Switch Mode

အခန်း ( ၄၆၃ )

ကမ္ဘာမြို့

” အဲ့တာတောင် ငါတို့က အခုထိ မဟာတံတိုင်းထဲမှာပဲ ရှိသေးတာနော်…. ”
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ဤနေရာတွင် သူမြင်တွေ့ခဲ့ပြီးသမျှ အရာများကြောင့် သူက ဤနေရာကို ပို၍ နားလည်စပြုလာပြီဖြစ်သည်။

” မဟာတံတိုင်းထဲမှာတောင် ဒီလိုမျိုးဖြစ်နေရင် အပြင်ဘက်မှာဆို ဘယ်လိုများနေမတုံး…. ”
ထိုမေးခွန်း၏ အဖြေကို သူ လုံးဝ မသိလိုပေ။ သူတို့အုပ်စုမှာ တစ်ခဏမျှ ပျံသန်းလိုက်ကြပြီး တည်နေရာရွှေ့ပြောင်းသည့် ဝင်ပေါက်သုံးခုကို ဖြတ်ကျော်သွားလိုက်သည်။ အဆုံးတွင် မဟာတံတိုင်း၏ အတွင်းထဲရှိ ခရီးတစ်ဝက်ခန့်ကို သူတို့ ရောက်သွားပြီဖြစ်သည်။

ထိုနေရာမှာ ကမ္ဘာမြို့ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် သူတို့က အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရသည်ဖြစ်ပါသော်လည်း သူတို့ မဖြေရှင်းနိုင်သည့် အန္တရာယ်မျိုးတော့ မဟုတ်ခဲ့ပေ။ အရှေ့ပင်လယ်မြို့တော်နှင့် ကမ္ဘာမြို့ ကြားမှ ဒေသသည် အခြားနေရာများနှင့် ယှဥ်ကြည့်ပါက အတော်အတန် ဘေးကင်းသည် မဟုတ်ပါလော။

သူတို့သည် ရံဖန်ရံခါ သုံးယောက်မှ ငါးယောက်အကြား အုပ်စုဖွဲ့ကာ သွားလာနေကြသည့် ကျင့်ကြံသူများကို တွေ့ရတတ်သည်။ တစ်ယောက်ထဲ သွားလာနေသည့် လူများကိုတွေ့ရသည်မှာ မရှိသလောက်ရှားပြီး အကယ်၍ထိုသို့တွေ့ရှိပါကလည်း သူတို့မှာ အေးစက်စက်မျက်နှာထားများနှင့် သတိအပြည့်ရှိနေသော လူများသာ ဖြစ်ကြသည်။ ထိုသူများမှာ ပိုင်ရှောင်ချန်းတို့ အုပ်စုနှင့် ခပ်ဝေးဝေး ရှောင်သွားကြစမြဲသာ ဖြစ်သည်။

သူတို့၏ မျက်ဝန်းများထဲတွင် မြင်နေရသော မောပန်းနွမ်းနယ်မှုများကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ယခင်ကထက်ပင် ပို၍ အေးစက်လာရတော့သည်။

” ဒီနေရာက ငါထင်ထားတာထက်ကို ပိုပြီး အန္တရာယ်များမှာပဲ…. ”
သူက ရင်တဒိန်းဒိန်းခုန်နေပြီဖြစ်သည်။ ကမ္ဘာမြို့ အနားသို့ ကပ်သွားလေလေ ထိုသို့သောခံစားချက်များမှာ ပို၍ ပြင်ထန်းလာလေ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ကမ္ဘာမြို့ အနားသို့ရောက်သွားသောအခါ ထိုတစ်ဝိုက်ရှိ မြေကြီးများမှာ ပို၍မည်းမှောင်လာပြီး ပေါက်ရောက်နေသည့် အပင်များမှာလည်း ပို၍ ထူးဆန်းလာကြောင်းကို ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။ ကျေးငှက်သားရဲများပင်လျှင် ပို၍ ထူးဆန်းလာကြပြီး အရောင်များမှာ ပို၍ မည်းမှောင်လာကြသည်။

ထိုအချက်များအပြင် ပိုင်ရှောင်ချန်း သတိအထားမိဆုံးသောအရာမှာ တဖြည်းဖြည်းနှင့် အားအင်ပို၍ လျော့နည်းလာသည့် စိတ်စွမ်းအင်ပင်ဖြစ်သည်။ ဇောင်ထျန်ကျောက်နှင့် အခြားသုံးယောက်မှာ ထိုအားလျော့နေသည့် စိတ်စွမ်းအင်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် မနည်းကြိုးစားနေရပါသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ အခက်ကြီးမဟုတ်ပေ။ ယခုအချိန်တွင် သူတို့ခံစားနေရသည့် စိတ်စွမ်းအင်မှာ သူ အောက်ပိုင်းဒေသတွင် ရှိခဲ့စဥ်တုံးက ရရှိသောစိတ်စွမ်းအင်နှင့် တူညီလုနီးပါး ဖြစ်နေသည်သာ ဖြစ်သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စိတ်စွမ်းအင်နှင့်သာ အသားကျနေသူများအတွက်မူ ဤအချင်းအရာသည် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုဖြစ်သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ အလွန်အံ့သြစရာတစ်ခု ဖြစ်မနေပေ။

ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် အဆုံးတွင် သူတို့သည် မြို့တော်သုံးခု၏ ဒုတိယမြို့တော်ဖြစ်သော ကမ္ဘာမြို့ သို့ ရောက်ရှိသွားတော့သည်။

၎င်းမြို့တော်မှာ အရှေ့ပင်လယ်မြို့တော်နှင့် မတူပဲ အလွန်ကြီးမားကာ အနက်ရောင်အုတ်ခဲများဖြင့် တည်ဆောက်ထားသည့် ဧရာမ ကုဗတုံးကြီးတစ်တုံး သဏ္ဍာန်ရှိသည်။ ၎င်းဆီမှ အနက်ရောင်အလင်းတန်းများက အရပ်မျက်နှာအနှံ့ တောက်ပနေပြီး နံရံပေါ်တွင် ကင်းစောင့်နေသည့် ကျင့်ကြံသူများကို ခပ်ရေးရေး မြင်နိုင်သည်။

အကာအကွယ် လက်နက်ပစ္စည်းများ ဖြစ်သော ဧရာမမှော် အမြောက်ကြီးများကိုလည်း နံရံပေါ်တွင် မြင်နိုင်ပြီး အုတ်ခဲများကိုပြုလုပ်ထားသည့် ဧရာမကျောက်ပြားကြီးများကို အချုပ်အနှောင် သင်္ကေတများရေးထိုးထားသဖြင့် ဤတစ်မြို့လုံးမှာ မန္တန်အစီအရင် တစ်ခုဖြစ်ကြောင်းကို သိနိုင်သည်။

ထို မန္တန်အစီအရင်ကို တစ်ပိုင်းတစ်စမျှသာ ဖွင့်ထားသည်ဖြစ်သော်လည်း မြို့တော်ကြီးကိုမူ အမြဲတမ်း ပိတ်လှောင်ထားနိုင်ဆဲပင်ဖြစ်သည်။ ဤမြို့တော်သည် မဟာတံတိုင်းအတွင်းရှိ ဒုတိယမြောက် အဓိက ခံစစ်ကြောင်းတစ်ခု ဖြစ်သည်။

မဟာတံတိုင်း မြို့တော်သာ ကျဆုံးခဲ့သည်ရှိသော် ဤနေရာသည် ထိုမြို့၏ အစားထိုးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဤမြို့ထဲတွင် ကျင့်ကြံသူများစွာရှိပြီး ရရှိနိုင်သော အထောက်အပံ့ပစ္စည်းများမှာလည်း မယုံကြည်နိုင်လောက်အောင် များပြားလွန်းသည်။ အမှန်ဆိုရလျှင် ဤနေရာသည် နောက်ချန် ခံစစ်ကြောင်းတစ်ခုအပြင် ရိက္ခာများကို သိုလှောင်သည့်နေရာတစ်ခုအဖြစ်လည်း ပူးတွဲတည်ရှိနေသည်။

ညနေခင်း၏ မှောင်ရီပျိုးစအချိန်တွင်မူ ကမ္ဘာမြို့ မှာ ထုထည်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်ကာ အငမ်းမရဖြစ်နေသည့် သားရဲကြီးတစ်ကောင်နှင့် ဆင်တူနေတော့သည်။ ခပ်လှမ်းလှမ်းမှနေ၍ ဤမြို့တော်ကိုကြည့်လိုက်လျှင်ပင် သတ်ဖြတ်လိုသည့် အခိုးအငွေ့များကို ခံစားလိုက်ရသည့်အလား တုန်လှုပ်ခြောက်ခြားသွားရမည်ဖြစ်သည်။

” အဲ့ရှေ့က ကမ္ဘာမြို့ ပဲ။ ” ဇောင်ထျန်ကျောက်က ဆိုလိုက်သည်။
” ဒီနေရာမှ ခဏနားမယ်။ ပြီးမှ ဒုတိယခရီးကိုဆက်မယ်။ ဒုတိယခရီးလမ်းမှာ အန္တရာယ်များတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပဲ။ အဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေဖို့လိုတယ်။ ”
ထိုအဖွဲ့ထဲရှိ အခြားလူများ၏ မျက်နှာများမှာ အလွန်အမင်း ထိုင်းမှိုင်းနေကြပြီး ပိုင်ရှောင်ချန်းကမူ စိတ်ထဲတွင် ကြိတ်၍ ပြုံးနေတော့သည်။

မြို့တော်အပြင်ဘက်တွင် ပျံ့ကျဲနေသော အရိုးစုများစွာ ရှိပြီး အချို့မှာနေဒဏ်ကြောင့် အရောင်များပင် လွင့်နေသဖြင့် ထိုနေရာများတွင် ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီဟု ဆိုနိုင်သည်။ ထိုတစ်နေရာလုံးမှာ ကြမ်းတမ်းရင့်ရော်ကာ ယိုယွင်းပျက်စီးနေသည်။

ဤအရိုးများထဲမှ အများစုမှာ ကျင့်ကြံသူများ၏ အရိုးများမဟုတ်သည့်အပြင် သားရဲများ၏ အရိုးစုများ မဟုတ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသည်။ ၎င်းတို့မှာ လူပုံစံရှိသော်လည်း ပို၍ထူကာ ရှည်လျားနေသည်ဖြစ်ပြီး ဘီလူးတစ်ကောင်၏ အရိုးစုများနှင့် ဆင်တူနေသည်။

ထိုအရိုးများမှာ အလွန်မာကျောလှပြီး နေရာအနှံ့ပျံ့ကျဲနေသည့် အရိုးများပင်လျှင် တစ်ချောင်းမှ မကျိုးသေးပေ။

ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကိုတွေးတောနေရင်း နှလုံးခုန်သံများပင် မြန်လာတော့သည်။

” မဟုတ်မှလွဲရော ဒါ တံတိုင်းအပြင်ဘက်မှာရှိတဲ့ မြေရိုင်းနယ်မြေက လူ့ဘီလူးတွေရဲ့ အရိုးတွေများဖြစ်နေမလား။ ”
သူက ယူဆလိုက်သည်။

ပိုင်ရှောင်ချန်းက အရိုးများအား ကြည့်နေသည်ကို ဇောင်ထျန်ကျောက် မြင်လိုက်သောအခါ လှမ်းပြောလိုက်သည်။
” မဟာတံတိုင်း တစ်ခေါက် ကျိုးသွားခဲ့တုံးက ကမ္ဘာမြို့ အသိမ်းပိုက်ခံခဲ့ရတာ။ အဲ့အဖြစ်အပျက်တွေက ကြာခဲ့ပြီဆိုပေမဲ့ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ရုန့်ရင်းကြမ်းတမ်းမှုတွေကို လူတိုင်းသိမြင်နိုင်အောင်လို့ ဒီအရိုးတွေကို တမင်ထားထားတာ။ ”

” ငါတို့လို ကျင့်ကြံသူတွေက တာအိုပညာရပ်တွေကို လိုက်စားတာမှန်ပေမဲ့ တချိန်ထဲမှာပဲ ငါတို့ရဲ့ဂိုဏ်းနဲ့ ငါတို့ပတ်လည်က ကမ္ဘာကြီးကို ပြန်ကာကွယ်ရသေးတယ်။ မြေရိုင်းသားတွေကို ကောင်းကင်တံတားပင်လယ်အထိ သွားခွင့် ပေးလို့မရဘူး။ ”
ထိုသို့ဆိုကာ သူက ချိန်ယွဲ့ရှန်နှင့်အတူ မြို့တော်ဆီသို့ ပျံသန်းသွားသည်။

ဇောင်ထျန်ကျောက်၏ နောက်လိုက်များနှင့် ချိန်ယွဲ့ရှန်၏ မိတ်ဆွေများမှာလည်း လိုက်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ နောက်ဆုံးမှ လိုက်ရသူ ဖြစ်သွားတော့သည်။

” ဒီလို သတ်နေဖြတ်နေတာက ဘာအဓိပ္ပါယ်ရှိလဲကွာ…. ”
သူက တွေးလိုက်သည်။
” အာ…ထားပါတော့။ အခု ဒီနေရာရဲ့ အန္တရာယ်ကြီးမားပုံကို ငါမြင်ပြီးသွားပြီဆိုတော့ တုလင်ဖေးအကြံကို လက်ခံမှရတော့မယ်။ အချိန်ဆယ်နှစ်လောက် ပုန်းကွယ်နေနိုင်မဲ့ နေရာတစ်နေရာကိုရှာပြီး ငါ့မှာရှိတဲ့ နတ်အဆင့်ဝိညာဥ်တစ်ခုကို နတ်အဆင့်သားရဲဝိညာဥ်တစ်စုံနဲ့ လဲလှယ်တာပဲ ကောင်းတယ်။ ”

သူက ထိုသို့ဆုံးဖြတ်ချက် ချပြီးသွားသဖြင့် အသက်ပြင်းပြင်းရှူကာ တည်ကြည်နေသော မျက်နှာထားဖြင့် ရှေ့သို့အပြေးလိုက်သွားတော့သည်။ သူ၏အတွင်းစိတ်ထဲတွင် သွေးပြတ်ချောက်ခြားနေပါသော်လည်း ထိုခံစားချက်များကို ထုတ်ဖော်မပြသပေ။

ဇောင်ထျန်ကျောက်နောက်သို့ အမှီလိုက်ပြီး သူက ကြိမ်းဝါးလိုက်သည်။
” အစ်ကိုဇောင်ပြောတာ မှန်တယ်။ ကျုပ်တို့ ကျင့်ကြံသူတွေက အသက်ပေးပြီးတော့ မြေရိုင်းသားတွေကို နှိမ်နင်းရမှာ။ ”

ထိုစကားကြောင့် ဇောင်ထျန်ကျောက်မှာ အားပါးတရ ရယ်မောသွားတော့သည်။ ခဏအကြာတွင် သူတို့သည် မြို့တော် အပေါက်ဝသို့ရောက်ရှိသွားသောအခါ သူတို့၏ အမှတ်တံဆိပ်ဆွဲပြားများကို အစစ်ဆေးခံလိုက်ကြပြီး အတွင်းထဲသို့ ဝင်သွားကြတော့သည်။

ကမ္ဘာမြို့ ကြီးမှာ အပြင်ပန်းကကြည့်လျှင် ကြီးမားပါသော်လည်း အတွင်းထဲသို့ ဝင်ရောက်သွားသောအခါ ပို၍ပင်ကြီးမားနေသည်ကို တွေ့လိုက်ရသည်။ လမ်းများပေါ်တွင် ဟိုဟိုသည်သည်သွားလာနေသည့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေကြသော်လည်း မည်သူကမျှ စကားပြောချင်စိတ် မရှိသည့်အလား စကားသံတစ်သံမှ မကြားရပေ။

ဤ ကမ္ဘာမြို့ တွင် အထောက်အပံ့ပစ္စည်းများ ပေါကြွယ်ဝသည်ကို ပိုင်ရှောင်ချန်းက သိပြီးဖြစ်သည်။ ဆေးလုံးများဖြစ်စေ၊ မှော်ပစ္စည်းများဖြစ်စေ၊ စက္ကူအဆောင်များဖြစ်စေ၊ ကုန်ပစ္စည်းများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ ထို့အပြင် စျေးနှုန်းများမှာလည်း အလွန်အမင်းကြီးနေသည်မဟုတ်ဘဲ ဆေးလုံးအမျိုးအစားများစွာမှာ အခြားနေရာများထက်စာလျှင် ဤနေရာတွင် ပို၍ပင် စျေးချိုနေသည်ကို တွေ့ရသည်။

ဤမြို့ထဲမှ ပိုင်ရှောင်ချန်း ထပ်မံ သတိထားမိသည့် အခြားသောအရာတစ်ခုမှာ မြို့စောင့်တပ်ကြီး ဖြစ်သည်။

ထိုတပ်ကြီးတွင် သတ်ဖြတ်လိုသည့် အခိုးအငွေ့များ ထုတ်လွှတ်နေကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး သူတို့က သွေးရောင်လက်တစ်ဖက်ပုံစံပါရှိသည့် ထူးခြားသော ဝတ်စုံများကို ဝတ်ဆင်ထားသည်။

ထိုလက်ကြီးမှ မန္တန်အစီအရင်တစ်ခု၏ စွမ်းအားများ ထွက်ပေါ်နေပြီး ထိုစွမ်းအားကြောင့် အဆိုပါ ကျင့်ကြံသူအားလုံးမှာ အလောင်းများတောင်လိုပုံနေသည့် နေရာများကို တက်လှမ်းထားကာ သွေးပင်လယ်များထဲတွင် ဖြတ်ကူးထားသည့် လူများနှင့် တူနေတော့သည်။ ထိုမြို့စောင့်တပ်မှ ကျင့်ကြံသူများ မြို့ထဲသို့ သွားသည့်အခါတိုင်း လူတိုင်းမှာ သူတို့ကို ရိုသေလေးစားစွာ ဆက်ဆံကြသည်။

” အဲ့ကျင့်ကြံသူတွေက သံမဏိ သွေးကြော ခန်းမဆောင် အဖွဲ့ဝင်တွေ။ ” ဇောင်ထျန်ကျောက်က ရှင်းပြလိုက်သည်။
” ဒါပေမဲ့ မဟာတံတိုင်းပေါ်မှာရှိတဲ့ လူတွေနဲ့ တစ်ဖွဲ့သားချင်းတော့ မဟုတ်ဘူး။ ဒီလူတွေက တစ်ခါတစ်လေမှ တံတိုင်းအပြင် ထွက်တိုက်ကြတာ။ ကျန်တဲ့အချိန်အများစုမှာ ဒီ ကမ္ဘာမြို့ ကိုပဲ စောင့်ရှောက်ကြတာများတယ်။ ” ဇောင်ထျန်ကျောက်သည် သံမဏိ သွေးကြောခန်းမမှ ကျင့်ကြံသူများကို မျှော်လင့်ချက်များ၊လေးစားမှုများ တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။

” သူတို့က တံတိုင်းအပြင်ကို တစ်ခါတစ်လေသွားတာ ဟုတ်လား။ ”
ဤလူများမှာ တံတိုင်းအပြင်ဘက်သို့ တစ်ခါတစ်လေမှသာ သွားသည့်တိုင်အောင် အလွန်အံ့သြဖွယ်ကောင်းလွန်းနေသဖြင့် တတိယမြောက်မြို့တော်တွင်နေသည့် ကျင့်ကြံသူများ၏ ပုံစံကို သူက စိတ်ကူးနှင့်ပင် ခန့်မှန်းကာ အလွန်သိချင်နေတော့သည်။

သူ၏ စိုးရိမ်မှုများကို မျိုသိပ်နေစဥ် သူတို့အဖွဲ့မှာ တစ်ညတာနားခိုရန် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ကြသည်။ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့မှာ မြို့စောင့်တပ်ထဲမှ အကြီးအကဲများဆီသို့ သွား၍လည်ပတ်လိုက်သည်။ ထိုသို့လည်ပတ်ခွင့်မှာ သူတို့၏အဆင့်အတန်းကြောင့် ထိုအုပ်စုထဲတွင် သူတို့သာလျှင်ရနိုင်သော အခွင့်အရေးဖြစ်သည်။

ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်းကို လိုက်ခဲ့ရန် ဖိတ်ခေါ်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ အနည်းငယ်တွေးတောလိုက်ပြီး မြို့တော်ထဲတွင်သာ လည်ပတ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ညနေစောင်းအချိန်ရောက်လာပြီး ကောင်းကင်ကြီးမှာ တဖြည်းဖြည်း မည်းမှောင်သွားသည်။ သို့သော်လည်း ကမ္ဘာမြို့ ကြီးမှာ နေ့အခါက ကဲ့သို့ အလုပ်ရှုပ်နေဆဲဖြစ်ပြီး ဆိုင်တိုင်း ဖွင့်နေသေးသည်။ ပိုင်ရှောင်ချန်းမှာ လမ်းပတ်လျှောက်ကာ လူအုပ်များကိုကြည့်လိုက်၊ စျေးဆိုင်များမှာ ပစ္စည်းများကိုကြည့်လိုက် လုပ်နေတော့သည်။ လူအုပ်ကြီးမှာ အလွန်တိတ်ဆိတ်လွန်းနေပြီး စကားပြောသည့်အချိန်များတွင်ပင် တီးတိုးသံလေးများသာ ကြားနေရသည်။

အလွန်တရာ ထူးဆန်းဖွယ်ကောင်းသော ပတ်ဝန်းကျင်ကြီးတစ်ခုဖြစ်နေသည်မှာ အသေအချာပင်။

Comment

Leave a Reply

Options

not work with dark mode
Reset