Switch Mode

အခန်း ( ၄၇၁ )

မင်း.. အရေခွံဆုတ်တပ်သား ဖြစ်ချင်လား

“ပိုင်ရှောင်ချန်းလား။ ကြောက်တာ.. ”
ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ အလွန်ကျေနပ်နေပြီး နည်းနည်းလေးရန်စလိုက်ရုံဖြင့် ရန်သူများကို သေဆုံးသည်အထိ ရေကုန်ရေခမ်းတိုက်တော့မည့်အလား သူ၏သံမဏိသွေးကြောများကို ထုတ်ကြွားရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

ဝိညာဥ်စုစည်းဆေးလုံးများစွာ ပစ်ပေါက်လိုက်သော အံ့သြတုန်လှုပ်ဖွယ်အကျိုးဆက်ကြောင့် တံတိုင်းကြီးပေါ်ရှိ အရေခွံဆုတ်တပ်သားများအားလုံးမှာ ပါးစပ်အဟောင်းသားပွင့်လျက် တလက်လက်တောက်ပနေသော မျက်လုံးများနှင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုသာ ကြီးစိုးသွားတော့သည်။

ဇောင်ထျန်ကျောက်ပင်လျှင် အသက်ရှူရခက်နေတော့သည်။ အစောပိုင်းက သူသည် ပုံမှန်အတိုင်းစကားပြောလိုက်ခြင်းဖြစ်ပြီး ပိုင်ရှောင်ချန်းက ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူက လက်ကလေးတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အမုန်းဝိညာဥ်များစွာကို သုတ်သင်ပစ်နေလေသည်။

သူသည်သာ မဟုတ်ချေ။ ထိုပတ်ဝန်းကျင်ရှိ အရေခွံဆုတ်တပ်သားများအပြင် ခပ်ဝေးဝေးရှိ ခေါင်းတလားကြီးထဲမှ လူတစ်ယောက်သည်လည်း စောင့်ကြည့်နေလေသည်။ ထိုလူက အချိန်အတော်ကြာသည်အထိ ပိုင်ရှောင်ချန်းကိုသာ လုံးဝ စူးစိုက်ကြည့်နေပြီး ခေါင်းတလားထဲသို့ ပြန်ဝင်သွားလေသည်။

” ခင်ဗျားတို့ စိတ်ကူးရုံပဲတတ်နိုင်တဲ့ အရာအားလုံးကျုပ်လုပ်ခဲ့ဖူးတယ်” ပိုင်ရှောင်ချန်းက အလေးအနက်ပြောလိုက်၏။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း စစ်ဖြစ်တော့မယ့် အချိန်တုန်းက ကျုပ် တစ်ယောက်တည်းပဲ တားဆီးခဲ့တယ်။ ဂိုဏ်းနှစ်ခု ပူးပေါင်းပြီးတော့ ကျုပ်တို့တတွေ အောက်ပိုင်းဒေသရဲ့ ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ခဲ့ကြတယ် ”
သူက အဝေးကို လှမ်းကြည့်နေရင်း သူရဲကောင်းဆန်သည့်ပုံပေါက်ရန် ကြိုးစားဖမ်းနေတော့သည်။

“နောက်တော့ ကျုပ်က ဆေးစွမ်းအင်နဲ့ဆန်းကြယ်နတ်ရေစင်အဖွဲ့ကလူတွေအပါအဝင် ကျင့်ကြံသူတစ်သန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တယ်။ တကယ်တမ်းပြောရရင် ကျုပ်ပဲ အဏ္ဏဝါခေါ်သံဂိုဏ်းလို့ နာမည်ပေးခဲ့တာ ”
သူ၏ အကျီလက်ကို ခါလိုက်စဥ် လေပြည်များက သူ့ဆံပင်ရှည်များကို တိုးဝှေ့သွားရာ ပို၍ပင် အထင်ကြီးဖွယ်ကောင်းလာတော့သည်။

