Switch Mode

အခန်း ( ၄၆၈ )

လူ့ဘီလူးကြီးများ

သူတို့ရောက်ရှိနေသော နေရာသည် မြို့အစွန်နှင့်အတန်ငယ်ကွာဝေးသောေနရာတွင် ရှိပြီး တံတိုင်းနှင့် ထိစပ်နေသည်။ လီဟုန်မင်က သူတို့အားဦးဆောင်ခေါ်သွားသော်လည်း မဟာတံတိုင်းဆီသို့ ရောက်ရန် အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းသည့်အချိန် ကြာမြင့်ခဲ့သည်။

ပိုင်ရှောင်ချန်းသည် နေရာမှာပင် မတ်တတ်ရပ်လျက် မဟာတံတိုင်းကြီးကိုမော့ကြည့်ရင်း ၎င်းမှာ မွန်းကြပ်ဖွယ်ကောင်းသည့်အတွက် သူ့ကိုယ်သူ အရေးမပါသကဲ့သို့ ခံစားလိုက်ရသည်။

ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်မှာလည်း ထိုနည်းတူ ခံစားလိုက်ရပြီး အဖွဲ့ထဲရှိအခြားသူများမှာလည်း အလားတူခံစားလိုက်ရသည်။ တံတိုင်းကြီး၏ခန့်ညားထည်ဝါသောဖိအားက သူတို့၏နှလုံးသားများအား မောဟိုက်ကာ သူတို့၏သွေးများအား ဆူပွက်သွားစေပြီး ကျင့်ကြံခြင်းအခြေခံများကိုလည်း လျင်မြန်စွာ လည်ပတ်သွားစေသည်။

သူတို့၏ တုံ့ပြန်ချက်များက လီဟုန်မင်၏ အထင်သေးမှုအား ပို၍မြှင့်တက်သွားစေသည်။

” ကောင်းပြီ..လှေကားပေါ်တက်လိုက်ကြ။ ခဏလေးအတွင်းမှာ စစ်ပွဲကဘယ်လိုဆိုတာကို မင်းတို့ ခံစားသိရှိသွားလိမ့်မယ်”
လီဟုန်မင်က လှေကားများအပေါ်တက်လိုက်သည်နှင့်တပြိုင်နက် နေရာအနှံ့ဂယက်ထသွားပြီး တံတိုင်း၏ထိပ်ဆုံးအထိ ဦးတည်နေသည့်လှေကားထစ်ပေါင်း တစ်သောင်းကျော် ထွက်ပေါ်လာသည်။

ဇောင်ထျန်ကျောက်က ချက်ချင်းပင်အရှေ့သို့ သွားလိုက်ပြီး ချိန်ယွဲ့ရှန်ကလည်း နောက်မှလိုက်ကာ ပထမခြေလှမ်းတွင် ခဏတာရပ်တန့်သွားပြီးနောက် လီဟုန်မင်အနောက်သို့ အလျင်အမြန်လိုက်သွားလေသည်။

ပိုင်ရှောင်ချန်းရပ်နေသည့်နေရာမှ တံတိုင်းအပြင်ဘက်တွင် ဖြစ်ပျက်နေသောအရာမှန်သမျှကိုမကြားရသော်လည်း လှေကားပေါ်သို့တက်လိုက်သည်နှင့် ချက်ချင်းပင် စူးရှသောအော်ဟစ်သံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများကို ကြားလိုက်ရသည်။ တချိန်တည်းမှာပင် သူက စစ်ပွဲတွင်ဝင်ရောက်ဆင်နွှဲလိုသည့်စိတ်ဓာတ်များ တက်ကြွလာသကဲ့သို့ သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်သွားလေသည်။

” တစ်ခုခုပဲ..”
သူကတွေးမိလိုက်သည်။ ပတ်ဝန်းကျင်အား ခဏတာကြည့်ရှုပြီးနောက် သူက အခြားသူများအနောက်သို့ အလျင်အမြန်လိုက်သွားလေသည်။

မကြာမီ သူ၏ခြေထောက်အောက်ခြေရှိ လှေကားထစ်များမှာ မှုန်ဝါးလာပြီး ကြောက်မက်ဖွယ်အော်ဟစ်သံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများမှာ ပို၍ပြင်းထန်လာသည်။ မကြာမီ သူကနောက်ဆုံးသောလှေကားထစ်ပေါ်သို့ရောက်သွားပြီး တံတိုင်းထိပ်သို့ရောက်ရှိသွားသည်။ ထိုအချိန်တွင် စစ်ပွဲ၏တိုက်ခိုက်သံများက သူ၏နားအတွင်းသို့ ကျယ်လောင်စွာဝင်ရောက်လာသည်။

သူက မချိတင်ကဲအော်ဟစ်သံများ၊ ဒေါသတကြီးဟိန်းဟောက်သံများ၊ ကြမ်းတမ်းသည့်ရယ်မောသံများအား မြေပြင်နှင့် ကျောက်တောင်ကြီးများပင်လှုပ်ခါသွားစေနိုင်သော တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ကြားလိုက်ရသည်။

တံတိုင်းကြီး၏ထိပ်မှာ လူတစ်ရာကင်းလှည့်နိုင်သည်အထိ လွန်စွာကျယ်ပြန့်လေသည်။ သို့တိုင်အောင် ထိုနေရာတွင် အရေခွံဆုတ်တပ်ဟူသောစာသားများရေးထိုးထားသည့် အနက်ရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော ကျင့်ကြံသူများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ သူတို့၏ လူသတ်ငွေ့များမှာ မိုးထိအောင်ပင် မြင့်တက်နေသည်။

သူတို့ထဲမှအချို့မှာ ကြီးမားလှသော မှော်အမြောက်ကြီးများဖြင့် အလုပ်လုပ်နေပြီး တံတိုင်းအပြင်ဘက်ရှိနေရာဆီသို့ ပေါက်ကွဲနိုင်သော အလင်းတန်းများ ပို့လွှတ်နေသည်။ အခြားသူများမှာ မြို့ရိုးထက်တွင်ရှိနေကြပြီး အမျိုးမျိုးသောမှော်သိုင်းပညာရပ်များနှင့် စွမ်းအားပြည့်ဝသောတိုက်ခိုက်မှုများကို ထုတ်ဖော်နေကြသည်။

အချို့မှာ တံတိုင်းထိပ်မှပျံသန်းသွားပြီး အမုန်းဝိညာဥ်အုပ်စုလိုက်ဖြစ်နေသော မြူခိုးပမာ တိမ်တိုက်များနှင့် တိုက်ခိုက်နေကြသည်။

ပိုင်ရှောင်ချန်း၏စိတ်ထဲသို့ နားပင်းစေလောက်သည့် စစ်ပွဲ၏တိုက်ခိုက်သံများ ပြင်းပြင်းထန်ထန်ဝင်ရောက်လာပြီး သူသည်လည်း ထိတ်လန့်အံ့သြမှုကြောင့် ပင့်သက်ရှိုက်သွားလေသည်။ သို့သော်လည်း သူက အလျင်အမြန်ဣန္ဒြေဆည်လိုက်ပြီး လီဟုန်မင်အား လှည့်ပတ်၍ရှာဖွေလိုက်ရာ လီဟုန်မင်ကသူ့အား အံ့အားသင့်စွာစိုက်ကြည့်လာလေသည်။

ထိုအခိုက်အတန့်တွင် သူက ပထမဦးဆုံးအသိဝင်လာသူဖြစ်လေသည်။ ဇောင်ထျန်ကျောက်နှင့် အခြားသူများအနက် စစ်မြေပြင်၏ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကိုကြည့်၍ မည်သူမျှ အသိဝင်လာခြင်းမရှိသေးပေ။

ပိုင်ရှောင်ချန်းမှာ အဖွဲ့ထဲတွင်ပထမဦးဆုံးအသိဝင်လာသူဖြစ်ပြီး ထိုအဖွဲ့ကို လက်ပိုက်ကာ မတ်တပ်ရပ်၍ကြည့်နေသည့် လီဟုန်မင်အား အတော်အသင့်အံ့အားသင့်သွားစေခဲ့သည်။ သူ ကြုံတွေ့ခဲ့ရသည့်နှစ်များတစ်လျှောက်တွင် ထိုကဲ့သို့သော ကြည့်ရှုလိုသူများ မဟာတံတိုင်းဆီသို့လာရောက်သည်ကို တွေ့ခဲ့ဖူးပြီး အစစ်အမှန်စစ်ပွဲကို ပထမဦးဆုံးအကြိမ် တွေ့ဖူးသူတိုင်း အသိပြန်ဝင်ရန် အချိန်အနည်းငယ်လိုအပ်ခဲ့သည်။

အနည်းဆုံးအနေဖြင့် ထိုသို့အသိဝင်ရန် အသက်ရှူကြိမ်အနည်းငယ်မျှလိုအပ်သည်။ သို့သော်လည်း သူ၏ရှေ့မှောက်မှ အမည်မသိကျင့်ကြံသူက အသိဝင်ရန်အသက်တစ်ကြိမ်ရှူစာမျှသာ လိုအပ်ခဲ့သည်။ တကယ်တမ်းကြည့်လိုက်လျှင် ၎င်းမှာအနည်းငယ်ပိုမြန်ခြင်းသာဖြစ်နိုင်သည်။ ကြည့်ရသည်မှာ ထိုလူငယ်က စစ်ပွဲများနှင့် အစိမ်းသက်သက် ဖြစ်ဟန် မတူချေ။

မှန်ပေသည်။ ဇောင်ထျန်ကျောက်၊ အခြားအဖွဲ့ဝင်များနှင့် နှိုင်းစာလျှင် ပိုင်ရှောင်ချန်းက စစ်ပွဲအတွေ့အကြုံပိုရှိလေသည်။ အောက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများတွင် ကြုံတွေ့ခဲ့ရသောအရာအားလုံးကြောင့် သူက စစ်ပွဲများနှင့် တစ်ဖက်ကမ်းခတ်ရင်းနှီးနေပြီဖြစ်သည်။

သို့သော် သူကစစ်ပွဲများနှင့် အကျွမ်းတဝင်ရှိသော်ငြားလည်း တံတိုင်းထိပ်ရှိကျင့်ကြံသူများ၏တိုက်ခိုက်မှုများနှင့် အထူးသဖြင့် မှော်အမြောက်ကြီးများ၏ တိုက်ခိုက်မှုများကိုတွေ့မြင်လိုက်ရသောကြောင့် ထိတ်လန့်အံ့သြသွားခြင်းဖြစ်သည်။ ထို့အပြင် တံတိုင်း၏အပြင်ဘက်တွင်ဖြစ်ပျက်သမျှက သူ၏အာရုံစိုက်မှုကို အလျင်အမြန် ယူဆောင်သွားခဲ့သည်။

တံတိုင်း၏အပြင်ဘက်တွင် နှစ်ပေါင်းများစွာ မီးတောက်မီးလျှံများကြောင့် အနီရောင်စွန်းထင်းနေသည့်အလား ကောင်းကင်ကြီးမှာ ကြက်သွေးရောင် ဖြစ်နေသည်။ အပြင်ဘက်ရှိမြေကြီး၌ပင် အနီရောင်တောက်ပနေပြီး မဟာတံတိုင်းအတွင်းရှိ အနက်ရောင်မြေဆီလွှာနှင့် နှိုင်းယှဥ်လျှင် သိသိသာသာကွဲပြားနေသည်။

တံတိုင်း၏အောက်ခြေဘက်တွင် အလွန့်အလွန်များပြားလှသည့် အမုန်းဝိညာဥ်များရှိလေသည်။ သူတို့၏မျက်နှာများတွင် ရက်စက်ကြမ်းကြုတ်သည့်အမူအယာများ ထင်ဟပ်နေပြီး စူးစူးဝါးဝါးအော်ဟစ်ကာ သူတို့၏ရှိသမျှအင်အားကိုသုံး၍ တံတိုင်းကိုဖျက်စီးရန်ကြိုးစားနေကြသည်။

သူတို့မှာ ယောက်ျား၊မိန်းမ၊ လူကြီး၊ လူငယ် တို့၏ဝိညာဥ်များဖြစ်ကာ သူတို့အားလုံးမှာ တုဖက်ကင်းလှအောင် ရက်စက်ကြမ်းကြုတ်ကြပြီး ဒီရေလှိုင်းများကဲ့သို့ ရှေ့ဆက်ကာတိုက်ခိုက်နေကြသည်။

ဝိညာဥ်အရေအတွက်မှာ တွေး၍ပင်မရနိုင်ချေ။ ပိုင်ရှောင်ချန်းကြည့်လိုက်သည့် မည်သည့်နေရာတွင်မဆို… မြေပြင်၌ဖြစ်စေ၊ လေထဲ၌ဖြစ်စေ အမုန်းဝိညာဥ်များမှလွဲ၍ အခြားမည်သည်ကိုမျှမမြင်ရချေ။ သူက ထုထည်ကြီးမားလှသောဝိညာဥ်ပင်လယ်ကြီးကို ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။

အချို့က အနက်ရောင်တောက်ပနေသော အကာအကွယ်ဒိုင်းကို တိုက်ခိုက်နေကြပြီး အချို့က အံကြိတ်ကာ တံတိုင်းကို ကိုက်ခဲနေကြသည်။ အများစုက အပေါ်သို့ပျံသန်းလာပြီး တံတိုင်း၏အပြင်ဘက်တွင်ရှိနေသော အရေခွံဆုတ်တပ်သားများကို တိုက်ခိုက်ရန်ကြိုးပမ်းနေကြသည်။

အမုန်းဝိညာဥ်များက အလိုရှိတိုင်း တိုက်ခိုက်ခြင်း၊ဆုတ်ခွာခြင်းလုပ်နိုင်ပါသော်လည်း အနက်ရောင်အကာအကွယ်ဒိုင်းနှင့် တံတိုင်းကြီးက သူတို့အားခိုင်ခန့်စွာ ခုခံနေဆဲဖြစ်သည်။

အရေခွံဆုတ်တပ်အတွက်မူ အရာရာမှာကွဲပြားလေသည်။ သူတို့ထဲမှအများစုက တံတိုင်းပေါ်တွင်နေကြရပြီး ထိုးစစ်ဆင်ကာ အပြင်ဘက်သို့ တဟုန်ထိုး တိုက်ခိုက်ရသည့်တိုင် တစ်နေရာအရောက်တွင် တံတိုင်းဆီသို့ပြန်သွားရသည်။ ထိုနည်းအားဖြင့် နောက်ထပ် ထိုးစစ်တစ်ခုမစတင်မီ ဝိညာဥ်များကိုအားနည်းစေသည့် အကာအကွယ်ဒိုင်း၏ ကာကွယ်ပေးမှုကိုယူကာ အားအင်ပြန်လည်ဖြည့်တင်းရသည်။

အမုန်းဝိညာဥ်များအပြင် ရံဖန်ရံခါ ရန်သူ့တပ်ဖွဲ့ထဲ၌ လူ့ဘီလူးကြီးများကိုတွေ့မြင်ရနိုင်သည်။ သူတို့ထဲမှအများစုမှာ သုံးမီတာခန့်မြင့်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန့်ညားထည်ဝါမှုရှိသော်လည်း ပိန်ချုံးချိနဲ့ပြီး ချူချာပုံရသည်။ သို့တိုင်အောင် သူတို့က သွေးဆာနေကြပြီး လုံးဝ ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့က မဟာ တံတိုင်းကြီးဆီသို့ ကြည့်သည့်အခါတိုင်း သူတို့၏မျက်လုံးများတွင် ရိုးတွင်းခြင်ဆီထိတိုင် မုန်းတီးနေသော အရိပ်အယောင်များ ဖြာထွက်တောက်ပနေသည်။

ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုလူ့ဘီလူးကြီးများအားမှတ်မိသွားသည်။ သူတို့သည် မြေရိုင်းဒေသရှိ လူ့ဘီလူးကြီးများမှလွဲ၍ အခြားသူများမဟုတ်ချေ။

သူတို့ထဲမှအများစုမှာ ဝိညာဥ်ပင်လယ်မှ ဖန်တီးပေးသည့် အခွင့်အရေးများကို ရှာဖွေရင်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နေကြသည်။ ထိုကဲ့သို့သော အခွင့်အရေးတစ်ခုပေါ်လာသည်နှင့်တပြိုင်နက် သူတို့က အပြင်အားကိုသုံး၍ ကြယ်ပျံများကဲ့သို့ လေဟုန်ကိုခွင်းပြီး တဟုန်ထိုးပြေးလာကာ တိုက်ခိုက်ကြသည်။

ရက်စက်ကြမ်းကြုတ်သော လူ့ဘီလူးကြီးများ၏ တိုက်ခိုက်မှုများက မဟာတံတိုင်းပေါ်ရှိ အရေခွံဆုတ်တပ်သားများအား ကြောက်ရွံ့ထိတ်လန့်စေသည်။ ထိုကဲ့သို့ ဖြစ်ပျက်လာခဲ့လျှင် တပ်သားများက တံတိုင်းဆီသို့ပြန်လာပြီး စွမ်းအားအပြည့်ဖြင့် တန်ပြန်တိုက်ခိုက်ကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများက လေထုထဲတွင် ပြည့်နှက်သွားပြီး ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားစဥ် ကြက်သွေးရောင်သွေးများနှင့် သွေးထွက်သံယိုဖြစ်ပွားမှုများက စစ်မြေပြင်တစ်ခွင်ပြည့်နှက်သွားလေသည်။ ပိုင်ရှောင်ချန်းက အရာအားလုံးကို လှည့်ပတ်၍ကြည့်ရှုနေစဥ် အပြင်ဘက်ရှိ လူ့ဘီလူးကြီးများက သူ့အားသတိပြုမိသွားကြဟန်တူသည်။ သူတို့က သူနှင့်သူ၏အဖွဲ့မှာ အသစ်ရောက်လာသူများဖြစ်ကြောင်း သတိထားမိလိုက်သည်။ လူ့ဘီလူးကြီးများထဲမှတစ်ယောက်က အခြားသောသူများထက် အနည်းငယ်ကြီးမားပြီး ရုတ်တရက် လေထဲမှ ခုန်ပျံကာ သူတို့ထံဦးတည်လာနေလေသည်။

လူ့ဘီလူးကြီးက ဟစ်ကြွေးလိုက်ရင်း အလင်းတန်းအသွင် ရွေ့လျားလိုက်ကာ တချိန်တည်းမှာပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး များပြားလှသော အမုန်းဝိညာဥ်များအား သူ့ထံသို့ လာရောက်ပူးပေါင်းအားဖြည့်စေလိုက်သည်။

မျက်စိတမှိတ်အတွင်း ပိုင်ရှောင်ချန်းက မည်းညစ်ပြီး ဝါကျင့်ကျင့်သွားများနှင့် ပိန်ချုံးနေသည့်ခန္ဓာကိုယ်တစ်ခု သူရှိရာအရပ်သို့ ရူးသွပ်စွာပြေးလာေနသည်ကို မြင်လိုက်သည်။

လီဟုန်မင်၏မျက်လုံးအိမ်မှာ ကျဥ်းမြောင်းသွားပြီ ရှေ့သို့ခြေလှမ်းလှမ်းကာ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လက်ကို ဝှေ့ယမ်းပြလိုက်ရာ အနီးအနားရှိ များပြားလှသော အရေခွံဆုတ်တပ်သားများက စတင်၍ ရှေ့သို့ချီတက်လိုက်ကြသည်။

ထိုကဲ့သို့ သွေးဆာလောင်သည့်ဟန်ဖြင့် လူ့ဘီလူးကြီးက သူ့အားစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ကြောက်ရွံမှုကြောင့် စပ်ဖျဥ်းဖျဥ်း ခံစားလိုက်ရလေသည်။ သို့သော် သူက အန္တရာယ်နှင့်ပို၍ကြုံရလေ ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်လေ ဖြစ်သည်။ အခြေအနေအား စဥ်းစားနေရန်အချိန်မရှိတော့သည့်အတွက် သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးအားဖွင့်ကာ ခရမ်းရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

ခရမ်းရောင်အလင်းတန်းက လူ့ဘီလူးကြီး အပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး သူ့အား ရစ်ပတ်သွားလေသည်။ ထိုသက်ရောက်မှုက အချိန်အနည်းငယ်သာကြာသော်လည်း သူ့ကိုယ်သူလွတ်မြောက်အောင် မလုပ်ဆောင်နိုင်မီ ထိုအချိန်လေးအတွင်း ပိုင်ရှောင်ချန်းက မန္တန်လက်ကွက်ဖော်ကာ အေးစိမ့်ချီများအား လှည့်ပတ်စေလိုက်သည်။ တိုက်ခိုက်လာသော လူ့ဘီလူးကြီး၏ ဘေးပတ်လည်တွင် ရေခဲအလွှာများပေါ်လာပြီး တဖျစ်ဖျစ် အက်ကွဲသည့်အသံများကို ချက်ချင်းပင် ကြားလာရလေသည်။

တချိန်တည်းမှာပင် လီဟုန်မင်နှင့် အခြားတပ်သားများက တိုက်ခိုက်လိုက်ကြရာ တဝုန်းဝုန်းမြည်ဟည်းသံများ နေရာအနှံ့ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်မှာ အသိပြန်ဝင်လာခဲ့သည်။ သူတို့သည်လည်း စူးရှတောက်ပသော အမူအယာများဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး လူ့ဘီလူးကြီးသည် နာကျင်စွာ အော်ဟစ်ကာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားလေသည်။ သွေးမည်းများ နေရာအနှံ့လွင့်စင်လာသော်လည်း တံတိုင်းနှင့်အကာအကွယ်ဒိုင်းက ကာကွယ်ထားသည့်အတွက်ကြောင့် ထိမှန်ခြင်းမရှိချေ။ ထိုအစား သွေးမည်းများမှာ မြေပြင်ပေါ်သို့ ပက်ဖျန်းသွားပြီး မြေဆီလွှာထဲသို့ ပျော်ဝင်သွားကာ တရှုးရှုးတရှဲရှဲအသံများထွက်လာသည်။

” လူ့ဘီလူးကြီးတွေရဲ့သွေးက အဆိပ်အတောက်မျိုးစုံနဲ့ပြည့်နေတာ.. ” လီဟုန်မင်က ရှင်းပြလိုက်သည်။
” ပြီးတော့ တံတိုင်းကိုပါ တိုက်စားစေတဲ့အထိ ပြင်းထန်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာအတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ သူတို့ရဲ့ နည်းလမ်းအသစ်ပဲ။ အဲ့တာကြောင့် ကျုပ်တို့က လူ့ဘီလူးကြီးတွေကို မဟာတံတိုင်းနဲ့နီးကပ်လာဖို့ ခွင့်မပြုကြဘူး ”
ပိုင်ရှောင်ချန်းအပေါ်ထားသည့်သူ၏ အထင်အမြင်သေးမှုမှာ သိသိသာသာလျော့နည်းသွားကြောင်း သူ၏မျက်ဝန်းများရှိအကြည့်များထဲမှတစ်ဆင့် မြင်နိုင်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset