အခန်း ( ၄၆၅ )

မြေရိုင်းတိမ်

သူတို့ မြင်နေရသည့် ထူးဆန်းသော အရာများသည် ခရီးစထွက်စဥ်က အရာများနှင့် မိုးနှင့်မြေအလားပင်။ အရှေ့ပင်လယ်မြို့တော်မှ ကမ္ဘာမြို့တော်သို့ ခရီးသည် လက်ရှိမြင်တွေ့နေရသည်နှင့် နှိုင်းယှဥ်လိုက်ပါက ပန်းခြံထဲတွင် မြူးထူးခုန်ပေါက်နေရသကဲ့သို့ပင်။ ထိုစဥ်က သူတို့သည် ပရိယာယ်များသော အခြေအနေများကို ထိပ်တိုက်တွေ့ခဲ့ရသော်လည်း အရာအားလုံး ချောချော မွေ့မွေ့ဖြစ်ခဲ့သည် မဟုတ်ပါလော။

ကမ္ဘာမြို့တော်မှ မဟာတံတိုင်းထံသို့ လမ်းကြောင်းသည် ပို၍ ခက်ခဲကြမ်းတမ်းလေသည်။ အပင်များဖြစ်စေ၊ တိရစ္ဆာန်များဖြစ်စေ အားလုံးသည် လုံးဝ ထူးခြားဆန်းပြားလေရာ ပိုင်ရှောင်ချန်းမှာ တချိန်လုံး ထိတ်လန့်ကြောက်ရွံ့နေတော့သည်။ အံ့မခန်းကျင့်ကြံခြင်းအခြေခံနှင့် ရဲစွမ်းသတ္တိရှိသော ဇောင်ထျန်ကျောက်ပင်လျှင် သတိကြီးစွာထားလျက် ရှေ့ဆက်သွားနေရသည်။

ချိန်ယွဲ့ရှန်၏မျက်နှာမှာ အတန်ငယ်ဖြူဖျော့နေပြီး အဖွဲ့ထဲရှိ အခြားသူများမှာ ရံဖန်ရံခါ အခြေအနေများစွာကြောင့် ကြောက်လန့်တုန်ရီနေကြလေသည်။ လေညင်းလေးတစ်ချက်ဝှေ့သည်ကပင် သူတို့ကို ထခုန်သွားစေသည်။

ဤသည်မှာ သူတို့အသားကျသော ကမ္ဘာကြီးနှင့် အလွန်ကွဲပြားခြားနားသည်မဟုတ်ပါလော။ စိတ်စွမ်းအင်များ အားနည်းလာလေရာ လူတိုင်းမှာ မွန်းကြပ်လာကြတော့သည်။ သူတို့မှာ မှီခိုအားထားရန် မှော်ပစ္စည်းများနှင့် ပျံသန်းနေနိုင်ရန် စိတ်စွမ်းအင်ကျောက်တုံးများတော့ရှိလေသည်။

သူတို့ကိုယ်အတွင်းရှိ စိတ်စွမ်းအင်ကိုမူ အသုံးမပြုရဲပေ။ အမှန်ဆိုရလျှင် စိမ့်ထွက်မလာစေရန်ပင် ဇောင်ထျန်ကျောက်က သူ့ကိုယ်သူ မှော်သိုင်းသုံးကာ ပိတ်လှောင်ထားလေသည်။

အခြားလူအားလုံးလည်း ထိုအတိုင်းပြုလုပ်ထားကြသည်။ မှန်ပါသည်။ ပိုင်ရှောင်ချန်းကတော့ ထိုသို့သော ကြိုတင်ဆောင်ရွက်ချက်များကို အစောဆုံးထဲက ပြုလုပ်ထားပြီးဖြစ်လေသည်။

လူတစ်ယောက်၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ပိတ်လှောင်ခြင်းသည် သူ၏စိတ်စွမ်းအင်အာရုံများကို အနည်းအကျဥ်းလျော့သွားစေသော်လည်း စိတ်စွမ်းအင်စိမ့်ထွက်ခြင်းပြဿနာကို ဖြေရှင်းပေးသည်။ ထိုအရာသည် စိတ်စွမ်းအင်ရှားပါးပြီး ကောင်းကင်နှင့်မြေကြီးကို မဆက်သွယ်ထားသည့် အထူးသဖြင့် တစ်ယောက်တည်းဖြစ်နေသောနေရာတွင် အရေးကြီးလေသည်။

ထိုနည်းလမ်းသည် စိတ်စွမ်းအင်ယိုစိမ့်ခြင်းပြဿနာကိုဖြေရှင်းရာတွင် အသုံးဝင်သော်လည်း အန္တရာယ်များနည်းပါးရန်တော့ မည်သို့မှ မလုပ်နိုင်ပေ။ ပျံသန်းသွားသော ဝိညာဥ်များကြောင့်ပဲဖြစ်ဖြစ် သို့မဟုတ် ဤနယ်မြေများတွင် နေထိုင်နေသော ထူးခြားဆန်းပြားသောအရာများကြောင့်ပဲဖြစ်ဖြစ် သူတို့သည် သတိကြီးစွာထား၍ ရှေ့ဆက်သွားနေရလေသည်။

သူတို့ သတိထားဂရုစိုက်နေသည့်တိုင်အောင် ကမ္ဘာမြို့တော်မှ ထွက်ခွာလာပြီးနောက် နှစ်လခန့်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။ ဇောင်ထျန်ကျောက်ဝယ်ခဲ့သော မှော်လှေပေါ်တွင် သူတို့အားလုံး တင်ပျဥ်ခွေထိုင်နေကြချိန် ရုတ်တရက် သည်းထိတ်ရင်ဖိုဖွယ် ဟိန်းဟောက်သံကြီးတစ်ခုက လေကို ခွင်း၍ ထွက်လာလေသည်။

နားကွဲလုမတတ် အသံကြီးက လှေ၏ပိတ်လှောင်ထားသော အကာအကွယ်များကို ထိုးဖောက်၍ လှေပေါ်ရှိ လူတိုင်း၏ စိတ်အစဥ်ကို အဆက်မပြတ်ထုနှက်လိုက်လေသည်။ ဇောင်ထျန်ကျောက်၏ မျက်လုံးများပွင့််လာပြီး ပိုင်ရှောင်ချန်းမှာ ရင်တုန်သွားလေသည်။ အတူတကွစုပေါင်းလာသော တိမ်များ မည်သို့ဖြစ်လာမည်ကို သိရှိရန် လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

အချိန်တခဏလေးအတွင်းမှာပင် တိမ်များသည် မီတာ ၃၀၀၀တိတိရှည်သော ဧရာမနွားချေးပိုးကောင်ကြီးပုံစံဖြစ်သွားပြီး ရုတ်ခြည်း အမည်းရောင်ပြောင်းသွားလေသည်။

ဤ မီတာ၃၀၀၀ အရှည် အမည်းရောင် နွားချီးပိုးကောင်ကြီးသည် သူတို့၏ လမ်းကို ပိတ်ရန်ကြိုးစားနေသည်မှာ သိသာထင်ရှားနေပြီး ၄င်း၏ ပြင်းထန်သော ဟိန်းဟောက်သံများကြောင့် ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးတုန်ခါသွားကြတော့သည်။

” မြေရိုင်း တိမ် ”
ချိန်ယွဲ့ရှန်၏ နှုတ်မှ လွှတ်ခနဲထွက်သွားလေသည်။ ဇောင်ထျန်ကျောက်၏မျက်နှာပျက်သွားပြီး အဖွဲ့ထဲရှိ အခြားသူများသည်လည်း ထိုနည်းတူ တုန်လှုပ်သွားဟန်ရှိသည်။

“မြေရိုင်း တိမ်တွေရဲ့မူလအစက မရှင်းဘူး” ဇောင်ထျန်ကျောက်က ပြော၏။
” ပြီးတော့ ဘယ်သူမှ သူတို့ဘယ်လိုဖြစ်လာလဲ အတိအကျမသိဘူး။ ငါမှတ်ထားတာမှန်မယ်ဆိုရင် သူတို့က မဟာတံတိုင်းအတွင်းပဲဖြစ်ဖြစ်၊ အပြင်ပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ပေါ်လာနိုင်တယ်။”

” သူတို့မှာ ပုံစံသတ်သတ်မှတ်မှတ်မရှိတဲ့အပြင် အပင် ဒါမဟုတ် အသီးအရွက် ဘာပုံစံမဆိုယူနိုင်တယ်။ ဒီ တိမ်ကတော့ နွားချေးပိုးေကာင်ပုံ ယူထားမှန်း သိသာတယ် ”

” တိမ်တွေက တကယ်တော့ တိရစ္ဆာန်တွေမဟုတ်ဘူး။ ရာသီဥတုဖောက်ပြန်ခြင်းပဲ။ ဒီကောင်ကြီးကတော့ သေချာပေါက် မဟာတံတိုင်းမြို့တော်ရဲ့ အာရုံစိုက်ခံရတော့မှာပဲ ”

သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေပဲ စီးေတာ်လှေကို အမည်းရောင်နွားချေးပိုးကောင်ကြီးကိုရှောင်ရန် ဘေးသို့ ကွေ့လိုက်သည်။ လှေကို လမ်းကြောင်းပေါ်မှ ရုတ်တရက်ကွေ့လိုက်စဥ် ပိုင်ရှောင်ချန်းမှာ အန္တရာယ်အငွေ့အသက်ကြီးကို ခံစားလိုက်ရပြီး သူ့နှလုံးသားမှာ လည်မျိုမှ ခုန်ထွက်တော့မည့်အလား ဖြစ်နေတော့သည်။

သို့သော်လည်း သူတို့က ဦးတည်ချက်ပြောင်းရန် ကြိုးစားလိုက်သည်နှင့် မီတာ၃၀၀၀အရှည် နွားချေးပိုးကောင်ကြီးက ဟိန်းဟောက်နေရာမှ ရပ်လိုက်ပြီးနောက် သူတို့ကို အေးစက်စက် လှမ်းကြည့်လိုက်လေသည်။

ထိုအကြည့်တစ်ချက်ကပင် ပိုင်ရှောင်ချန်းကို အကြောက်တရားများဖြင့် သွေးရူးသွေးတန်းဖြစ် သွားစေပြီး သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။ အခြားသူများသည်လည်း ကြောက်လန့်မှုကြောင့် ချွေးများထွက်နေတော့သည်။

မည်သူမှ မတုံ့ပြန်နိုင်လိုက်မီ အမည်းရောင်နွားချေးပိုးကောင်ကြီးက နောက်တစ်ဖန် နားကွဲမလုမတတ် ဟိန်းဟောက်လိုက်ပြီးနောက် ပါးစပ်ကြီးဟလိုက်လေသည်။

ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်းအသံများ၊ တဝေါဝေါလေသံများနှင့်အတူ ဆွဲငင်အားတစ်ခု ပျံ့ နှံ့လာတော့သည်။ နွားချေးပိုးကောင်ကြီး၏ ပါးစပ်ပေါက်ကြီးသည် တွင်းနက်ကြီးတစ်ခုဖြစ်လာသည့်အလားပင်။

အရာအားလုံး တုန်ခါလာလေရာ မြေမှုန်များ၊ ကျောက်တုံးကျောက်ခဲများ လေပေါ်သို့ မြောက်တက်လာပြီး ခေါင်းထက်ရှိ တိမ်များသည်ပင် လိမ်ဖယ်ရှုံ့တွလာတော့သည်။ အနီးအနားရှိ ရက်စက်ကြမ်းကြုတ်ပုံရသောငှက်အုပ်လိုက်ကြီးသည် နွားချေးပိုးကောင်ကြီးမှ စုပ်ယူခြင်းခံရသဖြင့် တဂစ်ဂစ်အော်မြည်နေကြတော့သည်။

မြေကြီးသည် ပြင်းထန်စွာတုန်ခါနေလေရာ ထိုပတ်ဝန်းကျင်ရှိ တောင်ကုန်းတစ်ခုမှ မြေကြီးမှာ ကွဲထွက်သွားပြီး နွားချေးပိုးကောင်ကြီးထံသို့ တဝီဝီလည်၍ သွားလေသည်။

လူတိုင်း၏စိတ်အစဥ်ကို တုန်လှုပ်ခြင်းလှိုင်းလုံးများ တိုက်စားနေပြီး အတတ်နိုင်ဆုံး လှေပေါ်တွင် မြဲမြံစွာ ကုပ်ကပ်နေကြစဥ် သူတို့၏ ဆံပင်များ၊ ဝတ်ရုံများမှာ လေထဲတွင် လွင့်ပျံနေတော့သည်။ လှေ၏ စိတ်စွမ်းအားဖြင့်သာ ကာကွယ် မထားခဲ့ပါက လေထဲဆွဲခေါ်ခံရပြီး အပိုင်ပိုင်းစုတ်ပြဲသွားပေလိမ့်မည်။ အမှန်တွင် လှေမှာ လည်နေပြီဖြစ်ပြီး ပျက်စီးတော့မတတ် ပုံပျက်ရှံ့တွနေလေပြီ။

ကောင်းကင်ယံမှ အမည်းရောင် နွားချေးပိုးကောင်ကြီးသည် ဘေးပတ်လည်ရှိ အရာအားလုံးနှင့် သစ်ပင်များကိုပင်လျှင် စုပ်ယူနေသော ဧရာမလေပွေကြီး၏ အလယ်ဗဟိုဖြစ်နေတော့သည်။

ဇောင်ထျန်ကျောက်၊ ပိုင်ရှောင်ချန်းနှင့် အခြားသူများအားလုံးမှာ အလွန်တရာ စိုးရိမ်နေကြပြီး စိတ်စွမ်းအင်များ ယိုသိမ့်သွားခြင်းကို တခဏပင်စဥ်းစားမနေတော့ပေ။ သူတို့က ချက်ချင်းပင် ကျင့်ကြံခြင်းအခြေခံအားကုန်ထုတ်ကာ ရေဝဲကြီးမှ ပျံထွက်သွားနိုင်ရန် လှေငယ်ကို အားဖြည့်ပေးလိုက်လေသည်။

လှေငယ်မှာ လေကိုခွင်း၍ ရုန်းကန်သွားနေရင်း စွမ်းအားအပေါက်များထဲ ထည့်သွင်းထားသော စိတ်စွမ်းအင်ကျောက်တုံးများမှာ တောက်ပသောအလင်းများလင်းထိန်လာပြီးနောက် အမည်းရောင်ပြောင်းကာ ပြာဖြစ်သွားတော့သည်။

စိတ်စွမ်းအင်ကျောက်တုံးများ လုံးဝကုန်ခမ်းသွားပြီး တစ်ဖွဲ့လုံး၏ ကျင့်ကြံခြင်းအခြေခံများမှ အပိုစွမ်းအားများဖြင့် လှေသည် ဆွဲငင်နေသော ရေဝဲကြီးထံမှ ဒေါသတကြီး ဟိန်းဟောက်ရုန်းထွက်ကာ အဝေးသို့ တစ်ဟုန်ထိုးပြေးထွက်သွားတော့သည်။

သူတို့နောက်တွင် အမည်းရောင် နွားချေးပိုးကောင်ကြီးက ဒေါသတကြီးဟိန်းဟောက်လိုက်သော်လည်း သူတို့နောက် လိုက်မလာပေ။

ပိုင်ရှောင်ချန်း၏ စိတ်မှာ ဗလာသက်သက်ဖြစ်နေပြီး နှုတ်ဆိတ်၍ ထိုင်နေလေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို လှေထဲထည့်သွင်းပေးလိုက်ပြီး အခြားသူများသည်လည်း ထိုအတိုင်းပင်။ သူတို့သည် အားအကုန်သုံး၍ ပျံထွက်လာကာ ခပ်ဝေးဝေးရောက်သည့်အခါမှသာလျှင် လှေငယ်ကို အရှိန်လျှော့လိုက်ပြီး ကြုံရာတောင်တစ်ခုနားတွင် ရပ်လိုက်လေသည်။ ထိုနေရာတွင်မှ သူတို့မှာ စိတ်သက်သာရာရသွားကြပြီး သက်ပြင်းအရှည်ကြီးချလိုက်ကြကာ ကြောက်လန့်ခြင်းများစွဲကျန်နေသော အရိပ်အယောင်များဖြင့် ကသိကအောက် အကြည့်များဖလှယ်လိုက်ကြသည်။

“အဲဒီ တိမ်…. အနည်းဆုံး ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းလောက် ရှိတယ်”

” တိမ်…”
ပိုင်ရှောင်ချန်းက သူတို့ပျံထွက်လာခဲ့သည့်နေရာကို လှည့်ကြည့်လိုက်သည်။ သူသည် သူ၏သနားစရာအသက်ကလေး ထိုအခြေအနေကြီးထဲမှ သီသီလေးလွတ်လာခဲ့သည့်အလား ခံစားနေရတော့သည်။ အကယ်၍ လှေပျံသာ ဆွဲငင်ခြင်းဝဲထံမှ မလွတ်မြောက်နိုင်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း…..

ထိုမေးခွန်းအတွက် အဖြေမရှိပေ။ မြေရိုင်းဒေသများတွင် တိမ်သည် ကျင့်ကြံသူများကိုသာမဟုတ် လူ့ဘီလူးကြီးများကိုပါ အန္တရာယ်ဖြစ်စေလေသည်။ လူသားများ၏ စွမ်းအားများကြောင့်မဟုတ်ပဲ ရာသီဥတုဖောက်ပြန်ခြင်း ဖြစ်လေရာ ၎င်းတို့၏မေးရိုးကြီးထဲ ဝင်ရောက်သွားသည့် မည်သည့်အရာမဆို အသက်ရှင်လျက် ပြန်မလာနိုင်ပေ။

ထို့ကြောင့် သူတို့စားလိုက်သည့်အရာများ မည်သို့ဖြစ်သွားလဲဆိုသည်ကို မည်သူမှ အမှန်တကယ် မသိပေ…….

” အဲ့လို ထူးထူးဆန်းဆန်းအရာကြီး ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး…” ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

ဇောင်ထျန်ကျောက်က နှစ်သိမ့်သည့်အသံပေါ်အောင် ကြိုးစားရင်း ပြော၏။
” ငါတို့ရဲ့ အမိန့်လည်ဆွဲတွေနဲ့ဆိုရင်… သတိထားနေသရွေ့ ဘေးကင်းလောက်မှာပါ…. ။ မဟာတံတိုင်းနောက်ကို မသွားသရွေ့ပေါ့…”

ချိန်ယွဲ့ရှန်မှာ အတန်ငယ် ဖြူဖတ်ဖြူရော်ဖြစ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။ ဤလူသူနည်းပါးသော နယ်မြေတွင် အမိန့်လည်ဆွဲများသည် သူတို့ကို လုံခြုံစေရန်သာ တတ်နိုင်တော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းသားများဖြစ်သည့်အတွက် ထိုသို့သာ လုပ်ရပေမည်။

” ခင်ဗျား သေချာတယ်နော်….” ပိုင်ရှောင်ချန်းမှာ အမိန့်လည်ဆွဲကို ဆွဲထုတ်လိုက်ရင်း မျက်ရည်ဝဲလျက်ပြောလိုက်သည်။ ဤနေရာကို ဇောင်ထျန်ကျောက်နှင့် အတူလိုက်လာသည်ကို သူ နောင်တရနေလေပြီ။ အရှေ့ပင်လယ်မြို့တော်တွင် ဆယ်နှစ်ကြာတွင်းအောင်းနေရန်အကြံက ပိုကောင်းသည်မဟုတ်ပါလော။ သူ့အတွက် ပို၍ကောင်းကာ ပိုမိုဘေးကင်းလုံခြုံလေသည်။

ညနေစောင်းလာ၏။ ကံဆိုးစွာပင် အရှိန်များများရရန် စိတ်စွမ်းအင်ကျောက်တုံးများလုံးပါးပါးသွားသောကြောင့် လှေပေါ်ရှိ စွမ်းအင်အပေါက်များ ပျက်စီးသွားခဲ့လေရာ ထပ်သုံး၍မရတော့ပေ။

သို့သော်လည်း ဇောင်ထျန်ကျောက်နှင့် သူ့အဖွဲ့သည် အစကတည်းက ခရီးအတွက် ကောင်းစွာပြင်ဆင်လာခဲ့လေသည်။ ခဏကြာ နားပြီးနောက် ချိန်ယွဲ့ရှန်က နောက်ထပ်လှေပျံတစ်ခုကို ထုတ်လိုက်ကာ စိတ်စွမ်းအင်ကျောက်တုံးအသစ်များ ထည့်လိုက်ပြီး ခရီးပြန်စတော့သည်။

လမ်းတစ်လျှောက်တွင် သူတို့သည် ယခင်ထက်ပင် ပို၍ သတိထားကြလေသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအမြောက်အမြားကို ဖြုန်းတီးခဲ့ရပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များမှာ အလွန်အားနည်းလာလေသည်။ ထို့ကြောင့် သူတို့သည် ပြန်လည်သက်သာရန် ခက်ခဲပြီး ကြာရှည်သောနည်းလမ်းဖြစ်သည့် စိတ်စွမ်းအင်ကျောက်တုံးများကို သုံးရလေသည်။

နောက်ထပ်နှစ်လကုန်ဆုံးသွား၏။ ထိုအတောအတွင်း သူတို့သည် အန္တရာယ်များသော အခြေအနေအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း အကုန်လုံးဘေးကင်းကင်းနှင့် ဖြတ်သန်းလာနိုင်ခဲ့လေသည်။ သို့တိုင်အောင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများ ကြီးထွားလာတော့သည်။

ကံကောင်းထောက်မစွာ သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ဖြေးဖြေးမှန်မှန် ပြန်လည်ကုသခြင်းနည်းလမ်းများက အားအင်အပြည့်အဝဖြစ်လာလုနီးပါး ရောက်အောင် တွန်းပို့ပေးနေလေသည်။ အကျိုးဆက်အနေနှင့် ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပို၍ များစွာလုံခြုံလာကြောင်း ခံစားလိုက်ရလေသည်။

တစ်နေရာတွင် ဇောင်ထျန်ကျောက်က ခေါင်းကိုခါလိုက်ပြီး ပြော၏။
“အင်း. မဟာတံတိုင်းအထဲမှာတောင် ဒီလောက်အန္တရာယ်များမယ်လို့ မယုံနိုင်သေးဘူး…အခြားတစ်ဖက်မှာ ဘာနဲ့တူမလဲ သိချင်လိုက်တာ”

” ရှောင်ချန်း… ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က ခုထိ မပြောင်းသေးဘူး။ မဟာတံတိုင်းကိုရောက်ပြီးရင် အတွေ့အကြံနည်းနည်းရဖို့ ငါတို့ အပြင်ထွက်မှာ။ မင်းငါတို့နဲ့ လိုက်ခဲ့မှာလား”

ပိုင်ရှောင်ချန်းသည် သူတို့ပတ်လည်ရှိ နယ်မြေများကို လွမ်းဆွတ်ကြေကွဲစွာ ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်လေသည်။

” မလိုက်ခဲ့လောက်ဘူး ” သူကပြန်ဖြေသည်။
” အင်း.. ကျုပ် မဟာတံတိုင်းမြို့တော်ကို နည်းနည်းလောက် လျှောက်ကြည့်ဦးမယ်။ မြို့တော်အကြောင်းသိထားတော့ နောက်ကျဒုက္ခနည်းမှာ မဟုတ်ဘူးလား “


Comment

Leave a Reply

Options

not work with dark mode
Reset