” အဏ္ဏဝါခေါ်သံဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲကို တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကလဲ ကျုပ်ကပဲ ရန်သူတွေကိုသတ်ဖြတ်ရင်း စစ်တပ်ကို ဦးဆောင်ခဲ့တယ်။ ကုံမြစ်ဂိုဏ်းခွဲရဲ့ သီးသန့်စွမ်းအားဖြစ်တဲ့ ကောင်းကင်ညောင်ပင်ကြီးကို တိုက်ခိုက်ဖို့ သွေးဘိုးဘေးကြီးရဲ့ ခန္ဓာကိုယ်ကိုတောင် ကျုပ် ထိန်းချုပ်ခဲ့တယ်။ ”

” တာအိုရောင်ရင်းလီ.. စောစောက စစ်မြေပြင်ကိုကြည့်ပြီး ကျုပ် ဘာကြောင့် သိပ်မတုန်လှုပ်ခဲ့လဲဆိုတာ အခု ခင်ဗျားနားလည်ပြီလား။ ကျုပ်ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ…. စစ်ပွဲတွေအများကြီးကို ကြုံတွေ့ခဲ့ရပြီးပြီလေ ”

ပိုင်ရှောင်ချန်း၏ အမူအရာတွင် အနိုင်မခံအရှုံးမပေးသော သတ္တိများကို တွေ့မြင်ရပြီး သူ၏မျက်လုံးထဲတွင် ရှေးဆန်သော အငွေ့အသက်တစ်ခု ရှိနေလေသည်။

ထိုအတွက်ကြောင့်ပင် သူသည် ရှိိရင်းစွဲ သံမဏိသွေးကြောကြီးများထက် သေခြင်းတရားကို ကြောက်လန့်မှု အလျဥ်းမရှိသည့် ပုံပေါ်နေလေသည်။ ဤအခိုက်အတန့်တွင် သူ့ကို မြင်လိုက်ရသည့် မည်သူမဆို တုန်လှုပ်သွားမည်ဖြစ်ပြီး လီဟုန်မင်ပင် ရင်ခုန်သံများ အနည်းငယ် မြန်နေတော့သည်။

သူတို့က နလပိန်းတုံးများတော့ မဟုတ်ပေ။ မည်သူမျှ ပိုင်ရှောင်ချန်းကို မသိကြဘဲ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းသာ ဖြစ်လေရာ သူတို့အတွက် အလွန်တရာ အထင်ကြီးဖွယ်ကောင်းနေတော့သည်။ ထို့အပြင် သူ၏ ဝိညာဥ်စုစည်းဆေးလုံးများမှာ စစ်မြေပြင်တစ်ခုလုံးကို အမှန်အကန် တုန်လှုပ်သွားစေခဲ့ပြီး လူတိုင်း၏ခေါင်းများချာချာလည်သွားစေခဲ့သည် မဟုတ်ပါလော။

မဟာတံတိုင်းကြီးအလွန်ရှိ စစ်မြေပြင်ပေါ်တွင် လူ့ဘီလူးကြီးများမှာ ကြောက်လန့်တုန်ရီနေကြပြီး တစ်ယောက်မှ ရှေ့ဆက်မတက်ရဲကြတော့ပေ။ ကျန်ရှိနေသော အမုန်းဝိညာဥ်များမှာမူ နောက်ပြန်ဆုတ်နေကြလေပြီ။

“ရှောင်ချန်း ။ အစ်ကိုကြီး မင်းကို တကယ် အထင်မှားခဲ့မိပါတယ်” ဇောင်ထျန်ကျောက်က သူ့ကိုယ်သူအပြစ်တင်သောလေသံဖြင့် ပြောလိုက်သည်။ ပိုင်ရှောင်ချန်းနှင့် တွေ့ဆုံခဲ့စဥ်ကတည်းက ဖြစ်ပွားခဲ့သော အရာများအားလုံးကို ပြန်တွေးလိုက်ရင်း သူက အလျင်အမြန်လက်ယှက်လိုက်ပြီးနောက် တောင်းတောင်းပန်ပန် ဦးညွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းက သူ၏ အကျီလက်ရှည်ကို ချလိုက်ရင်း အသံနှိမ့်ကာ ပြောလိုက်၏။
” ရပါတယ်။ အစ်ကိုကြီးဇောင်ရယ် ။ ကျုပ် ပိုင်ရှောင်ချန်းက သေခြင်းတရားကို ကြောက်တယ်ထင်တာ ခင်ဗျားက ပထမဆုံးလူမဟုတ်ပါဘူး။ အမှန်က ကျုပ်သေရမှာ တကယ်ကြောက်ပါတယ်။ ဒါပေမယ့် ကျုပ်က အကြောင်းပြချက်မရှိပဲ သေရမှာကို ကြောက်တာ။ ကျုပ် တာဝန်တွေ မပြီးဆုံးသေးပဲ သေရမှာကို ကြောက်တာဗျ ”

ထိုအခိုက်အတန့်တွင် သူသည် ပီတိဖြာနေပြီး စောစောက ဖြစ်ရပ်များကြောင့် နောက်တစ်ချိန်ကျလျှင် သူက တိုက်ပွဲဝင်ရမည်ကို ကြောက်လန့်တုန်လှုပ်နေသည်ဟု မည်သူမျှ ပြောရဲတော့မည်မဟုတ်ကြောင်း သေချာနေပြီ မဟုတ်ပါလော။

“ရှောင်ချန်း…..” ဇောင်ထျန်ကျောက်က အတန်ငယ် တုန်ယင်နေရင်း ပြော၏။

” ကျုပ် ခင်ဗျားရဲ့ သဘောထားကို နားလည်ပါတယ် အစ်ကိုကြီးဇောင် ” ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ ” ဒါကြောင့် ဘာမှ ဆက် ပြောနေစရာမလိုပါဘူး။ တာအိုရောင်ရင်းလီ… တိုက်ပွဲက အခုထိ မပြီးသေးဘူး။ ခင်ဗျားကို ကျုပ်ပေးထားတဲ့ အခွင့်အရေးမပျောက်သွားခင် အမိန့်ပေးသင့်တယ်လို့ ကျုပ်သတိပေးချင်ပါတယ်။ ”

လီဟုန်မင်က ပိုင်ရှောင်ချန်းကို လေးလေးနက်နက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ မဟာတံတိုင်းအပြင်ဘက်ရှိ စစ်မြေပြင်ထံ သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။

မဟာတံတိုင်းပေါ်ရှိ မှော်အမြောက်များသည် အသက်ပြန်ဝင်လာကာ ရန်သူ့စစ်တပ်ထဲ ပေါက်ကွဲစေတတ်သော အလင်းတန်းများ ပို့လွှတ်လိုက်၏။ တစ်ဆက်တည်းမှာပင် များပြားလှသော ကျင့်ကြံသူများသည် နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများကို အထိန်းအကွပ်မဲ့စွာ ထုတ်ဖော်ရင်း လေပေါ်ပျံတက်လာကြလေတော့သည်။

မကြာမီ လေထဲတွင် ထစ်ခြုန်းသံများ မြည်ဟည်းလာလေပြီ။ အမုန်းဝိညာဥ်များက နောက်သို့ဆုတ်ရန် ကြိုးစားနေကြသော်လည်း ပိုင်ရှောင်ချန်းက ဝိညာဥ်စုစည်းဆေးလုံးများကို ပစ်ပေါက်နေလေရာ အတူတကွ စုရုံးနေ၍မရတော့ပေ။ နောက်ဆုံး သူတို့သည် စစ်မြေပြင်ကိုဖြတ်၍ နောက်သို့ ဆက်လက်ဆုတ်ခွာနေကြတော့သည်။

သူက မြောက်မြားစွာသော ဆေးလုံးများကို ပစ်ထုတ်နေသောကြောင့် တဝုန်းဝုန်းအသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ မီတာ၃၀၀အပေါက်ကြီးများ တစ်ခုပြီးတစ်ခုပွင့်ထွက်လာပြီး အဆုံးမရှိသော အမုန်းဝိညာဥ်တန်းကြီးမှာ နောက်ဆုံးတွင် နောက်သို့ စုပ်ယူခံလိုက်ရသည်။ စိတ်မချမ်းမြေ့ဖွယ် အသံများ၊ သွေးပျက်မတတ် စူးစူးဝါးဝါး အော်ဟစ်သံများ တရစပ်ထွက်ပေါ်လာတော့သည်။

ဝိညာဥ်အတန်းကြီး နည်းပါးသွားသဖြင့် သားရဲများနှင့် လူ့ဘီလူးကြီးများမှာ အကာအကွယ်မဲ့သွားပြီး မှော်လက်နက်များအား မခုခံနိုင်ကြတော့ပေ။ မကြာမီ သူတို့သည် ကောက်ရိုးမျှင်အလား သုတ်သင်ခံလိုက်ပြီး အသက်ရှင်ကျန်သူများမှာ သွပ်သွပ်ခါရူးတော့မတတ်ဖြစ်နေကြလေသည်။

လူ့ဘီလူးကြီးများသည် အမုန်းဝိညာဥ်များအပေါ် မှီခိုအားထားနေကြပြီး မဟာတံတိုင်းကို ချီတက်ရန်အတွက် အမြောက်စာအဖြစ် သူတို့ကို အသုံးချကြသည်။ ထိုသည်မှာ မြေရိုင်းဒေသစစ်တပ်၏ အဓိကစစ်နည်းဗျူဟာဖြစ်လေသည်။ သို့သော် ယခုတွင် ထိုဗျူဟာ လုံးဝအသုံးမဝင်တော့ပေ။

လူ့ဘီလူးကြီးများသည် တဆတ်ဆတ်တုန်ယင်နေကြပြီး ဤတိုက်ပွဲတွင် ထူးဆန်းသောအရာများစွာ ဖြစ်ပွားနေလေရာ သူတို့အသက်ရှင်နိုင်ခြေမရှိကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြလေသည်။ ထိုနောက် သူတို့က ရွေးချယ်စရာမရှိသောကြောင့် တပ်ဆုတ်သွားကြတော့သည်။

ယနေ့မတိုင်ခင်က တိုက်ပွဲသည် ညရောက်သည်အထိ ကြာမြင့်သော်လည်း ယခုအချိန်တွင် ညနေခင်းပင်မရောက်သေး ပြီးဆုံးသွားလေပြီ။ အရေခွံဆုတ်တပ်သားများမှာ ဖြစ်ပျက်သွားသည်တို့အား မယုံကြည်နိုင်လောင်အောင် ဖြစ်နေကြ၏။ သူတို့ လူ့ဘီလူးကြီးများ ၊ အမုန်းဝိညာဥ်များကို တိုက်ခိုက်လာခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် ဤကဲ့သို့ အရာတစ်ခုကိုမှ မကြုံတွေ့ခဲ့ဖူးပေ။

မြေရိုင်းစစ်တပ်ဆုတ်သွားသည်နှင့် လီဟုန်မင်က လက်ယှက်ပြီး ပိုင်ရှောင်ချန်းကို အရိုအသေပေးလိုက်သည်။

“တိုက်ပွဲက ခင်ဗျားရဲ့ အကူအညီတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းပိုင်”
သူက စိတ်ရင်းဖြင့်ပြောလိုက်သည်။

မဟာတံတိုင်းကို အကာအကွယ်တစ်ခုအဖြစ် တည်ဆောက်ထားသောကြောင့် ကြောက်မက်ဖွယ်အခြေအနေများ မရှိသေးသရွေ့ ကျင့်ကြံသူများသည် ၄င်းနယ်နိမိတ်အကျော်သို့ အချိန်ကြာမြင့်စွာ သွားမည်မဟုတ်ပေ။ ထို့ကြောင့် လီဟုန်မင်သည်သာလျှင် ပိုင်ရှောင်ချန်းကို လှည့်၍ အရိုအသေပေးခြင်းမဟုတ်ပဲဘဲ နောက်တွင်ရှိနေကြသော ထိုပတ်ဝန်းကျင်ရှိ အရေခွံဆုတ်တပ်သားများအားလုံးသည်လည်း အရိုအသေပေးလိုက်ကြလေသည်။

