လူ့ဘီလူးကြီးများ၏ သွေးများကြောင့် မြေကြီးများ အရည်ပျော်ကာ ဖြစ်ပေါ်သွားသည့် ကျဥ်းကြီးကို ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်ရင်း သူ၏နှလုံးသားမှာ တုန်ရီသွားတော့သည်။
” သူတို့က လူ့ဘီလူးကြီးတွေမှ မဟုတ်ပဲ။ ”
သူက တွေးနေတော့သည်။
” သူတို့က ပေါက်ကွဲခါနီး ဆေးပေါင်းဖိုတွေနဲ့တောင် ပိုတူနေသေးတယ်။ သူတို့ကိုသတ်ရင် ဒီလိုဆက်ဖြစ်တာ ငါ လုံးဝ မယုံနိုင်ဘူး… ”
ယခင်ကထက်ပို၍ သူ စိုးရိမ်နေပါသော်လည်း လီဟုန်မင်၏ သူ့ကို ကြည့်နေသောအကြည့်များက ပြောင်းလဲသွားကြောင်းကို သတိထားမိလိုက်လေသည်။ ထို့နောက် သူက မေးငေါ့ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
” ဒီလို တိုက်ပွဲမျိုးနဲ့ ငါ့မျက်စိကို အစာမကျွေးရတာတောင် တော်တော်ကြာခဲ့ပြီပဲ။ ကြည့်ရတာ ဒီလိုမျိုး တိုက်ပွဲတွေက အဖြစ်နည်းတဲ့ပုံပဲ။ ”
လီဟုန်မင်၏ ပိုင်ရှောင်ချန်းကိုအထင်သေးမှုများမှာ လျော့နည်းသွားသဖြင့် သူက ပြုံး၍ ရှင်းပြလိုက်သည်။
” ဘယ်ကသာ အဖြစ်နည်းရမှာလဲ။ ဒီလိုမျိုး အသေးစားတိုက်ပွဲလေးတွေက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက် ဖြစ်နေကြပဲ။ ”
ပိုင်ရှောင်ချန်းသည် ထိုသို့သော ရှင်းပြချက်မျိုးကို မကြားချင်သော်လည်း ကြားလိုက်မိသောအခါတွင် သူ၏နှလုံးခုန်နှုန်းမြန်လာရတော့သည်။ တံတိုင်း၏ အလွန်ကို လှမ်းကြည့်လိုက်သောအခါ သူက ဝိညာဥ်ပင်လယ်ကြီးတစ်ခု၊ မရေမတွက်နိုင်သော လူ့ဘီလူးကြီးများနှင့် အချို့သောနေရာများတွင် ရက်စက်ကြမ်းကြုတ်သော ဧရာမသားရဲကြီးများကို တွေ့လိုက်ရတော့သည်။
” ဒါ…ဒါက အသေးစားတိုက်ပွဲ ဟုတ်လား။ ”
သူက တအံ့တသြ တွေးနေတော့သည်။
” အဲ့တာဆို တိုက်ပွဲကြီးတွေဆို ဘယ်လိုများဖြစ်နေမလဲ မသိဘူး။ ” သူ၏ ပတ်ဝန်းကျင်မှ အရာရာတိုင်းမှာ အန္တရာယ်များသည့် ပုံပေါက်နေရုံသာမက တံတိုင်းအပြင်သို့ထွက်ကာ တာဝန်ထမ်းဆောင်ရန် ကျန်သေးသည်ကို အမှတ်ရသွားသောအခါ သူ ခေါင်းခဲသွားရတော့သည်။
လီဟုန်မင်က ခပ်ဟဟပြုံးလိုက်ပြီး ဇောင်ထျန်ကျောက်နှင့် အခြားလူများကိုကြည့်ကာ ဆိုလိုက်သည်။
” ကောင်းပြီ။ တံတိုင်းရဲ့ ထိပ်မှာက အန္တရာယ်အင်မတန်များတယ်။ မင်းတို့လည်း အခုစစ်ပွဲကြီးက ဘယ်လိုလဲဆိုတာ ကြည့်ပြီးသွားပြီဆိုတော့ အောက်ပြန်ဆင်းကြရအောင်။ ”
ပိုင်ရှောင်ချန်းမှာ ထိုစကားကိုလက်ခံရန်ပြင်လိုက်စဥ်မှာပင် ဇောင်ထျန်ကျောက်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် အောက်ဘက်ရှိတိုက်ပွဲကြီးကို ငုံ့ကြည့်ကာ မေးလိုက်သည်။
” အစ်ကိုလီရေ။ ဒီတိုက်ပွဲမျိုးက ဘယ်လောက်ထိကြာတတ်လဲ။ ”
လီဟုန်မင်က ဘေးဘီဝဲယာကို ကြည့်၍ အခြေအနေကို အကဲခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
” ဒီပုံစံတိုင်းဆိုရင်တော့ ဝိညာဥ်တပ်ကြောင်းတွေက ဒီနေ့ညဆို ပြန်ဆုတ်ခွာသွားမယ်ထင်တယ်။ အဲ့တာပြီးရင်တော့ တစ်ရက်နှစ်ရက်လောက် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါပြီ။ ”
” အဲ့လိုဆို ကျုပ် ဒီမှာပဲစောင့်မယ်ဗျာ။ တိုက်ပွဲပြီးသွားတာနဲ့ မြေရိုင်းဒေသထဲသွားပြီး ကျုပ် လေ့ကျင့်ခန်းတွေကို စတင်ချင်လို့ပါ။ ”
ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်က ဤသို့တွေးထားမည်ကို သိထားသဖြင့် လုံးဝ မအံ့သြချေ။
သို့သော် လီဟုန်မင်ကမူ အနည်းငယ် အံ့အားသင့်သွားဟန်ရှိသည်။
” မင်းက မဟာတံတိုင်းရဲ့ အပြင်ကို သွားချင်လို့ ဟုတ်လား။ ”
” ကျုပ် အဲဒါအတွက် ဒီကိုလာခဲ့တာလေ။ မြေရိုင်းဒေသထဲကို သွားချင်လို့ လာခဲ့တာဗျ။ ”
လီဟုန်မင်က ဇောင်ထျန်ကျောက်ကို အသေးစိတ်ထပ်မံ အကဲခတ်လိုက်ပြီး လက်ယှက်ကာ ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။
” ဒီမဟာတံတိုင်းမှာ ကျုပ်တာဝန်ကျခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း မြေရိုင်းဒေသထဲကို ထွက်သွားပြီး ပြန်မလာနိုင်တဲ့ လူတွေကို ကျုပ်ရေတောင် မရေတွက်နိုင်တော့ဘူး။ တာအိုရောင်းရင်း ဇောင်ရေ။ မင်းမှာ ဒီလောက်အံ့သြဖွယ်ကောင်းတဲ့ ရာထူးအဆင့်အတန်းရှိတာတောင်မှ ဒီလိုမျိုး ရည်ရွယ်ချက်ကိုလက်ကိုင်ထားတာ လေးစားစရာပါပဲ။ မင်းရဲ့ခရီးလမ်းဘေးကင်းပါစေလို့ ကျုပ်မျှော်လင့်ပါတယ် တာအိုရောင်းရင်း။ ”
ဇောင်ထျန်ကျောက်မှာ အားပါးတရရယ်မောကာ ချိန်ယွဲ့ရှန်ကို လှမ်းကြည့်လိုက်သည်။
သူမက သူမ၏ပါးစပ်ကိုလက်ဖြင့်အုပ်ကာ သူမ၏ အပြုံးကိုဖုံးကွယ်လိုက်ပြီး စကားတစ်ခွန်းမှမပြောပဲ ဇောင်ထျန်ကျောက်၏ ဘေးတွင်ဝင်ရပ်လိုက်သည်။ သူမဆိုလိုသည့် အဓိပ္ပါယ်မှာ ထင်ရှားပေသည်။ ဇောင်ထျန်ကျောက် မည်သည့်နေရာသို့သွားသွား သူမက မခွဲတမ်းလိုက်မည်သာ ဖြစ်သည် ဟူ၍ပင်။ အပြင်ဘက်တွင် အန္တရာယ်များနှင့်ကြုံတွေ့နိုင်ပြီး သူမသည် ဂိုဏ်းထဲရှိ လူချစ်အများဆုံး မိန်းမပျိုတစ်ယောက် ဖြစ်နေစေကာမူ ဤအချိန်တွင် ထိုအရာများမှာ သူမအတွက် အရေးမပါတော့ချေ။
ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်နှင့် ချိန်ယွဲ့ရှန်၏ မိတ်ဆွေရင်းနှစ်ယောက်မှာ မည်သည်ကိုမှ မပြောပေ။ အစထဲက သူတို့သည် ဇောင်ထျန်ကျောက်၊ ချိန်ယွဲ့ရှန်တို့နှင့် အတူ လိုက်ပါသွားရန် စီစဥ်ထားကြသော်လည်း စောစောက ကြောက်မက်ဖွယ်တိုက်ပွဲကြီးကို မြင်လိုက်ရသည့်အတွက် တုန်လှုပ်နေကြလွန်းသဖြင့် သူတို့၏မျက်နှာပေါ်မှ အရှက်တရားများကို ဖုံးကွယ်ရန် မြေကြီးကိုသာ ငုံ့ကြည့်နေနိုင်တော့သည်။
ဇောင်ထျန်ကျောက်ကမူ ထိုအချင်းအရာကို ဂရုစိုက်ပုံမပေါ်ပေ။ သူက အားရပါးရ ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။
” ရှောင်ချန်းရေ…ငါတို့နဲ့ အတူ လိုက်မလား။ ”
ထိုအခါ ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်တော့သည်။ သူသည် နှောင်းပိုင်းအမြုတေအဆင့်တွင်သာ ရှိသေးသည်ဖြစ်၍ မြေရိုင်းဒေသဆီသို့ ထွက်ခွာရန်မှာ အကြံကောင်းတစ်ခုမဟုတ်ဟု တွေးထားသည်။
မဟာစက်ဝန်းအဆင့်သို့ ရောက်မှသာလျှင် သူက ထွက်ခွာရန် ဆုံးဖြတ်ထားသည်။ ထိုအချိန်ရောက်မှာသာ သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်လိမ့်မည်ဟု သူက တွေးထားသည်။ ထိုမှသာ သူသည် အပြင်ဘက်သို့သွားကာ လျင်မြန်စွာပြန်လာပြီး သူ့ကိုယ်သူ အန္တရာယ်ကင်းအောင်လုပ်နိုင်လိမ့်မည်။
နောက်ဆယ်နှစ်ကို ဤပုံစံဖြင့် တောင့်ခံကာ ကျော်ဖြတ်ပြီးလျှင် ဂိုဏ်းသို့ပြန်ကာ သူ၏ နတ်အဆင့်ဝိညာဥ်ကို ဓာတ်ကြီးငါးပါး နတ်အဆင့်သားရဲဝိညာဥ်တစ်စုံနှင့် လဲလှယ် နိုင်လိမ့်မည်။ သူသည် လွယ်ကူရိုးရှင်းကာ ဘေးကင်းသည့်နည်းဖြင့် ယင်ယန်ဝိညာဥ်အဆင့်သို့တက်လှမ်းမည့်နည်းလမ်းကို သုံးရလိမ့်မည်။
ထိုသို့တွေးတောလိုက်ပြီးသောအခါ ပိုင်ရှောင်ချန်း၏ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာလာတော့သည်။ ထို့ကြောင့် သူ့ဆုံးဖြတ်ချက်အကြောင်းကို ရှင်းပြသင့်၊ မရှင်းပြသင့်တွေးတောနေချိန်တွင် ရုတ်တရက် ဘေးပတ်ပတ်လည်ရှိ အရေခွံဆုတ်တပ်သားများထံမှ အလန့်တကြားအော်ဟစ်သံများကို ကြားလိုက်ရေလသည်။
ထိုနေရာတစ်ဝိုက်ရှိ လူများစွာ၏ မျက်နှာများကို အံ့အားသင့်မှုများက ဖုံးလွှမ်းနေပြီး စိတ်စွမ်းအင်မှာ အလွန်အားနည်းနေပါသော်လည်း လူများစွာမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
ထိုသို့ ရုတ်ချည်းပြောင်းလဲမှုကြီးကြောင့် ပိုင်ရှောင်ချန်း၊ ဇောင်ထျန်ကျောက်နှင့် အခြားလူအားလုံးမှာ ကြက်သေသေနေရတော့သည်။ တိုက်ပွဲကြီးကို လှမ်းကြည့်လိုက်သောအခါ အဆုံးမဲ့ရှည်လျားနေသည့် ဝိညာဥ်တပ်ကြောင်းကြီးက ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။
ထိုဝိညာဥ်များမှာ နောက်သို့ပင်ဆုတ်ခွာသွားနေကြသည်။ တချိန်ထဲမှာပင် သူတို့၏ မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်ဖွယ် အမူအရာများလည်း မရှိတော့ပဲ အသိဥာဏ်များ ဝင်လာသည့်အလား ဖြစ်သွားကြသည်။ ထိုမြင်ကွင်းမှာ အလွန်ထူးဆန်းလွန်းလှပြီး သူတို့ထံတွင် ထိုသို့သောအမူအရာများကို တစ်ခါမှ မမြင်ဖူးချေ။
ထိုမျှသာဆိုပါက ရေးကြီးခွင်ကျယ်ဖြစ်နေကြမည်မဟုတ်ပေ။ သို့သော်လည်း တဒင်္ဂအကြာတွင် ထို အမုန်း ဝိညာဥ်များက သူတို့၏ ဦးခေါင်းများကိုနောက်ပစ်၍ စူးရှစွာ အော်ဟစ်လိုက်ကြပြီး တချိန်ထဲမှာပင် တစ်ခုမှ တစ်ခုစီသို့ ပြေးသွားကြပြီး အုပ်စုများအဖြစ် စုဝေးသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာကျော်ရှည်လျားသည့် ဝိညာဧကရာဇ်ကြီးများ စစ်မြေပြင်တွင် ပေါ်ပေါက်လာတော့သည်။ သူတို့၏ ပခုံးများမှာ ကျယ်ဝန်းပြီး မရေမတွက်နိုင်သည့် ဝိညာဥ်များစွာနှင့် ပြုလုပ်ထားသော ကြွက်သားတောင့်တင်းသည့်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကာ ဧကရာဇ်တစ်ယောက်ချင်းစီမှာ မတူညီသော မှော်လက်နက်များကို ကိုင်ဆောင်ထားြကသည်။ သူတို့၏ မြင်ကွင်းနှင့်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်ရီသွားနိုင်သည်။
ထို ဝိညာဥ်ဧကရာဇ် ဆယ်ယောက်ကျော်က ကြောက်မက်ဖွယ်အော်ဟစ်လိုက်ကြပြီး မှော်လက်နက်များကို အံ့သြဖွယ်ကောင်းစွာ ဝှေ့ယမ်းနေကြသည်။
ပိုင်ရှောင်ချန်းသည် ထိုဝိညာဥ်ဧကရာဇ်များကို တွေ့လိုက်ရသောအခါ မျက်လုံးများပြူးသွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ နတ်မီးလျှံစမ်းသပ်ပွဲ၏ စိမ်းပြာရောင်အဆင့်ထဲတွင် သူကြုံတွေ့ခဲ့ရသည့် ဝိညာဥ်ဧကရာဇ်ကြီးကို ပြန်လည် အမှတ်ရသွားတော့သည်။
ထိုစဥ်က ဝိညာဥ်ဧကရာဇ်ကြီးမှာ ယခုအရာများနှင့် တစ်ပုံစံထဲပင်။
” ဒါ….ဒါ… ”
စစ်မြေပြင်ပေါ်ရှိ ကြောက်မက်ဖွယ် ဝိညာဥ်ဧကရာဇ်များမှာ စွမ်းအားအလွန်ကြီးမားသဖြင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဥ်၍ ရနိုင်သည်။
ထို ဝိညာဥ်ဧရာဇ် ဆယ်ယောက်ကျော်အပြင် အခြားဝိညာဥ်များနှင့်မတူညီသော ဝိညာဥ်အမျိုးအစားအချို့ကိုလည်း စစ်မြေပြင်ပေါ်တွင် ပိုင်ရှောင်ချန်းက မြင်လိုက်ရသေးသည်။
ပုံမှန် အမုန်း ဝိညာဥ်များမှာ အသိဥာဏ်ရှိသည် မဟုတ်ပဲ မှော်ပစ္စည်းများကိုလည်း အသုံးမပြုနိုင်ပေ။ သူတို့မှာ အများအားဖြင့် မသိစိတ်အတိုင်းပြုမူကြခြင်းသာဖြစ်ပြီး မီးခိုးများကဲ့သို့ ဝေဝေဝါးဝါးသာ မြင်ရသည်။ သို့သော် ယခုတွင်မူ စစ်မြေပြင်ပေါ်ရှိ ပုံရိပ် ခုနစ်ခု၊ရှစ်ခုခန့်မှာ ရှည်လျားကာ သူတို့၏ ဦးခေါင်းနှင့် မျက်နှာများကိုပင် မမြင်နိုင်လောက်အောင် ဖုံးအုပ်ထားသော ခေါင်းစွပ်များပါသည့် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည်။
မည်သည့်အချိန်က သူတို့ ပေါ်လာသည်ကို အတိအကျသိရန် မဖြစ်နိုင်ပေ။ ယခုတွင်မူ သူတို့မှာ လေပေါ်တွင် ပျံဝဲကာ သူတို့၏ဘေးပတ်လည်တွင် အနက်ရောင်လျှပ်စီးများက တဖျတ်ဖျတ်လက်ကာ ဝန်းရံနေသည်။
သားရဲပုံစံနှင့်တူသည့် အမုန်း ဝိညာဥ်များလည်း ရှိသေးသည်။ သူတို့မှာ လက်ထဲတွင်ဧရာမလက်နက်ကြီးများကို ကိုင်ကာ ရှေ့သို့ပြေးလာနေသည်။
ထို့အပြင် ခပ်လှမ်းလှမ်း တစ်နေရာတွင် မီးခိုးများက ဝဲဂယက်ထကာ စစ်ပွဲသုံး မြင်းတစ်ကောင်ပုံစံပြောင်းလဲသွားသည်။ ထိုမြင်းကြီးမှာ နီမြန်းနေသည့် မျက်ဝန်းများရှိပြီး ခွာများပတ်ပတ်လည်တွင်လည်း မီးတောက်များက ဝန်းရံနေတော့သည်။
ထိုမဟူရာမြင်းကြီး၏ အပေါ်တွင်ထိုင်နေသူမှာ ခဲရောင်ဝတ်ရုံနှင့် လူတစ်ယောက်ဖြစ်သည်။
ထိုလူသည် ဝိညာဥ်မဟုတ်သည်မှာသေချာပြီး လူရိုင်းတစ်ယောက်လည်း မဟုတ်ပေ။ သူသည် …. ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့မဟုတ် ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူသည်ဟု ပြောလျှင် ပိုမှန်ကန်လိမ့်မည်။ ထိုသူမှာ အရပ်ရှည်ကာ ပိန်ပါးပြီး မြင်း၏ဇက်ကြိုးများကို ကိုင်ထားသည့် သူ့လက်၏ အရေပြားများမှာ ဖြူဆွတ်နေကာ အညစ်အကြေးလုံးဝကင်းစင်နေသည့် အလား ထင်မှတ်ရသည်။
သူသည် တစ်နည်းတစ်ဖံု ကျက်သရေရှိနေပြီး ပုံမှန်လူများနှင့် မတူပေ။ ထို့အပြင် သူသည် တစ်ယောက်ထဲမဟုတ်ချေ။ သူ၏ ဘယ်ညာတွင် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ထားသော်လည်း ကြည့်ကောင်းသည့် အမျိုးသား၊အမျိုးသမီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ သူတို့က နေရာမှာပင် ရပ်ရင်း တံတိုင်းကို အေးစက်တောက်ပနေသည့် မျက်ဝန်းကြီးများဖြင့် စိုက်ကြည့်နေစဥ် သူတို့ထံမှထွက်ပေါ်လာသည့် ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များအရ သူတို့က အမြုတေအဆင့်မှဖြစ်ကြောင်း သိနိုင်သည်။
