ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာပေါ်လာလေသည်။
သူသည် အရှေ့ဘက် ကောင်းကင်တံတားမြစ်တွင်ရှိခဲ့စဥ်အခါက အဏ္ဏဝါခေါ်သံဂိုဏ်းသည် အနီးအနားတွင် ရှိနေသေးသည်ဟု အမြဲခံစားခဲ့ရသည်။ သို့သော် ယခုတွင် ဘယ်နေရာကြည့်ကြည့် မရင်းနှီးသော မျက်နှာများနှင့် အစိမ်းသက်သက်နေရာသို့ ရောက်နေလေသည်။
သူက အလွန်စိတ်ပျက်နေသော အမူအရာဖြင့် စုန့်ချွဲနှင့် သူ၏အခြားသော တာအိုစောင့်ရှောက်သူများကို လှမ်းကြည့်ပြီး ပြောသည်။
” ဒီလို နေရာစိမ်းကြီးမှာ ငါတို့အတူတူ ပိုပြီး စည်းလုံးနေရမယ်။ စုန့်ချွဲ၊ နတ်ဆရာ ၊ ချင်းမေ့ယွမ်..ငါ့ တာအိုစောင့်ရှောက်သူတွေရေ.. မင်းတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းရည်အစစ်အမှန်တွေကို ပြသဖို့ အချိန်ရောက်ပြီ ”
ထို့နောက် သူက တလက်လပ်တောက်ပနေသော မျက်လုံးများဖြင့် အင်္ကျီလက်ကို ခါလိုက်လေသည်။
” ကုံသက်တန့်ဒေသမှာပဲဖြစ်ဖြစ်၊ ကုံမြို့တော်မှာပဲဖြစ်ဖြစ် စစ်သင်္ဘောပေါ်မှာတောင်မှ ငါက မင်းတို့အားလုံးကို ကာကွယ်ပေးတဲ့သူဖြစ်ခဲ့တယ်။ အင်း အခုတော့.. မင်းတို့ ငါ့ကို ကာကွယ်ပေးဖို့ အချိန်ကျပြီ။ အစီအစဥ်ကဒီလို.. .. ငါတို့”
သူ့စကားပင် ဆုံးအောင် မပြောလိုက်ခင် ချင်းမေ့ယွမ်က လည်ချောင်းကို ရှင်းလိုက်သည်။
” ငါအခု သွားရတော့မယ် ရှောင်ချန်း”
” ဟမ် ”
ပိုင်ရှောင်ချန်း၏ နှုတ်မှ လွှတ်ခနဲ ထွက်သွားလေသည်။
” အတူတူနေပြီး နင့်ကို မကူချင်လို့ မဟုတ်ပါဘူး.။ ဒါပေမယ့်.. . နင်သိတယ်တယ်မလားဟာ။ ငါ.. ငါ အိမ်ပြန်ချင်တယ် ”
သူမက သူနှင့် မခွဲချင်ကြောင်းပြောနေသည့်အလား လေးနက်သောအကြည့်ဖြင့် ကြည့်နေလေသည်။ ထိုအကြည့်တွင် တခြားခံစားချက်အရိပ်အယောင်များပင် ရောယှက်နေသေးသည်။ အချိန်အတော်ကြာပြီးနောက် သူမက သက်ပြင်းချလိုက်ပြီး ဒူးညွှတ်အရိုအသေပေးလိုက်လေသည်။
” ကံကြုံရင် ပြန်ဆုံဦးမှာပါ… ”
ထို့နောက် သူမက လှည့်ထွက်သွားပြီး အရှေ့ပင်လယ်မြို့ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ သူမ၏ ထွက်ခွာမှုက ကောက်ကာငင်ကာ ဖြစ်သွားသော်လည်း ပိုင်ရှောင်ချန်း မထင်ထားသည်တော့မဟုတ်ပေ။ သူမ၏ အိမ်မှာ မဟာတံတိုင်းအလွန်တွင်ရှိပြီး သူနှင့်လိုက်လာရသော အဓိက အကြောင်းရင်းက ထိုနေရာကို ပြန်ချင်၍ဖြစ်ကြောင်း သူသိလေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာကတည်းကပင် ထိုအကြောင်းများကို တဖွဖွပြောခဲ့သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ပြီး စုန့်ချွဲနှင့် နတ်ဆရာကို လှမ်းကြည့်လိုက်သည်။ သူ၏ အစီအစဥ်ကို သူတို့အား ရှင်းပြရန် ပြင်လိုက်ဆဲမှာပင် စုန့်ချွဲက အေးစက်စက်နှာမှုတ်လိုက်လေသည်။ အရှေ့ပင်လယ်မြို့တော်နှင့် နောက်တွင်ရှိသော ဒေသများကို ကြည့်ရင်း သူက တစ်ယောက်တည်း တွေးလိုက်၏။
” ဒါက ငါ့အတွက် ပြီးပြည့်စုံတဲ့ နေရာပဲ။ ငါ စုန့်ချွဲက အန္တရာယ်တွေအလယ်မှာ နေထိုင်ရှင်သန်ရတာကို ကြိုက်တဲ့လူစား။ ဒီနေရာကပိုပြီး အကြင်နာမဲ့လေလေ သေလုနီးပါး လေ့ကျင့်ရေးအတွက် အခွင့်အရေးများများရှိလေပဲ။ ဒါကပဲ စွမ်းအားကြီးဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ပိုင်ရှောင်ချန်းကို ဆယ်ဆနင်းခြေပစ်ဖို့ ငါ့အတွက် အခွင့်အရေးပဲကွ ”
သူသည် အလွန်ရဲရင့်သော ရည်မှန်းချက်များဖြင့် ရင်ခုန်သံမြန်နေပြီး သန္နိဋ္ဌာန်ချထားပြီးသော မျက်နှာအမူအရာဖြင့် ပိုင်ရှောင်ချန်းကို အရေးလုပ်၍ပင် မကြည့်ဘဲ ပြော၏။
” ပိုင်ရှောင်ချန်း… သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်း ဒါမှမဟုတ် စစ်သင်္ဘောပေါ်မှာပဲ ဖြစ်ဖြစ် မင်းကို ငါ ယှဥ်လို့မရခဲ့ဘူး… ဒါပေမယ့် ဒီတစ်ကြိမ်… ဒီနေရာမှာ နောက်ဆုံးတော့ ငါ မင်းကို ကျော်ဖြတ်ပြမယ်။ ဒါက ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒါကို ငါ လက်လွှတ်မခံနိုင်ဘူး”
ထို့နောက် သူက အလင်းတန်းအသွင်ပြောင်းကာ အဝေးထွက်သွားတော့သည်။
“ချွဲအာ…”
ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးလျက် တစ်ကိုယ်လုံးတုန်ယင်နေရင်း ပြောလိုက်လေသည်။ ဖြစ်ပျက်နေသော မြင်ကွင်းကို သူ အလွန် ရင်းနှီးနေလေသည်…. ရုတ်တရက် အလွန် စိုးရိမ်နေရင်း သူက နတ်ဆရာကို လှမ်းကြည့်လိုက်သည်။
“နတ်ဆရာ… ခင်ဗျား..”
” ခေါင်းဆောင်လေး.. အမ်း.. ကျုပ်တကယ် လမ်းမခွဲချင်ပါဘူးဗျာ။ ဒါပေမယ့် အကာအကွယ်ခန်းမက ပေးလိုက်တဲ့ တာဝန်နည်းနည်းရှိလို့ပါ။ အမ်း. နောက် ဆယ်နှစ်ကြာရင် တွေ့မယ်နော် ဟုတ်ပြီလား”
နတ်ဆရာမှာ အတန်ငယ်ရှက်နေပုံရသော်လည်း အမှန်တကယ်ပင် လိမ်လည်လှည့်ဖျားနေခြင်းမဟုတ်ပေ။ အကာအကွယ်ခန်းမက သူ့ကို တာဝန်အချို့ အမှန်တကယ် ပေးထားခဲ့သည်။
နတ်ဆရာက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး လက်ယှက် ဦးညွှတ်ကာ ပျံထွက်သွားတော့သည်….. ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ကုန်းစွန်းဝမ်အာနှင့် အထီးကျန်စွာ ကျန်ခဲ့လေတော့သည်။ သူမက သူ့ကို လှမ်းကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ကလေး ပြုံးပြကာ ထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်းမှာ ငေးကြောင်ကြောင်ဖြင့် ကြီးမားကျယ်ပြောသော အရှေ့ပင်လယ်မြို့တော်ကြီးကို လှည့်ပတ်ကြည့်နေမိတော့သည်။ အရာအားလုံးက အစိမ်းသက်သက်ပင်။ သူသည် အထီးကျန်သည်ဟု ခံစားလိုက်ရပြီး တချိန်တည်းမှာပင် ဒေါသထွက်လာ၏။
ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကုံမြို့တော်ကို ရောက်ရောက်ချင်းဖြစ်ပျက်ခဲ့သည်များ၊ စုန့်ချွဲနှင့် အခြားသူများ သူ့ကို စွန့်ခွာသွားခဲ့သည်များကို ပြန်ပြောင်းအမှတ်ရလာတော့သည်…
” ကောင်းပြီလေ။ တောင်ပံဖြန့်ချင်တယ်မလား။ သွားပါသွားဖြန့်ကြစမ်းပါ။ မင်းတို့လိုရင် ငါ့ကိုနောက်ကျလာရှာလို့ရတယ်သိလား ”
သူက ဒေါသလည်းထွက်၊ စိတ်ဓာတ်လည်းကျနေရာ ထိုနှစ်ခုပေါင်းစပ်သွားပြီး သူ၏ တိုက်ခိုက်လိုစိတ်များ ပေါက်ဖွားလာတော့သည်။
” ငါ သေချာပေါက် ဒီမှာနေမှာ။ ဒါမှ မင်းတို့ကောင်တွေ ငါ့ကို ဒုတိယအကြိမ်ထားပစ်ခဲ့တာက မင်းတို့ဘဝမှာ အကြီးဆုံးအမှားဆိုတာ သဘောပေါက်ကြမှာ ”
ပိုင်ရှောင်ချန်းသည် လူတိုင်း အစအနပင်မကျန်ပျောက်သွားပြီး သူ လုံးဝ ပြင်ဆင်ချိန်မရလိုက်ဘဲ သူ့ကို ထားသွားခဲ့ခြင်းများအတွက် အလွန်အမင်း ဒေါသထွက်နေလေသည်။ အရင်အကြိမ်က ဖြစ်သွားခဲ့သည့်ကိစ္စကို စဥ်းစားရင်း သူ၏ တာအိုစောင့်ရှောက်သူများ ဘယ်တော့မှ သူ့ကို စွန့်ခွာမှာမဟုတ်ဟု ထင်ထားခဲ့သည်…
” မင်းတို့ ငါရဲ့ အစားအစာတွေကို စားတယ်။ ငါ့အရက်ကို သောက်တယ်။ ငါ့ပစ္စည်းတွေကို သုံးတယ်။ အေးပါ မင်းတို့ကောင်တွေ နေနှင့်ဦးပေါ့ ”
သူက အံတင်းတင်းကြိတ်ရင်း ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ကာ ဘယ်နေရာကိုသွား၍ ဘာလုပ်ရမည်မှန်း ကြိုးစားဆုံးဖြတ်နေရင်း မျက်ရည်များဝဲနေလေတော့သည်။ ထိုအချိန်တွင် ထွက်ခွာတော့မည့်ဆဲဆဲ လူခြောက်ယောက်အုပ်စုတစ်စုက ဦးတည်ရာဘက်ပြောင်းပြီး တစ်ယောက်တည်းဖြစ်နေသော ပိုင်ရှောင်ချန်းထံ လျှောက်လာကြလေသည်။
” ရှောင်ချန်း ”
တစ်ယောက်က လှမ်းအော်လိုက်သည်။ ထိုလူမှာ ဇောင်ထျန်ကျောက်မှလွှဲ၍ တခြားလူမဟုတ်ချေ။ ပိုင်ရှောင်ချန်းက လှည့်ကြည့်လိုက်သောအခါ အမျိုးသားကျင့်ကြံသူနှစ်ယောက် ၊ အမျိုးသမီးကျင့်ကြံသူနှစ်ယောက် ခြံရံထားသော သူနှင့် ချိန်ယွဲ့ရှန်ကို တွေ့လိုက်ရလေသည်။ အမျိုးသားကျင့်ကြံသူနှစ်ယောက်မှာ မကြာသေးမီက ပိုင်ရှောင်ချန်းကို အထင်ကြီးသဘောကျသွားကြသော ဇောင်ထျန်ကျောက်၏ နောက်လိုက်များပင်ဖြစ်လေသည်။
အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ကိုမူ ပိုင်ရှောင်ချန်း မသိသော်လည်း ချိန်ယွဲ့ရှန်အကြောင်း ဇောင်ထျန်ကျောက် အစောပိုင်းက ပြောခဲ့သည်အရဆိုလျှင် သူတို့သည် အရှေ့ပင်လယ်မြို့တော်သိူ့ ရောက်နှင့်နေကြသည့် သူမ၏ မိတ်ဆွေကောင်းနှစ်ယောက်ဖြစ်မည်ဟု ယူဆလိုက်လေသည်။
” အစ်ကိုကြီး ဇောင် ”
ပိုင်ရှောင်ချန်းက အော်ခေါ်လိုက်သည်။
ဇောင်ထျန်ကျောက်က အားပါးတရရယ်မောလိုက်ရင်း ပိုင်ရှောင်ချန်း၏ဘေး ရပ်လိုက်ပြီး သူ့ပခုံးကို ဆုပ်လိုက်လေသည်။
” ဒီမှာ တစ်ယောက်တည်းဘာလုပ်နေတာတုံး။ တခြားလုပ်စရာမရှိရင် ငါတို့နဲ့ အတူသွားမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အတူတူနေတာ ပိုကောင်းမှာပေါ့ကွာ။ ငါတော့ ဟိုဟိုသည်သည်လှည့်ပတ်ပြီးမှ နောက်ဆုံး မဟာတံတိုင်းကို သွားဖို့ စီစဥ်ထားတယ် ”
ပိုင်ရှောင်ချန်းက ခပ်ယဲ့ယဲ့ ပြုံး၍ ပြော၏။
” ကျုပ်ရဲ့ တာအိုစောင့်ရှောက်သူတွေကို သူတို့လမ်းသူတို့သွားဖို့ပြောလိုက်တာ။ သူတို့မှာလည်း ကိုယ်စီ ကံကြမ္မာတွေရှိတယ်လေ။ သူတို့ရဲ့ အနာဂတ်တက်လမ်းကို ကျုပ်မပိတ်ချင်ဘူးဗျာ။ ကျုပ်အတွက်ကတော့ ကိုယ့်ဘာသာကိုယ် လောကကြီးကို ကိုင်တွယ်ချင်တာ။ ဒါမှပဲ ကျုပ်နှလုံးသားက ကောင်းကင်ကြီးလို အေးချမ်းပြီး ကျုပ်စိတ်က ကုန်းမြေကြီးလို ကျယ်ပြောမှာ။ ဒါက ကောင်းကင်တာအိုရဲ့ သော့ချက်ပဲ”
ချိန်ယွဲ့ရှန်က ဇောင်ထျန်ကျောက်ဘေးတွင်ရပ်လိုက်ပြီး ပိုင်ရှောင်ချန်းကိုကြည့်၍ ပြုံးနေသော်လည်း သူမ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များရှိနေလေသည်။ ဇောင်ထျန်ကျောက်က သူမကို ပိုင်ရှောင်ချန်းက သူ့အား သင်ပေးသမျှ အကြောင်းအားလုံး ပြောပြခဲ့ပြီးဖြစ်သည်မှာ ထင်ရှားလှသည်။
ဇောင်ထျန်ကျောက်၏ နောက်လိုက်များမှာ လေးစားမှုအပေါင်းဖြင့် မည်သည့်နည်းနှင့်မဆို သူတို့ အာမခံရဲသော ပိုင်ရှောင်ချန်းကို ချက်ချင်းပင် အရိုအသေပေးလိုက်လေသည်။ ချိန်ယွဲ့ရှန်၏ သူငယ်ချင်းနှစ်ယောက်မှာ သူ့ကို စပ်စပ်စုစု အကဲခတ်နေလေသည်။
ချိန်ယွဲ့ရှန်က နူးညံပျော့ပျောင်းပြီး သာယာကြည်နူးဖွယ်ကောင်းသော လေသံဖြင့် စကားဆိုလိုက်လေ၏။
” မောင်လေးပိုင် …ငါတို့ အခုလေးတင် ထွက်သွားတော့မလို့ပဲ ဒါပေမယ့် အစ်ကိုဇောင်က မင်းကို စိတ်ပူနေတာနဲ့ မင်းကို ပြန်လာရှာတာ။ ငါတို့ ဟိုဟိုဒီ ဒီလျှောက်ပတ်ကြည့်ဦးမှာ။ လူများရင် ပိုလည်း လုံခြုံတယ်လေ။ ငါတို့နဲ့ ပေါင်းလိုက်ပါလား”
ပိုင်ရှောင်ချန်းမှာ သူကြားနေရသည်ကို အလွန်တရာ သဘောကျနေလေသည်။ ဇောင်ထျန်ကျောက်က ရယ်မောလိုက်ပြီး ပိုင်ရှောင်ချန်းက မည်မျှပင်ကြိုးစား၍ငြင်းမရအောင် သူ့လက်ကို ဖမ်းဆွဲထားလေသည်။ ထို့နောက် ထိုအုပ်စုသည် လေပေါ်ပျံတက်လိုက်ပြီး အရှေ့ပင်လယ်မြို့တော်မှ ထွက်ခွာလာကြတော့သည်။
သူတို့ မြို့တော်မှ ထွက်လာသည်နှင့် စိတ်စွမ်းအင် ခြားနားမှုရှိသွားကြောင်း ပိုင်ရှောင်ချန်း ခံစားလိုက်ရသော်လည်း သိပ်မသိသာပေ။ သူတို့သည် ကောင်းကင်တံတားပင်လယ်နှင့် အလွန်နီးနေသေးသည် မဟုတ်ပါလော။
သိသာသော အရာမှာ မြို့တော် အပြင်ဘက်ရှိ သိပ်သည်းထူထပ်သော မြေကြီးမှာ ခရမ်းမည်းရောင် ဖြစ်နေလေသည်။ သွေးများ ပက်ဖြန်းထားသည့်အလား ပုံပန်းသွင်ပြင်အရ အလွန်ဆိုးရွားလှလေသည်။
ချိုင့်ခွက်များစွာကိုလည်း တွေ့ရပြီး တစ်ခုမှာဆိုလျှင် အမည်းရောင်အရည်များပြည့်နေသော ရေကန်ကြီးတစ်ခုဖြစ်နေသည်။
ချိန်ယွဲ့ရှန်က ခရမ်းမဲရောင် ကုန်းမြေများကို လှည့်ပတ်ကြည့်ကာ ပြော၏။
” ငါအဖေ့ပြောပုံအရ ရှင်းကုံကျစ်တာအိုဂိုဏ်း စတည်ထောင်တဲ့ အချိန်ကစပြီး အခုထက်ထိ မဟာတံတိုင်းကြီးက တစ်ကြိမ်ပဲ ကျိုးပေါက်ဖူးတယ်တဲ့။ မြေရိုင်းဒေသ လူရိုင်း စစ်တပ်ကြီးက ထိုးဖောက်ဝင်ရောက်လာပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြတယ်။ သွေးမြစ်တွေဟာ ကုန်းမြေတွေကို ဖြတ်ပြီး စီဆင်းလာတယ်တဲ့လေ… …”
ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်မသက်မသာဖြစ်နေလေပြီ။ ကြည့်ရဆိုးသော မြေကြီးများအပြင် ထူးဆန်းပြီး ကြောက်စရာကောင်းသော အပင်များနှင့် တိရစ္ဆာန်များစွာလည်း ရှိလေသည်။ ၂၅ မီတာအမြင့် သစ်ပင်ကြီးများရှိပြီး အရွက်များအစား ထိပ်များတွင် ဧရာမလူခေါင်းကြီးများထိုးထွက်နေလေသည်။ ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် သစ်ပင်ကြီးများသည် ဖြတ်သွားသည့် မည်သည့် သေးငယ်သော သက်ရှိသတ္တဝါများကိုမဆို ချက်ချင်း ဝါးမြိုလိုက်လေသည်။
တစ်နေရာတွင် မိုးမခပင်ထံမှ လေထဲ လွင့်သွားသော အမည်းရောင်ဝါဂွမ်းအစေ့များရှိနေသည့် တိမ်မည်းတစ်ခုနှင့် ကြုံလိုက်ရလေသည်။ ဇောင်ထျန်ကျောက်သည် ထိုအရာကိုမြင်သောအခါ မျက်နှာအမူအရာ ပျက်သွားလေသည်။
” ပတ်သွားရအောင် ” သူကပြောလိုက်သည်။
” အဲဒါတွေက သွေးဝိညာဥ်မွှားတွေရဲ့ အကောင်ပေါက်တွေပဲ။သူတို့ အရေပြားပေါ်ရောက်တာနဲ့ မင်းတို့ ခန္ဓာကိုယ်ထဲဖောက်ဝင်သွားပြီး ခန္ဓာကိုယ် နဲ့ ဝိညာဥ်ကိုပါ စားပစ်လိမ့်မယ်။ သူတို့ကို မြို့တော်အဆင့် မန္တန်အစီအရင်တွေကပဲ တားနိုင်တာ။ ငါတို့ ကိုယ်ကိုကိုယ် ကာကွယ်ဖို့ အစွမ်းမရှိဘူး”
ပိုင်ရှောင်ချန်းက သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်သောအခါ မျောနေသော အစေ့များမဟုတ်ပဲ သိပ်သိပ်သည်းသည်းပူးကပ်နေသော ပိုးမွှားအကောင်ပေါက်များဖြစ်ကြောင်း ချက်ချင်း အတည်ပြုလိုက်လေသည်။
လူတိုင်းမှာ တုန်လှုပ်သွားကြပြီး ဆန့်ကျင်ဘက်သို့ မြန်မြန်ပျံလိုက်ကြသည်။ ထိုနေရာကို ဖြတ်သွားရန် ရက်အနည်းငယ်ကြာသွားပြီး ပိုးမွှားအကောင်ပေါက်များကို ရှောင်နိုင်ခဲ့သော်လည်း ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ချောက်ချားနေဆဲပင်။ ပိုးကောင်ပေါက်လေးများကို ရှောင်သွားသည့် လမ်းတစ်လျှောက်၌ ပထမတွင် ဆွေးမြေ့နေသော အရိုးပုံတစ်ခုဟုထင်ရသည့် အရာကို ကျော်ဖြတ်ခဲ့သော်လည်း အမှန်တကယ်တွင် အပုပ်ကောင်ကဲ့သို့ နံစော်နေသည့် လင်းတတစ်အုပ်ဖြစ်နေပြီး မဖော်ပြနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်မည့်ဟန် ရှိနေလေသည်။ လင်းတများက ကျင့်ကြံသူအုပ်စုကို သတိပြုမိသွားပုံရပြီး သူတို့ကို တိုက်ခိုက်ရန် ပြင်လိုက်စဥ် သူတို့အောက်ရှိ ဘာမှမရှိသော မြေပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာတော့သည်။ စွမ်းအားကြီးသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး လင်းတအုပ်လိုက်ကြီးမှာ အက်ကွဲကြောင်းထဲ ဆွဲခေါ်ခံလိုက်ရတော့သည်။ အက်ကွဲကြောင်းကြီး ပိတ်သွားသည်နှင့် တဂျွတ်ဂျွတ်အက်ကွဲသံများ လေထဲတွင် ပြည့်နှက်သွား၏။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီး သူ၏ မျက်နှာမှာ လူသေကောင်ကဲ့သို့ ဖြူဆုပ်နေလေတော့သည်။