” ကျုပ်ကို ကျေးဇူးတင်ဖို့မလိုပါဘူး” ပိုင်ရှောင်ချန်းက လေးနက်တည်ကြည်စွာပြောလိုက်၏။
“ ကျုပ် ကောင်းကင်တံတားမြစ်နဲ့ ကောင်းကင်တံတား ပင်လယ်အတွက်၊ ကျုပ်ရဲ့သွေးသောက်ညီအစ်ကိုတွေအတွက်၊ ကျုပ်ရဲ့ဂိုဏ်းအတွက် ဘာမဆိုလုပ်ရဲပါတယ်။ တကယ်တမ်းပြောရရင် ကျုပ်ကပဲ ခင်ဗျားတို့ကို ကျေးဇူးတင်သင့်တာ။ တံတိုင်းကြီးပေါ်မှာ တစ်နှစ်ပတ်လုံး စောင့်ကြပ်နေကြတဲ့ တပ်ဖွဲ့တွေကြောင့်သာမဟုတ်ရင် ကျုပ်တို့ ဘယ်မှာ လုံလုံခြုံခြုံနဲ့ ကျင့်ကြံအားထုတ်နိုင်မလဲ ”

” ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများအပေါင်းတို့။ တာအိုရောင်ရင်းတို့ ။ ခင်ဗျားတို့အားလုံးကို ကျုပ် ကျေးဇူးတင်ပါတယ်”
ထို့နောက် သူက လက်ယှက်၍ လေးနက်စွာအရိုအသေပေးလိုက်လေသည်။

သူ၏ စကားလုံးများကို စိတ်အရင်းအတိုင်း နက်ရှိူင်းသော ခံစားချက်များဖြင့် ပြောလိုက်လေရာ ရှိသမျှလူအားလုံးမှာ ရင်ထဲထိသွားပြီး ပိုင်ရှောင်ချန်းကို ယခင်ကထက်ပို၍ပင် သဘောကျသွားကြတော့သည်။ လီဟုန်မင်မှာမူ အားပါးတရ ရယ်လိုက်ပြီး ပြော၏။
” ညီလေးေဇာင်၊ ညီလေးပိုင်၊ လာကွာ၊ လာ။ ဧည့်ခံကျွေးမွေးဖို့ ကျုပ် ကိုယ်တိုင်စီစဥ်လိုက်မယ်။ ကျုပ်တို့ ပျော်ပျော်ပါးပါးစားကြသောက်ကြတာပေါ့ ”

ထို့နောက် သူက ပြုံးလိုက်ပြီး မဟာတံတိုင်းမှ ထွက်ခွာရန် လမ်းကို ဦးဆောင်သွားလေသည်။

ဤတစ်ကြိမ်တွင် သူ၏သဘောထားများ လုံးဝပြောင်းလဲသွားလေသည်။ လမ်းတစ်လျှောက် သူက မဟာတံတိုင်းမြို့တော်၏ နေရာအများအပြားကို စိတ်လိုလက်ရ မိတ်ဆက်ပေးပြီး မြေရိုင်းဒေသများနှင့်ပတ်သက်၍ သူသိသော အကြောင်းတချို့ကိုပင် သူတို့အားပြောပြလေသည်။ သူက သူတို့ကို တည်းခိုခန်းခေါ်သွားမည့်အစား သူ၏ကိုယ်ပိုင်နေအိမ်သို့ ခေါ်လာ၏။ ထိုနေရာတွင် သူ၏အစေခံများသည် ဧရာမစားသောက်ပွဲကြီးတည်ခင်းထားပြီး သူတို့မှာ အချင်းချင်း ရင်းနှီးလာကြကာ စားကြသောက်ကြတော့သည်။

“ညီလေးဇောင် ၊ မင်း မဟာတံတိုင်းအပြင်ထွက်ရင် အန္တရာယ်တွေပတ်လည်ဝိုင်းနေမှာနော်။ မင်းမှာ အထင်ကြီးလောက်တဲ့နောက်ခံရှိတယ်ဆိုတာ ငါသိပေမယ့် ကိုယ့်ကိုကိုယ်ကို သတိထားဖို့လိုသေးတယ်။ ရော့.. ဒီကျောက်စိမ်းပေလွှာယူလိုက်။ဒါက ငါအပြင်မှာ တာဝန်ထမ်းဆောင်တဲ့ နှစ်တွေအတောအတွင်း စုဆောင်းထားခဲ့တဲ့ မြေပုံအားလုံးပဲ။ နည်းနည်း အသုံးတည့်လောက်မှာပါ” ကျောက်စိမ်းပေလွှာကို ကမ်းပေးလိုက်ပြီးနောက် သူက ဇောင်ထျန်ကျောက်ထံ အရက်ခွက်မြှောက်လိုက်လေသည်။

” ကျေးဇူးအများကြီးတင်ပါတယ်” ဇောင်ထျန်ကျောက်က လေးနက်စွာ ခေါင်းညိတ်လိုက်ရင်း ပြောကာ ကျောက်စိမ်းပေလွှာကို လက်ခံယူလိုက်ပြီး လီဟုန်မင်နှင့်အတူ သောက်လိုက်လေသည်။

“ညီလေးပိုင်… မင်းမှာ ခမ်းနားကြီးကျယ်တဲ့ရည်မှန်းချက်တွေရှိတာ ငါသေချာသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းအကူအညီလိုရင်ပြောသာပြောလိုက် ငါအရောက်လာပေးမယ် ” ပိုင်ရှောင်ချန်းကို ကြည့်နေသော လီဟုန်မင်၏ ရိုးသားသည့်ဟန်အမူအရာကြောင့် သူ့ကို အမှန်တကယ်သဘောကျနေပြီး မိတ်ဆွေဖွဲ့ချင်ကြောင်း သက်သေထူနေလေသည်။

စကားလုံးများဖြင့် ပြန်တုံ့ပြန်မည့်အစား ပိုင်ရှောင်ချန်းက သူ၏အရက်ခွက်ကိုသာ မြှောက်လိုက်ပြီး တစ်ကျိုက်တည်းမော့ချလိုက်လေသည်။ ထို့နောက် သူတို့အားလုံးအတူတူ ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်ကြလေသည်။

ချိန်ယွဲ့ရှန်က သူတို့ကို အပြုံးကလေးဖြင့် ကြည့်နေပြီး ရံဖန်ရံခါ အရက်ခွက်များကို ဖြည့်ပေးနေရင်း ဘေးတွင် ထိုင်နေလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး မကြာမီ ညဥ့်နက်လာတော့သည်။ လူငယ်သုံးယောက်မှာ အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး ရိုးသားစွာ မိတ်ဆွေဖွဲ့ရန်သာ စိတ်ဝင်စားနေကြလေသည်။ သူတို့၏ စကားများသည် ပုံမှန်အတိုင်း စီးဆင်းနေပြီး နားလည်ရခက်သော ကျင့်ကြံခြင်းပြဿနာများအတွက် အမြင်ချင်း ဖလှယ်နေကြလေသည်။ ခြုံံငုံပြောဆိုရလျှင် သူတို့အားလုံးအတွက် အလွန်အကျိုးရှိသော စကားလက်ဆုံကျခြင်းဖြစ်လေသည်။

နောက်ဆုံး၌ အရှေ့ဘက်ကောင်းကင်ယံတွင် ရောင်နီလာနေပြီး ဇောင်ထျန်ကျောက်က အရက်ခွက်ကို ချလိုက်လေသည်။ သူ့ မျက်လုံးများ တလက်လက်တောက်ပနေပြီး အရက်၏သက်ရောက်မှုများကို ဖယ်ရှားရန် ကျင့်ကြံခြင်းအခြေခံကို လည်ပတ်လိုက်ပြီးနောက် ထရပ်လိုက်လေသည်။

