Switch Mode

အခန်း ( ၄၆၀ )

စွံအောင် လုပ်ပေးတဲ့တစ်ယောက်လား

နတ်အဆင့် ကျင့်ကြံသူ ပြန်ရောက်လာခြင်းဖြစ်သည်။

” အဖေ ”

” ဆရာ ”

ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့သည် အမှားလုပ်နေစဥ် လူမိသွားသည့်အလား ချက်ချင်းပင် တစ်ယောက်နှင့် တစ်ယောက် လူချင်းခွဲလိုက်ကြသည်။ တချိန်တည်းမှာပင် ရှက်ရွံကာ စိုးရိမ် ပူပန်သော ခံစားချက်များ နှစ်ယောက်လုံးဆီတွင်ဖြစ်ပေါ်လာသည်။

မျက်လုံးသုံးလုံး ချိန်ဟဲ့ထျန်သည် ဇောင်ထျန်ကျောက်ကို တင်းမာသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။ သူ့နောက်ရှိ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ၅ယောက်မှာ အားလုံးပင် ပင်ပန်းနွမ်းနယ်နေဟန်တူသော်လည်း နားလည်ရခက်သော အပြုံးများဖြင့် ရှိနေဆဲဖြစ်သည်။ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ကို ကြည့်နေစဥ် သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ရှိနေသည်။

ချိန်ဟဲ့ထျန်၏ အကြည့်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ မျက်နှာများမှ ထူးဆန်းသော အမူအရာများကြောင့် ဤအဘိုးကြီးများသည် ခုနက အချစ်ဝန်ခံခြင်းတစ်ခုလုံးကို ကြားပြီးသွားပြီဖြစ်ကြောင်း ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့သည် ချက်ချင်းပင် သဘောပေါက်သွားကြသည်။

ထို့အပြင် ကောင်းကင်နှင့် ပင်လယ်ပြင်မှ ထူးဆန်းသော အဖြစ်အပျက်များသည်လည်း ချိန်ဟဲ့ထျန်နှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်ဖြစ်ကြောင်း သေချာသလောက်ရှိသည်။

တစ်ဖက်တွင်လည်း ပိုင်ရှောင်ချန်းသည် ကျောရိုးတစ်လျှောက် စိမ့်တက်ကာ ကြက်သီးထလာသည်။ ရုတ်တရက် သူသည် အလွန်ဆိုးဝါးသော ခံစားချက်များ ဖြစ်လာသည်။ သူသည် အလစ်တွင်ထပြေးရန် စဥ်းစားလိုက်သော်လည်း မသင့်တော်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအစား အခြားတစ်ဖက်သို့ ငေးကြည့်ကာ ဖြတ်သွားဖြတ်လာ ပွဲကြည့်သူဟန်ဆောင်ရန် ကြိုးစားလိုက်သည်။ သူသည် ဝိညာဥ်အရက်တစ်ပုလင်းကိုပင် ထုတ်ယူကာ ဖြည်းဖြည်းချင်း စုပ်သောက်နေလိုက်သည်။

ဇောင်ထျန်ကျောက်သည် လုံးဝ စိတ်လှုပ်ရှားလျက်ရှိသည်။ သူ့ဘဝတွင် အကြောက်ဆုံးလူမှာ သူ့ဆရာဖြစ်ပြီး ယခုအချိန်တွင် စိတ်ပူနေရုံမက ရှက်လည်း ရှက်နေသည်။ သို့သော် ချိန်ယွဲ့ရှန်မှာ ထိုသို့မဟုတ်ပေ။ သူမ၏ အဖေ ရုတ်တရက်ရောက်လာခြင်းကြောင့် အစပိုင်းတွင် လန့်သွားသော်လည်း သူမသည် ဇောင်ထျန်ကျောက်၏ လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး တစ်လက်မသော်မှ နောက်မဆုတ်နိုင်ဟု ပြောနေသော အမူအရာမျိုးဖြင့် မော့ကြည့်လိုက်သည်။

” နောက်ဆုံးတော့ စွံသွားပြီပေါ့၊ဟမ် ဇောင်ထျန်ကျောက် ”
ချိန်ဟဲ့ထျန်က ပြောလိုက်သည်။ ဇောင်ထျန်ကျောက်ကို နောက်တစ်ခါထပ်မံ စိုက်ကြည့်လိုက်ကာ အေးစက်စက် နှာမှုတ်လျက် ပိုင်ရှောင်ချန်းပုန်းနေသည့် နေရာကို ကြည့်လိုက်လေသည်။

သူ၏ အကြည့်မှာ ပိုင်ရှောင်ချန်း၏ နှလုံးသားထိတိုင် ထိုးစိုက်နိုင်သည့် ဓါးသွားတစ်လက်အလားပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ခဏမျှ တွေးတောနေဟန်ဖြင့် မော့ကြည့်လိုက်ပြီး အရက်သောက်ထားသောကြောင့် မျက်နှာများနီရဲနေသကဲ့သို့ ဖန်တီးလိုက်လေသည်။ အနည်းငယ် ယိမ်းထိုးကာ မပီမသပြောလိုက်သည်။
“ကောင်းလိုက်တာကွာ။”

သူသည် ရှေ့နောက် ယိမ်းလျက်မှ နောက်သို့ဆုတ်လိုက်ပြီး ချိန်ဟဲ့ထျန်၏ အကြည့်မှ လွတ်စေရန် ထောင့်နားသို့ ပြေးပုန်းလိုက်သည်။ မြင်ကွင်းမှ ကွယ်သွားသည်နှင့် စင်္ကြန်တစ်လျှောက် အမြန်ပြေးသွားတော့သည်။

ချိန်ဟဲ့ထျန်သည် နောက်တစ်ကြိမ်ထပ်၍ နှာမှုတ်လိုက်ပြန်သည်။ ပိုင်ရှောင်ချန်းကို လုံးဝအာရုံမစိုက်ဘဲ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ၅ယောက်ကို ဦးဆောင်၍ ကုန်းပတ်၁ပေါ် ရှိ အခန်းများဆီသို့ တက်သွားလေသည်။

ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ဇောင်ထျန်ကျောက်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အားတင်းကာ သူ့ဆရာဆီသို့ တရားဝင်နှုတ်ဆက်ရန်နှင့် ရှင်းပြရန်အတွက် သွားလေသည်။ သူ့ဆရာသည် ချိန်ယွဲ့ရှန် သို့မဟုတ် ပိုင်ရှောင်ချန်းတို့အပေါ်တွင် စိတ်ခံစားချက်မကောင်းဘဲ ရှိနေမည်ကို သူ မလိုလားပေ။

ပိုင်ရှောင်ချန်းသည် သူ၏ အခန်းရောက်အောင် ကဆုန်ပေါက်ပြေးသွားတော့သည်။ အထဲရောက်သည်တွင် သူ၏ မျက်နှာပေါ်တွင် ပူပန်ကြောင့်ကြနေသော အမူအရာကို မြင်ရသည်။

” ဒီလိုဖြစ်မယ်မှန်းသာ သိရင် မနေ့ကတည်းက ဖွင့်ပြောခိုင်းလိုက်မှာပါ။ ထူးထူးဆန်းဆန်း တိုက်ဆိုင်နေလိုက်တာ။ မျက်လုံး၃လုံးအဘိုးကြီးက ဘာလို့ ဒီနေ့မှ ပြန်လာရတာလဲ။ ဇောင်ထျန်ကျောက်ကို သူ့သမီးနဲ့ အဆင်ပြေသွားအောင် လုပ်ပေးလိုက်တာ ငါဆိုတာကို သူသိသွားရင် ငါ့အတွက် တကယ့်ကပ်ဆိုးကြီး ဆိုက်လာနိုင်တယ်။”
ဤအခြေအနေအကြောင်းတွေးလေလေ၊ စိတ်လှုပ်ရှားလေလေပင်ဖြစ်သည်။သို့တိုင်အောင် သက်ပြင်းချကာ အရေးပေါ်အစီအစဥ်ဆွဲရန် ကြိုးပမ်းရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

ရက်အနည်းငယ်ကြာသွားပြီးနောက် ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်ကို မတွေ့ရသေးပေ။ သို့သော်လည်း ချိန်ဟဲ့ထျန်သည် ပြဿနာရှာရန် ရောက်မလာခဲ့သောကြောင့် ပိုင်ရှောင်ချန်း၏ ပူပန်သောကမှာ လျော့ကျစပြုလာသည်။ သို့သော်လည်း ထိုအချိန်တွင် ချိန်ဟဲ့ထျန်သည် သင်္ဘောတစ်ခုလုံးကို အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

” ဂိုဏ်းသားအားလုံးဟာ မေးခွန်းမေးဖို့ ကုန်းပတ်၁ပေါ်ကို အခေါ်မခံရမချင်း ပေးထားတဲ့ ကိုယ့်အခန်းမှာပဲ နေရမယ်။”

ချိန်ဟဲ့ထျန်၏ အသံသည် အလွန်တည်ကြည်ကာ ဒေါသထွက်နေသည်ဟုပင် ထင်ရသည်။ သင်္ဘောပေါ် ရှိသည့် ဂိုဏ်းသားတစ်ယောက်မှ သူ၏ အမိန့်များကို မဆန့်ကျင်ရဲပေ။ ထို့ကြောင့် စုန့်ချွဲနှင့် အခြားတာအိုအစောင့်အရှောက်များသည် သူတို့၏ နေထိုင်ရာအခန်းများသို့ ပြန်သွားကြလေသည်။

မကြာမီပင် ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့် ပညာရှင်များသည် လှည့်လည်ကြည့်ရှုကာ အခန်းတိုင်းကို စစ်ဆေးကြတော့သည်။

စစ်ဆေးမှုသည် အလွန်ပင် အသေးစိတ်သည်။ နောက်တစ်ခါ ဂိုဏ်းသားအားလုံးသည် သူတို့၏ အဆင့်များနှင့် မဆိုင်ဘဲ ချိန်ဟဲ့ထျန်နှင့် ဝိညာဥ်အဆင့်ကျင့်ကြံသူများ၏ သေချာစွာ စစ်ဆေးမေးမြန်းခြင်းကို ခံရလေသည်။ မကြာမီ ပိုင်ရှောင်ချန်း၏ အလှည့်ရောက်လာလေသည်။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် ကုန်းပတ်၁ပေါ်သို့ တက်သွားလေသည်။ မျက်လုံး၃လုံး ချိန်ဟဲ့ထျန်နှင့် အခြားထိပ်သီးကျင့်ကြံသူများ၏ ရှေ့မှောက်ကို ရောက်သည်နှင့် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

” ဂိုဏ်းသားပိုင်ရှောင်ချန်းက နှုတ်ခွန်းဆက်သပါတယ်၊ ”

” မင်းက ပိုင်ရှောင်ချန်းလား၊ဟမ်။” ချိန်ဟဲ့ထျန်က တောက်ပနေသော မျက်လံုးများနှင့် ပြောလိုက်သည်။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံး၃လုံး အဘိုးကြီးကို စိုက်ကြည့်လျက် ခေါင်းညိတ်လိုက်သည်။

ချိန်ဟဲ့ထျန်သည် သူ့ကို အနီးကပ် စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
“အဲဒီတော့ မင်းက စွံေအာင်လုပ်ပေးလိုက်တဲ့ တစ်ယောက်ပေါ့…”

ထို့နောက် သူသည် မျက်လုံးမှိတ်ထားလိုက်ကာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများက သူ့ကို မေးခွန်းဆက်မေးလေသည်။ ထိုယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်တွင် လျှပ်စီးတန်းကဲ့သို့ အထင်လွဲမှားမှုများကို ထိုးဖောက်နိုင်သည့် စူးရှသော အကြည့်များ ပိုင်ဆိုင်လေသည်။

ပိုင်ရှောင်ချန်းသည် သူတို့၏ မေးခွန်းအားလုံးကို ဖြေကြားပြီးနောက် မကြာမီပင် ပြန်ခွင့်ရသွားလေသည်။ ထွက်လာစဥ်တွင် သူ့နဖူးမှ ချွေးများတစ်တောက်တောက် စီးကျလာကာ သက်ပြင်းချလိုက်ပြီး တွေးလိုက်သည်။ “ငါက စွံအောင် လုပ်ပေးလိုက်တဲ့ကောင်လို့ မျက်လုံး၃လုံး အဘိုးကြီးက ပြောလိုက်တာ ဘယ်လိုအဓိပ္ပါယ်နဲ့လဲ။ ငါ့ကို ချီးကျူးနေတာလား။ အပြစ်တင်နေတာလား။ ငါက သူ့တပည့်နဲ့ သူ့သမီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နေရအောင် လုပ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးကို…နောက်ကျမှ ငါ့ကို အခက်တွေ့အောင်လုပ်ရင် ဘယ်လိုများ လုပ်ရပါ့။”
ပိုင်ရှောင်ချန်းသည် အခြေအနေကို ကွဲပြားအောင် မသုံးသပ်နိုင်ဘဲ အများကြီးတွေးပြီးသည့် နောက်တွင် သက်ပြင်းချကာ စဥ်းစားတွေးတောခြင်းကို လက်လျှော့လိုက်လေသည်။

စစ်သင်္ဘောပေါ် ရှိ ဂိုဏ်းသားအားလုံးကို မေးခွန်းများ မေးမြန်းရန် လဝက်ခန့် ကြာမြင့်ပေသည်။ စစ်ဆေးပြီးသွားသော်လည်း ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ စစ်ဆေးချက်များအရ ဤဖြစ်ရပ်ကို တစ်စုံတစ်ရာ မှတ်ချက်မချနိုင်ပေ။

သူတို့သည် အလောင်းများကိုပါ စစ်ဆေးသော်လည်း တစ်ခုတည်းသောရလဒ်မှာ သူတို့၏ အမူအရာများ ပို၍ တင်းမာသွားခြင်းသာရှိပြီး သူတို့သည် လုံးဝကို မည်သို့ဆက်လုပ်ရမည် မသိတော့ပေ။

ကံကောင်းစွာဖြင့် ချိန်ဟဲ့ထျန်ပြန်ရောက်လာပြီးနောက်တွင် သေဆုံးခြင်းများ ထပ်မံ မဖြစ်ပွားတော့ပေ။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ၂လကြာမြင့်သွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်ကိုလည်းကောင်း၊ ချိန်ယွဲ့ရှန်ကိုလည်းကောင်း တစ်ခါမှ မတွေ့ရပေ။ သူတို့မည်သို့ဖြစ်ပျက်နေသည်ကို သူ အမှန်ပင် လုံးဝ မသိတော့ပေ။

ခရီးရှည်ကြီးမှာ ခြောက်လကြာမြင့်သွားပြီး မိုးကုပ်စက်ဝိုင်းတွင် မြေပြင်ကို နောက်တစ်ကြိမ် လှမ်းမြင်ရသောအခါတွင်မှ သူတို့ကို တွေ့ရလေသည်။

ကုန်ဆုံးသွားသော အချိန်အတောအတွင်း ဇောင်ထျန်ကျောက်၏ ကျင့်ကြံခြင်းအခြေခံမှာ တိုးတက်လာဟန်တူသည်။ ပင်မကုန်းပတ်ပေါ်တွင် သူပေါ်လာချိန်၌ မျက်လုံးများမှာ တလက်လက်တောက်လျက်ရှိပြီး သူ့ဘေးမှ လျှောက်လာသော ချိန်ယွဲ့ရှန်မှာလည်း အလားတူပင် ဖြစ်သည်။ အမှန်တွင် သူတို့နှစ်ယောက်လုံးဆီမှ ဖျော့တော့သော်လည်း သိသာပြီး ယင်ယန်ဝိညာဥ်ဖြစ်ပေါ်ရန် လိုအပ်သော ပစ္စည်းများသာရှိပါက နောက်ထပ်ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ တိုးတက်နိုင်သည့် အခြေအနေတွင် ရှိသည်ဟု ဖော်ပြနေသည့် အငွေ့အသက်များ ထုတ်လွှန်နေသည်။

အတော်များများက သတိပြုမိကြကာ ချက်ချင်းပင် အားကျသွားကြလေသည်။ ချိန်ဟဲ့ထျန်သည် သူ့တပည့်နှင့် သမီးတို့အတွက် ကံကောင်းခြင်းလက်ဆောင်ကို ဆောင်ယူကာ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိသာသည်။

ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်ကို တွေ့လိုက်သည့် အချိန်တွင် ပင်မကုန်းပတ်ပေါ်တွင် စိတ်ကူးတည့်ရာ လျှောက်သွားနေချိန်ဖြစ်သည်။ သူသည်လည်း ပိုင်ရှောင်ချန်းကို တွေ့သွားပြီး မျက်နှာမှာ လင်းခနဲဖြစ်သွားသည်။ အမြန်လျှောက်လာကာ သူ့ကို ဘေးသို့ ဆွဲလိုက်ပြီး အဖြူရောင် ပုလင်းတစ်ခုကို ပေးလိုက်သည်။

“မင်းရဲ့ မရီးနဲ့ ငါက မင်းအတွက် ဒါလေး ချန်ထားတာ။ ဒါက ငွေနဂါးသွေးနည်းနည်းလေးပါ။ ဒါကို စားရင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အတော်လေး တိုးတက်သွားမှာ။”

ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများသည် ငွေနဂါးတစ်ကောင်နောက်ကို လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း သတိရသွားသောအခါ ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အဖြူရောင်ပုလင်းလေးကို အမြန်ယူလိုက်သည်။ ဇောင်ထျန်ကျောက်သည် သူ့ကို ယုံကြည်နေဆဲ၊ သဘောကျနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် အလွန် စိတ်သက်သာရာ ရသွားသည်။

“အစ်ကိုက ကျုပ်ကို မရီးလို့ ခေါ်စေချင်နေပြီပေါ့။”
သူက အပြုံးဖြင့် ပြောလိုက်သည်။
“သူသိသွားပြီလား။”

ယခုမူ အရာအားလုံးဖြေရှင်းပြီးဖြစ်ကြောင်း သူသိသွားရာ သက်ပြင်းတစ်ချက်ချနိုင်သွားသည်။ မျက်လုံး၃လုံးချိန်ဟဲ့ထျန်သည် နောက်ပိုင်းတွင်လည်း သူ့ကို ပြဿနာမရှာတော့မည်မှာ သေချာလှသည်…။

အနည်းငယ် အနေခက်နေဟန်ဖြင့် ဇောင်ထျန်ကျောက်သည် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“အင်း၊ သူသိတယ်…မင်းရဲ့ မရီးကလည်း မင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ မှာလိုက်တယ်။”

ထို့နောက် သူသည် ပိုင်ရှောင်ချန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ရှောင်ချန်း၊ မင်းရဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့လိုတယ်။ ကြည့်ရတာ မင်း ခုတလော ပျင်းရိနေပုံရတယ်။ အဲ့လို မလုပ်ရဘူး။ မကြာခင် ကမ်းခြေကို ရောက်တော့မှာ။ ရောက်ရင် မင်းရဲ့ စစ်ပွဲစွမ်းရည်က အရာအားလုံးရဲ့ အဓိကပဲ ”

” မင်းက မြေရိုင်းဒေသနဲ့ ပတ်သက်ပြီးတော့ အများကြီး မသိလောက်သေးဘူးထင်လို့ မင်းကို အရေးကြီးတဲ့ အသေးစိတ်အချက်အလက်နည်းနည်း ရှင်းပြမယ်။ ဒါဆို မင်း ဟိုကို ရောက်တာနဲ့ ဘာတွေဖြစ်မလဲဆိုတာ သိသွားတာပေါ့။ မကြာသေးခင်ကမှ ငါ့ဆရာဆီကနေ သိထားတာလည်း ရှိတယ်။”

ယခုအခါ ဇောင်ထျန်ကျောက်သည် သူတို့နှစ်ယောက် မည်မျှရင်းနှီးနေသည်ကို အခြားလူများသတိထားမိသွားမည်ကို လုံးဝဂရုမစိုက်ဘဲ ပိုင်ရှောင်ချန်းကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားသည်။

သူက အသံကိုနှိမ့်ကာ ပြောလိုက်သည်။
“ကောင်းကင်တံတားပင်လယ်က ကောင်းကင်တံတားနယ်မြေရဲ့ အလယ်တည့်တည့်မှာ ရှိတယ်။ အဲဒီကနေပြီးတော့ မြစ်၄စင်းက ဖြာထွက်နေပြီးတော့ အဲဒီကနေမှ မြစ်ခွဲလေးတွေ ထပ်ဖြာသွားတယ်။ အဲဒီတော့ သစ်ပင်တစ်ပင်ရဲ့ ကိုင်းတွေလိုမျိုးပဲ။ ရေနဲ့နီးတဲ့ နေရာတွေမှာ စိတ်စွမ်းအင်ရှိတယ်။ ဒါပေမဲ့ မြေပြင်တွေကိုက မြစ်အားလုံး ရောက်နိုင်တာထက်ပိုပြီး အင်မတန်ကျယ်ပြန့်တာဆိုတော့ စိတ်စွမ်းအင်မရှိတဲ့ မြေတွေမှ အများကြီးပဲ။ အဲဒီနေရာတွေကို မြေရိုင်းဒေသလို့ ခေါ်တာပေါ့။”

“မြေရိုင်းဒေသဆိုတာ မြစ်တွေအလွန်မှာပဲ ရှိတာမဟုတ်ဘူး။ မြစ်ကြီး၄စင်းကြားက နေရာတွေမှာလည်း ရှိတယ်။ အဲ့ကြားတွေထဲမှာ စိတ်စွမ်းအင်လုံးဝမရှိတဲ့နေရာတွေ အများကြီးရှိတယ်။ အဲဒါကြောင့် မဟာတံတိုင်းကို ဆောက်ထားတာ။”

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အလွန်လေးနက်သော အမူအရာကို တွေ့ရသည်။ သူသည် မဟာတံတိုင်းကို အလွန်လေးနက်စွာ သဘောထား၍ ချင်းမေ့ယွမ်ကိုပင် ထိုအကြောင်းမေးခဲ့ဖူးသည်။ ရလဒ်အနေဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် တံတိုင်းကြီးသည် မည်မျှ အရေးကြီးကြောင်း သူသိထားသည်။

ထို့ကြောင့် ဤအကြောင်းအရာနှင့် ဆင်တူသော အကြောင်းမျိုးကို ယခင်က ကြားဖူးသည့်တိုင် အထူးအာရုံစိုက်နေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဤအကြောင်းအရာသည် သူ ဂရုမစိုက်လျှင် သေသွားနိုင်ခြေ အများကြီးရှိသော ဆယ်နှစ်တာ နတ်မီးလျှံစမ်းသပ်ပွဲနှင့် သက်ဆိုင်ပေသည်။

“မဟာတံတိုင်းက ကောင်းကင်တံတားမြစ်ရဲ့ အဓိက မြစ်ခွဲတွေ လုံခြုံစိတ်ချဖို့ သေချာစေတဲ့ စက်ဝိုင်းပုံ အကာအကွယ်တစ်ခုပဲ။ ပြောရမယ်ဆို နယ်စပ်မျဥ်းပုံစံမျိုးပဲ။ ဟိုဘက်အလွန်မှာ မြေရိုင်းဒေသရှိတယ်။ မြေရိုင်းဒေသက စိုက်ပျိုးလို့မရတဲ့ မဖြစ်ထွန်းတဲ့ မြေဖြစ်ပြီးတော့ အမြဲတမ်းစစ်ဖြစ်နေတယ်။ ဒါ့အပြင် အဲ့ဒီ မြေရိုင်းဒေသထဲမှာ အမုန်းဝိညာဥ်တွေတင်မကဘဲ လူ့ဘီလူးကြီး တွေလည်း ရှိတယ်။”

” လူ့ဘီလူးကြီး ”
ပိုင်ရှောင်ချန်းက အလန့်တကြား ရေရွတ်လိုက်သည်။ သူသည် ချင်းမေ့ယွမ်၏ ကျောထောက်နောက်ခံအဖွဲ့အစည်းသည် မည်မျှ အင်အားကြီးမည်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

” ငါလည်း သူတို့ကို အရမ်းကြီးတော့ နားမလည်ဘူး။ ဒါပေမဲ့ သေချာတာကတော့ အဲဒီလူ့ဘီလူးကြီးတွေက ငါတို့ ကျင့်ကြံသူတွေနဲ့ တော်တော်တူတဲ့နည်းတွေနဲ့ ကျင့်ကြံကြတာ။ ချွင်းချက်က သူတို့အများစုက အပြင်အားကိုပဲ သီးသန့်ကျင့်ကြံကြတာ။ သူတို့က ရက်စက်ကြမ်းတမ်းပြီး လူမဆန်ကြဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ယောက်ကိုများ လက်ထဲရောက်အောင် ဖမ်းမိရင် အရှင်စားပစ်ကြတာ။”

ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ပြူးကျယ်ကာ အံ့အားသင့်သွားသည်။

“အရှင်စားပစ်ကြတယ်။”


Comment

Leave a Reply

Options

not work with dark mode
Reset