ချက်ချင်းပင် သူတို့၏အနီးအနားရှိ လူ့ဘီလူးကြီးများမှာ ချစ်ကြောက်ရိုသေလေးစားမှုများ ပြည့်နှက်နေသည့် မျက်နှာများဖြင့် ဦးညွှတ်လိုက်ကြပြီး လက်ယှက်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းက ထိုမဟူရာမြင်းကြီးကို မြင်လိုက်ရသောအခါ သူပထမဆုံးတွေးမိသည်မှာ ဘရူဆာပင်ဖြစ်သည်။ ထို့နောက် သူက ထိုမြင်းပေါ်ရှိ ခဲရောင်ဝတ်ရုံနှင့် လူကိုသေချာ ကြည့်လိုက်သောအခါ ထိုသူမှာ တစ်ခုခုကွဲပြားနေကြောင်း သိလိုက်သည် ။
သူသည် ဝိညာဥ်များနှင့် လူ့ဘီလူးကြီးများကို တစ်ယောက်ထဲနှင့် ချုပ်ကိုင်နိုင်သည့် ဘုရင်တစ်ပါးပုံစံပေါ်နေသည်။ ထိုအခါ သူသည် မည်သည့်အကြောင်းကြောင့် မသိပဲ ချင်းမေ့ယွမ်နှင့် သူမကိုယ်စားပြုသော အဖွဲ့အကြောင်းကို တွေးမိနေတော့သည်။
လီဟုန်မင်က ထိုခဲရောင်ဝတ်ရုံနှင့်လူကို တွေ့လိုက်သောအခါ သူ၏အမူအရာမှာပြောင်းလဲသွားသည်။
” ဒီလိုအသေးစား တိုက်ပွဲမျိုးမှာ ဝိညာဥ်ကျင့်ကြံသူတွေနဲ့ အောက်လမ်းဆရာတွေကိုပါ မြင်ရလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ ”
ဇောင်ထျန်ကျောက်က ထိုခဲရောင်ဝတ်ရုံနှင့်လူကို ငေးကြည့်ရင်း အေးစက်မှုများဖုံးလွှမ်းလာနေသည့် နှလုံးသားဖြင့် မေးလိုက်တော့သည်။ ” ဝိညာဥ်ကျင့်ကြံသူ…. အောက်လမ်းဆရာ…. ဟုတ်လား။ ”
” မြေရိုင်းဒေသမှာ ” လီဟုန်မင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
” အမုန်း ဝိညာဥ်တွေက အဆင့်အနိမ့်ဆုံးနဲ့ အားအနည်းဆုံး။ သူတို့ရဲ့အထက်မှာ လူ့ဘီလူးကြီးတွေ။ အဲ့တာပြီးရင် ဝိညာဥ်ကျင့်ကြံသူတွေ။ ထိပ်ဆုံးမှာကတော့ အောက်လမ်းဆရာတွေပေါ့။ ဝိညာဥ်ကျင့်ကြံသူတွေဆိုတာက လူ့ဘီလူးကြီးတွေကို ကျွန်လိုခိုင်းတဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေ။ သူတို့က ကျင့်ကြံတဲ့နေရာမှာ သုံးဖို့စိတ်စွမ်းအင်မရှိတော့ အစားထိုးအနေနဲ့ စိတ်စွမ်းအင်အစား ဝိညာဥ်သက်စောင့်အားကို သုံးလို့ သူတို့ကို ဝိညာဥ်ကျင့်ကြံသူတွေလို့ခေါ်တာ။ ”
” စွမ်းအားအကြီးဆုံး ဝိညာဥ်တွေကိုဖမ်းယူတဲ့လူတို့၊ ဝိညာဥ်ထိန်းချုပ် ပညာရပ်တွေကိုတတ်မြောက်ထားတဲ့လူတို့၊ ဝိညာဥ်ကျင့်ကြံသူတွေသုံးလို့ရအောင် ဝိညာဥ်သက်စောင့်အား ထုတ်ယူပေးတဲ့လူတို့ဆိုတာ မြေရိုင်းဒေသမှာ အင်မတန် ရှားပါပြီး အလွန်အမင်း မြှောက်စားခံရတယ်။ အဲ့လူတွေကတော့ အောက်လမ်းဆရာတွေပဲ။”
” အောက်လမ်းဆရာတွေဆိုတာ ကြောက်စရာကောင်းတဲ့ လူတွေပဲ။ သူတို့တစ်ယောက်ချင်းစီတိုင်းက အင်မတန် အစွမ်းထက်ပြီး ဝိညာဥ်တွေကိုထိန်းချုပ်နိုင်၊ အတူတကွပေါင်းစည်းနိုင်ရုံသာမက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာတောင် ဝိညာဥ်တွေကို ထည့်ထားနိုင်ပြီး ကြောက်မက်ဖွယ်စွမ်းအားတွေကို ထုတ်ဖော်နိုင်တယ်။ “