Switch Mode

အခန်း (၅၈၁)

ဓားကိုဆွဲထုတ်ခြင်း

ဝမ်ပေါင်လဲ့မှာ အလယ်အလတ် အမြုတေအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ပထမအဆင့်အချုပ်အနှောင်အား ဖွင့်ထားခဲ့သည့် ဒူဂူလင်းနှင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နိုင်ခဲ့၏။ သို့သော် ဒူဂူလင်း သူ၏ ဒုတိယအဆင့် အချုပ်အနှောင်အား ဖွင့်လိုက်သည့်အချိန်တွင် သူသည် မယှဉ်နိုင်ခဲ့ပေ။

ယခုတွင်မူ အရာအားလုံးမှာပြောင်းလဲသွားပြီဖြစ်သည်။ ဝါးမျိုခြင်းသစ်စေ့၏ အာဟာရဓာတ် ဖြည့်တင်းပေးမှုများကြောင့် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့ပြီး‌ နှောင်းပိုင်း အမြုတေအဆင့်သို့ ရောက်ရှိသွားပြီမဟုတ်ပါလော။ သူသည် အမြုတေ ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဖြစ်သည်။

ထိုကဲ့သို့ ဖောက်ထွက်သွားမှုကြောင့် သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများမှာလည်း တိုးတက်လာခဲ့၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ဒဏ်ရာအားလုံး ပျောက်ကင်းသွားရုံသာမက သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများကြောင့် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေပြီ ဖြစ်သည်။

လျှပ်စီးအမြုတေနှင့် အမှောင်အမြုတေတို့မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် မရှိတော့ပေ။ ၎င်းတို့မှာ အစိမ်းရောင်ကြာပွင့်လေးနည်းတူ ဝါးမျိုခြင်းသစ်စေ့ထဲ၌ ရောက်သွားကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ အငွေ့အသက်များကို အာရုံခံမိနေသောကြောင့် ၎င်းတို့မှာ သူကိုယ်တိုင်ပင် အတိအကျဖော်ပြနိုင်စွမ်းမရှိသည့် ပုံစံမျိုးဖြင့် ပြောင်းလဲနေသည်ဖြစ်ကြောင်း ခံစားနေရသည်။ သို့သော် ထိုပြောင်းလဲမှုမှာ သူ့အတွက် အန္တရာယ်လုံးဝမရှိကြောင်း သူက သိထား၏။

အမှန်အတိုင်းဆိုရလျှင် ထိုပြောင်းလဲမှုကြီးသာ ပြီးသွားပါက သူသည် အကျိုးကျေးဇူးမြောက်မြားစွာပင် ရရှိဦးမည်ဖြစ်သည်။

သို့သော် လက်ရှိတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို ဂရုစိုက်နေ၍မဖြစ်ပေ။ သူ ခေါင်းမော့လာသောအခါ သူ၏မျက်ဝန်းများထဲ၌ တိုက်ခိုက်လို စိတ်များတောက်ပသွားပြီး သူ၏ လျှပ်စီးကိုယ်ပွားမှာလည်း ထပ်၍ထွက်ပေါ်လာပြန်သည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသောကြောင့် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ပို၍ပင် တိုးတက်သွား၏။

ထို့နောက် ဒူဂူလင်း ဖျက်ဆီးပစ်ခဲ့သော ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပြန်၍ပေါ်ပေါက်လာပြန်သည်။ သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ သုံးဆတိတိပို၍ အားကောင်းသွား၏။

သူ၏ စိတ်ဆန္ဒမှာလည်း သူ၏ ကျင့်ကြံခြင်းပညာရပ်နှင့် ထပ်တူကျသွားသောကြောင့် သူသည် နှစ်ဆတိတိပို၍ အစွမ်းထက်လာပြန်သည်။

နောက်ဆုံးတွင် ထိုတိုးတက်မှုများ အားလုံးကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့်ပုံပေါ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ သူ၏ ညာဘက်လက်ထဲတွင် စုစည်းသွားပြီးနောက် လက်သီးချက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဒူဂူလင်း၏ သားရဲလေးကောင် လက်သီးချက်ကြီးပေါ်သို့ ကျရောက်သွားတော့သည်။

” ကျိုးပျက်စေ ”

ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ သိမ့်သိမ့်တုန်သွားရပြီး လေပြင်းများတိုက်ခတ်လာသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ တုန်ရီသွားရတော့သည်။ ပွဲကြည့်ပရိသတ်များအားလုံး အံ့ဩတုန်လှုပ်နေကြစဉ် ယခင်တုန်းက ပြိုင်ဘက်ကင်းသည့်ပုံ ပေါက်နေခဲ့သည့် သားရဲလေးကောင် လက်သီးချက်ကြီးမှာ ပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပြလာတော့သည်။ ၎င်း၏ အတွင်းပိုင်းထဲတွင် ရှိနေသော သားရဲကြီးလေးကောင်မှာ အရင်ဆုံး သေကျေပျက်စီးသွား၏။ လူဝံကြီး၊ ဟင်္သာငှက်၊ နဂါးဂိုးကောင်နှင့် ဂဠုန်ငှက်ကြီးတို့မှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေကြပြီဖြစ်သည်။ သူတို့မှာ ထိုရိုက်ခတ်အားများကို တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ ထိုအခါ အံ့ဩတုန်လှုပ်မှုများကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ဒူဂူလင်း ပေါ်ပေါက်လာ၏။ သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီးနောက် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားတော့သည်။

သူသည် အံ့အားသင့်ကာ မကျေမချမ်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ သို့သော်လည်း သူသည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေဆဲပင်။ သူသည် သူ၏ ဒုတိယအဆင့် အချုပ်အနှောင်အား အချိန်အကြာကြီး ဖွင့်ထားလိုက်မည်ဆိုပါက ဘေးထွက်ဆိုးကျိုးများ ခံစားရမည်ဖြစ်ပါသော်လည်း ယခုတွင်မူ သူသည် ထိုအချုပ်အနှောင်အား ဆက်ဖွင့်ထားရန် ဆုံးဖြတ်လိုက်တော့သည်။

” ဒုတိယအဆင့် အချုပ်အနှောင်။ အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ ထပ်ပွင့်စေ ”

ဒူဂူလင်းတစ်ယောက် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ထိုသို့အမိန့်ပေးလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များ ထပ်၍ထွက်ပေါ်လာပြီး လေမုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ယခင်တုန်းကအတိုင်းပင် ၎င်းမှာ ဒူဂူလင်း၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

မိုးကောင်းကင်ကြီးအား ဖုံးလွှမ်းသွားခဲ့သည့် အငွေ့အသက်ကြီးမှာလည်း ပြန်လည်ပေါ်ပေါက်လာသဖြင့် ကောင်းကင်ယံကြီးမှာ ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသော ဒူဂူလင်းမှာ ထိုဝဲကြီး၏ အလယ်တွင် ရှိနေသည်။

ဒူဂူလင်းတစ်ယောက် တိုက်ခိုက်ရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ ပွဲကြည့်ပရိသတ်များအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အာရုံစိုက်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ အမူအရာ တည်ကြည်နေဆဲဖြစ်ပြီး သူ့ဆီသို့ ပြေးလာနေသည့် ဒူဂူလင်းအား စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

” အခုရော…. ဓားအိမ်လေးထဲမှာ ပုန်းကွယ်နေတယ်လို့ ငါ ခံစားနေရတဲ့ ဓားကို ဆွဲထုတ်လို့ရပြီလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ ပြုံးလိုက်ပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည့် ဒူဂူလင်းအား တစ်ချက်ပင်မကြည့်ဘဲ သူ၏ဘယ်ဘက်လက်ဖြင့် ဓားအိမ်လေးအား ဆုပ်ကိုင်ထားလိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ သူ၏ ညာဘက်လက်ဖြင့် ဓားအိိမ်လေး၏ ထိပ်အား ဆုပ်ကိုင်လိုက်တော့သည်။ သူသည်‌ လေများကိုသာ ဆုပ်ကိုင်မိလိုက်သည့်ပုံ ပေါ်ပါသော်လည်း အကယ်၍ ထိုနေရာတွင် ဓားတစ်လက်သာ ရှိနေမည်ဆိုပါက သူ ဆုပ်ကိုင်လိုက်သည်နေရာမှာ ဓားရိုးဖြစ်နေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့ ထိုသို့ ဆုပ်ကိုင်လိုက်သည်နှင့် အရာအားလုံးမှာ သူ၏ကမ္ဘာထဲမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွား၏။ ဒူဂူလင်း၊ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့သာမက အစိမ်းရောင်ကြာပွင့်လေးပင်လျှင် မရှိတော့ပေ။ ဓားအိမ်လေးထဲ၌ ပုန်းကွယ်နေခဲ့သည်ဟု သူ ခံစားနေခဲ့ရသည့် ပုံရိပ်ယောင် ဓားတစ်လက်သာလျှင် ကျန်ရစ်ခဲ့တော့သည်။

” ဓား၊ နိုးထစေ ” မျက်လုံးများမှိတ်ထားသည့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင် ဓားတစ်လက် ပေါ်ပေါက်လာ၏။ သူသည် ၎င်းအား ဆွဲထုတ်နေသည်ဟု စိတ်ကူးကြည့်လိုက်သောအခါ သူ၏ ညာဘက်လက်ထဲ၌ တစ်စုံတစ်ခုအား တို့ထိမိသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား ဆွဲထုတ်လိုက်သောအခါ ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာတော့သည်။

အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ အပြင်ဘက်ရှိ ကျယ်ပြန့်တာအိုနန်းတော်ကြီးပင်လျှင် အပြင်းအထန် တုန်ရီနေရပြီဖြစ်သည်။ မြဲ့လျဲ့ကျိ၊ ဖုန့်ချိုးရန်နှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့ သုံးယောက်စလုံးမှာ မတ်တတ်များ ထလာကြပြီး အံ့ဩမှင်တက်သွားကြ၏။ အချိန်တွင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပင်လျှင် အနည်းငယ်ခန့် တုန်ရီသွားရသည်။

ထို့နောက် မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအားတစ်မျိုးမှာ ထိုကြေးဓားကြီးအား နေမင်းကြီးထဲမှ ဆွဲထုတ်နေသကဲ့သို့ ဖြစ်နေတော့သည်။

သို့သော်လည်း ထိုစွမ်းအားမှာ အားပျော့လွန်းနေသောကြောင့် အဆုံးထိဆွဲထုတ်နိုင်စွမ်းမရှိပေ။ ၎င်းမှာ အနည်းငယ်မျှသာ ရွေ့လျားသွားပြီး ဝမ်ပေါင်လဲ့မှာလည်း ဓားအိမ်လေးထဲမှ ပုံရိပ်ယောင်ဓားအား ဆွဲမထုတ်နိုင်လိုက်သည့်တိုင်အောင် ဓားဆွဲထုတ်လိုက်သည့် သူ၏ ဟန်အမူအရာကြောင့် ဓားအိမ်လေးမှာ အပြင်းအထန် တုန်ရီသွားရပြီး အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေးလိုက်၏။

ထိုစွမ်းအားကို မျက်လုံးဖြင့် မမြင်နိုင်သလို အာရုံခံ၍လည်း မရပါသော်လည်း ၎င်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နှင့် လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ်ရာ ဓားစိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာ၏။ ထိုဓားစိတ်‌ဆန္ဒမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေသည့် ဒူဂူလင်းဆီသို့ ဦးတည်သွားတော့သည်။

ဒူဂူလင်းမှာ ဒုတိယအဆင့် အချုပ်အနှောင်အား ဖွင့်ထားသဖြင့် အလွန်အင်မတန်မှ အစွမ်းထက်နေဆဲ ဖြစ်သည့်တိုင်အောင် တစ်ကိုယ်လုံး တုန်ရီသွားရဆဲပင်။ ထို့နောက် သူသည် သူ မခံစားခဲ့ရသည့်မှာ အချိန်အတော်အတန် ကြာပြီဖြစ်သည့် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု အာရုံခံမိလိုက်၏။ ထို့ကြောင့် ဒူဂူလင်းမှာ တုန်လှုပ်ချောက်ချားသွားရပြီး အကယ်၍ သူသာ ရှေ့သို့ ဆက်တိုးသွားမည်ဆိုပါက မလွဲမသွေ သေဆုံးသွားရမည်ဖြစ်ကြောင်း ခံစားနေရတော့သည်။

ထို့ကြောင့် ဒူဂူလင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ဆုတ်ခွာသွား၏။ သို့သော်လည်း အရာအားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများ ပြန်ပွင့်လာသောအခါ သူ၏မျက်ဝန်းများထဲ၌ ဓားပုံရိပ်တစ်ခု ဖျတ်ခနဲ လက်သွား၏။

ထိုအခါ မျက်လုံးဖြင့် မမြင်နိုင်သော ဓားပုံရိပ်တစ်ခုမှာ ဒူဂူလင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွား၏။ ဒူဂူလင်းမှာမူ နှလုံးသားထဲ၌ တဆစ်ဆစ် နာကြည်းသွားရပြီး တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ တတိယအဆင့် အချုပ်အနှောင်အား ဖွင့်လိုက်တော့သည်။ နဂိုတုန်းက သူသည် ၎င်းအား ဖွင့်ရန် စိတ်ကူးလုံးဝမရှိခဲ့ပေ။

ထို အချုပ်အနှောင်အား ဖွင့်လိုက်သောအခါ ဒူဂူလင်းမှာ ဆံပင်များရှည်လာပြီး သူ၏မျက်ဝန်းများထဲမှ ရွှေရောင်များမှာလည်း အနက်ရောင်ပြောင်းသွား၏။ သူသည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုကို ထုတ်လွှတ်နေသော အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ နောက်ဆုံးတွင် သူသည် မန္တန်လက်ကွက်များဖော်ကာ သူ့ဆီသို့ ဦးတည်လာနေသော ဓားပုံရိပ်အား တားဆီးနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်တော့သည်။

ထိုအခါ သူ၏နောက်တွင် သားရဲနတ်ဘုရားများ ပေါ်ပေါက်လာ၏။ ၎င်းတို့အားလုံးမှာ အသံကုန်အော်ဟစ်ကာ ထိုဓားပုံရိပ်ကြီးဆီသို့ သွေးရူးသွေးတန်းနှင့် ပြေးသွားကြတော့သည်။

သူသည် ပထမအဆင့် အချုပ်အနှောင်အား ဖွင့်ခဲ့စဉ်တုန်းက များများစားစား တွေးတောနေခဲ့ခြင်းမရှိပေ။ ဒုတိယအဆင့် အချုပ်အနှောင်ကိုမူ သူသည် အများဆုံး အသက်ရှူကြိမ် ဆယ်ကြိမ်အထိသာ ဖွင့်နိုင်ပေသည်။ ထို့အပြင် ၎င်းအား ဖွင့်လိုက်ပါက သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် ဒဏ်ရာရသွားရသည်သာ ဖြစ်သည်။ သို့သော် တတိယအဆင့် အချုပ်အနှောင်မှာမူ သူ၏ ကျင့်ကြံခြင်းပညာရပ်အား ထိပ်ဆုံးအဆင့်အထိ မြှင့်တင်ပြီးမှ ဖွင့်နိုင်ပေသည်။ ထိုသို့ မမြှင့်တင်ရသေးခင် ထို အချုပ်အနှောင်အား ဖွင့်လိုက်မည်ဆိုပါက သူ၏ကြိုးစားအားထုတ်မှု အားလုံးမှာ အလဟဿ ဖြစ်မသွားနိုင်ပါသော်လည်း သူ စုစည်းထားသည့် စွမ်းအားများမှာ ပျက်ပြားသွားမည်ဖြစ်ပြီး သူသည် ၎င်းတို့အား ဆက်လက် စုဆောင်းနိုင်တော့မည်မဟုတ်ပေ။ ထိုအခါ သူသည် တံခါးပိတ်ကျင့်စဉ်ထဲ၌ ဖောက်ထွက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။

အစပိုင်းတွင် ဒူဂူလင်းမှာ သူ၏ တတိယအဆင့် အချုပ်အနှောင်အား လုံးဝမဖွင့်ချင်ခဲ့ပေ။ သူသည် ယွမ်ယင်အဆင့်အား ကျော်ဖြတ်ကာ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ချက်ချင်းတက်လှမ်းရန် ရည်ရွယ်ထားသည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် အသက်အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ နာကြည်းစွာဖြင့် သူ၏ တတိယအဆင့် အချုပ်အနှောင်အား ဖွင့်လိုက်ရတော့သည်။

ထို တတိယအဆင့် အချုပ်အနှောင်အား ဖွင့်လိုက်သည့်တိုင်အောင် သူသည် ထိုဓားပုံရိပ်ကြီးကြောင့် အသက်သေမသွားရအောင် သူ့ကိုယ်သူ ကာကွယ်နိုင်ရုံလောက်သာ တတ်စွမ်းနိုင်မည် ဖြစ်သည်။

ထို ဓားပုံရိပ်ကြီး အနီးသို့ရောက်လာသောအခါ ၎င်းမှာ ဒူဂူလင်း၏ နောက်တွင်ရှိနေသော သားရဲနတ်ဘုရားများ၏ ပုံရိပ်များအားလုံးကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။ ထို့ကြောင့် ဒူဂူလင်းမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ လန်ကျသွားကာ ဒုတိယ အချုပ်အနှောင် အဆင့်သို့ ပြန်ရောက်သွား၏။ သူ၏ မျက်ဝန်းများမှာလည်း အနက်ရောင်မှ ရွှေရောင်အဖြစ်သို့ ပြန်ပြောင်းသွားသည်။ သို့သော်ငြားလည်း သူ၏ခန္ဓာကိုယ်ထဲမှ သွေးများပန်းထွက်နေဆဲပင်။ ထို့ကြောင့် သူ၏ ဒုတိယအဆင့် အချုပ်အနှောင်မှာလည်း ပျက်စီးသွားရပြီး သူ၏မျက်ဝန်းများမှာ ဖျော့တော့တော့ ရွှေရောင်အဖြစ် ပြန်ပြောင်းသွားရ၏။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထို အခိုက်အတန့်တွင် ပထမအဆင့် အချုပ်အနှောင်လည်း ပျက်စီးသွားရပြန်သည်။ ထို့ကြောင့် သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အားပျော့သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ‌သွေးတောင်ထိပ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားတော့သည်။ ထို့ကြောင့် သူသည် သေလုမြောပါး ဖြစ်သွားရပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ ထိုအချိန်တွင် ဓားပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပွဲကြည့်ပရိသတ်များ အားလုံးမှာ ဆွံ့အမှင်တက်နေကြရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ဓားအား ဆွဲမထုတ်နိုင်ခဲ့သဖြင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ဆဲပင်။ စောစောတုန်းက ပေါ်ထွက်လာခဲ့သည့် ဓားပုံရိပ်မှာ ဓားအိမ်လေး ယခုအချိန်အထိ စုစည်းထားခဲ့သည့် စွမ်းအားများသာ ဖြစ်ကြောင်းကို သူကလွဲ၍ အခြားမည်သူမှမသိပေ။

အကယ်၍ သူသည် ၎င်းအား ထပ်၍ထုတ်လွှတ်ချင်ပါက အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်စုစည်းရဦးမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချကာ ခေါင်းမော့၍ ရှေ့သို့လှမ်းလာ၏။ သူသည် ဒူဂူလင်း၏ရှေ့သို့ ရောက်သွားသောအခါ သူ့အား ခေါင်းငုံ့ကြည့်ကာ နှုတ်ဆိတ်နေလိုက်၏။

ဒူဂူလင်းမှာမူ နာကြည်းစွာ ရယ်မောရင်း ကြိုးစားရုန်းကန်၍ သူ၏ ညာဘက်လက်အား ‌မြှောက်လိုက်၏။ ထို့နောက် သူသည် ခပ်လှမ်းလှမ်းတွင် ရှိနေသော သော့တစ်ချောင်းနှင့် ကျောက်တုံးများရှိရာဘက်သို့ လက်ဖြင့် လှမ်း၍ ဖက်ဆုပ်လိုက်သောအခါ ထိုသော့မှာ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် ပျံဝဲလာတော့သည်။

” မင်း နိုင်သွားပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset