Switch Mode

အခန်း ( ၄၆၆ )

အံ့ဩစရာကောင်းသော မဟာတံတိုင်း

” ရှောင်ချန်းရေ။ ”
ဇောင်ထျန်ကျောက်က တည်ကြည်သော လေသံဖြင့် ခေါ်လိုက်သည်။
” မင်းသိတဲ့အတိုင်းပဲ ဒီဆယ်နှစ်တာ နတ်မီးလျှံစမ်းသပ်ပွဲမှာ ပါတဲ့လူတွေက တံတိုင်းအပြင်ဘက်ကို အနည်းဆုံးသုံးခေါက်ထွက်ပြီး တာဝန်တွေ ထမ်းဆောင်ရမှာ။ ဘယ်အချိန်မှာ ထွက်ချင်လည်းဆိုတာက ကိုယ့်ကိုယ်ကိုယ် ရွေးချယ်လို့ရတယ်။ ဒါပေမဲ့ အဲ့တာဝန်ကိုတော့ မလုပ်ပဲနေလို့မရဘူး။ ရှင်းရှင်းပြောရမယ်ဆို မဟာတံတိုင်းရဲ့ အပြင်ဘက်ကို တချိန်ချိန်မှာတော့ ထွက်ရမှာပဲ။ ”

ထိုသို့ဆိုကာ သူ၏ပုခုံးကို ဇောင်ထျန်ကျောက်ကာ ဆုပ်ကိုင်လိုက်သည်။
“သွားရမဲ့ အချိန်ရောက်လာရင် မင်းမသွားချင်ရင်တောင် သွားရမှာပဲကွ။ အဲ့လိုမှမဟုတ်ရင် မင်းက နောက်ဆုံးစစ်ဆေးမှုကို ကျရှုံးပြီး ဂိုဏ်းဆီကိုပြန်သွားလို့ရမှာ မဟုတ်ဘူး။ ”

ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ တုန်ရီနေတော့သည်။ တံတိုင်းအပြင်ဘက်သို့ သုံးကြိမ်တိတိထွက်ကာ တာဝန်ထမ်းဆောင်ရမည်ကို တွေးမိလိုက်ရုံနှင့်ပင် သူ၏ကမ္ဘာကြီးမှာ မှောင်မိုက်သွားရသည့်အလားပင်။ သူက ဤအစီအစဥ်ကို သိပြီးသားဖြစ်ပါသော်လည်း ယခင်တုံးက အများကြီး မတွေးထားခဲ့သဖြင့် စိတ်ပူစရာမလိုသည့်အရာတစ်ခုဟူ၍ သူက ထင်မှတ်နေသည်။ သို့သော် ယခုခရီးလမ်းပေါ်ရှိ အန္တရာယ်များကို မြင်ပြီးနောက် သူ့ဘက်က အနည်းငယ်မျှ အမှားလုပ်မိပါက အသက်ပျောက်သွားနိုင်ကြောင်းကို သူက သိနေပြီဖြစ်သည်။ ထို့နောက် တံတိုင်းအပြင်ဘက်သို့ သုံးကြိမ်ထွက်ကာ တာဝန်ထမ်းဆောင်ရမည့်အကြောင်းကို ဆင်ခြင်သုံးသပ်လိုက်သောအခါ ထိုအချက်မှာ အသက်အန္တရာယ်ပင်ရှိစေနိုင်သည့် ထောင်ချောက်ကြီးတစ်ခုကဲ့သို့ပင် သူက ထင်မြင်နေတော့သည်။

သို့သော် သူက ကြောက်ရွံ့နေသည့် မျက်နှာထားမျိုး မပြပေ။ ဤကိစ္စကို အလေးမထားသည့်အလား သူ၏မေးကိုပင် ငေါ့လိုက်သေးသည်။
” သုံးကြိမ်ထဲမလား။ ကိစ္စမရှိပါဘူး။ အစ်ကိုဇောင် ကျုပ်ကို သတိပေးစရာမလိုပါဘူးဗျ။ အချိန်ကျလာရင် ကျုပ်တာဝန်အတိုင်းထမ်းဆောင်မှာပါ။ ”

ဇောင်ထျန်ကျောက်မှာ ကျယ်လောင်စွာ ရယ်မောကာ ပိုင်ရှောင်ချန်း၏ ပုခုံးကိုရိုက်နှက်လိုက်တော့သည်။
” ကောင်းကွာ။ ဇောင်ထျန်ကျောက်ရဲ့ ညီလေးဆိုတာ ဒီလိုမှပေါ့ကွ။ ”

” ကောင်းပြီ။ ငါဒီအကြောင်းချည်းပဲ ဆက်ပြောမနေတော့ဘူး။ ငါတို့လက်ရှိ အမြန်နှုန်းအတိုင်းဆိုရင် မဟာတံတိုင်းကို မြင်နိုင်လောက်တဲ့နေရာထိ လဝက်အတွင်း ရောက်မှာ။ အဲ့နေရာရောက်ရင်တော့ ငါတို့လမ်းခွဲရမယ်….. ငါတို့ တံတိုင်းကြီးရဲ့အတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ပြန်ဆုံတွေ့တဲ့အချိန်ရောက်ရင် ငါတို့ကို ငါတို့ ဂုဏ်ယူစရာကောင်းအောင် လုပ်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
ထိုသို့ဆိုကာ သူက အရက်တစ်ပုလင်းကို ထုတ်ကာ အကြာကြီးမော့သောက်လိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ ကမ်းပေးလိုက်သည်။ ဤအချိန်တွင်မူ ဇောင်ထျန်ကျောက်သည် သူရသတ္တိနှင့် ပြည့်ဝနေသည့် လူတစ်ယောက်အလား အံ့သြဖွယ်ကောင်းနေသည်။ သူ၏နောက်ဘက်တွင်မူ ချိန်ယွဲ့ရှန်မှာ သူ့အား အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းက သူ၏ရင်ဘတ်ကိုထုကာ အရက်ပုလင်းကိုယူလိုက်ပြီး ပါးစပ်အပြည့်ထည့်ကာ သောက်လိုက်တော့သည်။ သူ့ကိုယ်သူ ခမ်းနားကြီးကျယ်သည့်ပုံစံပေါက်အောင် မည်မျှပင် ကြိုးစားနေစေကာမူ ချိန်ယွဲ့ရှန်နှင့် အဖွဲ့ထဲရှိ အခြားလူများမှာ ဇောင်ထျန်ကျောက်ကိုသာ မျက်စိမခွာတမ်းကြည့်နေကြသဖြင့် သူက စိတ်ပျက်သွားရတော့သည်။

” အဟမျး။ ”
ထို့နောက် သူက ကိုယ့်ကိုယ့်ကို ပြန်အားပေးလိုက်လေသည်။
” လူမသိသူမသိနေရမယ်။ ငါက သိုသိုသိပ်သိပ် နေတတ်တဲ့ လူမျိုးပါကွ… ”

လတစ်ဝက်မှာ ကုန်ဆုံးသွားသည်။ နံနက်ခင်းတစ်ခု၏ အရုဏ်ချိန် ပထမဦးဆုံးသော အလင်းတန်းများက အရှေ့အရပ်မှ ထိုးထွက်လာသောအခါ ပိုင်ရှောင်ချန်းမှာ မျက်လုံးများကိုဖွင့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းကြီးကို လှမ်းကြည့်လိုက်သောအခါ တောင်စဥ်တန်းကဲ့သို့သော အရာကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုအရာမှာ….. မဟာတံတိုင်းပင် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားရပြီး စကားလုံးများနှင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်သွားတော့သည်။ မဟာတံတိုင်းမှာ ဧရာမနဂါးကြီးတစ်ကောင်က မိုးကုတ်စက်ဝိုင်းပေါ်တွင် လဲလျောင်းနေကာ မျက်စိတစ်ဆုံးတိုင်အောင် ရစ်ခွေနေသည်နှင့် တူနေတော့သည်။

ထိုတံတိုင်းကြီးမှာ မီတာခြောက်ထောင်အထိမြင့်မားပြီး တစ်ဖက်တစ်ချက်ဆီရှိ နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့် အတားအဆီးကြီးတစ်ခုကဲ့သို့ဖြစ်နေကာ အပြင်ဘက်မှ အရာအားလုံးကို အတွင်းသို့ လုံးဝမဝင်နိုင်အောင် တားဆီးထားသည်။

ထိုတံတိုင်းကြီး၏ ရုပ်ပိုင်းဆိုင်ရာ ပုံစံများအပြင် တံတိုင်း၏ထိပ်မှ ကောင်းကင်ထဲသို့တိုင်အောင် ထိုးထွက်နေသည့် တလက်လက်တောက်ပနေသော အနက်ရောင် အလင်းတန်းဒိုင်းကာကြီးတစ်ခု လည်းရှိသည်။ ထိုဒိုင်းကာကြီးကြောင့် အပြင်ဘက်မှ အရာရာတိုင်းမှ အတွင်းသို့ လုံးဝမဝင်နိုင်ခြင်းဖြစ်သည်။

တံတိုင်းကြီးနှင့် ထိုဒိုင်းကာကြီးတို့ ပေါင်းစပ်လိုက်သောအခါ ဖြတ်ကျော်၍ မရနိုင်သော အကာအရံကြီးတစ်ခုအလား ဖြစ်နေတော့သည်။

တံတိုင်းကြီးမှာမူ အနက်ရောင်မဟုတ်ပဲ ခရမ်းရောင်သန်းနေပြီး ထိုနေရာမှ သွေးညှီနံ့များကိုပင် ပိုင်ရှောင်ချန်းက အာရုံခံနိုင်နေသည်။ လွန်ခဲ့သော နှစ်များစွာက ထိုတံတိုင်းကြီးမှာ အနက်ရောင်ဖြစ်ခဲ့ပြီး အချိန်များကုန်ဆုံးသွားသည်နှင့်အတူ သွေးများက အဆုံးမရှိ ၎င်းတံတိုင်းကြီးတစ်လျှောက်စီးဆင်းနေသဖြင့် ထိုသွေးအရောင်များစွန်းသွားသည်ကို ခန့်မှန်းကြည့်လျှင် သိနိုင်သည်။

ထိုတံတိုင်းကြီးဆီသို့ သွားရန် လမ်းတစ်လျှောက်ရှိ နယ်မြေများမှာ ခြောက်ကပ်နေပြီး သက်ရှိတစ်စုံတစ်ရာပင် မရှိပေ။ ထိုနေရာရှိ အေးစက်မှုများကြောင့် အထက်ရှိ တိမ်တိုက်များပင်လျှင် ကြမ်းတမ်းစွာ လှုပ်ရှားနေကြပြီး လေပွေကြီးတစ်ခုအသွင် လှည့်ပတ်နေကာ တဂျုန်းဂျုန်း မြည်ဟည်းသံများကို ရံခါဖန်ကာ ထုတ်လွှတ်နေတော့သည်။

ထိုလေပွေကြီးထဲတွင် အနီရောင် လျှပ်စီး များမှာ ကခုန်နေကြပြီး အနီရောင်နဂါးကြီးများမှာ ဝဲပျံကာ ဟိန်းဟောက်နေသည့်အလား ဖြစ်နေတော့သည်။

တံတိုင်းကြီးမှာ ခရမ်းရောင်သန်းနေပြီး ဒိုင်းကာကြီးမှာ နက်မှောင်နေသည်။ တံတိုင်းကြီး၏ အုတ်ခဲတစ်ခဲချင်းစီမှ အံ့သြဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်နေပြီး ထိုအရာများအားလုံးပေါင်းစည်းသွားသောအခါ ကောင်းကင်တံတား နယ်မြေနှင့် မြေရိုင်းဒေသများကို ခြားနားပေးထားသည့် အဆုံးအစွန်သော အပိုင်းအခြားကြီးတစ်ခုဖြစ်သွားတော့သည်။

တံတိုင်းကြီးပေါ်တွင် မှော်အမြှောက်အခု တစ်ရာကျော်ကို မြင်နေရသည်။ ထိုအမြှောက်များမှာ ကောင်းကင်ကြီးကို ဖျက်စီးနိုင်ကာ ကမ္ဘာမြေကြီးကို ဖြိုခွဲနိုင်သည့်အလား စွမ်းအားကြီးမားလှသော ကြောက်မက်ဖွယ် လက်နက်ကြီးများဖြစ်ကြသည်။

မဟာတံတိုင်း၏ အလယ်တည့်တည့်တွင် အရှေ့ပင်လယ်မြို့တော်နှင့် ကမ္ဘာမြို့ တို့ထက် ဆယ်ဆတိတိ ပို၍ကြီးမားသော မြို့တစ်မြို့ရှိသည်။ ထိုမြို့တော်ကြီးမှာ မဟာတံတိုင်း အတွင်းနှင့်အပြင်သို့ ဝင်ထွက်နိုင်သည့် အပေါက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထိုမြို့ထဲရှိ အငွေ့အသက်မျိုးစုံကို အာရုံခံနိုင်ပြီး ထိုအငွေ့အသက်တစ်ခုချင်းစီမှာ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများ၏ သွေးစက်များဖြင့်ရောယှက်နေပြီး ပြတ်သားမှုအပြည့် ပါဝင်နေသည်ကို တွေ့နိုင်သည်။

ပိုင်ရှောင်ချန်း အာရုံခံနိုင်သလောက်ဆိုလျှင် ထိုသို့သော အငွေ့အသက်များမှာ သန်းနှင့်ချီ၍ ရှိနေသည်။

ထို့အပြင် မရေမတွက်နိုင်သော ယင်ယန်ဝိညာဥ်အဆင့် အငွေ့အသက်များအပြင် အခြားတစ်ခုလည်း ရှိသေးသည်… ထိုအရာမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လှုပ်ခါစေနိုင်ပြီး ကမ္ဘာကြီး၏ ဖန်တီးမှုတစ်ခုအလားဟုပင် ထင်ရသည့် အရာတစ်ခုဖြစ်သည်။

၎င်းမှာ….. နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်ဖြစ်သည်။

နတ်အဆင့်ကျင့်ကြံသူများမှာ ရှားပါးသော်လည်း ဤနေရာတွင် တစ်ယောက်ရှိနေသည်။ ထို့အပြင် ထိုကျင့်ကြံသူမှာ ပိုင်ရှောင်ချန်းသာမက ဇောင်ထျန်ကျောက်ပါ မသိသည့် လူတစ်ယောက် မဟုတ်ပေ။ ထိုသူသည် ဤမြို့ထဲသို့ သူတို့ထက်အရင် ရောက်ရှိနေသည့် ချိန်ယွဲ့ရှန်၏ အဖေဖြစ်သော မျက်စိသုံးလုံးနှင့် ချိန်ဟဲ့ထျန်ပင် ဖြစ်သည်။

နောက်လာမည့် နှစ်များစွာအတွက် သူသည် မြေရိုင်းဒေသ၏ တိုက်ခိုက်မှုကို ကာကွယ်ရာတွင် ဦးဆောင်ရမည်ဖြစ်သည်။

မြို့၏ အလယ်ဗဟိုတည့်တည့်တွင် ငါးမျက်နှာ ဘုရားတစ်ဆူရှိသည်။ ထိုဘုရား၏ မျှော်စင်မှာ မီတာသုံးသောင်းအထိ မြင့်မားနေသည်။ ထိုမျှော်စင်ထိပ်မှနေကြည့်လျှင် မဟာတံတိုင်း၏ နှစ်ဖက်စလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုအတွင်းမှ တဖျတ်ဖျတ်တောက်ပနေသည့် စူးရှသောအလင်းရောင်များကို ကြည့်မိလိုက်သူတိုင်း အံ့အားသင့်နေရမည်သာ ဖြစ်သည်။

ထိုဘုရား၏ ထိပ်တွင် မီတာသုံးရာအကျယ်ရှိသော ပုလဲလုံးကြီးတစ်လုံး ရှိသည်။ ထိုပုလဲလုံးကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ရစ်ပတ်နေသည့် မြူခိုးများမှာ တစ်ခါတရံဆိုလျှင် မျက်ဆံနှစ်ခုပါသည့် မျက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားသည်။

ထိုမျက်လုံးကြီး၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသူတိုင်းမှာ ကောင်းကင်ဘုံ၏ စိတ်များစွာက သူ့ကိုအာရုံစိုက်နေသည့်အလား ချက်ချင်းပင် တုန်ရီလာမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုမျှော်စင်ကြီးကိုကြည့်ရင်း မှင်တက်နေစဥ် ဇောင်ထျန်ကျောက်က တီးတိုးလေး ပြောလိုက်သည်။
” ရှင်းကုံ စေတီတော်…. ”

ဇောင်ထျန်ကျောက်က ထိုဘုရားကို ရိုသေလေးစားမှု အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

” ဒီဘုရားက ငါတို့ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ သန့်စင်မြင့်မြတ်စင်ကြယ်တဲ့ အရာတစ်ခုလေ။ ရှင်းကုံစေတီတော်လို့ ခေါ်တယ်။ အဲဒီပုလဲလုံးထဲမှာ သန့်ရှင်းသော ဝိညာဥ်တစ်ခုကို ချုပ်နှောင်ထားတာလို့ ငါကြားဖူးတယ်။ ”

” သန့်ရှင်းသော ဝိညာဥ် ဟုတ်လား။ ” ပိုင်ရှောင်ချန်းမှာ အံ့သြနေသည့်မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

” ငါတောင် သန့်ရှင်းသော ဝိညာဥ်ဆိုတာ ဘာမှန်းသေချာမသိဘူး။ ဒါပေမဲ့ ငါ့ရဲ့ဆရာပြောဖူးတာက ဒီလို သန့်ရှင်းသော ဝိညာဥ်တစ်ခုရှိပြီဆိုရင် တံတိုင်းကြီးက သက်မဲ့ပစ္စည်းတစ်ခုမဟုတ်တော့ပဲ သူ့ရဲ့ကိုယ်ပိုင် အသက်စွမ်းအားတွေ ရရှိလာတာတဲ့။ ”

” ဒီဘုရားက ထူးဆန်းတဲ့ အကာအကွယ်စွမ်းအားတွေ ပိုင်ဆိုင်ထားရုံတင်မကဘူး၊ မဟာတံတိုင်းရဲ့ နှလုံးသားတစ်လုံးအဖြစ် တည်ရှိနေတာ။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေနဲ့ ရင်းမြစ်ပစ္စည်း ဖြန့်ဖြူးရေးတို့ကို ဒီဘုရားက ထိန်းချုပ်ပေးထားတာ။ ” ဇောင်ထျန်ကျောက်မှာ ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ညှိုးညွှန်ပြလိုက်သည်။

” ရှောင်ချန်းရေ.. ကြည့်လိုက်။ ရှင်းကုံစေတီတော်ကို ဝန်းရံထားတဲ့အရာတွေက စစ်တပ်ငါးတပ်ရဲ့ အောင်လံတံခွန်တွေ။ ”

သူ၏ စကားအတိုင်းပင် အောင်လံတံခွန်ငါးခုမှာ လေထဲတွင် တလူလူဖြစ်နေပြီး မျက်စိကျိန်းစရာကောင်းလောက်အောင် ဖမ်းစားနိုင်စွမ်းရှိသဖြင့် အဝေးနေရာကပင် ထိုစစ်တပ်ငါးတပ်ကို ခွဲခြားသိမြင်နိုင်သည်။

ထို တံခွန်ငါးခုမှာ အရောင်များကွဲပြားကြပြီး အမှတ်တံဆိပ်များလည်း မတူညီကြပေ။ ထိုတံဆိပ်အားလုံးမှာ တမူထူးခြားနေသော်လည်း ထိုထဲမှ တစ်ခုကို ပိုင်ရှောင်ချန်းက အလွန်စိတ်ဝင်စားသွားတော့သည်။ ထိုတံခွန်၏ အမှတ်တံဆိပ်မှာ အရှင်လက်လက် အရေခွံဆုတ်ခံနေရသည့် မြေရိုင်းဒေသ၏ လူ့ဘီလူးကြီးတစ်ယောက်ပုံ ဖြစ်သည်။

” အဲဒီအောင်လံတံခွန်တွေက သံမဏိသွေးကြော ခန်းမရဲ့ စစ်တပ်ငါးတပ်ကိုကိုယ်စားပြုတာ။ သူတို့စစ်တပ် တစ်တပ်ချင်းစီက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြောပြလို့မရနိုင်အောင် အံ့သြဖွယ်ကောင်းတဲ့ အရာတွေကို ထမ်းဆောင်ထားတာ။ စစ်တပ်ငါးတပ်ရဲ့ နာမည်တွေက အရေခွံဆုတ်တပ်၊ အနက်ရောင်မိစ္ဆာတပ်၊ အဆိပ်ကြယ်စင်စုတပ်၊ လူရိုင်းသတ်သမားတပ်နဲ့ ဝိညာဥ်သတ်ဖြတ်ရေးတပ် ဆိုပြီး ငါးခုရှိတယ်။ ”

” အရေခွံဆုတ်တပ် ဆိုပါလား… ” ပိုင်ရှောင်ချန်းက ပင့်သက်ရှိုက်ရင်း ဆိုလိုက်သည်။ အကြောင်းတစ်မျုးမျိုးကြောင့် ထိုနာမည်ကြီးမှာ သူ၏ အတွေးစိတ်များကိုတုန်လှုပ်စေသည်။

” စစ်တပ်တစ်တပ်စီမှာ သူတို့ရဲ့ ကိုယ်ပိုင် တံခွန်တွေရှိတယ်။ အဲ့တံခွန်တွေက သူတို့ရဲ့ တိုက်ပွဲအောင်မြင်မှုတွေကို ကိုယ်စားပြုရုံသာမက သူတို့ဘယ်လောက် အံ့သြဖို့ကောင်းလဲဆိုတာကိုပါ ပြသနေတာ။ အရေခွံဆုတ်တပ်ရဲ့ တံခွန်ကို မြင်လား။ သူတို့ စစ်တပ်က အင်မတန် သွေးဆာတယ်ဆိုပြီး ငါကြားဖူးတာပဲ။ သူတို့ တိုက်ပွဲထွက်တိုင်း သူတို့ရဲ့ ရန်သူတွေကို အရှင်လက်လက် အရေဆုတ်နေကြတယ်တဲ့။ သူတို့ရဲ့ နာမည်ကြားရုံနဲ့ မဟာတံတိုင်းရဲ့ အပြင်ဘက်က လူ့ဘီလူးတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်သွားရတဲ့ အထိပဲ။ ”
ဇောင်ထျန်ကျောက်၏ မျက်ဝန်းထဲတွင် ပြည့်နှက်နေသည့် ရိုသေလေးစားမှုများကိုကြည့်ပါက ဤစစ်တပ်ငါးတက်ထဲမှ တစ်တပ်ထဲသို့ ဝင်လိုစိတ်ပြင်းထန်နေသည်ကို သိနိုင်သည်။

ပိုင်ရှောင်ချန်းမှာမူ တံတွေးများသာမြိုချနိုင်တော့သည်။ တံခွန်ငါးခုကို မြင်လိုက်ပြီးနောက် သူက ထိုစစ်တပ်များမှ ဝေးဝေးနေရန်သာ ဆုံးဖြတ်လိုက်သည်။

ဇောင်ထျန်ကျောက်မှာ သူသိထားသမျှ အရာအားလုံးကို အသက်မရှူတမ်း ပြန်လည်ဖောက်သည်ချနေတော့သည်။
” ရှောင်ချန်းရေ။ မဟာတံတိုင်းရဲ့ အပြင်ဘက်က လူ့ဘီလူးတွေဆီမှာ သေမိန့်ကျစာရင်း ဆိုတဲ့ အရာတစ်ခုရှိတာကို သိလား။ ကိုယ့်ရဲ့နာမည်က အဲ့စာရင်းပေါ်ရောက်သွားပြီဆိုတာနဲ့ မြေရိုင်းဒေသထဲက လူတိုင်းက ကိုယ့်ကိုသတ်ဖို့ အစွမ်းကုန်ကြိုးစားကြမှာ။ ”

” စစ်တပ်ငါးတပ်ရဲ့ စစ်သေနာပတိချုပ်တွေက အဲ့စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာပါတယ်။ အဆင့်အမြင့်ဆုံးတော့ အရေခွံဆုတ်တပ်ရဲ့ စစ်သေနာပတိချုပ် ပိုင်လင်း တဲ့။ သူ့ရဲ့ မျိုးရိုးနာမည်က မင်းနဲ့တူတူပဲ။ အဲ့စာရင်းထဲမှာ သူ့ရဲ့အဆင့်က နံပါတ်ခြောက်။ သူ့ရဲ့အထက်မှာ နတ်အဆင့်ကျင့်ကြံသူတွေပဲ ရှိတော့တာ။ ”

မဟာတံတိုင်းအကြောင်း ပိုင်ရှောင်ချန်းက ပို၍သိလာလေလေ သူ့အတွက် ပို၍ အန္တရာယ်များလာလေလေဟု ခံစားနေရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset