လီဟုန်မင်က ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများအကြောင်းရှင်းပြနေစဥ် စစ်ပွဲသုံး မဟူရာမြင်းကြီး၏ ကျောပေါ်ရှိ ခဲရောင်ဝတ်ရုံနှင့်လူသည် လက်ကိုဆန့်တန်းလိုက်ကာ မဟာတံတိုင်းကို လက်ညှိုးထိုးလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် တိုက်ပွဲဝင်သားရဲများစွာက နောက်ကလိုက်လျက် ဧရာမဝိညာဥ်ဧကရာဇ်ဆယ်ကောင်ကျော်သည် ဟိန်းဟောက်ကာ စစ်မြေပြင်သို့ တဟုန်ထိုး ချီတက်လာကြလေသည်။
အမှန်တွင် စစ်မြေပြင်ထဲရှိ အမုန်းဝိညာဥ်အားလုံးကို ဝိညာဥ်ဧကရာဇ်များအဖြစ် အသုံးမပြုရာ သာမန် အမုန်းဝိညာဥ်များစွာသည်လည်း သူ့နောက်မှ ပြေးတက်လာကြလေသည်။
လေထဲတွင် အနက်ရောင် လျှပ်စီးတန်းများခြံရံထားသည့် မဟူရာဝိညာဥ်များနှင့် မှော်လက်နက်များ ကိုင်ဆွဲထားသည့် ဝိညာဥ်များလည်းရှိ၏။ ၎င်းတို့ ရှေ့သို့ ချီတက်လာကြသည်နှင့်အမျှ တောင်တန်းများပြိုလဲ၍ ပင်လယ်များ ခမ်းခြောက်သွားစေနိုင်သည့် ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ တဂျိန်းဂျိန်းထွက်ပေါ်လာတော့သည်။
လူ့ဘီလူးကြီးများသည်လည်း ဟိန်းဟောက်လိုက်ကြကာ မဟာတံတိုင်းထံ ပြေးလာကြပြီး ခဲရောင်ဝတ်ရုံလူနှင့် ဝိညာဥ်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်သာ ဖြစ်ပေါ်နေသော မြင်ကွင်းကိုကြည့်ရင်း မလှုပ်မယှက် ကျန်ခဲ့လေသည်။
တိုက်ပွဲသည် အရှိန်တက်လာပြီး နားကွဲလုမတတ်ထစ်ခြုန်းသံများမှာ လေထဲတွင် ပြည့်နှက်နေလေပြီ။ ဇောင်ထျန်ကျောက်မှာမူ လီဟုန်မင်၏ ရှင်းပြချက်များကို အာရုံစူးစိုက်၍နားထောင်ရင်း တိုက်ပွဲကိုရပ်ကြည့်နေလေသည်။ ဇောင်ထျန်ကျောက်မှာ မြေရိုင်းဒေသများအကြောင်း အတော်များများသိထားသော်လည်း လီဟုန်မင်သည် ဤနေရာတွင် နှစ်ပေါင်းများစွာ ကိုယ်တိုင်တိုက်ခိုက်နေခဲ့လေရာ သိသာထင်ရှားစွာပင် သူ၏နားလည်ခြင်းက ပိုမိုနက်ရှိုင်း၍ ရှင်းလင်းလေသည်။
ပိုင်ရှောင်ချန်းသည် ဝိညာဥ်ကျင့်ကြံသူများနှင့် ခဲဝတ်ရုံလူကို ကြည့်ရင်း နှုတ်ခမ်းသပ်လျက်ရပ်နေလေသည်။ သူ့တွင် ဇောင်ထျန်ကျောက်နှင့် အနည်းငယ်မတူညီသော အမြင်ရှိ၏။ သူသည် မြေရိုင်းဒေသများနှင့် ယခုအချိန်အထိ အတော်ကြာ ပတ်သက်နေခဲ့ပြီး လီဟုန်မင်ထံမှ အချက်အလက်များထပ်သိရလေရာ အလွန်ဝမ်းမြောက်နေတော့သည်။
” အမုန်းဝိညာဥ်တွေ၊ လူ့ဘီလူးကြီးတွေ တစ်ကောင်ကမှ မြေရိုင်းဒေသရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူတွေမဟုတ်ဘူး” သူက တွေးလိုက်သည်။
” တကယ် တာဝန်ရှိတဲ့ လူတွေက အဲဒီကို ပြည်နှင်ဒဏ်ပေးခံရတဲ့ သူပုန်လို့ ခေါ်တဲ့ လူတွေပဲ ”
” အစကတော့ လူနည်းစုပဲ ရှိလိမ့်မယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ တိုးလာပြီး အများကြီးဖြစ်လာတော့တာပဲ။ ဒီမြေက ဘယ်လောက်ခေါင်လဲစဥ်းစားလိုက်ရင် သူတို့မှာ ကျင့်ကြံခြင်းအားထုတ်ဖို့အတွက် ဝိညာဥ်သက်စောင့်အား တွေကို သုံးဖို့က လွဲပြီး ရွေးစရာမရှိတော့ဘူးလေ။ အဲဒါကြောင့်ပဲ သူတို့ကို ဝိညာဥ်ကျင့်ကြံသူတွေလို့ခေါ်ကြတာ”
” အောက်လမ်းဆရာတွေကတော့ ဝိညာဥ်ကျင့်ကြံသူတွေကြားမှာ ထူးချွန်တဲ့လူတွေပဲ။ သူပြောတာက သူတို့တွေက ဝိညာဥ်တွေကို ကိုင်တွယ်တာမှာ ကျွမ်းကျင်တယ်ဆိုတော့ အဲဒီကိစ္စက ဆေးဖော်တာတို့၊ မှော်ပစ္စည်းထုလုပ်တာတို့နဲ့များ တူမလား သိချင်လိုက်တာ ”
ပိုင်ရှောင်ချန်းသည် ထိုအတွေးများထဲ နစ်မြောနေစဥ် ချိန်ယွဲ့ရှန်က ဘဝင်မကျသည့်ဟန်ဖြင့် မေးလိုက်သည်။
” ဝိညာဥ်ကျင့်ကြံသူတွေ များရင်တောင်မှ အောက်လမ်းဆရာတွေက ရှားတယ်ဆိုရင် သူတို့ဒီမှာဘာလာလုပ်နေတာလဲ။ မဟာတံတိုင်းကြီးတစ်ခုလုံးကို အဲဒီအဖွဲ့သေးသေးလေးလောက်နဲ့ သိမ်းပိုက်ဖို့ကို ဘယ်က သတ္တိရလာတာလဲ။ ကျမတို့ ထွက်ပြီး သူတို့ကို တိုက်မှာ မစိုးရိမ်ဘူးလား”
ချိန်ယွဲ့ရှန်သာလျှင် ထိုမေးခွန်းကို စဥ်းစားနေသောသူမဟုတ်ပေ။ ဇောင်ထျန်ကျောက်သည်လည်း ထိုအကြောင်းတွေးနေလေသည်။ ပိုင်ရှောင်ချန်းပင်လျှင် လီဟုန်မင်ကို မျှော်လင့်တကြီးလှမ်းကြည့်လိုက်သည်။
လီဟုန်မင်က မည်သို့မျှ ပြန်မဖြေပေ။ ထိုအစား သူက ညာလက်ကိုဆန့်တန်းလိုက်ရာ လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုပေါ်လာပြီး အမိန့်တချို့ပေးလိုက်ပုံရလေသည်။ ထို့နောက် ဧရာမမှော်အမြောက်ကြီးဆယ်ခုသည် မဟာတံတိုင်းကြီးပေါ်တွင် ရုတ်တရက် လည်လာပြီး အရပ်မျက်နှာတစ်ခွင်သို့ စွမ်းအားကြီး အငွေ့အသက်များ ထုတ်လွှတ်လိုက်၏။ အချိန်အနည်းငယ်ကြာသော် အမြောက်များထံမှ စစ်မြေပြင်ပေါ်သို့ တောက်ပသောအလင်းတန်းများ ပစ်လွှတ်လိုက်သောကြောင့် တဝုန်းဝုန်းအသံများ ကြားလိုက်ရလေသည်။
အလင်းတန်းများ ပတ်ပတ်လည်တွင် လေထုမှာ ပုံပျက်ရှံ့တွသွားပြီး ဝိညာဥ်ဧကရာဇ်များထံ တဟုန်ထိုးပြေးဝင်သွားရာ တချို့မှာ ဖျက်စီးခံလိုက်ရသောကြောင့် သည်းခြေခိုက်လုမတတ် စူးစူးဝါးဝါးအော်လိုက်ကြလေသည်။ အလင်းတန်းများက သူတို့ကို ထောပတ်ကို ဓားပူပူဖြင့် လှီးချလိုက်သည့်အလား ပိုင်းဖြတ်သွားပြီးနောက် ရှေ့သို့ ဆက်သွားကာ လူ့ဘီလူးကြီးများ နှင့် သူတို့နောက်ရှိ ဝိညာဥ်များစွာအား ဖျက်စီးပစ်လိုက်လေသည်။ တခဏအတွင်း အလင်းတန်းသည် အောက်လမ်းဆရာနှင့် နီးကပ်လာလေသည်။
ထိုအလင်းတန်းဆယ်ခုသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ဖျက်စီးနိုင်သည်အထိ စွမ်းအား ကြီးသည့်တိုင်အောင် အောက်လမ်းဆရာနှင့် ဝိညာဥ်ကျင့်ကြံသူများအား ထိမှန်သွားသည်ဝယ် သူတို့၏ခန္ဓာကိုယ်များမှာ အလွယ်တကူပင် ပျောက်ကွယ်သွားတော့သည်။
သူတို့ အသတ်ခံရခြင်းမဟုတ်သည်မှာ သိသာထင်ရှားလှသည်။ သူတို့က စစ်မြေပြင်သို့ သူတို့၏ ပုံစံအစစ်များနှင့်မဟုတ်ပဲ ပုံရိပ်ယောင်သာ ရောက်လာြခင်း ဖြစ်ပေသည်။
ချိန်ယွဲ့ရှန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဇောင်ထျန်ကျောက်၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားလေသည်။ ပိုင်ရှောင်ချန်းပင်လျှင် လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။
လီဟုန်မင်မှာ ချိန်ယွဲ့ရှန်၏ မေးခွန်းကြောင့် အံ့သြဟန်မပြဘဲ ၄င်းကို မျှော့်မှန်းထားနှင့်ပြီးဖြစ်လေသည်။
” ကျုပ် ဒီမဟာတံတိုင်းကို ပထမဆုံးရောက်တုန်းက အဲ့လိုမေးခွန်းတွေရှိခဲ့တယ်။ ကံဆိုးစွာနဲ့ ဘယ်သူမှ ကျုပ်မေးတာမဖြေဘူးလေ။ ဒါနဲ့ ဖြစ်ရပ်တွေကို ကိုယ်တိုင်မျက်လုံးနဲ့ တပ်အပ်တွေ့ပြီးမှပဲ အမှန်တရားကို သိရတာ”
သူက ချိန်ယွဲ့ရှန်ကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်ပြီး ပြော၏။
” မြေရိုင်းဒေသအကြောင်း မင်းတို့ ထင်သလောက် မသိသေးတော့ ကျုပ်စိုးရိမ်တယ်”
” မြေရိုင်းဒေသတွေက ကျုပ်တို့လာတဲ့ ကောင်းကင်တံတားမြစ်ထက်တောင် ကြီးမားကျယ်ပြန့်သေးတယ်။အဲဒီမှာ အမုန်းဝိညာဥ်တွေက အဆုံးမသတ်နို်င်လောက်အောင် များတယ်။ နှစ်ကာလကြာမြင့်နေပြီဖြစ်တဲ့ လူ့ဘီလူးကြီးတွေက သူတို့ သွေးကြောသွေးထဲမှာ စီးဆင်းနေတဲ့ နတ်ဘုရားစွမ်းအင်တွေနဲ့အတူ မွေးဖွားလာခဲ့တာ။ သူတို့ ကြီးပြင်းလာရင် တချို့ဆို မီတာထောင်မြင့်တဲ့ ဘီလူကြီးတွေ ဖြစ်လာတယ်။ ”
” မြေရိုင်းဒေသတွေမှာ ကြားလိုက်ရုံနဲ့တင် မင်းတို့ တုန်လှုပ်သွားစေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲပေါင်းများစွာလည်း ရှိတယ်။ မှတ်ထား.. မြေရိုင်းဒေသတွေကို ရှင်းကုံကျစ်တာအိုဂိုဏ်းကပဲ ခုခံနေရတာမဟုတ်ဘူး။ ကောင်းကင်တံတားမြစ်ဝှမ်းဒေသက ဂိုဏ်းအားလုံး ခုခံနေကြတယ် ”
” ပြီးတော့ ကျုပ်တို့ပဲ နတ်အဆင့်ကျင့်ကြံသူတွေ၊ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတွေရှိတာမဟုတ်ဘူး”
လီဟုန်မင် ဆက်လက်ရှင်းပြနေစဥ် ပိုင်ရှောင်ချန်းသည် အောက်လမ်းဆရာနှင့် ဝိညာဥ်ကျင့်ကြံသူများ ရပ်နေသည့် ကြောက်မက်ဖွယ်တိုက်ပွဲဖြစ်နေသော နေရာကို လှမ်းကြည့်လိုက်သည်။
သူသည် သက်ပြင်းချပြီး ဤသို့သော နေရာတွင်ရောက်နေရခြင်းကို ကျိန်ဆဲနေချိန် ဇောင်ထျန်ကျောက်က ခေါင်းနောက်လှန်၍ အားပါးတရ ရယ်လိုက်ရင်း ပြောလိုက်သည်။
” မြေရိုင်းဒေသတွေမှာ အားနည်းတဲ့ လူတွေသာပြည့်နေရင် လေ့ကျင့်ရေးအတွက် ဘာလို့သွားရဦးမလဲ။ ဝပ်နေတဲ့ ကျားတွေ၊ ပုန်းခိုနေတဲ့ နဂါးတွေ ပြည့်နေတဲ့ အဲဒီနယ်မြေတွေက ကျုပ်အတွက်တော့ အပြည့်စုံဆုံးနေရာပဲ။ ဒါ့အပြင် မြေရိုင်းဒေသတွေမှာ နတ်အဆင့်ကျင့်ကြံသူတွေနဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေတောင်ရှိပြီး အင်အားတောင့်တင်းချင် တောင့်တင်းနေလိမ့်မယ် ။ ဒါပေမယ့် ကျုပ်တို့မှာ ကောင်းကင်ဧကရာဇ် ရှိတယ်လေ”
” ကျုပ်တို့ဘက်မှာ ကောင်းကင်ဧကရာဇ်ရှိေနလို့ကတော့ မြေရိုင်းဒေသဆိုတာ ထာဝရ မြေရိုင်းဒေသပဲ ဖြစ်နေလိမ့်မယ်။ မဟာတံတိုင်းရဲ့ အပြင်မှာ ထွက်နေရပြီး ကျုပ်တို့ရဲ့ ကောင်းကင်တံတားပင်လယ်ကို ဘယ်တော့မှ ညစ်ညမ်းစေလို့မရဘူး ”
ဇောင်ထျန်ကျောက်သည် ထိုစကားများ ကို ရပ်လျက် ပြောလိုက်သည်တွင် အလွန်တရာ ခန့်ညားထည်ဝါနေသည့်ပုံပေါ်နေလေရာ လီဟုန်မင်သည်လည်း သူနှင့်အတူ လိုက်ရယ်လိုက်လေသည်။
” ဟုတ်တာပေါ့။ ကျုပ်တို့မှာ ကောင်းကင်ဧကရာဇ် ရှိနေတော့ မြေရိုင်းဒေသကလူတွေ အမြဲတမ်း အပြင်မှာပဲနေရမှာ။ ”
လီဟုန်မင်က ဇောင်ထျန်ကျောက်ကို ကြည့်လိုက်စဥ် သူ့ မျက်လုံးထဲဝယ် သဘောကျသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
သူတို့နှစ်ယောက် အတူတကွရယ်နေစဥ် ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ရာ သူစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရလေသည်။
” ရှောင်ချန်း.. ဝိညာဥ်တွေအားလုံးကိုကြည့်ပြီး မြေရိုင်းဒေသ ဘယ်လောက်အားကောင်းတယ်ဆိုတာကြားတော့ မင်းကြောက်နေတာလား။ ကျင့်ကြံတယ်ဆိုတာ အခြေခံအားဖြင့် ကောင်းကင်ဘုံကို အာခံတာပဲ။ ဒါကြောင့် ငါတို့ ကျင့်ကြံသူတွေက ငါတို့ကိုယ်ပိုင် မဟာတာအိုတွေကို ဖန်တီးဖို့အတွက် စစ်မြေပြင်ကို လွှမ်းမိုးသင့်တယ်”
သူရဲကောင်းဆန်သော ဇောင်ထျန်ကျောက်နှင့် လီဟုန်မင်ကို မျက်နှာချင်းဆိုင်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူကြောက်လန့်နေသည့်ပုံအပေါ်မခံနိုင်တော့ပေ။ သူတို့ကို စိုက်ကြည့်လိုက်ရင်း သူက ရင်ဘတ်ကို တဖုန်းဖုန်းထုကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။
” ကြောက်တယ်။ ကျုပ်ကြောက်တယ်လို့ ဘယ်သူပြောတုံး။ အဲ့ ဝိညာဥ်ပေါက်စလေးတွေကိုများ ကျုပ်လက်လေးလှန်လိုက်ရုံနဲ့ သတ်နိုင်တယ်ဗျ ”
ဝိညာဥ်များနှင့် ဝိညာဥ်ဧကရာဇ်များ လှိုင်းလုံးကြီးကို ကြည့်ရင်း ပိုင်ရှောင်ချန်းက သူ့စကားများကို ပို၍ ယုံကြည်သွားစေရန်နှင့် သူ မကြောက်ကြောင်း လက်ခံသွားရန်အတွက် တစ်ခုခု လုပ်ပြရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက သူ၏ အိတ်ကို ပုတ်လိုက်ရင်း ဝိညာဥ်စုစည်းဆေးလုံးကို ထုတ်လိုက်လေသည်။
စစ်မြေပြင်ကို အထင်အမြင်သေးစွာ ငုံကြည့်ရင်း သူက ဆေးလုံးကို ပစ်ပေါက်လိုက်သည်။
” ယူလိုက်စမ်း”
ဆေးလုံးများ လေထဲပျံထွက်သွားစဥ် သူက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီးနောက် ၄င်းကို သူ၏လက်ချောင်းဖြင့် ဝှေ့ယမ်းလိုက်လေသည်။
သူထိုသို့လုပ်လိုက်သည်နှင့် ဆေးလုံးသည် ဝိညာဥ်ပင်လယ် အလယ်သို့ ကျသွားပြီး ပေါက်ကွဲသွားတော့သည်။
ချက်ချင်းပင် မီတာ ၃၀၀ ကျယ်သော တွင်းနက်ကြီးတစ်ခုဖြစ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခုပေါ်ထွက်လာတော့သည်။
ထိုနေရာရှိ ဝိညာဥ်များအားလုံးသည် ဟိန်းဟောက်နေပြီး မဟာတံတိုင်းကြီးထံ ချီတက်လာနေကြသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအသံများအားလုံး တိခနဲ တိတ်ဆိတ်သွားလေသည်။ ထိုအချိန်တွင် တံတိုင်းပေါ်ရှိ အရေခွံဆုတ်တပ်သား များ၏မျက်နှာများပေါ်တွင် ရုတ်တရက် တအံ့တသြဖြစ်သွားသော အမူအရာများပေါ်လာတော့သည်။
ထိုမီတာ ၃၀၀ နယ်မြေအတွင်း အမုန်းဝိညာဥ်များအားလုံးမှာ ရုတ်တရက် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ ပေါက်ကွဲသွားသော ဆေးလုံးဘက်သို့စုပ်ယူခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံး ပြောင်တလင်းခါသွားတော့သည်။
အတန်ငယ်ဝေးသောနေရာရှိ ဝိညာဥ်လှိုင်းလုံးကြီးအလယ်တွင် ယခုအခါ မီတာ ၃၀၀ အကျယ်အပေါက်ကြီးရှိနေရာ စိတ်ဝင်စားစရာကောင်းလှသဖြင့် လူတိုင်းလှမ်းကြည့်လိုက်ကြလေသည်။
ဝိညာဥ်များအားလုံး အတူတကွစုပ်ယူခံလိုက်ရပြီးနောက် ခေါင်းအရွယ် ဝိညာဥ်စက်လုံးတစ်ခုဖြစ်သွားပြီး မြေပေါ်သို့ ပြုတ်ကျလာသည်ကို လူအားလုံး အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ တွေ့မြင်လိုက်ရလေသည်။ ထိုဝိညာဥ်စက်လုံးကြီးထဲတွင် အမုန်းဝိညာဥ် တစ်သောင်းကျော်ရှိနေပြီး အားလုံးမှာ စူးစူးဝါးဝါအော်ဟစ်နေကြကာ လွတ်မြောက်ရန် ရုန်းကန်နေကြသော်လည်း အချည်းနှီးပင်။
မဟာတံတိုင်းပေါ်ရှိ ကျင့်ကြံသူများသာ တုန်လှုပ်သွားကြသည်မဟုတ်ချေ။ စစ်မြေပြင်ရှိ လူ့ဘီလူးကြီးများအားလုံး မှင်သက်သွားကြတော့သည်။ အနီးအနားရှိ အမုန်းဝိညာဥ်များမှာ အလိုအလျောက် တုန့်ခနဲ ရပ်သွားကြပြီး လှမ်းကြည့်လိုက်ကြလေသည်။
” ဒါ….ဒါက… ”
လီဟုန်မင်၏ ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး ပြောလိုက်လေသည်။ အစောပိုင်းက သူသည် ပိုင်ရှောင်ချန်းက မျက်နှာရရန်သက်သက် ဆေးလုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်ဟု ယူဆလိုက်သော်လည်း အမှန်တကယ်ထွက်လာသော အကျိုးဆက်ကြောင့် အလွန်အမင်းတုန်လှုပ်သွားတော့သည်။
ဇောင်ထျန်ကျောက်သည်လည်း စစ်မြေပြင်အလယ်ရှိ ပြောင်တလင်းခါသွားသော မီတာ ၃၀၀ အကျယ် စက်ဝိုင်းကြီးနှင့် ဝိညာဥ်စက်လုံးထဲတွင် ရုန်းကန်နေသော အမုန်းဝိညာဥ် တစ်သောင်းကို ကြည့်ကာ မျက်လုံးကြီးများ ပြူးထွက်သွားတော့သည်။ သူက ပင့်သက်ရှိုက်ရင်း အတန်ငယ်ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခုဖြင့် ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်လေသည်။
ချိန်ယွဲရှန်နှင့် အဖွဲ့ထဲရှိ အခြားသူများသည်လည်း ဂိုဏ်းရှိ စိမ်းပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲမှ ပိုင်ရှောင်ချန်း၏ အပြုအမူများကို ရုတ်တရက်သတိရသွားကြလေရာ ရင်တဒိန်းဒိန်းခုန်လျက် ရပ်နေကြလေသည်။
တခဏကြာ တိတ်ဆိတ်သွားပြီးနောက် တံတိုင်းပေါ်ရှိ အရေခွံဆုတ်တပ်သား များမှာ မယုံကြည်နိုင်မှုများ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြပြီး ဆူညံပွက်လောရိုက်သွားကြတော့သည်။
“ဘုရားရေ.. ဘာဖြစ်သွားတာတုံး ”
” ဘာ….အခု သူပစ်လိုက်တာ ဘာမှော်ပစ္စည်းလဲ”
” ဒါက ကြားတောင်မကြားဖူးဘူး။ ယုံတောင်မယုံနိုင်ဘူးကွာ။ အမုန်းဝိညာဥ်တွေအပေါ် အလုပ်ကောင်းကောင်းဖြစ်တဲ့ ဟာမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
“အဲ့လူက ဘယ်သူတုံး ”
သူ၏ ဆေးလုံးမှာ အတော်အတန် အလုပ်ဖြစ်ရုံသာမက လူအများ အာရုံစိုက်လည်း ခံနေရလေရာ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် စိတ်အားတက်ကြွလာတော့သည်။ ထို့ကြောင့် ဝိညာဥ်စုစည်းဆေးလုံးတစ်ပုံတစ်ခေါင်းထုတ်လိုက်ပြီး မာန်သွင်းအော်ဟစ်ကာ တံတိုင်းအပြင်သို့ ပစ်ပေါက်လိုက်ပြီးနောက် မန္တန်လက်ကွက်ဖော်လိုက်လေသည်။
စစ်မြေပြင်တွင် ဝုန်းခနဲအသံများ ထွက်ပေါ်လာပြီး မကြာမီ အမုန်းဝိညာဥ်အမြောက်အမြားထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ ဝိညာဥ်ဧကရာဇ်တစ်ကောင်သည်ပင် ဖမ်းခံလိုက်ရပြီး ဝိညာဥ်စက်လုံးအတွင်း စုပ်ယူခံရခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
တံတိုင်းထိပ်ပေါ်ရှိ ကျင့်ကြံသူလူအုပ်ကြီးမှာ ဆွံ့အမှင်သက်ကာ ရပ်နေကြလေသည်။
ပိုင်ရှောင်ချန်းသည် ထိုတိုးတက်မှုကြောင့် ပို၍ပင် စိတ်လှုပ်ရှားသွား၏။ သူသည် လည်ချောင်းကိုရှင်းကာ ပျော်ရွှင်ဝမ်းမြောက်စွာ မေးကို မော့လိုက်ပြီး သူ၏အကျီလက်ကို ခါလိုက်လေသည်။
” ကျုပ် ကြောက်တယ်လို့ ဘယ်သူပြောလဲ။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ကျုပ် ပိုင်ရှောင်ချန်းက အဲဒီဝိညာဥ်တွေအားလုံးကို ပြာအဖြစ်ပြောင်းလိုက်လို့ရတယ်။ ကျုပ်က သူတို့ကို ကြောက်တယ်လို့များ ထင်နေကြတာလား “