပင်ဆိုးနေတော့သည်။ သူတို့သည် စစ်ပွဲပေါင်းများစွာတွင် တိုက်ခိုက်ဖူးကြသူများဖြစ်ပြီး သတ်ဖြတ်ခြင်းကို အသားကျနေသဖြင့် သူတို့၏မျက်လုံးကြီးများပင်လျှင် အနီရောင်များတောက်နေသည်။ သူတို့၏ အကြည့်များကြောင့် ပိုင်ရှောင်ချန်းမှာ လန့်ဖြန့်၍ထခုန်ချင်စိတ်များပင် ပေါ်လာရတော့သည်။

သူသာ အမိန့်များကို ငြင်းဆန်ခဲ့ပါက ထိုသူများမှာ သူ့ကိုအသံရှင်လျက်ထွက်ခွာခွင့် ပေးမည်မဟုတ်သည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းမှာ ဒေါကန်နေသလို နောင်တကြီးစွာလည်း ရနေတော့သည်။ ဤအရာများအားလုံးမှာ သူအနည်းငယ်ကြွားဝါခဲ့သဖြင့် ပေါ်ပေါက်လာရသည့် အရာများဖြစ်ကြောင်းကို သူကသိလိုက်သည်။

” ငါသာ ပြန်ပြင်ဆင်ခွင့်ရှိလို့ကတော့ကွာ…. ”
သူက ငိုမဲ့မဲ့ဖြင့် ငြီးတွားနေတော့သည်။
” ငါနာမည်ကြီးတစ်ယောက်ဖြစ်အောင် မလုပ်တော့ပါဘူး…. ”
ထို့နောက် သူက အဝေးသို့ထွက်ခွာသွားနေသည့် အနက်ရောင်ဝတ်ရုံနှင့်လူကြီး၏ နောက်ကျောကိုကြည့်ကာ မီးကုန်ယမ်းကုန် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

” စစ်သေနာပတိချုပ် ” သူက အသံကုန်အော်ဟစ်လိုက်တော့သည်။

သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ အကြည့်များမှာ ယခင်ကထက်ပင်ပို၍ စူးရှသွားတော့သည်။ ပိုင်ရှောင်ချန်းက ပိုင်လင်းအား စိတ်ကွက်အောင် လုပ်မိမည်ကို လီဟုန်မင်က စိုးရိမ်နေတော့သည်။ ပိုင်လင်းမှာ လူ့ဘီလူးများသာမက ကျင့်ကြံသူများကိုပါ မျက်တောင်တစ်ချက်မခတ်ပဲ သတ်ဖြတ်တတ်သည့် လူမျိုးဖြစ်ကြောင်းကို သူက ကောင်းစွာသိသည်။ အရေခွံဆုတ်တပ်ထဲရှိ သူချမှတ်ထားသောစည်းမျဥ်းများမှာ တင်းကြပ်လွန်းလှသဖြင့် လီဟုန်မင်က ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါကြည့်ကာ သတိပေးလိုက်သည်။

ထိုစဥ် ပိုင်လင်းမှာ နောက်ထပ်တစ်ခေါက် ရပ်တန့်သွားသည်။

” မင်းဘာဖြစ်ချင်တာတုံး။ ”
သူက ရေခဲတမျှအေးစက်နေသည့် မျက်ဝန်းများဖြင့် နောက်သိုလှည့်ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ဆောင်းရာသီ၏ အရိုးကွဲလောက်အောင် ချမ်းသော အအေးဓာတ်ကြီးနှင့် ထိတွေ့လိုက်ရသည့်အလား တုန်ရီသွားတော့သည်။ သူတစ်ယောက်သာ ထိုသို့ခံစားနေရသည်မဟုတ်။ လီဟုန်မင်နှင့် အခြားကျင့်ကြံသူများမှာလည်း တုန်တုန်ရီရီနှင့် ကြိုးစား၍ မတ်တတ်ရပ်နေရသည်။

ထိုလူကြီး၏ ကြောက်မက်ဖွယ်အကြည့်ကြီးကြောင့် အားငယ်သွားရသော ပိုင်ရှောင်ချန်းက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
” ကျုပ်ကို အရေခွံဆုတ်တပ်ထဲကို မဖြစ်မနေ စစ်မှုထမ်းရမဲ့ အမိန့်နဲ့ ဝင်ခိုင်းတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျုပ်ရမဲ့ လစာကို မပြောရသေးဘူးလေ။ ”

ထိုစကားကြောင့် လီဟုန်မင်က မှင်တက်သွားရသည်။ ပိုင်လင်းမှာ စိတ်ဆတ်သော လူမျိုးဖြစ်ပြီး ပိုင်ရှောင်ချန်းသာ မှား၍ရန်စမိပါက သူ၏ ကျောထောက်နောက်ခံ မည်မျှပင်ကောင်းနေစေကာမူ ပိုင်လင်းက ဂရုစိုက်မည်မဟုတ်ကြောင်း လီဟုန်မင်က သိသည်။ ပိုင်လင်းသာ ပိုင်ရှောင်ချန်းကို သေစေချင်ပါက မဟာတံတိုင်းထဲရှိ မည်သူကမှ သူ့ကိုတားနိုင်မည်မဟုတ်ပေ။

” မင်းဆယ်နှစ် တာဝန်ထမ်းဆောင်ရမယ်။ ” ပိုင်လင်းက အေးစက်စွာပြန်ဖြေလိုက်သည်။
” တစ်နှစ်တစ်နှစ်ကို ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ မင်းရတဲ့လစာထက် ငါးဆပိုရမယ်။ တခြားဆုလာဒ်တွေကိုတော့ တိုက်ပွဲအောင်မြင်မှုရမှတ်တွေကိုသုံးပြီးတော့ ရယူလို့ရတယ်။ ”
ထိုသို့ဖြေကြားပြီး သူက နောက်သို့လှည့်ကာ ထွက်ခွာရန်ပြင်လိုက်ပြန်သည်။

” စစ်သေနာပတိချုပ်။ ” ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြန်သည်။

ဤအကြိမ်တွင်မူ ပိုင်ရှောင်ချန်း၏ အတင့်ရဲနေမှုကို လီဟုန်မင်မှာ စိတ်ထဲတွင်ကြိတ်၍ ကျိန်ဆဲနေတော့သည်။ ပိုင်ရှောင်ချန်းနေရာမှာ သူဆိုပါက ပါးစပ်ကို ဒုတိယတစ်ကြိမ် ထပ်ဖွင့်ရဲမည် မဟုတ်ချေ။

ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ သူတို့၏ အမြင်တွင် ပိုင်ရှောင်ချန်းမှာ အတော်အတန် ‘ ဇ ‘ ရှိသည်ဟု မှတ်ချက်ပေးလိုက်ကြသည်။

ပိုင်လင်း၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။ သူ၏ အခိုးအငွေ့များ ပေါ်ထွက်လာသဖြင့် သူ့ဆံပင်များမှာ လေထဲတွင်လွင့်ပျံနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် အလင်းရောင်များက တောက်ပစွာ လင်းလက်လာတော့သည်။ ဤအချိန်တွင် သူသည် သေမင်း နတ်ဘုရားအလား ပိုင်ရှောင်ချန်းကို စကားတစ်ခွန်းမှ မပြောပဲ ငုံ့ကြည့်နေသဖြင့် ထိုတစ်နေရာလုံးမှာ ပို၍အေးစက်လာရသည်။ အရေခွံဆုတ်တပ်၏စီရင်စုတစ်ခုလုံးမှာ အပ်ကျသံပင် ကြားနိုင်လောက်အောင် ဆိတ်ငြိမ်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အသားများ တဆတ်ဆတ်တုန်နေသည်။ သူက တကယ်ဆိုလျှင် ထိုသို့မအော်ဟစ်ချင်ပါသော်လည်း အကယ်၍ သူသာ ယခုအကြိမ် တောင်းဆိုမှုများ မလုပ်ပါက နောင်တွင် အခွင့်အရေးရနိုင်မည်မဟုတ်ကြောင်း ခံစားနေရသည်။ ထို့ကြောင့် သူက အားတင်းကာ မေးလိုက်တော့သည်။
” ကျုပ်မှာ တာအိုစောင့်ရှောက်သူနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်စလုံးက မိတ်ဆွေရင်းတွေပါ။ ကျုပ်ကိုဘေးကင်းအောင်ထားဖို့ သူတို့မှာ တာဝန်ရှိတာ။ အမ်….. ကျုပ် ဒီနေရာမှာ တစ်ယောက်ထဲတော့ ပိတ်လှောင်ပြီး မနေချင်ဘူးဗျာ။ သူတို့ကို ဒီကိုခေါ်ပေးနိုင်မဲ့ နည်းလမ်းများရှိလား။ ”

စုန့်ချွဲ သို့မဟုတ် နတ်ဆရာသာ ဤနေရာတွင်ရှိနေခဲ့ပါက သွေးများအန်ကာ သူ့ကိုကျိန်ဆဲနေကြမည်ဖြစ်သည်။ မဟာတံတိုင်းအား ကာကွယ်ရသည့် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ရသည်မှာ သေမိန့်တစ်ခုနှင့်ဆင်တူပြီး ပုံမှန်အသိစိတ်ရှိသူမှန်သမျှ ထိုတာဝန်ကို ငြင်းဆိုကြမည်ဖြစ်သည်။ ထို့အပြင် နောက်ထပ်တစ်ခေါက် ထွက်ပြေးပြီးသည့်တိုင် ပိုင်ရှောင်ချန်းမှာ သူတို့ကို ပြန်ခေါ်ရန် ကြိုးစားနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်ထားကြလိမ့်မည် မဟုတ်ချေ။

သို့သော် ပိုင်လင်းနှင့် လီဟုန်မင်တို့မှာ ပိုင်ရှောင်ချန်းကို ကောင်းကောင်းမသိသဖြင့် သူတို့အတွက်မူ သူ၏စကားများမှာ အခြား အဓိပ္ပါယ်တစ်မျိုးကို ဆောင်နေတော့သည်။ သူတို့၏ အထင်မှာ ပိုင်ရှောင်ချန်းသာ မဟာတံတိုင်းတွင် နေရပါက သူ၏တာအိုစောင့်ရှောက်သူများက သူ့ကိုလိုက်ရှာရင်းဖြင့် ဒုက္ခများရောက်နေရမည်ကို ပိုင်ရှောင်ချန်းက စိတ်ပူနေခြင်းဖြစ်သည်ဟု ထင်မှတ်သွားကြသည်။ ထို့ကြောင့် သူတို့ကိုပြန်စောင့်ရှောက်ရန် ခေါ်ခိုင်းသည်ဟု သူတို့က ထင်နေကြသည်။

ဖိအားများအောက်ရောက်နေကာ ပိုင်လင်း၏ သတ်ဖြတ်လိုသည့် အငွေ့အသက်ကြီးကို ရင်ဆိုင်နေရပါသော်လည်း ပိုင်ရှောင်ချန်းမှာ ဤသို့ တောင်းဆိုမှုကို လုပ်နိုင်သေးသည်ကိုကြည့်၍ သူသည် ခင်မင်မှုနှင့် သစ္စာစောင့်သိမှုကို အလွန်တန်ဖိုးထားသူဖြစ်သည်ဟု သူတို့က ယူဆလိုက်တော့သည်။

ပိုင်လင်း၏ အမူအရာမှာ ချက်ချင်းပင် အနည်းငယ် ပြေလျော့သွားတော့သည်။

” အဲ့တာတော့ မလုပ်ပေးနိုင်လောက်ဘူးကွ…. ” သူကဆိုလိုက်သည်။
” ဒါပေမဲ့ ငါကတိပေးနိုင်တာတစ်ခုက မင်းမှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ အလုံအလောက်ရှိတဲ့အချိန်ရောက်ရင် မင်းရဲ့မိတ်ဆွေနှစ်ယောက်ကို သွားရှာပြီး မင်းကိုယ်တိုင် သူတို့ကို စစ်တပ်ထဲထည့်လို့ရတယ်။ ”
ထိုသို့ဆိုကာပိုင်လင်းက ပိုင်ရှောင်ချန်းကို စကားထပ်ပြောခွင့်မပေးတော့ပဲ လှစ်ခနဲလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset