ပိုင်ရှောင်ချန်းမှာ ညဥ့်နက်သည့်တိုင်အောင် စိတ်တထင့်ထင့်ဖြစ်နေသောကြောင့် နောက်ဆုံး နတ်ဆရာ၊ စုန့်ချွဲ နှင့် ချင်းမေ့ယွမ်ကိုပင်လျှင် စကားနည်းနည်းပါးပါး ပြောရန် လှမ်းခေါ်လိုက်သည်။
နောက်ဆုံးတွင် ချင်းမေ့ယွမ်နှင့် စုန့်ချွဲမှာမျက်လုံးပိတ်လိုက်ကြပြီး တရားကျင့်နေသောကြောင့် နတ်ဆရာနှင့် ပိုင်ရှောင်ချန်းသာ တစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံခြင်းဆိုင်ရာ အကြံဉာဏ်များပေးရင်း ကျန်ခဲ့လေသည်။ ပိုင်ရှောင်ချန်း တစ်ခုခုကြွားလိုက်တိုင်း နတ်ဆရာက တက်တက်ကြွကြွ တုံ့ပြန်သောကြောင့် ပိုင်ရှောင်ချန်းမှာ ကျေနပ်နေတော့သည်။ နောက်ဆုံးတွင်မူ လူလိမ်ညမုဆိုးထံမှ သင်ယူခဲ့သော ဉာဏ်နီဉာဏ်နက်အချို့ကိုပါ ရှင်းပြလိုက်တော့သည်။
ယခင်က ပိုင်ရှောင်ချန်းသည် မနေ့ညက ကျင့်ကြံသူများ သေဆုံးခြင်းမျိုးသည် အရင်တစ်ခါ အခြေအနေမျိုးကဲ့သို့ ထိုအဖြစ်ဆိုးကြီး ရိုက်ခတ်ရန် အချိန်အတော်ကြာဦးမည်ဟု ထင်ခဲ့သည်။။ သို့သော် နောက်တစ်နေ့ညနေသာရှိသေးသည်၊ စူးစူးဝါးဝါးအသံများက ည၏တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်လေရာ ပိုင်ရှောင်ချန်းမှာ ထခုန်မတတ် ကြောက်လန့်သွားလေသည်။
” အဲဒါ ဘာကြီးတုန်း”
သူက အော်လိုက်သည်။ နတ်ဆရာ၊ စုန့်ချွဲနှင့် ချင်းမေ့ယွမ်တို့အားလုံး အထိတ်တလန့်ဖြစ်သွားသော်လည်း တစ်ယောက်မှ မည်သို့ဖြစ်သွားလဲဆိုသည်ကို သွားမကြည့်ရဲကြပေ။ မကြာမီ ကုန်းပတ် ၄တွင် နေရာချပေးထားသည့်လက်ရွေးစင် ၅၀ ကျော်ထဲက တစ်ယောက်သည် ညအချိန်က သွေးများလုံးဝခမ်းခြောက်သွားကြောင်း တွေ့လိုက်ရလေသည်။ ပိုင်ရှောင်ချန်း၏ အကြောက်တရားများမှာ ပိုမိုများပြားလာတော့သည်။
ထိုဖြစ်ရပ်များသည် ဤမျှနှင့် မပြီးသေး။ နောက်ထပ် ရက်အနည်းငယ်အတွင်း ကုန်းပတ် ၄အပေါ်တွင် လူသေမှုများ ကြိမ်ဖန်များစွာ ဆက်လက် ဖြစ်ပွားလာလေသည်။ တစ်လကြာသော် ညစဥ်ညတိုင်း အော်ဟစ်သံများနှင့် သေဆုံးမှုများ ကြောင့် သင်္ဘောပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ အကြောက်တရားများဖြင့် တုန်လှုပ်နေကြတော့သည်။
ရှာတွေ့ထားသော ရုပ်အလောင်းများအပေါ်ရှိ အကြည့်များကြောင့် လူသတ်သမားသည် အမြုတေအဆင့်ကျင့်ကြံသူများပင် မခုခံနိုင်သည့် မယုံကြည်နိုင်ဖွယ် တိုက်ခိုက်မှုစွမ်းရည်ရှိကြောင်း လူတိုင်း ကောက်ချက်ချလိုက်တော့သည်။
သင်္ဘောပေါ်ရှိ လူအားလုံး၏ နှလုံးသားကို ထိတ်လန့်ကြောက်ရွံ့ခြင်းများက ကြီးစိုးချုပ်ကိုင်ထားလေသည်။ ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကရောက်နေသဖြင့် သူ့အခန်း၏အတွင်း၊ အပြင်ကို မန္တန်အစီအရင် မြောက်မြားစွာ စီမံနေတော့သည်။
သူတစ်ယောက်သာလျှင် ထိုသို့ ပြုလုပ်ခြင်းမဟုတ်ပေ။ ကုန်းပတ် ၄အပေါ်ရှိ မည်သူမှ တစ်ယောက်ထဲ မအိပ်ရဲတော့သောကြောင့် သုံးယောက် နှင့် ငါးယောက်ကြား အဖွဲ့လိုက် ပူးကပ်နေကြလေသည်။ ထို့နောက်တွင် လူသေမှုများ နည်းပါးလာပုံရလေသည်။
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားပြီး မည်သူမျှ မသေသော်လည်း ထိတ်လန့်ပူပန်မှုအရိပ်များသည် စိတ်အာရုံကို ကြီးစိုးလျက်ရှိပြီး ပိုင်ရှောင်ချန်းမှာ သူတိုက်ခိုက်ခဲ့သော အဖြူရောင်အရိပ်ကြီးက လက်စားလာချေမည်ကို ဆက်လက်ကြောက်လန့်နေလေသည်။ စုပေါင်းနေပါက လုံခြုံကြောင်းစဥ်းစားရင်း နောက်ဆုံးတွင် ကုန်းစွန်းဝမ်အာထံမှ အကူအညီတောင်းလိုက်လေသည်….
သူမသာ သူ့အခန်းကို လာပါက အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူအားလုံး တစ်နေရာတည်းဖြစ်သွားပြီး ထိုအန္တရာယ်ကြီးကို အတူအတကွ ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်မည်ဟု သူက သူမကို ပြောလိုက်လေသည်။
သူ၏ ဖိတ်ခေါ်ချက်ကို ကြားလိုက်သည်နှင့် ကုန်းစွန်းဝမ်အာ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခုပေါ်လာ၏။ သူမက လက်ကလေးအုပ်ကာ ရယ်မောရင်း သူ့နောက်လိုက်ကာ အဖွဲ့နှင့်ပူးပေါင်းရန် အခန်းထံသွားလိုက်လေသည်။
လူတိုင်း ပေါင်းစည်းသွားသောအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
” ဒီမှာ ငါနဲ့ ဝမ်အာရယ်၊ ငါတို့နောက်မှာ နတ်ဆရာ၊ စုန့်ချွဲ နဲ့ ချင်းမေ့ယွမ်တို့ရယ်သာ ရှိလို့ကတော့ အဖြူရောင်အရိပ်ကြီးပေါ်လာရင်တောင် သေချာပေါက် ထွက်ပြေးပြီး အကူအညီတောင်းလို့ရမယ်” ခုနစ်ရက်ကြာသော် နောက်ထပ်လူသေမှုတစ်ခုမှ မဖြစ်ပွားတော့ပေ။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ စိတ်ပေါ့သွားပြီး ဇောင်ထျန်ကျောက် နှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အရားအားလုံးကို နောက်တစ်ကြိမ်ပြန်တွေးလိုက်သည်။
ထိုအချိန်မှာပင် ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်းထံ အမှန်အကန်ရောက်ချလာလေသည်။ သူ၏ မျက်နှာမှာ အတန်ငယ် နီရဲနေပြီး သိသိသာသာပင် စိတ်အားတက်ကြွလျက်ရှိသည်။ အံ့သြစရာကောင်းသော ဘဝအလှည့်အပြောင်းဖြစ်ရပ်ကို ယခုလေးတင် ကြုံတွေ့လိုက်သည့်အလား သူ့မျက်နှာတွင် အပြုံးပန်းများဝေဆာနေတော့သည်။
” ရှောင်ချန်းရေ .. အခြေအနေကောင်းတယ်ဟေ့။ ညီမလေးယွဲ့ရှန်က ကြည့်နေကျအတိုင်း မကြည့်တော့ဘူး။ ဟားဟားဟား” အခန်းကိုလှည့်ပတ်ကြည့်လိုက်သည်တွင် အဖွဲ့တွင် နောက်ထပ်လူတစ်ယောက် ကုန်းစွန်းဝမ်အာရှိနေကြောင်း ဇောင်ထျန်ကျောက် သတိပြုမိလိုက်လေသည်။
သူက ကုန်စွန်းဝမ်အာကို တစ်ခါမှ အာရုံမစိုက်ခဲ့သော်လည်း သူမကို ခေါင်းညိတ်နှုတ်ဆက်လိုက်ကာ အထဲလျှောက်လာပြီး ပိုင်ရှောင်ချန်းရှေ့တွင် တင်ပျဥ်ခွေထိုင်လိုက်လေသည်။
” ကဲ ရှောင်ချန်းရေ” သူက စိတ်လှုပ်တရှားဆက်ပြောသည်။
” ငါတို့အခု ဘာလုပ်ကြမလဲ။ နောက်တစ်လှမ်းကဘာတုန်း။ ညီမလေးယွဲ့ရှန်ကို ငါရဲ့ ခံစားချက်အစစ်အမှန်တွေ ပြောလိုက်ရတော့မလား”
ဇောင်ထျန်ကျောက်အတွက် လွန်ခဲ့သော ရက်များကဲ့သို့ ကံကောင်းသောနေ့ရက်မရှိတော့ပေ။ သူက ချန်းယွဲ့ရှန်အခန်းကို နေ့တိုင်းအလည်သွားပြီး နှစ်ယောက်သား ထိုင်ကာ တစ်နေ့လုံး စကားစမြည်ပြောကြသည်။ အမှန်ဆိုရလျှင် လွန်ခဲ့သောဆယ်နှစ်ပေါင်းလိုက်သည်ထက်ပင် လွန်ခဲ့သောရက်များအတွင်း တစ်ယောက်နှင့်တစ်ယောက် ပို၍ စကားပြောဖြစ်ကြသည်။
ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်ပြီးနောက် ဇောင်ထျန်ကျောက်ကို အလွန်လေးနက်ပြီး အတန်ငယ်စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
” ဘာဖြစ်သွားတာလဲ။ ရက်လေးနည်းနည်း ပျော်ရွှင်စရာတွေကြောင့်နဲ့ ခင်ဗျား အသိစိတ်လွတ်သွားပြီလား”
” မေးပါရစေဦး အစ်ကိုကြီးဇောင်ရယ် အပျော်တွဲတဲ့စွဲလမ်းမှုကို ရှာနေတာလား၊ ကမ္ဘာကြီးတည်သရွေ့ ရှိနေသေးမယ့် အချစ်မျိုးကို ရှာနေတာလား” ပိုင်ရှောင်ချန်း၏ စကားများက ဇောင်ထျန်ကျောက်၏မျက်နှာကို တင်းပုတ်နှင့် ရိုက်ချလိုက်သည့်အလားပင်။
” ငါ အပျော်တွဲတဲ့ စွဲလမ်းမှုမျိုးကို မလိုချင်ဘူး” သူက လေးနက်စွာပြော၏။ ” ကမ္ဘာတည်သရွေ့ရှိနေမယ့် အချစ်မျိုးကို လိုချင်တာ”
ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပျော့ပျောင်းသွားပြီး ရင်ထဲကလာသောရိုးသားမှုဖြင့် သူက ဆက်ပြောသည်။
” အစ်ကိုကြီး ဇောင်…. ”
” အမယွဲ့ရှန်ကို ခင်ဗျားရဲ့ တာအိုလက်တွဲဖော်အဖြစ်ထားချင်တာ ကျုပ်သိပါတယ်။ ဒါပေမယ့် နည်းလမ်းက မှားနေတယ်။ ကျုပ်သင်ပေးခဲ့တဲ့ အချစ်ကို အနိုင်ယူခြင်း နဲ့ ဘယ်လိုစိတ်ငြိမ်အောင်ထားရမယ်ဆိုတာ မေ့သွားပြီလား။ ”
” ကျုပ် အရင်ထဲက ပြောခဲ့သားပဲ။ သူ့ရဲ့ အာရုံစိုက်ခံရတာနဲ့ လုံခြုံတယ်လို့ ခံစားရအောင်လုပ်။ နောက် လုပ်ရမယ့် တစ်ခုက ရှေ့အတင်းတိုးတာ မဟုတ်ဘူး နောက်ဆုတ်ရမှာ”
” ခင်ဗျားကို ခင်ဗျား နားလည်ရခက်တဲ့ပုံပေါ်အောင်လုပ်။ နောက်ဆုတ်ပြီးတော့မှ တိုးတက်အောင်လုပ်ရမှာ။ အစ်မယွဲ့ရှန်ကို ခင်ဗျားအနား မလာပဲ မနေနိုင်တော့အောင် လုပ်။ သူ့ကို တိုးလို့တန်းလန်းထား။ ခင်ဗျားနားကို အရင်ချဥ်းကပ်အောင်လုပ်လေ”
” ဒီတစ်ချက်ကို မှတ်ထားရမယ်။ ရှောင်ဖယ် ရှောင်ဖယ်နေ။ သိပ်ကြီး စိတ်လှုပ်ရှားမနေနဲ့ ။ တွေ့ရင်လဲ ခဏလေးပဲလက်ခံ။ ဒါပဲ။ အဲ့တာမှ ကြာသင့်တဲ့အချိန်ကြာသွားရင် ကြိုးစားပမ်းစားရယူထားရတဲ့ဆုလာဘ် ပေးနိုင်ပြီပေါ့ ”
ပိုင်ရှောင်ချန်းက ခရေစေ့တွင်းကျရှင်းပြလိုက်သော်လည်း သူ၏သင်ခန်းစာများကို ဇောင်ထျန်ကျောက် တစ်ယောက် မလေ့လာရသေးသည့်အတွက် မည်မျှစိတ်ပျက်နေကြောင်း သူ့စကားလုံးများက ဖုံးဖိမရစွာ ပြသနေတော့သည်။
ဇောင်ထျန်ကျောက်မှာ အပြည့်အဝယုံကြည်သွားပြီး ပိုင်ရှောင်ချန်း စကားပြောပြီးသည့်နောက်တွင် သူက အံတင်းတင်းကြိတ်ကာ ပြော၏။
” ကောင်းပြီ။ မင်းဘာပြောပြော လုပ်မယ်ကွာ”
သူက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ထလိုက်လေသည်။
နောက်ခုနစ်ရက်အတောအတွင်း ဇောင်ထျန်ကျောက်သည် ပိုင်ရှောင်ချန်းလုပ်ခိုင်းသည့်အတိုင်း တသွေမတိမ်းလုပ်လေသည်။ သူက ချိန်ယွဲ့ရှန်ထံမှ အတန်ငယ်ရှောင်လိုက်ပြီး တစ်ခါဆိုလျှင် ရက်အနည်းငယ်ပင် ပျောက်သွား၏။ သူပြန်ပေါ်လာသောအခါ အတန်ငယ်အေးအေးစက်စက်ပြုမူလေသည်။
ရံဖန်ရံခါ ပိုင်ရှောင်ချန်းက သူ့ကိုညွှန်ကြားသောအခါ သူက သူမကို တက်တက်ကြွကြွအလေးပေးပြန်သည်။
တစ်ခါတစ်ခါ သူက ရှောင်နေပြန်ပြီး တစ်ခါတလေကျ သူမနှင့် ရင်းရင်းနှီးနှီးနေပြန်သည်။ ပထမတွင် ချိန်ယွဲ့ရှန်မှာ ထိုအခြင်းအရာကြောင့် ကြောင်တောင်တောင်ဖြစ်သွားသော်လည်း မကြာမီ ဒေါသထွက်လာတော့သည်။
နောက်ဆုံးတွင် သူမ၏ တွေဝေမှုများနှင့် ဒေါသများပေါင်းသွားပြီး တစ်ခုခုမှားနေကြောင်း ကောက်ချက်ချလိုက်လေသည်။ ထို့နောက် သူမက ဖြစ်ပျက်နေသောအရာများနှင့် မည်သည့်အတွက်ကြောင့် ဇောင်ထျန်ကျောက်မှာ သူမ မှတ်မိသောပုံစံနှင့် အလွန်ကွာခြားသွားကြောင်း သေသေချာချာစုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအချိန်တွင် မည်သည့်အတွက်ကြောင့် တိုက်ပွဲကဲ့သို့ တိုးချည်၊ ဆုတ်ချည်လုပ်နေကြောင်း သေသေချာချာစုံစမ်းရန် မျှော်လင့်ချက်များဖြင့် သူမမှာ သူ့ကို လိုက်ချောင်းတော့သည်။
တစ်လကြာသည်အထိ ထိုအတိုင်းဆက်ဖြစ်နေပြီး ထိုအချိန်အတွင်းမှာပင် သင်္ဘောပေါ်တွင် ထူးဆန်းသော သေဆုံးမှုများပြန်ဖြစ်လာလေသည်။အဖွဲ့လိုက်ပူးကပ်နေခြင်းကို ရပ်လိုက်ပြီး တစ်ယောက်ထဲနေကြသည့် ကျင့်ကြံသူအချို့ရှိသော ကုန်းပတ် ၄တွင် ထပ်မံဖြစ်ပေါ်လာလေသည်။ ထို တစ်ဦးတည်းနေသော ကျင့်ကြံသူများမှာ အသတ်ခံရခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
စူးစူးဝါးဝါးအော်သံများ ၊ အလောင်းများ တစ်ဖန်ပြန်ပေါ်လာပြီး သင်္ဘောပေါ်ရှိ လူတိုင်း၏ နှလုံးသားများထဲတွင် အကြောက်တရားများ ထပ်မံ ပေါက်ဖွားလာပြန်တော့သည်။ လူသေမှုနှုန်းများ တိုးပွားလာသည်နှင့် ထိတ်လန့်တုန်လှုပ်ခြင်းများသည် သည်းမခံနိုင်တော့သော အတိုင်းအတာအထိ မြင့်တက်လာတော့သည်။
မည်သို့ပင် စုံစမ်းစစ်ဆေးမှုများ လုပ်စေကာမူ တစ်ယောက်မှ သဲလွန်စတစ်ခုပင် ထွက်မလာချေ။ ထိုမျှသာမက သံသယများလည်း တိုးပွားလာပြီး တစ်ယောက်နှင့်တစ်ယောက် မယုံရဲကြတော့ပေ။ ထို့အပြင် မကြာမီ တစ်ကြိမ်တည်း လူနှစ်ယောက် သုံးယောက်သေဆုံးနေသော အခြေအနေထိရောက်လာတော့သည်။
ပိုမို တုန်လှုပ်ချောက်ခြားစရာအကောင်းဆုံးမှာ တစ်ကြိမ်တွင် လူဆယ့်သုံးယောက်လုံး သေဆုံးသွားပြီး သူတို့၏ သွေးများခမ်းခြောက်ကာ အခြောက်လှန်းထားသော အလောင်းကောင်များကဲ့သို့ ဖြစ်နေသောအချိန်တွင်ဖြစ်သည်။ သင်္ဘောပေါ်ရှိ လူတိုင်းမှာ ရိုးတွင်းခြင်ဆီအထိ ကြောက်လန့်တုန်ရီသွားကြလေသည်။
ပိုင်ရှောင်ချန်းမှာ ဤသင်္ဘောကြီး မည်မျှအန္တရာယ်များကြောင်း တွေးကာ လုံးဝထိတ်လန့်နေပြီး မျက်လုံးသုံးလုံး ချိန်ဟဲ့ဖန် ပြန်လာမည်ကိုသာ မျှော်လင့်နေမိတော့သည်။
” ဒီလိုသာဆက်ဖြစ်နေရင် ဘယ်သူမှ မြေရိုင်းဒေသကို ရောက်လိုက်မှာတောင်မဟုတ်ဘူး”
သူက မျက်ရည်ကျလုမတတ် ဆူပုတ်နေရင်း ဇောင်ထျန်ကျောက်နှင့် သူ၏ နောက်လိုက်နှစ်ယောက်ကိုပင် အရေအတွက်အားဖြင့် လုံခြုံမှုရှိရန်မျှော်လင့်၍ သူ့အခန်းကို ခေါ်ထားလိုက်သည်။
ထို နောက်လိုက်နှစ်ယောက်မှာလည်း အဖြူရောင်အရိပ်ကြီး လက်စားလာချေမည်ကို စိုးရိမ်ကာ ရူးမတတ် ကြောက်လန့်နေလေသည်။ သူတို့၏ အခန်းများထဲတွင် တုန်တုန်ရီရီနေ၍ နေ့ရက်များကုန်ဆုံးနေရသောကြောင့် ပိုင်ရှောင်ချန်းက သူနှင့်အတူ ပူးပေါင်းရန် တောင်းဆိုသောအခါ အလွန်အမင်း ဝမ်းသာသွားပြီး သူတို့ကို အထူးတလည်ဆက်ဆံသည့်အတွက် မဝမ်းမြောက်ဘဲ မနေနိုင်တော့ပေ။ သူတို့က သူ့ကို မျက်နှာလို မျက်နှာရလုပ်ပြီး အကူအညီပေးရန် စောင့်နေပြီး တစ်ချက်ကလေးပင် မငြီးငြူပဲ သူစေသမျှအကုန်လုံးကို လုပ်ပေးနေတော့သည်။
နောက်ထပ်ရက်များ ကုန်လွန်သွားပြန်၏။ ဤအချိန်တွင် ပင်လယ်ခရီးလမ်းကြောင်း တစ်ဝက်ကျော်ပင်ရောက်နေပြီဖြစ်ကာ ဇောင်ထျန်ကျောက်မှာ အဆင့်တက်တော့မည့် အခြေအနေ ရောက်နေလေပြီ။ သူ၏ကိုယ်ထဲတွင် တပွက်ပွက်ဆူနေသည့်အလား ခံစားနေရလေသည်။ သူသည် ချိန်ယွဲ့ရှန်ကို အလွန်တရာချစ်မြတ်နိုးနေပြီး ယခုထက်ထိ သူမနှင့် မနီးစပ်နိုင်သေးသည်မဟုတ်ပါလော။
ချိန်ယွဲ့ရှန်မှာမူ ထူးဆန်းသောအခြေအနေ၏ အကြောင်းရင်းကို သိရန် မဆုတ်မနစ်ကြိုးစားနေလေသည်။ ဇောင်ထျန်ကျောက်သည် သူ၏စစ်မှန်သော ခံစားချက်များကို ပြောချချင်လွန်း၍ ပါးစပ်ယားနေသော်လည်း သူ့ကိုယ်သူ ပိုင်ရှောင်ချန်း၏အစီအစဥ်များကို သတိပေးလိုက်သည့်အချိန်အတိုင်း ပြောချင်သည့်စကားများကို မျိုသာချလိုက်ရတော့သည်။
သို့သော်လည်း နောက်ဆုံးတွင် သူဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ တစ်ခုသော ညနေခင်းတွင် သူသည် ပိုင်ရှောင်ချန်းအခန်းသို့ ပြန်လာသောအခါ သူ၏နောက်လိုက်များက လှဲနေသော ပိုင်ရှောင်ချန်း၏ဘေးတစ်ဖက်စီတွင် သူ၏ ပခုံးများ ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ သူတို့ထဲမှတစ်ယောက်က ပိုင်ရှောင်ချန်းကို အညောင်းအညာပြေလားဟုပင် ခပ်တိုးတိုး မေးနေသေးသည်။
ဇောင်ထျန်ကျောက်မှာ မျက်တွင်းများ ချောင်ကျ၍ ပိန်လှီနေပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ ပြော၏။
” ရှောင်ချန်းရေ… ငါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးကွာ။ ငါရဲ့ ခံစားချက်အစစ်အမှန်တွေကို ဘယ်နှကြိမ်တောင် ပြောချင်ခဲ့လဲ ရေလို့တောင်မရတော့ဘူး။ အခြေအနေတွေက ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ညီမလေးယွဲ့ရှန်နဲ့ ကမ္ဘာတည်သရွေ့ ပေါင်းဖက်ဖို့ ငါ လမ်းမမြင်တော့ဘူးကွာ”