Switch Mode

အခန်း (၅၈၄)

ပြည်ထောင်စုကြီးထဲက လူတွေရောက်လာပြီ

ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကြီးအတွက် အဖြေရှာနေရင်း သူ၏တိုက်ပွဲရမှတ်များကို အသုံးပြုကာ ဆေးလုံးအမြောက်အမြား ဝယ်ယူလိုက်၏။ သူသည် ထိုနေရာမှထွက်ခွာလာရန် ပြင်နေသည့်အချိန်သို့ ရောက်လာသည့်တိုင်အောင် ထိုမေးခွန်းကြီး၏ အဖြေကို မစဉ်းစားမိသေးပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီး၏ ပေါင်းစည်းမှုအား တာဝန်ယူထားရသည့် လူတစ်ယောက်အနေနှင့် သူ့ကိုယ်သူ စတေးရန် ဆုံးဖြတ်လိုက်တော့သည်။

” အနာဂတ်ကျရင် ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာမှာလေ။ ငါမှ ကိုယ့်ကိုယ်ကိုယ် မစတေးရင် ဘယ်သူက စတေးမှာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် ကျင့်ကြံခြင်းအပိုင်းတွင် ကြုံတွေ့နေရသည့် ပြဿနာများအတွက် သူ့ဆီသို့ မေးခွန်းများ လာရောက်မေးမြန်းနေကြသည့် ပါးနီရောင် အမျိုးသမီး ကျင့်ကြံသူလေးများအား သူ့အား ဆက်သွယ်နိုင်မည့် အချက်အလက်များကို ပေးအပ်ခဲ့လိုက်တော့သည်…

” အစောပိုင်း အမြုတေအဆင့်မှာ ဖောက်ထွက်ရတဲ့ပြဿနာက အရမ်းကိုရှုပ်ထွေးတာ။ ဒီလိုလုပ်။ အစ်ကို့ကို ဒီည မီးစိမ်းကျွန်းပေါ်မှာ လာတွေ့လိုက်လေ။ အစ်ကို ညီမလေးတို့ အားလုံးကို အကြံဉာဏ်တွေပေးပါ့မယ် ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ထွက်ခွာလာတော့သည်။ သူသည် လမ်းတစ်လျှောက်တွင်သူ့အပေါ် လူများ၏ ပြောဆိုဆက်ဆံပုံများ ပြောင်းလဲသွားသည့်အချက်ကို တွေးတောရင်း ကျေနပ်နေမိတော့သည်။ ထို့အပြင် သူသည် ပြည်ထောင်စုပျိုးပင်အချို့ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများနှင့် တရင်းတနှီး စကားပြောဆိုနေကြသည့် မြင်ကွင်းများကိုပင် မြင်တွေ့ခဲ့ရသေးသည်။

ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ အုပ်စုဖွဲ့စကားဝိုင်းထဲရှိ ပြည်ထောင်စုပျိုးပင်များ၏ ဆွေးနွေးငြင်းခုံမှုများကိုလည်း ဖတ်ရှုခဲ့သေးသည်။ ထို့ကြောင့် အရည်အချင်းစမ်းသပ်ပွဲ ပြီးဆုံးသွားပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ဂိုဏ်းသားများအားလုံး မဟုတ်ပါသော်လည်း အချို့မှာ ပြည်ထောင်စုကြီးမှလာသည့် ကျင့်ကြံသူများအပေါ် သဘောထားများ ပြောင်းလဲသွားကြပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့မှာ သူတို့ဘက်မှပင် စ၍ မိတ်ဆက်ခဲ့ကြသဖြင့် ကျယ်ပြန့်တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးမှာ စည်းလုံးညီညွတ်လာကြတော့သည်။

ထိုအချက်အား ဝမ်ပေါင်လဲ့တစ်ယောက်တင် မဟုတ်ဘဲ ထိုအခြေအနေကြီးအား အနီးကပ်စောင့်ကြည့်နေခဲ့သည် ဖုန့်ချိုးရန်လည်း သတိထားမိသွား၏။ အရည်အချင်းစမ်းသပ်ပွဲကြီးကြောင့် ပေါ်ထွက်လာသည့် ရလဒ်များကို မြင်လိုက်ရသောအခါ သူမသည် အလွန်အင်မတန်မှ အားရပျော်ရွှင်သွားရသည်။ တစ်ချိန်ထဲမှာပင် သူမသည် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ် ရောက်ရှိလာရမည့် ကိစ္စနှင့် ပတ်သတ်၍ ယခင်တုန်းက ပြင်းပြင်းထန်ထန် ငြင်းဆ‌‌န်နေခဲ့သည့် မြဲ့လျဲ့ကျိအား မေးခွန်းများ ထုတ်နေတော့သည်။

ယခုအကြိမ်တွင်မူ မြဲ့လျဲ့ကျိမှာ နှုတ်ဆိတ်နေခဲ့၏။ သူ၏ သဘောတူညီချက်နှင့် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများကြောင့် သူသည် စကားတစ်ခွန်းမှ မဟနိုင်တော့သဖြင့် လက်ခံသဘောတူလိုက်ရတော့သည်။

၎င်းအား ဤနှစ်အနည်းငယ်အတွင်း ဖုန့်ချိုးရန် ရရှိခဲ့သည့် ပထမဆုံးနိုင်ပွဲဟုပင် သတ်မှတ်နိုင်ပေသည်။ သူမသည် ကြီးကြီးမားမား ပေးဆပ်စရာမလိုပဲ ထိုအောင်မြင်မှုအား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူမ၏ လက်အောက်ရှိ ပြည်ထောင်စုကြီးအား အကောင်းမမြင်ခဲ့သော ဂိုဏ်းသားများပင်လျှင် သဘောထားများပြောင်းလဲလာကြပြီဖြစ်သည်။ သူတို့ထဲတွင် လုယွင်နှင့် ရှုမင်တို့နှစ်ယောက်မှာ အသိသာဆုံးဖြစ်၏။ သူတို့မှာ တပည့်ရင်းများ ဖြစ်ကြသောကြောင့် အရည်အချင်းစမ်းသပ်ပွဲကြီးထဲ ဝမ်ပေါင်လဲ့နှင့် မကြုံတွေ့ခဲ့ရသည့်တိုင်အောင် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား အလေးပေး၍ ဆက်ဆံနေကြပြီဖြစ်သည်။ ထိုအချက်ကြောင့်လည်း ဖုန့်ချိုးရန်၏ လက်အောက်ရှိ ယခင်တုန်းက ပြည်ထောင်စုကြီးအား မနှစ်သက်ကြသည့် လူများမှာ သဘောထားပြောင်းလဲသွားကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်း တိုးတက်လာမှုမှာ ဖုန့်ချိုးရန်၏ ဩဇာအာဏာအတွက် အများကြီး အထောက်အကူပြုကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် လဝက်အကြာတွင် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်အား တည်နေရာပြောင်းရွှေ့မည့် အစီအစဥ်ကြီးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သွားတော့သည်။

၎င်းမှာ ပြည်ထောင်စုကြီးအတွက်လည်း အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်ပေသည်။ သူတို့မှာ ထိုသို့စေလွှတ်ကြမည့်လူများကို ရွေးချယ်ထားပြီးသား ဖြစ်ပါသော်လည်း ကျယ်ပြန့်တာအိုနန်းတော်ဆီမှ အကြောင်းကြားစာ တစ်ခုတလေပင် ပြန်မရခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ပြဿနာတစ်ခုခု ပေါ်ပေါက်လာရခြင်း ဖြစ်မည်ဟု တွေးတောကာ ၎င်းအား ဖြေရှင်းရန် လိုအပ်သည့်ပြင်ဆင်မှုများပင် ပြုလုပ်နေခဲ့၏။ ယခုတွင် အခြေအနေများမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ရာ ပြည်ထောင်စုကြီးမှာ စိတ်အေးသွားရတော့သည်။

ပြည်ထောင်စုကြီးမှာ အခြားရွေးချယ်စရာ မရှိတော့မှသာ စစ်မက်ဖြစ်ပွားမည့် လမ်းစဉ်အား ရွေးချယ်ရန် ဆုံးဖြတ်ထားသည်မဟုတ်ပါလော။

ထိုအချက်ကြောင့်လည်း သွမ့်မုချွယ်၊ လီရှင်ဝမ်နှင့် ရာထူးအကြီးအပိုင်းမှ ပုဂ္ဂိုလ်များ ‌ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ထဲ၌ ရွေးချယ်ထားသည့်လူများကို အနည်းငယ်ခန့် ပြောင်းလဲခဲ့၏။ ထို့အပြင် သူတို့မှာ ဖုန့်ချိုးရန်အား အကူအညီပေးရုံတင်မဟုတ်ဘဲ အခြားရည်ရွယ်ချက်များလည်း ရှိနေကြပြီဖြစ်သည်။

ထိုသို့ဖြင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ပြင်ဆင်နေခဲ့သည်မှာ ရက်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်မှာ ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ တံခါးပိတ်ကျင့်စဉ်အား အဆုံးသတ်ကာ ထွက်ခွာလာတော့သည်။

ပြည်ထောင်စုပျိုးပင်များ အားလုံးမှာ ကျယ်ပြန့်တာအိုနန်းတော်၏ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ ဘေး၌ စုဝေးနေကြ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား ခေါင်းဆောင်တင်ကာ သူ၏ဘေး၌ ရပ်နေကြသည်။ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများစွာမှာလည်း သူတို့နှင့်အတူ ရှိနေကြ၏။ ဖုန့်ချိုးရန်၊ မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့ ရောက်ရှိလာကြသောအခါ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။

အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွားကာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ မန္တန်အစီအရင်ကြီးအား တစ်ပြိုင်နက်တည်း ဖွင့်လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်၏ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲတွင် မှုန်ဝါးဝါး လူရိပ်များ စတင်ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် လူတိုင်း၏ ဆံပင်များနှင့် ဝတ်ရုံများမှာ တလူလူ လွင့်နေကြ၏။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲရှိ လူရိပ်များမှာ ပို၍ပင် ထင်ရှားပြတ်သားလာတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်၏ ရှေ့ဆုံး၌ရပ်နေသော သက်လတ်ပိုင်း ကျင့်ကြံသူကြီးအား မြင်လိုက်ရသဖြင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။

ထို ကျင့်ကြံသူမှာ အသက်လေးဆယ်နီးပါး ရှိပြီး ရုပ်ရည်ချောမောခံ့ညားကာ လောကဓံများကို ကြံ့ကြံခံဖူးသည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူ့ဆီမှ အဆင်မြင့်ပိုင်း အရာရှိတစ်ယောက်၏ အငွေ့အသက်များလည်း ထွက်ပေါ်နေသေးသည်။ သူသည် အမြုတေထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် အခြားသူများ၏ အမြင်တွင် တမူထူးခြားနေသည့်ပုံ ပေါက်နေ၏။

ထိုကျင့်ကြံသူမှာ… လပေါ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ကြီးကြောင့် တစ်သက်တစ်ကျွန်း အကျဉ်းချခံထားရသည့် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်သူ ရှုယွင်ခွင်း ဖြစ်သည်။ သူသည် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ခဲ့သည့်အတွက် ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသောကြောင့် ထိုစဉ်တုန်းက ငယ်ရွယ်နုပျိုနေခဲ့သည့် ဂိုဏ်းချုပ်ကြီးမှာ ယခုတွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်ပေသည်။ သို့သော် သူ၏ ပုံပန်းသွင်ပြင်များမှာမူ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။

သူသည် ပြည်ထောင်စုကြီး၏ အကြီးပိုင်းမျိုးဆက်ထဲမှ ဖြစ်ရာ သွမ့်မုချွယ်ထက်ပင် ပို၍ဝါရင့်ပြီး လီရှင်းဝမ်နှင့် လွှတ်တော်အမတ်ခေါင်းဆောင်ကြီးတို့နှင့် တစ်တန်းထဲတွင် ရှိသည်။ ထို့အပြင် သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက လီရှင်းဝမ်နှင့် အပေါင်းအပါများနှင့်အတူ ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်လာခဲ့ဖူးသည့် ပထမဆုံးကျင့်ကြံသူများထဲတွင် ပါဝင်ပေသည်။ သူ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ကျယ်ပြန့်တာအိုနန်းတော်မှ ယွမ်ယင်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ အံ့အားသင့်သွားရသည်။

ဖုန့်ချိုးရန်တစ်ယောက်သာလျှင် အမူအရာမပျက် တည်ငြိမ်နေ၏။ သို့ဖြစ်ရာ သူမသည် ရှုယွင်ခွင်း ရောက်ရှိလာမည်အကြောင်းကို သိထားပြီးသားဖြစ်ရပေမည်။ ထိုသို့ဖြင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲရှိ လူရိပ်များမှာ တဖြည်းဖြည်းနှင့် ထင်ရှားပြတ်သားလာကြသောကြောင့် ဝမ်ပေါင်လဲ့ သူနှင့် ရင်းနှီးပြီးသားလူများစွာကို မြင်တွေ့လိုက်ရတော့သည်။ သူတို့ထဲတွင် ကျိုးရိရှန်နှင့် ကျင့်သိုမင်တို့လည်း ပါ၏။

ဤ ဒုတိယအသုတ်ထဲတွင် ပါသည့်လူများမှာ သူနှင့် သိသောလူများထက် သူစိမ်းများက ပို၍များနေ၏။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးဘက်မှ စေလွှတ်လိုက်သည့် လူများထဲမှ တစ်ဝက်ကျော်အား လုံးဝမသိပေ။ သို့သော် ထိုဒုတိယအသုတ်ထဲမှ လူများမှာ တူညီသောအချက်တစ်ချက်ကိုပိုင်ဆိုင်ထားကြ၏။ သူတို့ထဲမှအများစုမှာ ရုပ်ရည်ချောမောလှပနေကြခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ အတွေးများထဲတွင် နစ်မျောသွားရ၏။ တစ်ချိန်ထဲမှာပင် ကျင့်သိုမင်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် တစ်စုံတစ်ယောက်အား ရှာဖွေနေသည့်ပုံစံဖြင့် အောက်သို့ ငုံ့ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား သတိမထားမိဘဲ သူ့အား ကျော်ကြည့်မိလိုက်ပြီးနောက် မယုံမသင်္ကာဖြစ်သွားသည့် မျက်နှာအမူအရာဖြင့် သူ့အား ပြန်ကြည့်မိလိုက်၏။ ထို့နောက် ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်ပြီးသွားသောအခါမှသာ မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

ကျိုးရိရှန်မှာလည်း ဝမ်ပေါင်လဲ့အား မမှတ်မိပေ။ သို့သော် သူသည် ကျိုးရိဖန်းအား မြင်လိုက်ရသဖြင့် မျက်နှာအမူအရာ အေးစက်သွားပြီး စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ စကြာဝဠာကြီးထဲရှိ အချောဆုံးလူအား မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည့် ကျင့်သိုမင်၏ အံ့ဩတုန်လှုပ်နေသောမျက်နှာ အမူအရာကို လျစ်လျူရှုလိုက်ပြီးနောက် ချောင်းဟန့်ကာ မောက်မာဝင့်ကြွားစွာ မေးငေါ့လိုက်၏။ သို့သော် သူသည် ပြည်ထောင်စုကြီး၏ အကြံအစည်အား စဉ်းစားတွေးတောနေဆဲပင်။ တည်ကြည်ခံ့ညားသော အမျိုးသားကျင့်ကြံသူများနှင့် ချောမောလှပသော အမျိုးသမီးကျင့်ကြံသူများအား ထည့်မတွက်လျှင်တောင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ပေါ်ပေါက်လာမှုကြောင့် ပြည်ထောင်စုကြီးမှာ ဉာဏ်များသော မြေခွေးအိုကြီးတစ်ကောင်အား ခေါင်းဆောင်အဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်မည်ဟု ဝမ်ပေါင်လဲ့က တွေးလိုက်၏။

” သူက တစ်သက်တစ်ကျွန်း အကျဥ်းချခံထားရတာလားလို့ပါ… ” ဝမ်ပေါင်လဲ့မှာ တိုးတိုလေးရေရွတ်ကာ ရယ်မောလိုက်၏။ ထို့နောက် ဂိုဏ်းချုပ်ကြီးရှုမှာ မည်သည့်အကြောင်းကြောင့် ဤနေရာသို့ ရောက်ရှိလာစေကာမူ သူသည် လှည့်ကွက်ပေါင်းမြောက်မြားစွာကို ပိုင်ဆိုင်ထားသည့် ကောက်ကျစ်စဉ်းလဲသော လူကြီးတစ်ယောက်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့ကြောင့် သူ၏ ရောက်ရှိလာမှုမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ပြည်ထောင်စုကြီးဘက်မှ လူများအတွက် အများကြီး အထောက်အကူပြုနိုင်ပေသည်။

” ဒီမြေခွေးအိုကြီးက ပြည်ထောင်စုကြီးထဲမှာ ရှိနေခဲ့တာ တော်တော်ကြာပြီဆိုတော့ ဒီနေရာမှာလည်း ငါ့ထက်ပိုပြီးတော့ အခြေအနေကောင်းအောင်‌ နေနိုင်လောက်တယ် ” ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့တွေးတောနေစဉ်မှာပင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးမှာ ပြီးဆုံးသွား၏။ ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီးမှာ ရှေ့ဆုံးမှရောက်ရှိလာပြီး ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် နွေးထွေးစွာပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဖုန့်ချိုးရန်နှင့် အပေါင်းအပါများအား အရိုအသေပေးလိုက်၏။

” ကျွ‌န်တော် အကြီးအကဲဖုန့်ကို မမြင်ရတာ နှစ်တွေအများကြီး ကြာနေပြီဆိုပေမယ့် အကြီးအကဲဖုန့်က အရင်လိုနုပျိုနေတုန်းပါပဲ။ ကျွန်တော်ကသာ အိုစာသွားတာ… ” ဂိုဏ်းချုပ်ကြီးရှုမှာ သက်ပြင်းချကာ ဆိုလိုက်ပြီးနောက် မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့အား နှုတ်ဆက်လိုက်၏။ သူသည် သူတို့အား တလေးတစား ပြောဆိုဆက်ဆံနေသည့်တိုင်အောင် ဦးညွှတ်ခဲ့ခြင်းတော့ မရှိပေ။ ထို့အပြင် သူသည် ရှေးယခင်တုန်းက ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်ရှိလာခဲ့သည့် ပထမဦးဆုံးသောလူများထဲမှ တစ်ယောက်ဖြစ်ရာ မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိိုရန်တို့ပင်လျှင် သူ့အား ပြုံးပြလိုက်ကြပြီး သူနှင့် တရင်းတနှီး စကားပြောနေလိုက်ကြ၏။

ပြည်ထောင်စုပျိုးပင်ဒုတိယအသုတ်အား ပထမအသုတ်ကဲ့သို့ပင် ကျွန်းအသီးသီးဆီ၌ ခွဲဝေနေရာချထားမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ဖုန့်ချိုးရန်၏ ဩဇာအာဏာမှာ ပို၍ကြီးမားနေပြီဖြစ်သောကြောင့် ဒုတိယအသုတ်ထဲမှ လူအများစုကို ပထမအသုတ်ထဲမှ လူများနှင့် တွဲပေးထားလိုက်၏။

ထို့ကြောင့် သူတို့မှာ ပိုမိုရင်းနှီးလာကြမည်ဖြစ်ပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ လျင်မြန်စွာ ဝင်ဆံ့လာကြမည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ပြည်ထောင်စုကြီး၏ ဩဇာအာဏာမှာလည်း ပို၍ ကြီးထွားလာမည်ဖြစ်သည်။ ရှုယွင်ခွင်းမှာမူ ရာထူးအဆင့်အတန်း မြင့်မားသောကြောင့် ပင်မကျွန်းပေါ်၌ အထူးအခွင့်အရေးများကို ခံစားရမည်ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ ဝမ်ပေါင်လဲ့လောက် မမြင့်ပါသော်လည်း မတိမ်းမယိမ်းတွင် ရှိနေ၏။

ထိုအပြင် သူ၏တောင်းဆိုချက်ဖြစ်သော ပြည်ထောင်စုပျိုးပင်အချို့အား ပင်မကျွန်းပေါ်၌ သူနှင့်အတူ ခေါ်ထားလိုသည့် ဆန္ဒကိုလည်း ဖုန့်ချိုးရန်က ဖြည့်ဆည်းပေးခဲ့သေးသည်။ ပထမအသုတ်မှ ပြည်ထောင်စုပျိုးပင်များ ပတ်ဝန်းကျင်အသစ်၌ နေသားမကျသေးသော သူတို့၏ အပေါင်းအပါအသစ်များကို ခေါ်ဆောင်သွားကြစဉ် ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏အနီးသို့ ရောက်ရှိလာ၏။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်နှာအမူအရာဖြင့် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ရှုယွင်ခွင်းမှာ ရှေ့သို့လှမ်းလာပြီး ကျင့်သိုမင်အား တည်ကြည်စွာလှမ်းပြောလိုက်၏။

” ကျင့်သိုမင်။ မင်း မင်းရဲ့မြို့တော်သခင်ဝမ်နဲ့ ပြီးမှစကားပြောတော့။ ငါ သူနဲ့ ဆွေးနွေးစရာလေးတွေ ရှိလို့ ”

ထိုအခါ ကျင့်သိုမင်မှာ မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွား၏။ သို့သော် သူသည် ထိုသို့ထွက်ခွာမသွားခင် နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်းကြည့်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ အမူအရာများကို နားလည်ထားသောကြောင့် သူ၏အကြည့်မှာ ထိုလူကြီးသည် ယုံကြည်၍ရသော လူတစ်ယောက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။

ကျင့်သိုမင် ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ ပျင်းရိပျင်းတွဲဖြစ်နေသည့် အမူအရာဖြင့် ရှုယွင်ခွင်းအား လှမ်းကြည့်လိုက်၏။

” ဘာကိစ္စရှိလို့လဲဗျ။ ဂိုဏ်းချုပ်ကြီးရှု ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာမေးလိုက်၏။

ရှုယွင်ခွင်းမှာမူ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် လပေါ်မှ ဖြစ်ရပ်များအကြောင်းကို ပြန်တွေးမိသွားသည်။ ယခု သူ၏ရှေ့တွင် ရပ်နေသည့်လူမှာ ထိုစဉ်တုန်းက သူ၏ အကြံအစည်များကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် အကျိုးအမြတ်အများဆုံး သိမ်းပိုက်သွားခဲ့သည့်လူ ဖြစ်နေသည် မဟုတ်ပါလော။

Comment

Leave a Reply

Options

not work with dark mode
Reset