ဝမ်ပေါင်လဲ့မှာ ထိုသော့အား လှမ်း၍ဖမ်းဆုပ်လိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ ဒူဂူလင်း၏ ဘေးရှိ ကျောက်တုံးပေါ်တွင် မတ်တတ်ရပ်ကာ လှိုင်းများထနေသည့် ညကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ ထိုအချိန်တွင် ထို ညကောင်းကင်ကြီးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး တွန့်လိမ်ပုံပျက်သွားတော့သည်။ ထိုဖြစ်ရပ်မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ လွန်ခဲ့သည့် ဆယ့်နှစ်နာရီခန့်ကလည်း ထိုကဲ့သို့ ဖြစ်ပွားခဲ့သေးသည်။ ၎င်းမှာ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် စတင်တော့မည့် အရိပ်အယောင်တစ်ခု ဖြစ်ပေသည်။
” ပြီးသွားပြီ ” ဝမ်ပေါင်လဲ့မှာ ညကောင်းကင်ကြီးအား ကြည့်နေရာမှ မျက်လွှာချကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဒူဂူလင်းအား စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ ဒူဂူလင်းမှာ မတ်တတ်ထနိုင်ရန်ပင် အခက်တွေ့နေရပြီး ပါးစပ်ထဲမှ သွေးများစီးကျနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် ဒူဂူလင်းအား ဆွဲထူပေးရန် သူ၏လက်ကို ကမ်းလိုက်တော့သည်။
ထိုအခါ အားအင်များကုန်ခန်းကာ မတ်တတ်ထနိုင်ရန် ကြိုးစားရုန်းကန်နေရသည့် ဒူဂူလင်းမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ နှုတ်ခမ်းထောင့်တွင် ပေကျံနေသော သွေးများကိုပင် မသုတ်တော့ဘဲ ဝမ်ပေါင်လဲ့၏ ညာဘက်လက်အား လှမ်းဆွဲလိုက်၏။ သူသည် တစ်ကိုယ်လုံး တုန်ရီနေဆဲဖြစ်သည်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ့အား ဆွဲထူလိုက်သဖြင့် မြေပြင်ပေါ်၌ ထိုင်လျက်သား ဖြစ်သွား၏။
ထိုဆွဲအားကြောင့် ဒူဂူလင်း၏ ဒဏ်ရာများအား အနည်းငယ်ခန့် ဆွပေးလိုက်သလို ဖြစ်သွားသဖြင့် သူသည် နှုတ်ခမ်းတွန့်သွားရသည်။ ထို့နောက် သူသည် မောဟိုက်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေ၏။
” ပြည်ထောင်စုကြီးထဲမှာ မင်းလောက်အစွမ်းထက်တဲ့ လူတွေ ရှိသေးလား ” ဒူဂူလင်းမှာ သိချင်ဇောဖြင့် မေးလိုက်၏။
” ရုပ်ရည်အပိုင်းမှာတော့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါသာ ဒုတိယနေရာရောက်နေရင် ပထမနေရာမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ တိုက်ခိုက်ရေးပိုင်းမှာဆိုရင်တော့ ငါ့ကို အနိုင်ယူနိုင်တဲ့လူတွေ အများကြီးရှိတယ် ” ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ တည်ကြည်စွာဆိုလိုက်၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ထိုစကားများကိုပြောရန် ရှက်ရွံံ့နေမည်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသည်မဟုတ်ပါလော။ ထို့အပြင် သူသည် သူ၏ ရုပ်ရည်နှင့်ပတ်သတ်လာလျှင် အမြဲတမ်း ယုံကြည်မှုအပြည့်ရှိပေသည်။ ထို့အပြင် ယခုတွင် သူသည် ဝိတ်ကျသွားပြီ မဟုတ်ပါလော။
ဒူဂူလင်းမှာ ဝမ်ပေါင်လဲ့နှင့် စကားမပြောဖူးသောကြောင့် ထိုစကားများကို ကြားလိုက်ရသောအခါ မှင်တက်သွားရ၏။ ထို့ကြောင့် သူ၏ မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွားစဥ်မှာပင် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲ၌ အုန်းခနဲမြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများမှာ ပို၍အားကောင်းလာ၏။ လူတိုင်းမှာ ပြီးဆုံးသွားပြီဖြစ်သော တိုက်ပွဲကြီးကြောင့် အံ့ဩမှင်တက်နေကြစဉ်မှာပင် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကြီး စတင်သွားတော့သည်။
၎င်းမှာ ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် ဖြစ်ပေသည်။ သော့မရှိတော့သည့် ပြိုင်ပွဲဝင်တိုင်းမှာ ပြိုင်ပွဲထဲမှ ထုတ်ပယ်ခံရမည်ဖြစ်ပြီး ယခုတွင် ထိုကမ္ဘာကြီးထဲ၌ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သော့တစ်ချောင်းကို ပိုင်ဆိုင်ထား၏။
ဒူဂူလင်းမှာ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကြီး စတင်လာပြီး အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲမှ တွန်းထုတ်ခံနေရပြီဖြစ်ကြောင်း ခံစားလိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် သိသိသာသာ ပိန်ကျသွားပြီဖြစ်သော ဝမ်ပေါင်လဲ့အား ရီဝေဝေမျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်ပြီးနောက် သူ့အား ခေါင်းညိတ်ပြလိုက်သည်။
” မင်းတို့ရဲ့ ပြည်ထောင်စုကြီးထဲက အလှအပစံနှုန်းကလည်း…. အဟမ်း။ ငါ နားလည်ပါပြီ ” ဒူဂူလင်းမှာ လေသံတိုးတိုးဖြင့်ဆိုကာ ခေါင်းယမ်းလိုက်၏။ သူသည် လွယ်လွယ်နှင့် အရှုံးမပေးတတ်သည့် လူတစ်ယောက်ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးအတွက် သူသည် အများအကြီး ပေးဆပ်ခဲ့ရသည့်တိုင်အောင် အရာအားလုံးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ တောက်ပလာပြီး သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ အသိပေးလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါတို့ရဲ့ တိုက်ပွဲကြီးက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ငါ ဂိုဏ်းထဲကို ပြန်ရောက်ရင် တံခါးပိတ်လေ့ကျင့်တော့မယ်။ မင်းလည်း ကြိုးစားကွာ။ ငါ တံခါးပိတ်ကျင့်စဉ်ထဲကနေ ပြန်ထွက်လာရင် မင်းကို ထပ်ပြီးတော့ စိန်ခေါ်ချင်လို့ ” ဒူဂူလင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲရှိ တိုက်ခိုက်လိုစိတ်များမှာ ပို၍ပင်အားကောင်းလာတော့သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး လည်ပတ်သွားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွား၏။ သို့သော် ၎င်းမှာ သူ၏ တိုက်ခိုက်လိုစိတ်များကို ဖျောက်ဖျက်ပေးနိုင်စွမ်းမရှိပေ။
” ငါတို့နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ တိုက်ခိုက်မယ့်အချိန်ကို ငါ စောင့်နေပါ့မယ် ” ဝမ်ပေါင်လဲ့တစ်ယောက် တည်ကြည်စွာ ပြန်ပြောလိုက်သောအခါ ဒူဂူလင်းမှာ ရယ်မောလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ဘေးပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များမှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့မှာ ကြိုတင်တိုင်ပင်ထားခြင်းမရှိသည့်တိုင်အောင် တည်နေရာပြောင်းရွှေ့မခံလိုက်ရခင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
သူတို့၏မျက်ဝန်းများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များနှင့် အခြားခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှစ၍ ဝမ်ပေါင်လဲ့ဆိုသည့် နာမည်အား မည်သူကမှ ပြက်ရယ်ပြုရဲတော့မည် မဟုတ်ကြောင်း သူတို့က နားလည်သွားကြသောကြောင့်ပင်။ အရှုံးမပေးချင်သည့် လူအချို့ ရှိနေဆဲဖြစ်သည့်တိုင်အောင် သူတို့မှာလည်း အနည်းဆုံးတော့ အပေါ်ယံတွင် သူ့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြ၏။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် အစွမ်းထက်သူကသာ အနိုင်ရရှိစတမ်း မဟုတ်ပါလော။
လူများ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြပြီးနောက် ပျော်ရွှင်ကျေနပ်ကာ စိတ်လှုပ်တရှားဖြစ်နေကြသည့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ပျောက်ကွယ်သွားကြ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲ၌ ကျန်ရစ်ခဲ့တော့သည်။
ထိုကမ္ဘာကြီးထဲရှိ မိုးကောင်းကင်နှင့် မြေပြင်ကြီး၏ ကြားတွင် အခြားမည်သည့်အရာမှ မရှိတော့ပေ။ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တည်ငြိမ်သွား၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ညကောင်းကင်ကြီးအား လှမ်းကြည့်လိုက်ပြီးနောက် ဤကမ္ဘာကြီးထဲသို့ စတင်ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားတွေးတောနေလိုက်တော့သည်။ ထို့နောက် သူသည် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး စိတ်ထဲတွင် မေးလိုက်၏။
” မမလေး။ ကျွန်တော် အစွမ်းပိုထက်လာတဲ့ အချိန်ကျရင် ကျွန်တော့်ရဲ့ ဓားအိမ်လေးက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးကိုပါ ထည့်သိမ်းနိုင်စွမ်း ရှိလောက်လား ”
ဝမ်ပေါင်လဲ့ ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့စဉ်ကတည်းက စကားတစ်ခွန်းပင် ပြန်မပြောခဲ့သော မမလေးမှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ တိုးတိုးလေး ပြန်ဖြေလိုက်၏။
” ရှိတာပေါ့ ”
သူမ၏ အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ ပြုံးသွားကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့လှမ်းသွားလိုက်၏။ သူသည် ဤကမ္ဘာကြီးထဲ၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်ဖြစ်ပြီး အခြားသူများအားလုံးမှာ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီဖြစ်ရာ ပြိုင်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာမူ မနေ့တုန်းကအတိုင်း ပျောက်ကွယ်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ ဝင်ရောက်လာမည်ကို စောင့်ဆိုင်းနေ၏။
သူသည် ရှေ့သို့လှမ်းလိုက်သောအခါ တောင်တန်းများပေါ်မှနေ၍ လေထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်မှာ ခြေထောက်မှစ၍ မှုန်ဝါးဝါးဖြစ်သွား၏။ သူ၏ ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားချိန်တွင် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ လူများအားလုံး အာရုံအပြည့်စိုက်ကာ ကြည့်ရှုနေခဲ့သည့် အရည်အချင်းစမ်းသပ်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ အမြင်အာရုံများ ဝေဝါးသွားပြီးနောက် တည်းနေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားသောအခါမှ သူ၏ အမြင်အာရုံများမှာ ပြန်လည်ကြည်လင်သွား၏။ ထိုအခါ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ တမူထူးခြားသော မိုးကောင်းကင်ကြီး၊ ခပ်လှမ်းလှမ်းရှိ မီးပင်လယ်ကြီး၊ တောင်ထိပ်ပေါ်ရှိ ပင်မခန်းမကြီးနှင့် ပြည်သူ့ရင်ပြင်ထဲတွင် ရပ်နေသည့် သူ့အား စိုက်ကြည့်နေကြသော ကျင့်ကြံသူများအားလုံးကို မြင်တွေ့လိုက်ရတော့သည်။
ထိုကျင့်ကြံသူများထဲတွင် ကျိုးချူတောက်၊ ဒူဂူလင်းနှင့် သူအနိုင်ယူခဲ့သည့် အခြား ပြိုင်ပွဲဝင်များအပြင် ကျောက်ယမုန့်၊ ခုန်းတောက်နှင့် အခြားပြည်ထောင်စုပျိုးပင်များ ရှိနေကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့အား သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ယခုတွင် သူတို့အားလုံးမှာ သူ့ကိုသာ စိုက်ကြည့်နေကြ၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူများနှင့် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှာလည်း ထိုနည်းတူပင်။
ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲမှ ဖြစ်သည့်တိုင်အောင် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားအများစုအား အံ့ဩတုန်လှုပ်သွားစေခဲ့သည့် တိုက်ရည်ခိုက်ရည်စွမ်းအားများကို ထုတ်ပြနိုင်ခဲ့သည်မဟုတ်ပါလော။ ထိုဂိုဏ်းသားများထဲမှ အများစုမှာ ထိပ်သီးအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ သို့သော် ဝမ်ပေါင်လဲ့အား မနာလိုသည့် လူအချို့ရှိနေဆဲ ဖြစ်ပါသော်လည်း သူတို့မှာ ထိုခံစားချက်များကို အကောင်းဆုံးဖုံးကွယ်ထားကြ၏။ ယခုလက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကနှင့်မတူဘဲ ပြောင်းလဲသွားပြီမဟုတ်ပါလော။
သူသည် ကျိုးချူတောက်နှင့် ဒူဂူလင်းတို့အား အနိုင်ယူခဲ့သည်ဖြစ်ရာ သူ့အား ကျယ်ပြန့်တာအိုနန်းတော်၏ ထိပ်ဆုံးအဆင့်ဂိုဏ်းသားအဖြစ် သတ်မှတ်ခြင်းမှာ ပုံကြီးချဲ့ရာကျမည် မဟုတ်ပေ။
ယွမ်ယင်အဆင့် ကျင့်ကြံသူများပင်လျှင် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ တိုက်ပွဲကြီးမှာ အမြုတေအဆင့်ထက် သာလွန်နေပြီး ယွမ်ယင်အဆင့်တွင် ရှိနေသည်မဟုတ်ပါလော။
သူတို့မှာ ထိုကဲ့သို့ ထိပ်သီးအဆင့်ပညာရှင်များကို လေးစားကြပေသည်။ မြဲ့လျဲ့ကျိပင်လျှင် အမူအရာ တည်ကြည်နေပြီး ဝမ်ပေါင်လဲ့အား သဘောကျနှစ်သက်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ သို့သော် သူသည် ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်မှာ သူ၏အဖွဲ့အစည်းမှ မဟုတ်သည့်အတွက် နောင်တရနေသည့်ပုံပင်။
တာအိုဘုန်းတော်ကြီး ယိုရန်မှာမူ မျက်လုံးများမှိတ်ကာ ပြုံးနေ၏။ ထို့ကြောင့် သူတွေးတောနေသည့် အရာများကို မည်သူကမှ မသိနိုင်ပေ။
ထိုကဲ့သို့ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီးနောက် အမြင့်ပိုင်းတွင် ထိုင်နေကြသည့် ဖုန့်ချိုးရန်နှင့် အပေါင်းအပါများအား ဂါရဝပြုလိုက်၏။
ထို့ကြောင့် ဖုန့်ချိုးရန်၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူမသည် ချက်ချင်းပင် မတ်တတ်ထလာ၏။ မြဲ့လျဲ့ကျိမှာလည်း သက်ပြင်းများချကာ ဖြည်းဖြည်းချင်း မတ်တတ်ထလာပြီး တာအိုဘုန်းတော်ကြီး ယိုရန်မှာလည်း ထိုနည်းတူပင်။ သူတို့သုံးယောက်စလုံး မတ်တတ်ထလာပြီဖြစ်ရာ ယွမ်ယင်အဆင့်ကျင့်ကြံသူများနှင့် ဘေးပတ်ပတ်လည်ရှိ ဂိုဏ်းသူဂိုဏ်းသားအားလုံးမှာလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထလာကြတော့သည်။
” ခေါင်းလောင်း တီးလိုက်တော့ ” ဖုန့်ချိုးရန်မှာ မြဲ့လျဲ့ကျိအား စောင့်ဆိုင်းနေခြင်းမရှိဘဲ အမိန့်ပေးလိုက်၏။ အကယ်၍ အခြားအခြေအနေ တစ်ခုခုတွင်သာဆိုပါက မြဲ့လျဲ့ကျိမှာ သေချာပေါက် မကျေမနပ်ဖြစ်သွားမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် စကားတစ်ခွန်းမှ မပြောသောကြောင့် ဖုန့်ချိုးရန်၏ လုပ်ရပ်အား အသိအမှတ်ပြုသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
” ဗေဒါရွက်ပြိုင်ပွဲမှာ အဆင့်တစ်ရခဲ့တဲ့ ဂိုဏ်းသား ဝမ်ပေါင်လဲ့ကို ဂုဏ်ပြုပါတယ်။ သင့်ကို ဗေဒါရွက်သုံးရွက် ချီးမြှင့်မှာဖြစ်ပြီးတော့ သင့်စိတ်ကြိုက် ခွဲဝေခွင့် ရှိပါမယ် ” ဖုန့်ချိုးရန်တစ်ယောက် သိမ်မွေ့စွာပြုံးကာ ကြေညာလိုက်ချိန်တွင် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားတော့သည်။
” ကျေးဇူးတင်ပါတယ် အကြီးအကဲများ ”
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ပြန်ပြောလိုက်ချိန်တွင် ပြည်ထောင်စုပျိုးပင်များဆီမှ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာ၏။ ကျယ်ပြန့်တာအိုနန်းတော်မှ အခြားဂိုဏ်းသားများမှာလည်း နှုတ်ဆိတ်နေရာမှ သတိပြန်ဝင်လာကြပြီဖြစ်သည်။ သူတို့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံပေါ်ပေါက်လာကြပြီး ဆွေးနွေးငြင်းခုံနေကြ၏။ အချို့မှာဆိုလျှင် သူတို့ကိုယ်သူတို့ ပြည်ထောင်စုပျိုးပင်များနှင့် မိတ်ဆက်လိုက်ကြသည်။ ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံး အုပ်အော်သောင်းနင်း ဖြစ်နေကြစဉ် လူအုပ်ကြီးထဲ၌ ရှိနေသည့် ရှဲ့ဟေးရန်မှာလည်း သူ၏ လောင်းကစားဝိုင်းမှရသော အကျိုးအမြတ်များကို သိမ်းယူနေတော့သည်။
ထိုအချိန်တွင် လူအုပ်ကြီးထဲမှတစ်ယောက်မှာ ပြိုင်ပွဲမစခင်တုန်းက ရှဲ့ဟေးရန် မှောက်ခဲ့သည့် ပန်းကန်လုံးသုံးလုံးအကြောင်း မေးမြန်းလိုက်၏။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ ရယ်မောလိုက်ပြီး ပထမဆုံးပန်းကန်လုံးအား လှန်ပြလိုက်တော့သည်။ ထိုပန်းကန်လုံး၏အောက်တွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် ဝမ်ပေါင်လဲ့ဆိုသည့် နာမည်အား ရေးထား၏။
ထို့နောက် ဒုတိယမြောက်ပန်းကန်လုံးနှင့် တတိယမြောက်ပန်းကန်လုံးတို့ကို လှန်လိုက်သည့်အချိန်တွင်လည်း ၎င်းတို့အောက်ရှိ ကျောက်စိမ်းပေလွှာများပေါ်တွင် ဝမ်ပေါင်လဲ့ဆိုသည့် နာမည်များအား ရေးထားသည်ကို မြင်လိုက်ရတော့သည်။