” ရှောင်ချန်း၊ အစ်ကိုလီ ၊ ကျုပ် ထွက်သွားဖို့ အချိန်ကျပြီ။ ကျုပ် ပြန်လာရင် ကျုပ်တို့သုံးယောက် နောက်တစ်ခါ အတူတူ သောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ”
ထို့နောက် သူက နှုတ်ဆက်သည့်အနေဖြင့် လက်ယှက်လိုက်လေသည်။ ထို့နောက် ပိုင်ရှောင်ချန်းနှင့် လီဟုန်မင်မှာ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့က အခြားဝိုင်းရှိ သူတို့၏ မိတ်ဆွေများနှင့် နောက်လိုက်များအား နှုတ်ဆက်စကားသွားပြောသည်ကို ကြည့်နေကြလေသည်။ ထို့နောက် သူတို့သည် လိုက်ပါပို့ဆောင်ပေးသော အရေခွံဆုတ်တပ်သား အချို့ခြံရံလျက် ခြံဝင်းထဲက ထွက်ခွာသွားကြတော့သည်။ သူတို့၏ မိတ်ဆွေများနှင့် နောက်လိုက်များအားလုံးသည်လည်း ကိုယ့်လမ်းကိုယ်လျှောက်သွားကြလေသည်။

“လမ်းခရီးမှာ အန္တရာယ်ကင်းအောင် နေပါ အစ်ကိုကြီးဇောင် ” ပိုင်ရှောင်ချန်းမှာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်လေသည်။ သူ၏ နှလုံးသားထဲတွင် ဇောင်ထျန်ကျောက်ကို သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် စိတ်နေစိတ်ထားတို့အတွက် အမှန်တကယ် လေးစားလေသည်။ သူ့နောက်လိုက်ပြီး မြေရိုင်းဒေသသို့ထွက်လိုသော စိတ်ဆန္ဒအနည်းငယ်ကိုပင် ခံစားလိုက်ရသည်။ သို့သော် မည်သို့မျှ မလုပ်နိုင်ခင် ထိုကြောက်စရာကောင်းသော စိတ်ဆန္ဒကို သူအလျင်အမြန်ဖိနှိပ်နိုင်လိုက်လေသည်။

” အစ်ကိုကြီးဇောင်မှာ သူ့လမ်းကြောင်းနဲ့သူ ရှိတယ်… ငါ….ငါ့မှာလည်း လျှောက်ရမယ့် ငါ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းရှိတယ် ” သူသည် အသက်ပြင်းပြင်းရှူရင်း အရက်ခွက်ကို မြှောက်ကာ နောက်ဆုံးလက်ကျန် အရက်ကို လတ်စသတ်လိုက်သည်။

” အရှေ့ပင်လယ်မြို့တော်ကို ပြန်သွားမယ့် ငါ့လမ်းကြောင်း… ” သူကတွေးလိုက်သည်။
” ငါအဲဒီမှာ နှစ်နည်းနည်းနေပြီးမှ ဘာလုပ်ရမလဲ ဆုံးဖြတ်တာပေါ့။ ဒီလို ချာတူးလန်နေတဲ့ နေရာကြီးမှာ လိုတာထက်ပိုပြီး လုံးဝ မနေနိုင်ပေါင်ဘူးကွာ ”
ထိုသည်မှာ သူ လုပ်ဆောင်ရမည့်မှန်ကန်သော လမ်းကြောင်းဟု အခိုင်အမာယုံကြည်ထားကာ ထရပ်လိုက်ပြီး လီဟုန်မင်ကို နှုတ်ဆက်စကားဆိုလိုက်သည်။

” ညီလေးပိုင်ရေ မင်းက ကိုယ့်လမ်းကိုလျှောက်ဖို့ စိတ်စောနေတာ ငါသိပါတယ်။ ငါလဲ အချိန်သိပ်မရဘူးကွာ။ ဆောင်ရွက်ရမယ့် တာဝန်နည်းနည်းရှိနေတယ်လေ။ နောင်တစ်ချိန်ကျ ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ ဘေးတံခါးပေါက်ထိ လိုက်ပို့ပေးပါရစေကွာ ”
ထို့နောက် သူက မဟာတံတိုင်းမြို့တော်၏ ဘေးတံခါးပေါက်တစ်ခုထံ ဦးဆောင်သွားလေသည်။ သူလမ်းလျှောက်နေသည့်တစ်လျှောက် အာရုဏ်ဦး နေရောင်ခြည်တန်းလေးများက သူတို့လမ်းကြောင်းပေါ်သို့ ဖြာကျနေ၏။

ပိုင်ရှောင်ချန်းမှာ ရံဖန်ရံခါ မဟာတံတိုင်းအပြင်ဘက်ရှိ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ရှိရာဘက်သို့ ဆုမွန်ကောင်းများပို့သပေးလိုက်သည်။ မကြာမီ သူနှင့် လီဟုန်မင်တို့က ဘေးတံခါးပေါက်သို့ ရောက်သွားကြလေပြီ။

သူလုပ်ရမည့်အရာအားလုံးမှာ အပြင်ဘက်သို့ ထွက်လိုက်ပြီး ဤနေရာသို့ လာခဲ့သောလမ်းကြောင်းအတိုင်း ပြန်လိုက်ရုံသာ ဖြစ်ပေသည်။

သူက
လီဟုန်မင်ထံ လှည့်လိုက်ရင်း သက်ပြင်းချကာ ပြော၏။
” အစ်ကိုလီ ကျုပ်တို့ ကံကြုံရင် ပြန်ဆုံဦးမှာပါ”

လီဟုန်မင်က တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလေသည်။
” ရှောင်ချန်း… မင်းသိပါတယ်။ မင်းအတွက် ဒီနေရာကအကောင်းဆုံးပဲလို့ ငါခံစားနေရတယ်။ မင်းဘာလို့ အရေခွံဆုတ်တပ်ထဲ ဝင်ဖို့ မစဥ်းစားတာလဲ။ မင်းသာစာရင်းပေးရင် မင်းရဲ့လျှောက်လွှာကို ငါသေချာပေါက် အမြန်လုပ်ပေးမယ်ကွာ ”

“ဟမ် ”
ပိုင်ရှောင်ချန်းသည် လီဟုန်မင်ပြောသောစကားများကို ကြားလိုက်ရသည်နှင့် ရင်လေးနေသောခံစားချက်များပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာတော့သည်။ သူသည် မဟာတံတိုင်းမြို့မှာ လိုအပ်သည်ထက် တခဏလေးပင် ပိုမနေချင်ပေ။ ၄င်းက အလွန်တရာ အန္တရာယ်များလွန်းလှသည်။ သူက ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါရန်ပြင်လိုက်သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် အတန်ငယ်ရှက်စရာ ကောင်းလိမ့်မည်ဟု သဘောပေါက်လိုက်လေသည်။

သူက သက်ပြင်းအခါခါ ချလိုက်ရင်း ပြောလိုက်၏။
” ကျုပ်ဝင်ချင်တာပေါ့ဗျာ။ ကံဆိုးတာက အရေခွံဆုတ်တပ်သားဖြစ်ဖို့ စာရင်းပေးရတဲ့အလုပ်က အင်မတန် ရှုပ်တယ်လေ။ ခင်ဗျားရဲ့ အလုပ်များတဲ့ဘဝကို ကျုပ်ဒုက္ခထပ်မပေးချင်ပါဘူးဗျာ။ တစ်နေ့မှာ ကျုပ်အစွမ်းအစနဲ့ ကျုပ် လုပ်နိုင်မယ်ဆိုရင်တော့ သေချာပေါက် သံမဏိသွေးကြောခန်းထဲမကို ဝင်မယ်။ ကဲအခုတော့.. ကျုပ်သွားတော့မယ် ”
သူသည် လီဟုန်မင်က သူ့ကို ထပ်နေခိုင်းရန် ကြိုးစားလာမည်ကို ထိတ်လန့်လျက် အလျင်အမြန် ထွက်ခွာရန် စိုင်းပြင်းလိုက်လေသည်။

ထိုစဥ် သူ ခြေတစ်လှမ်းမျှ မချရသေးခင် လေးနက်တည်ကြည်သော အသံတစ်သံက လေကိုခွင်း၍ ထွက်ပေါ်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset