အဖြူရောင် အရိပ်ကြီး ကွယ်ပျောက်သွားပြီးနောက် ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်မှာ သွေးများ ထပ်အန်ကုန်တော့သည်။ သို့သော် အေးစိမ့်ချီများ၏ အရင်းအမြစ်မှာ ကုန်သွားပြီဖြစ်၍ သူတို့ကိုယ်သူတို့ ချုပ်တည်းနိုင်လိုက်ပြီး သေခြင်းတရားကို သူတို့ဘေးတွင်မြင်လိုက်ရသည့်အလား ဖြူဆုတ်နေသည့်မျက်နှာများဖြင့် ကျန်ရစ်ခဲ့တော့သည်။
သူတို့နှစ်ယောက်စလုံးမှာ ဤကံဆိုးမှုကြီးကြောင့် ပူပန်သောကများနှင့် ဖုံးလွှမ်းနေတော့သည်။ ပထမဆုံးတွင် သူတို့က ချိန်ယွဲ့ရှန်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် တကယ့်ဝိညာဥ်အစစ်အမှန်တစ်ခု ထွက်ပေါ်လာသောအခါ အံ့အားသင့်သွားရပြီး အသက်ပျောက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ထိုအရာအားလုံး၏ အကြောင်းအရင်းမှာ ပိုင်ရှောင်ချန်းကြောင့်ဖြစ်နေလေရာ သူတို့သည် ပိုင်ရှောင်ချန်းကို ထပ်ရန်မစတော့ရန် သစ္စာဆိုလိုက်ကြသည်။ သူ၏ အကြိုက်ကိုလိုက်ရန်ပင် တွေးနေကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ဦးနှောက်ကို အိတ်သွန်ဖာမှောက် စဥ်းစားထားသည့် အကြံများထဲတွင် သူတို့ထပ်ပါနေပါက မြေရိုင်းဒေသသို့မရောက်ခင်တွင် သူတို့မှာ သေဆုံးသွားနိုင်ခြေရှိသည်။
ချိန်ယွဲ့ရှန်ကမူ ဘေးဘီဝဲယာကိုကြည့်၍ အဖြူရောင်အရိပ်ကြီး ကွယ်ပျောက်သွားသည့်အချက်မှာ သေချာသွားပြီး သူမကိုဝန်းရံနေသည့် ရေခဲဆူးများ ကွယ်ပျောက်သွားသောအခါ သူမက ဇောင်ထျန်ကျောက်ဘက်သို့ အာရုံလွှဲလိုက်သည်။
ဇောင်ထျန်ကျောက်ကမူ ချွေးများပြန်နေပြီး အသက်ရှူသံများလည်း မြန်နေသည်။ အလယ်ပိုင်း ရွှေအမြုတေ အဆင့်သို့ ရောက်ပြီးထဲက တိုက်ပွဲတွင် သူ့ကို ယှဥ်၍တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်ကို သူတွေ့ဖူးသည့်အကြိမ်အရေအတွက်မှာ အလွန်နည်းပါးလှသည်။ ထို့နောက်သူ ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းသို့ရောက်သောအခါတွင်လည်း သူ့ကို ဒုက္ခပေးနိုင်သူများမှာ ယင်ယန်ဝိညာဥ်အဆင့် ပညာရှင်များသာ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏တိုက်ပွဲစွမ်းရည်များကို အလွန်ယုံကြည်မှု ရှိနေသည်။
ယခုတွင်မူ သူ၏နှလုံးသားကို ကြောက်ရွံ့မှုများက စိုးမိုးနေတော့သည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် စောစောက ထိုအရိပ်ဖြူကြီး ထုတ်လွှတ်ခဲ့သည့် ကျင့်ကြံခြင်းအခြေခံစွမ်းအင်မှာ ယင်ယန်ဝိညာဥ်အဆင့်ထက် နိမ့်နေသည်မှာ ဧကန်ပင်။
” သူက အမြုတေအဆင့်ရဲ့မဟာ စက်ဝန်းထိပဲ တိုက်ပွဲစွမ်းရည် ရှိတာပါကွ။ အဲ့တာတောင်မှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေတောင် မယှဥ်နိုင်လောက်အောင် ကြောက်စရာကောင်းနေပါလား။ ” ဇောင်ထျန်ကျောက်က အသက်ပြင်းပြင်းရှူကာ ဘေးဘီဝဲယာသို့ အကဲခတ်လိုက်သောအခါ ယခုအထိ သူတို့အဖွဲ့တစ်ဖွဲ့ထဲသာ ရှိနေသေးသည်ကို သိလိုက်ရသည်။ မည်သူကမှ တိုက်ပွဲ၏ အသံများကြောင့် လာရောက် ကြည့်ရှုကြခြင်း မရှိပေ။ ထို အရိပ်ဖြူကြီးမှာ တိုက်ပွဲမစမီ ဤတစ်နေရာလုံးကို ပိတ်လှောင်ခဲ့ဟန်တူသည်။
ယခု ထိုအရိပ်ကြီးမရှိတော့သဖြင့် ထိုပိတ်လှောင်မှုကြီးလည်း ပျောက်ပြယ်သွားတော့သည်။
ဇောင်ထျန်ကျောက်၏ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်သွားသောအခါ သူက အရိပ်ဖြူကြီးကို ခြေရာခံရန် ပြင်လိုက်သည်။ ချိန်ယွဲ့ရှန်ကမူ သူ့နောက်သို့လိုက်ရန် ပြင်လိုက်သည်။
ဘေးနားတွင်မူ ပိုင်ရှောင်ချန်းမှာ မျက်ခုံးပေါ်မှ ချွေးများကို သုတ်၍ စောစောက ဇောင်ထျန်ကျောက်ကို သူ ကြိုစား၍ ကာကွယ်လိုက်သည်ကို ပြန်တွေးမိနေတော့သည်။ ထိုအချိန်တွင် ဇောင်ထျန်ကျောက်မှာ ထိုအရိပ်ကြီးနောက်သို့ လိုက်ဖမ်းလိုနေသည်ကို သူက ရိပ်မိလိုက်သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ချောင်း ကျယ်ကျယ်ဟန့်လိုက်တော့သည်။
ထိုအချိန်အထိ ဇောင်ထျန်ကျောက်က သတိမထားမိသေးသဖြင့် ပိုင်ရှောင်ချန်းမှာ ဒေါကန်သွားပြီး ပို၍ကျယ်လောင်စွာ ချောင်းဟန့်ပြလိုက်သည်။
ကံကောင်းသည်မှာ ဇောင်ထျန်ကျောက်သည် ကူရာကယ်ရာမဲ့နေသည့် အခြေအနေထိသို့ ရောက်သေးသည်မဟုတ်ပေ။ ပိုင်ရှောင်ချန်း၏ ချောင်းဟန့်သံကို ကြားလိုက်ရပြီးနောက် သူက ဆတ်ခနဲရပ်လိုက်ကာ ဤညတာဝန်၏ ပန်းတိုင်မှာ ထိုဝိညာဥ် သတ္တဝါကြီးမဟုတ်ပဲ ချိန်ယွဲ့ရှန်ကို ဘေးကင်းမှုဆိုသော ခံစားချက်တစ်ခုပေးစွမ်းရန်ဖြစ်ကြောင်းကို သူက ရုတ်တရက် ပြန်အမှတ်ရသွားတော့သည်။
ရုတ်တရက် သူ၏နှလုံးသားထဲတွင် ပိုင်ရှောင်ချန်းက သူ့ကို ပေးခဲ့သည့် အကူအညီများအားလုံးအတွက် ကျေးဇူးတင်လိုစိတ်များ တဖွားဖွားပေါ်လာတော့သည်။ ပိုင်ရှောင်ချန်း ကိုလှမ်းကြည့်ရင်း သူသည် မိတ်ဆွေအစစ်တစ်ယောက်ဖြစ်ကြောင်းကို ခံစားလိုက်ရတော့သည်။ သူ၏ မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာတစ်ခု ဆင်မြန်းလိုက်ပြီး အရိပ်ကြီးနောက်သို့လိုက်ရန် အတွေးများကို ဘေးဖယ်လိုက်ကာ လက်ကိုဆန့်ထုတ်၍ ချိန်ယွဲ့ရှန်ကို ရှေ့သို့ဆက်မသွားစေရန် တားလိုက်သည်။
” ညီမလေး ယွဲ့ရှန်။ ”
သူက တည်ကြည်စွာ ဆိုလိုက်သည်။
” အဲ့ကောင်နောက်ကို လိုက်စရာမလိုတော့ပါဘူး။ အဲဒီ ဝိညာဥ်သတ္တဝါကြီးက ထွက်ပြေးသွားမှတော့ ခြေရာခံဖို့ကလည်း ဖြစ်နိုင်မှာမဟုတ်ဘူး။ အခုလိုညကြီး အစ်ကိုတို့ ထွက်သွားရင် အဲ့ဝိညာဥ်က တစ်ယောက်ချင်းစီ အနိုင်ယူသွားလိမ့်မယ်။ ”
” ညီမ အဖေသာ ပြန်ရောက်နေလို့ကတော့ရှင် ။ အဲ့ဝိညာဥ် အသက် လုံးဝ ပျောက်သွားဦးမယ်။ ” ချိန်ယွဲ့ရှန်က အံကြိတ်ကာဆိုလိုက်ပါသော်လည်း သူမ၏မျက်ဝန်းထဲတွင်မူ ဒေါသနှင့် ကြောက်ရွံ့နေမှု နှစ်မျိုးလုံးကို မြင်နိုင်ပေသည်။
သူမ၏ အတိုက်အခိုက်စွမ်းရည်ကို သူမကိုယ်တိုင်သိထားရာ သူမသာ တစ်ယောက်ထဲရှိနေခဲ့ပါက ထိုအဖြူရောင်အရိပ်ကြီးကို ယှဥ်နိုင်မည်မဟုတ်ကြောင်း သူမက သိသည်။ ဇောင်ထျန်ကျောက်သာ ရှိမနေပါက သူမသည် ကျိဖန်ကဲ့သို့သာ ဖြစ်သွားမည် ဖြစ်သည်။
” ကျေးဇူးအများကြီးတင်ပါတယ်။ အစ်ကိုဇောင်ရယ် ”
သူမက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
ဇောင်ထျန်ကျောက်မှာ စိတ်လှုပ်ရှားသွားသဖြင့် ရင်ခုန်နှုန်းမြန်သွားရတော့သည်။ သို့သော် သူက မျက်နှာပေါ်တွင်မူ မည်သည့် အမူအရာမှ မပြသပေ။ ချိန်ယွဲ့ရှန်ဘက်သို့ လှည့်လိုက်ပြီး ပိုင်ရှောင်ချန်းက သူ့ကိုညွှန်ကြားထားခဲ့သော လေသံမျိုးဖြင့် ပြောလိုက်သည်။ ထိုလေသံကြောင့် သူ၏စကားများမှာ ရိုးသားမှုအပြည့် ပါဝင်နေတော့သည်။
” ဂိုဏ်းတူညီမလေး ယွဲ့ရှမ်း။ အစ်ကိုရှိနေသရွေ့ ညီမလေးကို ဘယ်သူမှ နာကျင်အောင် မလုပ်နိုင်စေရဘူး ”
ဇောင်ထျန်ကျောက်မှာ ချိန်ယွဲ့ရှန်အတွက်ဆိုလျှင် မရေမတွက်နိုင်သော ဓားလှံများကို တွန်းလှန်ကာ မီးပင်လယ်များကိုပင် ဖြတ်ရန် အသင့်ဖြစ်နေသည့်ပုံပေါ်နေတော့သည်။ သူသည် မည်သည့် အန္တရာယ်မျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ပြီး မည်သို့သော အခက်အခဲများပင်ဖြစ်စေ
မျက်မှောင်တစ်ချက်မကြုံ့ပဲ ကြိုးစား ကျော်ဖြတ်ပြမည်သာဖြစ်သည်။ သူမအတွက် သေရလျှင်ပင် သူ နောင်တရနေမည် မဟုတ်ပေ။
သူ၏စကားလုံးများ၊ သူ၏မျက်နှာ အမူအရာများ၊ အဖြူရောင်အရိပ်ကြီးကို သူက သူရဲကောင်းဆန်စွာ တိုက်ခိုက်ခဲ့ပုံများနှင့် သူ၏မျက်ဝန်းထဲရှိ ရိုးသားမှုများကြောင့် သူသည် လက်ရုံးရည်သာမက နှလုံးရည်နှင့်ပါ ပြည့်စုံနေသည့်ပုံပေါ်နေတော့သည်။ သူက စကားပြောရင်း ချိန်ယွဲ့ရှန်၏ မျက်ဝန်းများထဲသို့ ကြည့်နေသည်မှာ သူမ၏ နှလုံးသားထဲသို့ ချော်ရည်ပူများ လောင်းထည့်နေသကဲ့သို့ ဖြစ်နေချေသည်။
ချိန်ယွဲ့ရှန်မှာ ချက်ချင်းပင် အသက်ရှူသံများ မြန်လာပြီး သူမ၏ နှလုံးသားမှာလည်း ကြောက်လန့်နေသည့် သမင်ငယ်လေးတစ်ကောင်အလား ကဆုန်ပေါက်နေတော့သည်။ ဇောင်ထျန်ကျောက်ကိုကြည့်နေရင်းဖြင့် သူမ၏ရင်ထဲတွင် ဖြစ်ပေါ်လာသည့်ခံစားချက်များကြောင့် မိန်းမောတွေဝေနေပြီး သူ၏စကားသံများမှာလည်း နားထဲတွင် ပဲ့တင်ထပ်နေကာ ဇောင်ထျန်ကျောက်၏ အနိုင်မခံ အရှုံးမပေးလိုသည့် သူရဲကောင်းကြီးတစ်ယောက်ကဲ့သို့ မားမားမတ်မတ် ရပ်တည်နေပုံကို မြင်လိုက်ရသောအခါ သူမသည် စောစောက ဖြစ်ပျက်သွားသည်များကို ပြန်တွေးမိလိုက်ပြီး လုံခြုံမှုဆိုသော ခံစားချက်ကြီးမှာ သူမ၏ ရင်ထဲတွင် နွေးထွေးသွားတော့သည်။
သူမ၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် ရှက်သွေးဖြန်းလာပြီး ဂယောင်ခြောက်ခြားဖြစ်ကာ မည်သည်အား တွေးနေမိသည်ကို မသိနိုင်လောက်အောင်ပင် ဖြစ်သွားရသည်။
ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်မှာ မှင်တက်သွားပြီး မျက်နှာများ ဖြူဆုတ်သွားကြတော့သည်။ သူတို့သည် ဒဏ်ရာမှ ပြည်လည်သက်သာလာပြီ ဖြစ်ပါသော်လည်း ချိန်ယွဲ့ရှန်၏ အမူအရာပြောင်းလဲမှုကို မြင်လိုက်ရသောအခါ စောစောက ပိုင်ရှောင်ချန်း၏ ညွှန်ကြားချက်များကို သူတို့ ပြန်တွေးမိသွားပြီး ရုတ်တရက် သူတို့၏အမြင်တွင် သူသည် နတ်ဘုရားတစ်ပါးအလား ဖြစ်သွားတော့သည်။
” အဲ့ အကြံတကယ်အလုပ်ဖြစ်တာ ငါ လုံးဝ မယုံနိုင်ဘူးကွာ ”
ပထမတစ်ယောက်က တွေးနေတော့သည်။
” ဘုရားရေ။ ” အခြားတစ်ယောက်မှာလည်း အလားတူတွေးနေတော့သည်။
” အစ်မချိန်ရဲ့ ချစ်မေတ္တာစိတ်တွေ တကယ်နိုးထလာတာဟ။ ”
ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်နေသည့်အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
ဇောင်ထျန်ကျောက်မှာ စိတ်လှုပ်ရှားမှုများကြောင့် ရင်ဘတ်ကြီးမှာ ကဆုန်ပေါက်နေပြီဖြစ်ရာ ဣန္ဒြေမပျက်စေရန် မနည်းထိန်းထားရသည်။ ဦးခေါင်းကိုနောက်ပစ်၍ ကောင်းကင်ကြီးကိုမျက်နှာပေးကာ အသံကုန် အော်ဟစ်ပစ်ချင်စိတ်များကို မနည်းထိန်းထားရပေသည်။ ဤအချိန်တွင်မူ သူသည် ကြိုးစားခဲ့ရသမျှ တန်သည်ဟု ယူဆသွားပြီး ပိုင်ရှောင်ချန်းကိုလည်း ယခင်ကထက်ပင် ကျေးဇူးများ တင်မိနေတော့သည်။ ယခုတွင် သူက ချိန်ယွဲ့ရှန်ကို ပွေ့ဖက်လိုက်ချင်ပါသော်လည်း သူက နောက်ဘာဆက်လုပ်ရမည်ကို မသိသဖြင့် စိုးရိမ်နေပြီး ချီတုံချတုံ ဖြစ်နေတော့သည်။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ စိတ်ထဲ၌ပင် သက်ပြင်းတွေချနေမိပြီဖြစ်သည်။
” ဇောင်ထျန်ကျောက်က ဘာလို့များ ဒီလောက် တုံးရတာလဲကွာ။ ”
သူက စိတ်ထဲတွင် တွေးလိုက်သည်။
” ဒီအချိန် ဒီအခြေအနေရောက်နေတာတောင် သူက ငါ့ကိုဘာဆက်လုပ်ရမလဲ မေးနေတုံးလားဟ။ ခေါင်းခဲစရာပါလားကွာ…. ”
သူက တစ်ခဏမျှ သူ၏နဖူးကိုပွတ်ကာ သူသည် အင်မတန်သဘောကောင်းမွန်သော လူတစ်ယောက်ဖြစ်ကြောင်း တစ်ကိုယ်ထဲ တွေးကာ ကျေနပ်နေသည်။
ထို့နောက်သူက လက်ကိုချကာ စိုးရိမ်နေသည့် အမူအရာ ပြောင်းလဲသွားတော့သည်။ ဇောင်ထျန်ကျောက်ဆီသို့ ပြေးသွားရင်းသူက ရုတ်တရက် အော်ဟစ်လိုက်သည်။
” အစ်ကိုဇောင်ရေ… အစ်ကို…. အစ်ကို ဒဏ်ရာရထားတာပါလား။ ဘုရားရေ။ အခြေအနေဆိုးမဲ့ ပုံပဲ။ အစ်ကိုဇောင် အဆင်ပြေရဲ့လားဗျာ ။ ”
ချက်ချင်းဆိုသလိုပင် ပိုင်ရှောင်ချန်း၏ စူးရှသောစကားသံကြောင့် ချိန်ယွဲ့ရှန်က သတိပြန်လည်လာပြီး စိုးရိမ်မှုများ ဖုံးလွှမ်းနေသည့် မျက်နှာဖြင့် လှမ်းကြည့်လိုက်တော့သည်။
ဇောင်ထျန်ကျောက်မှာ ပိုင်ရှောင်ချန်းဘက်သို့ တအံ့တသြ လှည့်လိုက်ပြီး သူက ဒဏ်ရာမရထားကြောင်း ပြောရန်ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ ပခုံးကိုဖက်တွယ်ပေးလိုက်ပြီး တပြိုက်နက်ထဲမှာပင် သူ၏နောက်ကျောကို ခပ်နာနာလေး ထ်ိုးလိုက်တော့သည်။
ထိုအခါမှ ဇောင်ထျန်ကျောက်မှာ အခြေအနေကို ရိပ်စားမိသွားတော့သည်။ သနားစဖွယ် အော်ဟစ်လိုက်ပြီး သူ၏မျက်နှာကို သွေးဆုတ်သွားအောင်လုပ်လိုက်ကာ ငြီးငြူလိုက်သည်။
” နာတယ်…. ငါ့ဒဏ်ရာက တော်တော်ဆိုးတာပဲ။ ”
သူက လဲကျတော့မည့်အလားပင် တစ်ဖက်သို့ ခန္ဓာကိုယ်ကိုစောင်းချလိုက်သည်။
ချိန်ယွဲ့ရှန်မှာ အနည်းငယ်မိန်းမောနေဆဲဖြစ်သော်လည်း ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ ရှေ့သို့အပြေးသွားလိုက်ပြီး ဇောင်ထျန်ကျောက်၏ အခြားပခုံးတစ်ဖက်ကို ဖက်တွယ်ပေးလိုက်သည်။ ဤအချိန်တွင်မူ ဇောင်ထျန်ကျောက်မှာ ထုံအ မနေတော့ပဲ သူမ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားတော့သည်။
” ညီမလေး ယွဲ့ရှန်။ အစ်ကိုဒဏ်ရာရလည်း ကိစ္စမရှိပါဘူး။ ညီမလေးရဲ့ ဘေးကမခွာဘဲ အမြဲ စောင့်ရှောက်ပေးနေမှာပါ။ ”
ချိန်ယွဲ့ရှန်မှာ ပို၍ပင် ရှက်သွေးဖြန်းသွားပြီး သူမ၏ နှလုံးသားများပင် တဆတ်ဆတ်တုန်ရီလာတော့သည်။ သူတကယ်ဒဏ်ရာရသည်၊ မရသည်ကို မစစ်ဆေးနိုင်တော့ပဲ ပိုင်ရှောင်ချန်းကို တစ်ချက်ကြည့်လိုက်ကာ ဇောင်ထျန်ကျောက်အား သူမ၏ အခန်းဘက်သို့ ခေါ်သွားတော့သည်။
ဇောင်ထျန်ကျောက်မှာ သူမကိုမှီကာ ပိုင်ရှောင်ချန်း၏ဘေးမှဖြတ်သွားရင်း သူ့ကို မျက်စိမှိတ်ပြလိုက်တော့သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူ၏လေးစားမှုများမှာ ကောင်းကင်တံတားပင်လယ်၏ လှိုင်းလုံးများကဲ့သို့ အတောမသတ်နိုင်တော့ပေ။
ချိန်ယွဲ့ရှန်က ဇောင်ထျန်ကျောက်အား သူမ၏ အခန်းထဲသို့တွဲခေါ်သွားသည်ကို ပိုင်ရှောင်ချန်းက ကြည့်ရင်း စိတ်ထဲတွင် ရယ်မောနေတော့သည်။ ဤအချိန်တွင် သူ့ကိုယ်သူ ကျေနပ်လွန်းနေသဖြင့် မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။ သူက မည်သည်ကိုမှ ဆက်မတွေးတော့ပဲ မေးငေါ့ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး အထီးကျန်သူရဲကောင်းတစ်ယောက်၏ ပုံစံ ဖမ်းလိုက်တော့သည်။
” ပိုင်ရှောင်ချန်းဆိုတဲ့ငါ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့…… အာ။ ထားပါတော့။ ဒီနေ့တော့ ဘာကိုမှ ပြာမချတော့ပါဘူး။ ”
ယနေ့သည် ဇောင်ထျန်ကျောက်အတွက် အံ့သြဖွယ်ကောင်းသည့် နေ့လေးတစ်နေ့ ဖြစ်သွားပြီ ဖြစ်သည်။ ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်အား သူ၏နောက်သို့ လိုက်ခဲ့ရန် ကိုယ်ဟန်အမူအရာဖြင့် ပြလိုက်ပြီး ကုန်းပတ်နံပါတ် နှစ်ထံမှ ထွက်ခွာလာတော့သည်။
ထို နောက်လိုက်နှစ်ယောက်မှာ ပိုင်ရှောင်ချန်း၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် ချက်ချင်းပင် နောက်မှ လိုက်လာကြတော့သည်။
အဖြူရောင်အရိပ်ကြီး ရောက်မလာမီ အော်ဟစ်သံကြီးအရင်ထွက်ခဲ့သည့် နေရာဖြစ်သည့် ကုန်းပတ်နံပါတ် သုံးပေါ်သို့ ပြန်ရောက်သောအခါ ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်ခဲ့သည်များကိုကြည့်ရန် လူအုပ်ထဲသို့ တိုးဝင်လိုက်သည်။ မကြာမီတွင် သားကောင်မှာ ကုန်းပတ်နံပါတ် သုံးပေါ်ရှိ လက်တစ်ဆုပ်စာ လက်ရွေးစင်များထဲမှ တစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရတော့သည်။
သူ၏ ပျော်ရွှင်နေသည့် ခံစားချက်ကြီး ချက်ချင်းပင် ကွယ်ပျောက်သွားရပြီး စိုးရိမ်မှုများက အစားထိုးဝင်ရောက်လာတော့သည်။ သူ၏ အခန်းသို့ အလျင်အမြန်ပြန်ကာ တံခါးကိုပိတ်ပြီးသည်အထိ သူက စိတ်မချနိုင်သေးပေ။
” အခုအထိ သေသမျှလူတွေက ကုန်းပတ်နံပါတ်သုံးက လူတွေကြည့်ပဲ။ ငါက အခုလေးတင် အဲ့အဖြူရောင်အရိပ်ကြီးကို တိုက်ခိုက်ခဲ့တာ။ အဲ့ကောင်ကြီးက လက်စားချေဖို့ ပြန်လာရင် ဘယ်လိုလုပ်ရပါ့…. ” သူကထိုအကြောင်းကိုတွေးလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်နေတော့သည်။