Switch Mode

အခန်း (၅၈၃)

မတူတော့ဘူးဟ

ရှဲ့ဟေးရန်တစ်ယောက် သူ့ကိုယ်သူကျေနပ်နေပြီး ပြည်သူ့ရင်ပြင်ထဲမှ လူများ ရင်ထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေကြစဉ် ခေါင်းလောင်းသံများမှာ ပဲ့တင်ထပ်နေ၏။ ဖုန့်ချိုးရန်၏နှုတ်မှ ရလဒ်များကို ကြေညာလိုက်သောအခါ အရည်အချင်းစမ်းသပ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ထို့ကြောင့် ရှိခိုးနန်းတော်အဆောင်ဆီသို့ ဆက်သွားရမည်ဖြစ်သည်။ သို့သော် ရှိခိုးနန်းတော်အဆောင်မှာ ဓားကိုယ်ထည်ပိုင်းတွင် တည်ရှိသောကြောင့် သူတို့ရောက်နေသည့်နေရာနှင့် အလွန်အင်မတန်မှ ဝေးကွာနေ၏။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ထိုနေရာသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု ရှိသည့်တိုင်အောင် ၎င်းအား အသုံးပြုလိုပါက အချိန်အများကြီးပေး၍ ပြင်ဆင်ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဗေဒါရွက်များ ပိုင်ဆိုင်သွားပြီဖြစ်သည့် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ရာထူးအဆင့်အတန်း ပြောင်းလဲသွားပြီဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်တွင် အကြာကြီးမနေခဲ့ဘဲ ဖုန့်ချိုးရန်တစ်ယောက် ရလဒ်များကြေညာလိုက်ပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားခဲ့၏။ ထို အရည်အချင်းစမ်းသပ်ပွဲကြီးမှာ ဝမ်ပေါင်လဲ့အတွက်ပင်လျှင် အလွန်အင်မတန်မှ အန္တရာယ်များခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူသာ နောက်ဆုံးအခိုက်တန့်တွင် သူ၏စွမ်းအားများကို အကုန်လုံး ထုတ်မသုံးနိုင်ခဲ့ပါက ဒူဂူလင်းအား အနိုင်ယူနိုင်ခဲ့မည်မဟုတ်ပေ။

ထို့အပြင် သူသည် မကြာသေးမီကမှ ဖောက်ထွက်သွားခဲ့သည်ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်အောင်လုပ်ရန် လိုအပ်ပေသည်။ ဖုန့်ချိုးရန်မှာလည်း ထိုအချက်ကို နားလည်ထားသောကြောင့် ဝမ်ပေါင်လဲ့ ထွက်ခွာမသွားခင် သူ့အား သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင် ကူညီပေးနိုင်မည့် ဆေးပုလင်းတစ်ပုလင်းကို လက်ဆောင်ပေးခဲ့၏။

ထို ဆေးလုံးများမှာ အလွန်အင်မတန်မှ စျေးကြီးပြီး ကျင့်ကြံခြင်းနှင့် ဒဏ်ရာကုသခြင်းတို့အတွက် အထောက်အကူပြုပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးများအတွက် ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ကျိုးရိဖန်၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှင့်အတူ ထွက်ခွာလာတော့သည်။ စိတ်လှုပ်တရှား ဖြစ်နေကြသည့် အခြားပြည်ထောင်စုပျိုးပင်များမှာလည်း သူတို့၏နောက်မှ လိုက်လာကြသည်။

ဝမ်ပေါင်လဲ့မှာ အခြားလူများအား နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ လေပေါ်သို့ ခုန်တက်သွားပြီး ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်မှနေ၍ သူ၏ မီးစိမ်းကျွန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ကျောက်ယမုန့်နှင့် အပေါင်းအပါများမှာလည်း သူတို့၏ သက်ဆိုင်ရာ ဂူဗိမာန်များဆီသို့ ပြန်သွားကြ၏။ သူတို့ ထွက်ခွာသွားပြီးသည့်တိုင်အောင် အရည်အချင်းစမ်းသပ်ပွဲကြီးအကြောင်း ဆွေးနွေးငြင်းခုံနေကြသည့် စကားသံများမှာ ငြိမ်ကျသွားခြင်း မရှိပေ။

ဝမ်ပေါင်လဲ့မှာမူ ထိုကိစ္စများကို လျစ်လျူရှုထား၏။ ယခုတွင် သူသည် အမြန်ဆုံးနည်းဖြင့် မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်ပြီးနောက် ဂူဗိမာန်ထဲသို့ဝင်ကာ တံခါးပိတ်ကျင့်စဉ်အား စတင်လိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ရင်း သူ၏ ဝါးမျိုခြင်းသစ်စေ့အား အသေးစိတ် ကြည့်ရှုလေ့လာနေလိုက်တော့သည်။

” အစိမ်းရောင်ကြာပွင့်လေး မရှိတော့ဘူး။ လျှပ်စီးအမြုတေနဲ့ အမှောင်အမြု‌တေလည်း အတူတူပဲ ” ဝမ်ပေါင်လဲ့မှာ အရည်အချင်းစမ်းသပ်ပွဲ၏ နောက်ဆုံးအခိုက်တန့်များတွင် ပေါ်ပေါက်လာခဲ့သည့် ဝါးမျိုခြင်းသစ်စေ့၏ ပြောင်းလဲမှုများအား ပြန်၍သတိရသွားသောအခါ စိုးရိမ်သောက ရောက်သွားရ၏။ ထိုပြောင်းလဲမှုများမှာ သူ့အတွက် အကျိုးရှိသည်ဖြစ်ကြောင်း သူက ခံစားနေရသည့်တိုင်အောင် ထိုအကြောင်းကို တွေးမိလိုက်သောအခါ ခေါင်းကုတ်မိသွားဆဲပင်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် သူ၏ ဝိညာဥ်အာရုံခံနိုင်စွမ်းအား အသုံးချကာ ဝါးမျိုခြင်းသစ်စေ့ထဲ၌ ဖြစ်ပျက်နေသည့် အရာများကို အတိအကျသိရှိနိုင်ရန် စုံစမ်းကြည့်လိုက်တော့သည်။

သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများ ဝါးမျိုခြင်းသစ်စေ့၏ အတွင်းပိုင်းထဲသို့ ပျံ့နှံ့ဝင်ရောက်သွားသောအခါ သူသည် နက်မှောင်နေသော ဟင်းလင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရ၏။ သူသည် ၎င်း၏ အရွယ်အစားကို အတိအကျမသိပါသော်လည်း ထိုနေရာကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်ကာ အလွန်အင်မတန်မှ ကျယ်ပြောနေ၏။ ထို ဟင်းလင်းပြင်ကြီးထဲတွင် အစိမ်းရောင်ကြာပွင့်လေးတစ်ခုသာလျှင် တုန်ရီနေ၏။

ဝမ်ပေါင်လဲ့မှာ ထို အစိမ်းရောင်ကြာပွင့်လေးနှင့် ၎င်းပေါ်တွင်ရှိနေသော အမှောင်အမြုတေနှင့် လျှပ်စီးအမြုတေတို့အား မြင်လိုက်‌ရသောအခါမှ စိတ်အေးသွားရ၏။ သို့သော် သူသည် ၎င်းတို့အား မည်ကဲ့သို့ ထုတ်ယူရမှန်း မသိလောက်အောင် ဖြစ်နေသည်။ သူ၏ အစိမ်းရောင်ကြာပွင့်လေးမှာ လျှပ်စီးအမြုတေ၊ အမှောင်အမြုတေတို့နှင့်အတူ ဝါးမျိုခြင်းသစ်စေ့ထဲ၌ ပေါင်းစည်းသွားခြင်းဖြစ်ကြောင်း သူက အာရုံခံမိနေ၏။ ထိုပေါင်းစည်းမှုကြောင့် ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သေသေချာချာ စဉ်းစားတွေးတောပြီးသည့်တိုင်အောင် အဖြေရှာမရဘဲ ဖြစ်နေသဖြင့် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် မန္တန်လက်ကွက်များဖော်လိုက်သောအခါ သူ၏ လျှပ်စီးကိုယ်ပွားမှာ သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာသည်။ သူသည် ထိုကိုယ်ပွားအား လေ့လာကြည့်လိုက်သောအခါမှ ၎င်းမှာ အနည်းငယ်ခန့် ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။

ပြောင်းလဲသွားသည့်အရာမှာ…. ၎င်း၏ စုပ်ယူအားပင်ဖြစ်သည်။

ထို လျှပ်စီးကိုယ်ပွားမှာ အပြင်သို့ထွက်လာပြီးနောက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ဝိညာဉ်ချီများကို စုပ်ယူကာ ကျင့်ကြံနိုင်စွမ်းရှိနေသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး မျက်လုံးများပြူးကာ ဆက်လက်စောင့်ကြည့်နေလိုက်တော့သည်။ တစ်အောင်ခန့်ကြာပြီးနောက် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ညာဘက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓားပျံတစ်လက် ထွက်ပေါ်လာပြီး သူ၏ လျှပ်စီးကိုယ်ပွားဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။ ၎င်းမှာ ထို လျှပ်စီးကိုယ်ပွားအား ဖောက်ထွက်သွားခြင်း မရှိပါသော်လည်း ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်၏။

ထိုဒဏ်ရာမှာ မျက်စိတစ်မှိတ်အတွင်းတွင် ပြန်လည်ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွားတော့သည်။

” သူ့ရဲ့ ကျင့်ကြံနိုင်တဲ့ စွမ်းအားက ဝါးမျိုခြင်းသစ်စေ့နဲ့ သက်ဆိုင်နေလောက်တယ်။ ပြီးတော့ ဒီကိုယ်ပွားကြီး အခုလောက်အထိ သန်မာနေပြီးတော့ ဒဏ်ရာတွေ ချက်ချင်းပျောက်သွားတဲ့အချက်က… အစိမ်းရောင်ကြာပွင့်ကြောင့် ဖြစ်နေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ပို၍မြန်ဆန်လာရပြီဖြစ်သည်။ ထိုလျှပ်စီးကိုယ်ပွားမှာ အမှောင်အမြုတေ၏ စွမ်းအင် အချို့အဝက်ကို စုစည်းထားခြင်းဖြစ်ရမည်ဟု သူက သုံးသပ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ သုံးသပ်ချက်ကို သက်သေပြနိုင်ရန် အသုံးပြုစရာ ဝိညာဉ်များ မရှိပါသော်လည်း ၎င်းမှာ မှန်ကန်နေလိမ့်မည်ဟု ယုံကြည်ထားသည်။

” စိတ်ဝင်စားစရာပဲ… ဒီလိုသာဆိုရင် ငါ့ရဲ့ လျှပ်စီးကိုယ်ပွား ထုတ်လွှတ်နိုင်တဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားက တော်‌တော်ကို ကြောက်ဖို့ကောင်းနေမှာ ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီးနောက် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် အမှောင်မီးတောက်၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ဝါးမျိုခြင်းသစ်စေ့မှာ အရာအားလုံးအား စုပ်ယူဝါးမျိုပစ်ခဲ့သည့်တိုင်အောင် သူ့အတွက် မည်သည့်ဆိုးကျိုးမှ ပေါ်ပေါက်လာခြင်းမရှိကြောင်း သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ထိုကိစ္စအကြောင်းကို မေ့ထားလိုက်ပြီး ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ တတိယအဆင့်အား လေ့လာဖတ်ရှုကြည့်လိုက်တော့သည်။

ပထမအဆင့်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းရည်များအားလုံးထဲ၌ လျှပ်စီးစွမ်းအားများ ထည့်သွင်းနိုင်ခဲ့ပြီး သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့၏။ ဒုတိယအဆင့်တွင် သူသည် သူ့အတွက် အလွန်အင်မတန်မှ အသုံးဝင်သော လျှပ်စီးကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် သူ အလိုချင်ဆုံးမှာ တတိယအဆင့်မှ ပေးစွမ်းနိုင်သည့် စွမ်းရည်ဖြစ်ပေသည်။

ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အား အောင်မြင်စွာလေ့ကျင့်ပြီးသွားသည်နှင့် သူသည် သူ၏ လျှပ်စီးကိုယ်ပွားနှင့် မျက်စိတစ်မှိတ်အတွင်း နေရာချင်းဖလှယ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ တိုက်ကွက်များကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ရာ သူ၏ ပြိုင်ဘက်များမှာ သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်တော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည် ဖြစ်သည်။

ဥပမာ ပြရလျှင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ တိုက်ပွဲထဲ၌ သူ၏ လျှပ်စီးကိုယ်ပွားကသာ သူနှင့် နေရာချင်းဖလှယ်နိုင်စွမ်း ရှိနေခဲ့ပါက သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်စရာပင်မလိုဘဲ ဒူဂူလင်း၏ ဒုတိယအချုပ်အနှောင်အဆင့်အား ပြန်လည်တုံ့ပြန်နိုင်ခဲ့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ စိတ်အားထက်သန်လာပြီး ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အား လေ့လာဖတ်ရှုရင်း ၎င်းအား လေ့ကျင့်နိုင်ရန် ကြိုးစားကြည့်လိုက်တော့သည်။ သို့သော် ထိုပညာရပ်မှာ အဆင့်ပိုမြင့်လာလေလေ ၎င်းအား အချိန်တိုလေးအတွင်း အောင်မြင်စွာ လေ့ကျင့်နိုင်ရန်မှာ ပို၍ခက်ခဲလာလေလေ ဖြစ်နေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ လောနေခြင်းမရှိဘဲ တံခါးပိတ်ကျင့်စဉ်ထဲ၌ ၎င်းအား ဖြည်းဖြည်းနှင့်မှန်မှန် လေ့ကျင့်ကာ သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင် လုပ်နေလိုက်တော့သည်။

သူသည် သူ၏ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုလည်း မေ့ပျောက်ထားခြင်းမရှိဘဲ နေ့စဉ်နေ့တိုင်း အချိန်ပေး၍ ၎င်း၏ ဒုတိယအဆင့်အား လေ့ကျင့်နေခဲ့၏။ ထို ဒုတိယအဆင့်တွင် အရိုးများ ပေါ်ပေါက်လာမည်ဖြစ်ရာ ထို ချပ်ဝတ်တန်‌ဆာကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် အရိုးစုကြီးတစ်ခုအသွင် ပြောင်းလဲသွားမည်ဖြစ်သည်။

ထိုအဆင့်အား အောင်မြင်စွာ ကျင့်ကြံပြီးသွားပါက ၎င်း၏ စွမ်းအားမှာ သိသိသာသာ မြင့်တက်လာမည်လည်းဖြစ်သည်။ သို့သော် ထာဝရလျှပ်စီးပညာရပ်၏ တတိယအဆင့်ကဲ့သို့ပင် ၎င်း၏ တိုးတက်နှုန်းမှာလည်း နှေးကွေးနေ၏။ ဝမ်ပေါင်လဲ့အတွက် ထိုပညာရပ်မှာ ထာဝရလျှပ်စီးအသွင်ပြောင်းပညာရပ်ထက် ပို၍ခက်ခဲနေသည်။

ထိုပညာရပ်အား အောင်မြင်စွာလေ့ကျင့်နိုင်ရန် အသိဉာဏ်ပညာနှင့် နားလည်မှုစွမ်းရည်များသာမက ကုန်ကြမ်းပစ္စည်းအမြောက်အများလည်း လိုအပ်သေးသည်။ ဖုန့်ချိုးရန်မှာ သူ့အား အလွန်အင်မတန်မှစျေးကြီးသော ဆေးပုလင်းတစ်ပုလင်း လက်ဆောင်ပေးခဲ့သည့်တိုင်အောင် လုံလောက်မှုမရှိသေးပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောလိုက်ပြီးနောက် ရှိခိုးနန်းတော်အဆောင်သို့ သွားရန်သာ အာရုံစိုက်လိုက်တော့သည်။ သူသည် သူ၏နာမည်အား တာအိုနန်းတော်ထဲ၌ ရေးထိုးပြီးလျှင် ချက်ချင်းပြန်လာမည်မဟုတ်ဘဲ ဓားကိုယ်ထည်ပိုင်းထဲတွင် ဆက်နေ၍ ပစ္စည်းများ လိုက်လံရှာဖွေရန် တွေးထား၏။

” ငါ့ရဲ့ ရာထူးအဆင့်အတန်း ပိုမြင့်လာလေလေ၊ ငါ သွားနိုင်မယ့်နေရာတွေ ပိုများလာလေလေ၊ ငါ ကျော်ဖြတ်နိုင်မယ့် အချုပ်အနှောင်တွေ ပိုများလာလေလေပဲ…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးအား‌ လေ့လာကြည့်ရှုလိုက်တော့သည်။

ယခုတွင် သူသည် ထိုဓားအိမ်လေး၏ စွမ်းအားနှင့်ပတ်သက်၍ မမလေး ပြောခဲ့သည့်စကားများကို ယုံကြည်သွားပြီဖြစ်သည်။ လတ်တလောတွင်မူ ထိုဓားအား နောက်ထပ်တစ်ကြိမ် ဆွဲထုတ်၍ မရနိုင်လောက်တော့ပေ။ ၎င်းအား အချိန်အတော်အတန်ကြာအောင် စွမ်းအင်များ ဖြည့်တင်းပေးပြီးမှ ထိုသို့ဆွဲထုတ်၍ ရလောက်ပေသည်။

” ငါ ဓားကိုယ်ထည်ပိုင်းထဲကို သွားမှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွားပါသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ လောနေ၍မဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် လဝက်တိတိ တံခါးပိတ်ကျင့်ကြံကာ ဆေးလုံးများကို ကုန်အောင်သုံးစွဲလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ သွားကာ သူ၏ တိုက်ပွဲရမှတ်များကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအတွက် အထောက်အကူပြုနိုင်မည့် ဆေးလုံးများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ မီးစိမ်းကျွန်းမှ ထွက်ခွာမလာခင် မှန်တစ်ချပ်ကိုထုတ်ကာ အချိုးကျလှပနေသည့် သူ၏မျက်နှာလေးအား ‌ကြည့်ရင်း သက်ပြင်းချမိလိုက်သည်။

” ငါက ရုတ်တရက်ကြီး အခုလိုချောမောသွားတော့ ငါ့ကိုယ်ငါတောင် ပြန်ကြိုက်ချင်လာပြီ… ” သူသည် ထိုသို့ရေရွတ်ရင်း မသိစိတ်မှနေ၍ သူ၏ဗိုက်ကို ပုတ်မိလိုက်ပါသော်လည်း မည်သည့်အရာကိုမှ မပုတ်မိလိုက်ပေ။ ထို့ကြောင့် ခေါင်းငုံ့၍ ကြည့်လိုက်သောအခါ သူ၏ဗိုက်မှာ ယခင်တုန်းကလောက် ပူနေခြင်း မရှိတော့‌သည်ကို မြင်လိုက်ရ၏။

” ဝမ်ပေါင်လဲ့။ ဝမ်ပေါင်လဲ့။ မင်းက ရုပ်ရည်ကို ဗန်းပြပြီးတော့ လုပ်စားလို့ရတာတောင် ကိုယ်ထူးကိုယ်ချွန်ပြီး ကြိုးစားနေတုန်းပဲ ” ဝမ်ပေါင်လဲ့မှာ ကျေနပ်မှုအပြည့်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူ့ကိုယ်သူ ဓါတ်ပုံတစ်ပုံ ရိုက်လိုက်၏။ ထို့နောက် သူသည် ထိုပုံအား ဒေသတွင်းသုံး အုပ်စုဖွဲ့စကားဝိုင်းထဲရှိ ပြည်ထောင်စုပျိုးပင်များဆီသို့ ပေးပို့လိုက်ပြီးနောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်ရှိသွားသောအခါ လူအများ၏ သူ့အား ဆက်ဆံပုံမှာ ယခင်တုန်းကနှင့်မတူတော့ပေ။ သူ ထိုကျွန်းပေါ်သို့ရောက်သွားသည်နှင့် အခြားသူများမှာ သူ့အား ချက်ချင်းပင် သတိထားမိသွားကြသောကြောင့် သူ၏အနီးသို့ ရောက်ရှိလာကြပြီး သူ့အား နှုတ်ဆက်လိုက်ကြ၏။

သူတို့မှာ သူ့အား နှုတ်ဆက်ရုံတင်မဟုတ်ဘဲ သူသွားသည့်နောက်သို့ပါ လိုက်လာကြခြင်းဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှု အပြည့်ရှိသော လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့ ရီဝေဝေဖြစ်ကာ ကောင်းကင်တာအိုကျောင်းသို့ ပြန်ရောက်သွားသည့်သကဲ့သို့ပင် ခံစားနေရတော့သည်။

သူ ကျင့်ကြံသူပေါင်း မြောက်မြားစွာရှိနေသည့် တာဝန်ကျောက်တိုင်ကြီး၏အနီးသို့ ရောက်သွားသောအခါ ထိုနေရာကြီးတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရတော့သည်။ ထို ကျင့်ကြံသူများအားလုံးမှာ သူ့အား ချက်ချင်းနှုတ်ဆက်လိုက်ကြပြီး တပည့်ရင်းတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည့်အလား သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။

ထိုအပြုအမူများကြောင့် ဝမ်ပေါင်လဲ့မှာ အားရကျေနပ်သွား၏။ လမ်းတစ်လျှောက်တွင် အမျိုးသမီး ကျင့်ကြံသူများမှာ သူ့အား သမင်မျက်လုံးများဖြင့် ကြည့်နေကြသောကြောင့် သူသည် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေရတော့သည်။

” ဟား။ ဒီ ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးပေါ်က အမျိုးသမီးကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်အချိုးအစားက ပြည်ထောင်စုကြီးထဲက အမျိုးသမီးတွေနဲ့ တူတူပဲလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ထိုမေးခွန်း၏ အဖြေအား အပြင်းအထန် စဉ်းစားတွေးတောနေမိတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset