“မြေရိုင်းဒေသတွေမှာ ဘာမှမရှိတော့ သူတို့ စုဆောင်းထားတဲ့ ဝိညာဥ်တွေကနေ ဝိညာဥ်စွမ်းအား စုပ်ယူရတယ်။ ဟုတ်တာပေါ့ ။ သူတို့လည်း စိတ်စွမ်းအင်တွေကို ငတ်မွတ်တယ်ေလ။ ဒါကြောင့် သူတို့ဒေသကို ကျင့်ကြံသူတွေ ဘယ်အချိန်လာလာ သွေးဖောက်သောက်ပြီး သွေးထဲ ပါတဲ့စွမ်းအားတွေကို စုပ်ယူဖို့ ဖမ်းဆီးကြတယ်။ လူ့ဘီလူးတွေက ဟိုးအရင်ကတည်းက ငါတို့နဲ့ ရန်သူတွေဖြစ်ခဲ့ပြီး စိတ်စွမ်းအင်ရဖို့ ကောင်းကင်တံတားပင်လယ်နား ကပ်ဖို့ အမြဲကြိုးစားနေကြတာ။ ငါတို့ အလုပ်က သူတို့ကို နှင်ထုတ်ဖို့ပဲ ”
ဇောင်ထျန်ကျောက်မှာ ပိုင်ရှောင်ချန်း၏မျက်နှာ ရုတ်တရက် အလွန်တရာ ဖြူဖပ်ဖြူလျော်ဖြစ်သွားခြင်းကြောင့် အတန်ငယ် အံ့သြသွားပုံရသော်လည်း ထွေထွေထူးထူး တွေးမနေပေ။
“ဒါကြောင့်ပဲ လူ့ဘီလူးကြီးတွေနဲ့ အမုန်း ဝိညာဥ်တွေကို နှင်ထုတ်ဖို့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကောင်းကင်တံတားပင်လယ်နဲ့ မဟာတံတိုင်းကြီးကြားမှာ မြို့တော်သုံးခုတည်ထောင်ခဲ့တာပဲ”
အပေါ်ယံမိတ်ဆက်ပေးခြင်းထက်ပို၍ ပိုင်ရှောင်ချန်း လိုအပ်လာမည်ကို စိုးရိမ်ပြီး သူက ဆက်ပြောသည်။
” နောက်ရက်နည်းနည်းကြာရင် သင်္ဘောပေါ်က ဆင်းပြီးတာနဲ့ ပထမဆုံးမြို့တော် ရောက်လိမ့်မယ်။ အဲ့မြို့ကို အရှေ့ပင်လယ်မြို့တော်လို့ခေါ်ပြီး အားကောင်းတဲ့ စိတ်စွမ်းအင်တွေရှိတယ်။ အဲ့မြို့က မဟာတံတိုင်းနောက်ကွယ်မှာ အလုံခြုံဆုံးနေရာပဲ”
“မင်း အရှေ့ပင်လယ်မြို့ကနေ ဝေးဝေးရောက်လေ စိတ်စွမ်းအင်တွေ နည်းပါးလာလေပဲ။ ဒုတိယမြို့တော်ကို ကမ္ဘာမြို့တော်လို့ခေါ်တယ်။ အဲဒီမှာ စစ်တပ်ကြီးတစ်ခု စခန်းချထားတယ်။ သူ့ကို မဟာတံတိုင်းကို သွားတဲ့လမ်းမှာ ကူးပြောင်းရေး ဗဟိုနေရာတစ်ခုလို့ သတ်မှတ်နိုင်သလို အဓိကခံတပ်ကြီးတစ်ခုလည်း ဖြစ်တယ် ”
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အရှင်လတ်လတ်အစားခံရမည့်အရေး ထိတ်လန့်ကြောက်ရွံ့နေသောအတွေးများကို ဖိနှိပ်နိုင်သွားပြီး ဇောင်ထျန်ကျောက်ရှင်းပြနေသည့် အသေးစိတ်အချက်အလက်အသစ်များကို ဂရုတစိုက် နားထောင်နေလေသည်။
” ကမ္ဘာမြို့တော်ကိုလွန်ရင် မဟာတံတိုင်းကြီးရောက်တဲ့အထိ စိတ်စွမ်းအင်တွေက အားနည်းလာတယ်။ အဲ့တာက တတိယမြို့တော်ရဲ့ နေရာပဲ ။ ခပ်လွယ်လွယ် မဟာတံတိုင်းမြို့လို့ ခေါ်ကြတယ်။ အဲ့မှာပဲ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ကြောက်စရာအကောင်းဆုံး သံမဏိသွေးကြော ကျင့်ကြံသူတွေ တပ်စွဲထားတယ်။ အဲဒီကျင့်ကြံသူတွေထဲက ဘယ်သူ့ကိုမဆို သေမင်းနတ်ဘုရားလို့ မြင်လို့ရတယ်။ ငါတောင်မှ သူတို့ကို ရန်စရဲမှာမဟုတ်ဘူး”
ဇောင်ထျန်ကျောက်က မဟာတံတိုင်းမြို့ကို ပြောလိုက်သည်နှင့် သူ၏မျက်လုံးများမှာ လေးစားမှုနှင့်စိတ်အားထက်သန်မှုများဖြင့် တောက်ပလာတော့သည်။
” အဲဒီကျင့်ကြံသူတွေက သံမဏိသွေးကြောခန်းမဆောင်လို့ခေါ်တဲ့ တပ်ဖွဲ့ထားတယ်။ သူတို့က…. မဟာတံတိုင်းရဲ့ စစ်မှန်တဲ့ကာကွယ်စောင့်ရှောက်သူတွေဖြစ်ပြီး မြေရိုင်းဒေသက လူ့ဘီလူးကြီး တွေနဲ့ အမြဲတမ်း စစ်ဖြစ်နေတာ။ အင်း.. သူတို့ကြားမှာ ထိခိုက်ဒဏ်ရာရနှုန်းကလည်း အရမ်းမြင့်တယ်”
” ငါကြားထားတာအရဆိုရင် သံမဏိသွေးကြောခန်းမက တပ်ဖွဲ့ငါးဖွဲ့ ခွဲထားတယ်တဲ့။ အဲ့တပ်တစ်ခုရဲ့ တပ်ခွဲမှူးရာထူးရတဲ့ ဘယ်သူမဆို ဂိုဏ်းကို ပြန်လာတာနဲ့ အင်မတန် နာမည်ကြီးမှာ။ ဘာပဲပြောပြော အဲ့လိုလူမှာ နတ်အဆင့်ကျင့်ကြံသူတွေကိုတောင် ကျော်လွန်တဲ့ ကျောထောက်နောက်ခံ သံမဏိသွေးကြောခန်းမဆောင်ရှိတယ်လေ။ သံမဏိသွေးကြောခန်းမဆောင်က နတ်ဘုရားတစ်ပိုင်း အဆင့်ခေါင်းဆောင်ကြီး ကိုယ်တိုင် ကြီးကြပ်ထားတဲ့ ဂိုဏ်းက တစ်ခုတည်းသော ခန်းမဆောင် မဟုတ်လား။ ”
ပိုင်ရှောင်ချန်းက သူကြားသမျှကို ခေါင်းတညိတ်ညိတ်ထောက်ခံနေပြီး သံမဏိသွေးကြောခန်းမဆောင်၏ နာမည်မှာ အလွန်တရာအထင်ကြီးဖွယ်ကောင်းရာ မတွေးပဲ မနေနိုင်တော့ပေ။
” ငါကတော့… ”
ဇောင်ထျန်ကျောက်က ဆက်ပြောသည်။
” ငါရဲ့ ပထမဆုံးရည်ရွယ်ချက်က အတွေ့အကြုံနည်းနည်းပါးပါးရအောင် မြေရိုင်းဒေသကို သွားကြည့်မယ်။ ပြီးရင်တော့ ….သံမဏိသွေးကြောခန်းမဆောင်ထဲ ဝင်မယ်။ အဲဒါပြီးရင် စစ်ရေးမှာ ရွပ်ရွပ်ချွံချွံ ထမ်းရွက်ပြီး တပ်မှူးကြီးအဆင့်ရောက်အောင် တိုက်မယ်”
“ဟမ်… ”
ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်ကို တအံ့တသြကြည့်ပြီး ပြောလိုက်သည်။ မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း သူ့အတွက် ဇောင်ထျန်ကျောက်သည် သူ့ကိုယ်သူ သေလမ်းတည့်တည့်ပေါ်တွင် ပို့နေသည်ကို ပြောနေကြောင်း ထင်မြင်နေမိတော့သည်။
ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်း၏ပခုံးကို ထပ်မံဆုပ်လိုက်ပြီး နွေးထွေးသော မျက်ဝန်းများဖြင့် သူက ဆက်ပြော၏။
” နတ်အဆင့်ကျင့်ကြံသူ နေရာယူထားတဲ့ တစ်ခုတည်းသော နေရာက မဟာတံတိုင်းမြို့ထဲမှာပဲ။ အမှန်တော့ ဒီခရီးရဲ့ ရည်ရွယ်ချက်ထဲက တစ်ခုက ငါ့ဆရာအတွက် အကြီးအကဲကျိုးကို ရာထူးကနေ အနားယူစေဖို့ပဲ။ နောက်နှစ် ရာဂဏန်းအတွင်း ငါ့ဆရာက မဟာတံတိုင်းမှာ နေရာယူပြီး ဘယ်လိုကျူးကျော်ခြင်းကိုမဆို တွန်းလှန်ပစ်ဖို့ တာဝန်ယူလိမ့်မယ်”
အမှန်တကယ်ဆိုရလျှင်
ဇောင်ထျန်ကျောက်သည် ပိုင်ရှောင်ချန်းထက် အသက်ကြီးသော်လည်း မကြာသေးမီက အဖြစ်အပျက်များကြောင့် ပိုင်ရှောင်ချန်းကို အလွန်ရင်းနှီးသော မိတ်ဆွေရင်းချာတစ်ယောက်ကဲ့သို့ သဘောထားလေသည်။ ဇောင်ထျန်ကျောက်မှာ မိတ်ဆွေအပေါင်းအသင်းများစွာ မရှိလေရာ တစ်ယောက်ရသည်နှင့် ထိုလူသည် ဘဝအတွက် ဆိုးတူပေါင်းဖက် ညီအစ်ကိုတစ်ယောက်ပင်။
” ရှောင်ချန်း… နတ်ဝိညာဥ်ရဖို့က ငါ့အတွက် ဒုတိယရည်ရွယ်ချက်လေးပဲ ရှိတာ။ ငါ့ အဓိက ရည်မှန်းချက်က သံမဏိသွေးကြောခန်းမဆောင်ကို ဝင်ရဖို့ပဲ။ ဒါပေမယ့် မင်းက မတူဘူး ရှောင်ချန်း။ မင်း အဲဒီနတ်ဝိညာဥ်တစ်ကောင်ကောင်ရအောင် အပြင်းအထန် တိုက်ခိုက်ဖို့လိုတယ် ”
” မှတ်ထား။ မြေရိုင်းဒေသမှာ ဝိညာဥ်တွေတစ်ပုံကြီးရှိတယ်။ ကောင်းကင်တံတားမြစ်ဒေသတွေမှာ သေသွားတဲ့ သက်ရှိဖြစ်တည်မှုတိုင်းက သူတို့ ဝိညာဥ်မပျက်စီးမချင်း ဒီမှာ အဆုံးသတ်တယ်။ သူတို့က မြေရိုင်းဒေသမှာ တသွင်သွင်စီးဆင်းနေတဲ့ မြေအောက်မြစ်တစ်လျှောက် သွားလာနေတယ်။ အဲဒါက မြေရိုင်းဒေသက ဘာကြောင့် သေမင်းနဲ့ ငရဲကို ကိုယ်စားပြုလဲဆိုတာရဲ့ အကြောင်းပြချက်တစ်ခုပဲ ”
ထိုအချိန်တွင် အပြင်လူများထံပေါက်ကြားသွား၍မဖြစ်သော လျှို့ဝှက်ချက်များကို ရှင်းရှင်းလင်းလင်းပြောပြနေခြင်းဖြစ်လေရာ ဇောင်ထျန်ကျောက်၏ အသံမှာ အလွန်တိုးနေလေသည်။ သို့တိုင်အောင် ပိုင်ရှောင်ချန်းက လမ်းမှားနောက် လိုက်ကာ အဆုံးသတ်သွားမည်ကို စိုးရွံ့နေသဖြင့် သူက အနည်းငယ်ထပ်၍ ရှင်းပြပေးရန် ဆုံးဖြတ်လိုက်သည်။
” ဝိညာဥ်တွေက အဲ့မှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တော့ နတ်ဝိညာဥ်အနည်းငယ် သေချာပေါက် ရှိလိမ့်မယ်။ ကံမကောင်းတာက သူတို့က နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ကြိမ်ပေါ်လာတတ်တော့ ချီလင်ဦးချိုတွေနဲ့ ဖီးနစ်ငှက်မွှေးတွေလို ရှားတယ်။ ငါ့ဆရာရဲ့ တွက်ချက်မှုအရဆိုရင် မြေရိုင်းဒေသ တစ်ခုလုံးမှာရှိတဲ့ နတ်ဝိညာဥ်အရေအတွက်က လက်နှစ်ဖက်နဲ့ ရေလို့ရနိုင်တယ်တဲ့။ ဒါ့အပြင် နတ်ဝိညာဥ်တွေသုံးပြီး ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ပညာရှင် အရေအတွက်က အဲ့ထက်တောင်နည်းသေးတယ်။ ကောင်းကင်ဧကရာဇ် တစ်ယောက်ပဲ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့် အောင်မြင်ဖူးတယ် ”
ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေသတွင် နတ်ဝိညာဥ်များ မည်မျှများပြားစွာရှိနေမည်ဆိုသည်ကို မကြာခဏ သိချင်နေခဲ့လေရာ ဤသတင်းအသစ်ကြောင့် သူ အတော်လေးတုန်လှုပ်သွားတော့သည်။ သူ့မှာရှိေသာ နတ်ဝိညာဥ်နှစ်ခုနှင့် ပေါင်းလိုက်လျှင် ဒဏ္ဍာရီလာ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်အဖြစ်သို့ ရောက်နိုင်မည်လားဆိုသည်ကို သူ မကြာခဏ သိချင်နေခဲ့သည်။
သို့သော်လည်း ယခု ဇောင်ထျန်ကျောက်က သူ့ကို ပြောပြပြီးနောက်တွင် ထိုအလုပ်မှာ အောင်မြင်ရန် အလွန်တရာခက်ခဲပေလိမ့်မည်။ သူ့အိတ်ထဲတွင် နတ်ဝိညာဥ်နှစ်ကောင်ရှိသော်လည်း တန်ဖိုးမှာ သူ့ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေတော့သည်။
ထိုနတ်ဝိညာဥ်နှစ်ကောင်ကိုတွေးလိုက်မိသည်နှင့် သူ့ကို ပေးခဲ့သော လူများကို ပြန်သတိရသွားမိသည်။ တစ်ခုက ခေါင်းဆောင်ကြီး ဟန်ဇောင်ထံမှဖြစ်ပြီး နောက်တစ်ခုက….တုလင်ဖေးထံမှ ဖြစ်လေသည်။
“ဒါကြောင့် မင်း ကောင်းကင်တာအို ယင်ယန်ဝိညာဥ်လမ်းကြောင်းကို မလျှောက်သင့်ဘူးနော်။ အဲဒါက ဘယ်တော့မှ အမှန်တကယ်ဖြစ်မလာနိုင်တဲ့ အိမ်မက် ၊ စိတ်ကူးယဥ်တစ်ခုသာသာပဲ။ မင်း နတ်သားရဲဝိညာဥ်တွေကို ပစ်မှတ်ထားသင့်တယ်။ သူတို့က ရှားပေမယ့်လည်း နတ်ဝိညာဥ်တွေထက်စာရင် ပိုပေါတယ်။ ငါ့ဆရာရဲ့ တွက်ချက်မှုအရ မြေရိုင်းဒေသမှာ နတ်သားရဲဝိညာဥ် ငါးဆယ်ကျော်လောက် ရှိလိမ့်မယ်တဲ့။ ဒါပေမယ့်လည်း ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ”
အနည်းငယ် သတိပေးစကားပြောပြီးနောက်တွင် ဇောင်ထျန်ကျောက်က ထွက်သွားလေသည်။ ပိုင်ရှောင်ချန်းမှာမူ နီးသထက်နီးလာသော ကမ်းစပ်ကို ကြည့်ရင်း တစ်ယောက်တည်း ရပ်ကျန်ခဲ့တော့သည်။
” ငါတို့ ရောက်တော့မှာပဲ… ဆယ်နှစ် ။ ငါဆယ်နှစ်ကြီးတောင် ဘာတွေလုပ်နေရမလဲ။ ”
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်လေသည်။
လျှပ်တစ်ပြက်အတွင်း သုံးရက်ကုန်လွန်သွားပြီး စစ်သင်္ဘောသည် ကမ်းစပ်နှင့် နီးကပ်လာချေပြီ။ တစ်ခုသော နေ့လည်ခင်းတွင် သင်္ဘောရှိ ကျင့်ကြံသူမျါးအားလုံးနီးပါ ပင်မကုန်းပတ်ပေါ် အလိုအလျောက်စုဝေးလာကြလေသည်။
ထိုနေရာမှ သမုဒ္ဒရာနှင့်ထိစပ်နေသည့် ကုန်းမြေမှ ထိုးထွက်နေသော ဧရာမအစိမ်းရောင်မြို့တော်ကြီးကို မြင်နိုင်လေသည်။ ကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းမှာ ဧရာမဆိပ်ကမ်းကြီးတစ်ခုဖြစ်လေသည်။
ထိုနေရာတွင် မန္တန်အစီအရင်များ၏ စွမ်းအားများနှင့် မှော်သင်္ကတများ၏ အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ ဆိပ်ကမ်းပေါ်တွင် ကျင့်ကြံသူအမြောက်အမြား စောင့်နေကြ၏။
သင်္ဘောကြီး အရှိန်လျော့သွားပြီး နှစ်နာရီကြာသော် သင်္ဘော ပေါ်ရှိ ကျင့်ကြံသူများမှာ ခံစားချက်မဲ့သော မျက်လုံးများဖြင့် ဆိပ်ကမ်းပေါ်မှ လူများကို မြင်ရသည်အထိ နီးကပ်လာတော့သည်။
ဆိပ်ကမ်းထံမှ အကြမ်းအားဖြင့် ၅ ကီလိုမီတာ အကွာအဝေးတွင် ဧရာမသင်္ဘောကြီး ဖြည်းဖြည်းချင်းရပ်လိုက်သောကြောင့် ထစ်ခြုန်းမြည်သံများကြားလိုက်ရလေသည်။ ထိုအချိန်တွင် တင်းမာသောမျက်နှာများဖြင့် ကျင့်ကြံသူရှစ်ဦးက နောက်လိုက်အမြုတေအဆင့်ကျင့်ကြံသူအမြောက်အမြားနှင့်အတူ သူတို့ကို ကြိုဆိုရန် မြို့ထဲမှ ပျံထွက်လာလေသည်။
” ဂါဝရပြုပါတယ် အကြီးအကဲချိန် ”
” ဂုဏ်ယူဝမ်းမြောက်မိပါတယ် အကြီးအကဲ ချိန် ”
ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးဦး ပေါ်ထွက်လာသောအခါ အသံများက လှိုင်းလုံးများအလား တစ်ခဲနက် ထွက်ပေါ်တော့သည်။ သူတို့သည် အရိုအသေပေးနေကြသည်ကို ခေါင်းညိတ်တုံ့ပြန်လိုက်ပြီးနောက် မြို့ထဲကို အေးအေးလူလူဝင်သွားကြလေသည်။
ပိုင်ရှောင်ချန်းနှင့် ကျန်ရှိသော ရှင်းကုံကျစ်တာအိုထိပ်တန်းကြယ်ပွင့်ရာချီတို့သည် အချင်းချင်းမိတ်ဆက်ကြပြီးနောက် ကောင်းကင်တံတားပင်လယ်မှ ၅ ကီလိုမီတာအကွာရှိ အရှေ့ပင်လယ်မြို့ဆီသို့ ပျံသွားကြလေသည်။
လမ်းတစ်လျှောက်တွင် မြို့ထဲမှ အမြုတေအဆင့်ကျင့်ကြံသူများမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များကို အကဲဖြတ်နေကြပြီး သူတို့၏အထင်သေးမှုများကို ဖုံးကွယ်ရန်ပင် မကြိုးစားကြပေ။ သူတို့က လူသစ်ကလေးအုပ်စုကို ကြည့်နေကြသော ဝါရင့်စစ်သည်များပင် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည်လည်း အရှေ့ပင်လယ်မြို့တော်ရှိ အမြုတေအဆင့်ကျင့်ကြံသူများကို အကဲခတ်လိုက်လေသည်။ များမကြာမီ အစောပိုင်းအမြုတေအဆင့်ရှိလူများပင်လျှင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူများမှာ သတ်ဖြတ်မှုများနှင့် မစိမ်းလေရာ သူတို့၏ မျက်လုံးများမှာပင် ကြက်သွေးရောင်များ ယှက်သန်းနေတော့သည်။
ပိုင်ရှောင်ချန်း ကြားခဲ့ဖူးသည်အရ ထိုကြက်သွေးရောင်သန်းခြင်းသည် အမုန်းဝိညာဥ်ပေါင်းများစွာ သတ်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကြည့်ရသ၍ ထိုဖြစ်ရပ်သည် သဘာဝတရားကို ဖီဆန်နေပုံရပြီး မည်သို့ပင်ဆိုစေ အန္တရာယ်မရှိပေ။ ထို့အပြင် လူတစ်ယောက်ကို အတော်အတန် ကြောက်စရာကောင်းသည့်ပုံဖြစ်သွားစေသည်။
မကြာမီ သူတို့သည် မြို့ထဲသို့ ရောက်သွားကြပြီး တစ်ယောက်မှ သူတို့ကို မကြိုဆိုကြပေ။ သို့သော်လည်း အမြုတေအဆင့် မဟာစက်ဝန်းတွင်ရှိသော အရှေ့ပင်လယ်မြို့တော်ကျင့်ကြံသူတစ်ယောက်က လူတိုင်းကို အမိန့်လည်ဆွဲတစ်ခုစီ ဝေပေးလေသည်။
” ဂိုဏ်းတပ်စခန်းမှ ကြိုဆိုပါတယ်။ ဒါက မင်းတို့ရဲ့ တစ်ခုတည်းသော အထောက်အထားပစ္စည်းဖြစ်တာကြောင့် မပျောက်စေနဲ့။ မြေရိုင်းဒေသကို ထွက်သွားပြီး ဒါမပါပဲ မဟာတံတိုင်းကို ပြန်လာဖို့ ကြိုးစားရင် ဝင်ပေါက်မှာတင် မင်းတို့ အတားအဆီးခံရမယ်။ ဒါကို သေချာဂရုစိုက်ပါ”
” တစ်ယောက်ချင်းစီအတွက် တရားဝင်စီစဥ်ပေးထားတာတွေ မရှိဘူး။ ဒါက ဆယ်နှစ်ကြာမယ့် နတ်မီးလျှံစမ်းသပ်ပွဲပဲ။ အဲ့အချိန်အတောအတွင်း မင်းတို့အနေနဲ့ မြေရိုင်းဒေသတွေကို အနည်းဆုံး သုံးခါ သွားကို သွားရမယ်။ ဘယ်လိုရလဒ်ဖြစ်နေပါစေ.. မှတ်တမ်းသေချာထိန်းသိမ်းထား။ လိုအပ်ချက်ကို မပြည့်မီဘူးဆိုရင်တော့ ဆယ်နှစ်ပြည့်သွားရင် ဂိုဏ်းကို ပြန်ခွင့်ပြုခံရမှာမဟုတ်ဘူး”
” နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဖို့ ငါ သတိပေးလိုက်မယ်။မှတ်ထား… မင်းတို့ကို အရှေ့ပင်လယ်မြို့မှာ တစ်ရက်ပဲနေဖို့ ခွင့်ပြုထားတယ်။ အဲဒီထက်ပိုပြီးနေခဲ့ရင် နတ်မီးလျှံစမ်းသပ်ပွဲရဲ့ စုစုပေါင်းကာလမှာ တစ်လထပ်တိုးခံရမယ်။ အရှေ့ပင်လယ်က ထွက်ခွာပြီးရင် မင်းတို့ရဲ့ စိတ်စွမ်းအင်အသုံးပြုခြင်းကို ဂရုတစိုက်ထိန်းချုပ်ရမယ် ”
ထို့နောက် ထိုလူမှာ မြို့အတွင်းသို့ ပျံသန်းသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်ကြောင့်ကြနေပြီဖြစ်သည်။ ဤ မရင်းနှီးသော အရှေ့ပင်လယ်မြို့တော်ကြီးသည် အမှန်တကယ် ကောင်းမွန်သော နေရာတစ်ခုဖြစ်ဟန်တူသည်။ သူသည် ပထမဦးစွာ ဆယ်နှစ်တာကာလအတွင်း ဤနေရာတွင် နေနိုင်မျှကြာကြာနေရန် ကြံရွယ်ထားခဲ့သော်လည်း ထိုသို့ မလုပ်နိုင်ကြောင်း သိလိုက်ရလေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များသည် အကြည့်ချင်းဖလှယ်လိုက်ကြလေ၏။ သိသာထင်ရှားစွာပင် လူတိုင်းက ဤမရင်းနှီးသော နေရာစိမ်းအတွက် အစီအစဥ်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိနေကြပြီး တခဏသာကြာလိုက်သည်။ လူအများမှာ လူစုခွဲသွားကြပြီး အရပ်မျက်နှာ အနှံ့သို့ထွက်ခွာသွားတော့သည်။