အခန်း ( ၄၅၆ )

ထူးဆန်းသော အရိပ်ဖြူကြီး

ပိုင်ရှောင်ချန်းက လှမ်းကြည့်လိုက်စဥ် ဇောင်ထျန်ကျောက်က ခေါင်းကိုနောက်ပစ်၍ ဟိန်းဟောက်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများ စုဝေးသွားပြီးနောက် အလျား တစ်မီတာရှိသော စက်လုံးတစ်စုံ အဖြစ် ပြောင်းလဲသွားသည်။

ထိုလျှပ်စီးမှာ စစချင်းတွင် ငွေရောင်ရှိပါသော်လည်း မျက်စိတစ်မှိတ်အတွင်း ရွှေရောင်အသွင်ပြောင်းလဲသွားပြီး အဖြူရောင် အရိပ်ကြီးဆီသို့ တည့်မတ်စွာ ပျံသန်းသွားတော့သည်။

” ပျက်စီးစေ။ ” ဇောင်ထျန်ကျောက်ကအော်ဟစ်လိုက်သည်။ သူ၏ စွမ်းအင်များမှာ တမုဟုတ်ခြင်း ထွက်ပေါ်နေသည့်အတွက် ပိုင်ရှောင်ချန်းပင်လျှင် မှင်တက်နေရသည်။

” ကြမ်းလှပါလား။ ”
ပိုင်ရှောင်ချန်းက တအံ့တသြ တွေးနေတော့သည်။ တလက်လက်ထနေသည့် လျှပ်စီးလုံးများမှာ မျက်စိများကျိန်းလောက်အောင် စူးရှတောက်ပလွန်းနေပြီး အံ့သြဖွယ်ကောင်းသည့် ကြောက်မက်ဖွယ် စွမ်းအင်များ ပြည့်နှက်နေသည်။

အဖြူရောင်အရိပ်ကြီးကို တိတိကျကျပင် ပုံဖော်၍မရနိုင်ပေ။ ၎င်းသည် ဒြပ်ရှိသောအရာတစ်ခု မဟုတ်ပဲ အလင်းစတစ်စနှင့်သာ တူနေသည်။ သို့သော် ရုတ်တရက် ၎င်းက တွန့်လိမ်ကွေးကောက်သွားပြီး အဖြူရောင် လက်ကြီးတစ်ချောင်းအသွင်ပြောင်းကာ ဇောင်ထျန်ကျောက်ဆီသို့ အံ့သြဖွယ် အမြန်နှုန်းကြီးဖြင့် ပြေးလာနေသည်။

ညအမှောင်ထုကြီးထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံများ ပေါ်ထွက်နေပြီး သင်္ဘောတစ်စီးလုံး ဆူညံသွားတော့သည်။ ထိုအခါမှ ဇောင်ထျန်ကျောက်၏ ရည်ရွယ်ချက်မှာ သင်္ဘောပေါ်မှ လူအားလုံးကို နိုးထစေလိုခြင်းဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။ ဤတိုက်ပွဲသို့ ဝင်ရောက်ကူညီတိုက်ခိုက်သူ ပို၍များလာပါက သူတို့၏ စွမ်းအားများကို ပေါင်းစည်းကာ ဤ အဖြူရောင်အရိပ်ကြီးကို ထာဝရ နှိမ်နင်းနိုင်မည် ဖြစ်သည်။

သို့သော် ဇောင်ထျန်ကျောက်မှာ အဖြူရောင် အရိပ်ကြီး၏ စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ ထိုလက်ကြီးက လျှပ်စီးလုံးများနှင့် ထိသွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ဇောင်ထျန်ကျောက်၏ ပါးစပ်ထဲမှသွေးများပန်းထွက်လာကာ သူ၏ လျှပ်စီးလုံးများမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။

ပိုင်ရှောင်ချန်းသည် လျှပ်စီးများ ဤကဲ့သို့ အဖျက်စီးခံရသည်ကို တစ်ခါမှမမြင်ဖူးပေ။ ၎င်းလျှပ်စီးလုံးများမှာ မရေမတွက်နိုင်သော အမှုန်အမွှားလေးများအသွင် ပြောင်းလဲကာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် လျှောက်လမ်း၏ နံရံများနှင့် သွား၍ ရိုက်ခတ်မိသောအခါ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာတော့သည်။

အဖြူရောင်အရိပ်ကြီးမှာ စွမ်းအားကြီးနေဆဲဖြစ်သော်လည်း ဇောင်ထျန်ကျောက်၏ စွမ်းအားအကုန်ထည့်ထားသည့် တိုက်ကွက်ကြောင့် တုန်ရီသွားပြီး နောက်ဘက်သို့ မီတာအနည်းငယ်လွင့်ထွက်သွားကာ ၎င်း၏အလင်းရောင်မှာလည်း အနည်းငယ်မှိန်သွားတော့သည်။ သို့သော် ခဏအကြာတွင် ၎င်းက ပြန်လည်တုန်ရီသွားပြီး အပိုင်းကိုးပိုင်းခွဲကာ ဇောင်ထျန်ကျောက်ကို ဝါးမျိုကာ ပူးကပ်လိုသည့်အလား သူ့ထံသို့ ခုန်ဝင်လာကြတော့သည်။

တပြိုင်နက်ထဲမှာပင် ထိုအရိပ်ကြီးဆီမှ ဝိညာဥ်များကိုပင် အေးခဲသွားစေနိုင်လောက်သည့် အေးစိမ့်အငွေ့အသက်တစ်မျိုးလည်း ပျံ့ထွက်လာသည်။

ချိန်ယွဲ့ရှန်သည် ဇောင်ထျန်ကျောက်က အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်သောအခါ မျက်နှာပျက်သွားပြီး ညာဘက်လက်သီးကိုဆုပ်၍ ရှေ့သို့ခုန်ကာ သူ့ထံသို့ ဝင်လာနေသည့် အရိပ်ဖြူကြီးများကို ထိုးနှက်လိုက်သည်။ တချိန်ထဲမှာပင် သူမ၏ ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ လရောင်များမှာ သူမ၏ပတ်ပတ်လည်တွင် ပွင့်အံထွက်လာပြီး အတူတကွပူးပေါင်းသွားပြီးနောက် ဝိုင်းစက်စက် လမင်းကြီး အသွင်ပြောင်းလဲသွားသည်။

ထိုလမင်းကြီးထဲမှ ထူးဆန်းသော အလင်းရောင်များ ဖြာထွက်လာပြီး ချိန်ယွဲ့ရှန်က နောက်ထပ် မန္တန်လက်ကွက်တစ်ခုကို ဖော်ကာ ထိုအလင်းတန်းများ၏ ဦးတည်ရာကို ချိန်ညှိလိုက်သောအခါ ၎င်းတို့မှာ သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။ ထို့နောက်သူမက အဖြူရောင်အရိပ်ကြီးများဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။

သူမ၏ လမ်းတစ်လျှောက်တွင် အံ့သြဖွယ်ကောင်းစွာပင် အချိန် စွမ်းအားများ ပေါ်ပေါက်လာပြီး လရောင်များနှင့်ထိမိသမျှ အရာအားလုံး အိုမင်းရင့်ရော်သွားသည်။

ဤသို့ကြီးမားလှသည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဇောင်ထျန်ကျောက်၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေပြီဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်များကို သူ၏ ရှေ့သို ဖြည်းညင်းစွာဆန့်ထုတ်လိုက်သောအခါ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး ရွှေရောင်ရှိသော လျှပ်စီးလုံးများမှာ သူ၏ဘေးပတ်လည်တွင် စုဝေးစပြုလာတော့သည်။

သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ကလည်း ထိုတိုက်ပွဲထဲတွင် ပါလာကြပြီး အံကိုကြိတ်ကာ အဖြူရောင်အရိပ်ကြီးများဆီသို့ ခုန်ပျံသွားကြသည်။

လူတိုင်း တိုက်ခိုက်နေကြချိန်တွင် ပိုင်ရှောင်ချန်းမှာ ဘေးနားတွင်အံကြိတ်နေတော့သည်။ လူတိုင်းမှာ အတူတကွပူးပေါင်းကာ တိုက်ခိုက်နေကြပြီ ဖြစ်သဖြင့် အကယ်၍ သူသာဝင်မကူညီပါက အနာဂတ်တွင် ဇောင်ထျန်ကျောက်နှင့် အခြားလူများ၏ ရှေ့တွင် မျက်နှာပြရဲတော့မည်မဟုတ်ကြောင်းကို သူက သိလိုက်သည်။ ထို့ကြောင့် သူက အော်ဟစ်ကာ ကိုယ်ပျောက်ဝတ်ရုံထဲမှ ပေါ်ထွက်လာပြီး အဖြူရောင်အရိပ်ကြီးများဆီသို့ ပြေးသွားတော့သည်။

ပိုင်ရှောင်ချန်းက စိုးရိမ်စိတ်ကြီးစွာဖြင့် မည်သည့်အတွက်ကြောင့် အခြားလူများက လာရောက်မကူညီကြကြောင်း တွေးလိုက်သည်။ သို့သော် အဖြူရောင်အရိပ်ကြီး ပေါ်လာခဲ့သည့်အချိန်မှစ၍ ယခုအထိဆိုလျှင် အသက်ရှူကြိမ်ဆယ်ကြိမ်ခန့်သာ ကုန်ဆုံးသေးသည်။

လူတိုင်း ပူးပေါင်းတိုက်ခိုက်နေကြသောအခါ မတူညီသော အဖြူရောင်အရိပ်ကိုးခုက လှစ်ခနဲလှုပ်ရှားကာ ဦးတည်ချက်ပြောင်းလိုက်ကြသည်။ သူတို့ထဲမှနှစ်ခုမှာ ဇောင်ထျန်ကျောက်၏ နောက်လိုက်များ ဆီသို့ ပြေးသွားကြပြီး နှစ်ခုမှာ ချိန်ယွဲ့ရှန်ဆီသို့ ဦးတည်သွားကြသည်။ နောက်နှစ်ခုမှာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာကြပြီး ကျန်သုံးခုမှာ ဇောင်ထျန်ကျောက်ဆီသို့ ပြေးသွားကြသည်။

ထိုအခါ ထစ်ချုန်းသံများ ပို၍ပေါ်ထွက်လာသည်။ အဖြူရောင်အရိပ်ကြီးများမှာ နောက်လိုက်နှစ်ယောက်ကို ဝင်တိုက်လိုက်သောအခါ သူတို့၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာသွားလိုက်ရသည်။ သူတို့၏ နှုတ်ခမ်းများက ခရမ်းရောင်ပြောင်းသွားသည်သာမက သူတို့၏ တစ်ကိုယ်လုံးပေါ်ရှိ အမွှေးအမျှင်များအားလုံးမှာလည်း အဖြူရောင်ပြောင်းသွားသည်။ သို့သော် ပိုင်ရှောင်ချန်းအတွက် အံ့အားသင့်စရာအကောင်းဆုံးမှာ သူတို့၏ ဝိညာဥ်များမှာ အသက်ကုန်ကာ ငြိမ်းသက်တော့မည့်မီးတောက်များပမာ သူတို့၏ မျက်လုံးများက အသက်မဲ့သွားခြင်း ဖြစ်သည်။

ချိန်ယွဲ့ရှန်က ထိုအချက်ကို သတိထားမိလိုက်သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ တချိန်ထဲမှာပင် သူမ၏ အချိန်လမင်းစက်ဝိုင်းမှာ အဖြူရောင်အရိပ်ကြီးနှစ်ခုကို ဝင်တိုက်လိုက်ရာ အုန်းခနဲအသံကြီးတစ်သံပေါ်ထွက်လာပြီး သူမ တုန်ရီသွားတော့သည်။ သူမ၏ ခြေထောက်အောက်ရှိကြမ်းပြင်ပေါ်တွင် အက်ကွဲကြောင်းများပင် ပေါ်ထွက်လာတော့သည်။ တချိန်ထဲမှာပင် သူမ၏ ပတ်ပတ်လည်တွင်များစွာသော အေးစိမ့်ဆူးချွန်များ ပေါ်ထွက်လာပြီး သူမ၏လမ်းကိုပိတ်လိုက်ရာ သူမမှာ လှုပ်ရှား၍မရတော့ပေ။ သူမ၏ ပါးစပ်ထောင့်နားမှ သွေးများပင်စီးကျလာပြီး အလန့်တကြားအော်ဟစ်ကာ သတိပေးလိုက်သည်။
” သတိထား အစ်ကိုဇောင်။ အဲ့တာ ဝိညာဥ်တိုက်ကွက်ပဲ။ ”

တချိန်ထဲမှာပင် သူမက များစွာသော မန္တန်လက်ကွက်များကို ဖော်လိုက်ပြီး သူမ၏ဒဏ်ရာများကို ထပ်မံ မဆိုးဝါးလာစေရန် သူမ၏ လက်ချောင်းကိုသုံးကာ ခန္ဓာကိုယ်ပေါ်ရှိ နေရာအနှံ့အပြားကို ဖိကာ အကြောပိတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာမူ အဖြူရောင်အရိပ်ကြီးနှစ်ခုအနားသို့ ကပ်သွားပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်ကို ထုတ်သုံးလိုက်သည်။ ချက်ချင်းပင် အေးစိမ့်သခင် အဆင့် အစွမ်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ သူသည် အအေးဓာတ်ကို အအေးဓာတ်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ အလွန်အမင်း တုန်ရီသွားရတော့သည်။ သူသည် လက်ရှိတွင် နှောင်းပိုင်းရွှေအမြုတေအဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ၏အေးစိမ့်ချီများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။ ယခုတွင် သူသည် ကောင်းကင်တံတားမြစ်ရေပေါ်တွင်ပင် အေးခဲစေနိုင်ပြီဖြစ်သည်။ သို့သော် အဖြူရောင်အရိပ်ကြီးများအသုံးချနေသည့် အေးစိမ့်ချီများက သူနှင့် မတူညီပဲ ကုန်းစွန်းဝမ်အာ၏ ရုပ်တု အသုံးပြုခဲ့သည့် ချီမျိုးနှင့် ဆင်တူနေသည်။ ဤအအေးဓာတ်ကြီးမှာ ဝိညာဥ်တစ်ခုကိုပင် အိပ်စက်သွားနိုင်လောက်သည်အထိ စွမ်းအားကြီးသော အေးစက်မှုမျိုးဖြစ်သည်။

ဝိညာဥ်တိုက်ကွက်တစ်ခုဖြစ်နေသည်မှာ…. ဧကန်ပင်။

အေးစိမ့်ချီများက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေပြီး သူ၏ဦးခေါင်းဆီသို့ ပြေးလာနေသည်ကိုခံစားမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားတော့သည်။

ထိုအန္တရာယ်ကြုံနေရသည့် အခိုက်အတန့်တွင် သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်၏ စွမ်းအားများကို ထုတ်ယူကာ ဘယ်ခြေထောက်ကိုမြှောက်လိုက်ပြီး မြေကြီးထဲသို့ နင်းချလိုက်တော့သည်။

သူထုတ်သုံးနေသည်မှာ အပြင်အားမဟုတ်ပဲ ထာဝရပြုစားခြင်းသိုင်းဖြစ်သည်။

ထို့အပြင် သူက သူ၏ပြိုင်ဘက်ပေါ်တွင် အသုံးပြုချင်းမဟုတ်ပဲ သူ့ကိုယ်သူ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံများထွက်လာပြီး သူ့အရေပြားပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့လာလေသည်။ မျက်စိတစ်မှိတ်အတွင်း အေးစိမ့်ချီများက သူ၏ဝိညာဥ်ထဲသို့ ထိုးဖောက်လာသည်ကို သူ တားဆီးနိုင်လိုက်သည်။

အဖြစ်ပျက်များမှာ မြန်ဆန်လွန်းလှ၍ ပိုင်ရှောင်ချန်းမှာ တုံ့ပြန်ချိန်ပင်မရလိုက်ချေ။ ထာဝရပြုစားခြင်းသိုင်းကို သုံးလိုက်သည့်အချက် အပါအဝင် သူလုပ်နေသည့်အရာတိုင်းမှာ မသိစိတ်များမှ လုပ်နေခြင်းသာဖြစ်သည်။

တိုက်ပွဲအတွင်း ထွက်ပေါ်လာသည့် အလိုအလျောက်တုံ့ပြန်မှုများကို ပိုင်ရှောင်ချန်းက လောချိန်တောင်တန်းများတွင် တတ်မြောက်ထားခဲ့သည်။ သေခြင်းတရားနှင့်ပတ်သတ်၍ သူ၏ကြောက်ရွံ့မှုဖြစ်စေ၊ ထာဝရအသက်ရှင်လိုသည့် သူ၏စွဲလမ်းမှုကြောင့်ပင်ဖြစ်စေ ဤသို့သော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရဲသည့်အချိန်များတွင် သူ၏ အလိုအလျောက် တုံ့ပြန်နိုင်မှုများမှာ အလွန်တိကျပေသည်။

သူ၏ ထာဝရပြုစားခြင်းသိုင်း စွမ်းအားများ ပျံ့နှံ့သွားသောခါ ကျူးကျော်လာသော အေးစိမ့်ချီများမှာ တားဆီးခြင်းခံလိုက်ရပြီး သူ့ကိုယ်တွင်းမှ ထွက်ခွာရန် ဖိအားပေးနေသည်ကို သူ တွေ့လိုက်ရလေသည်။

ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်ပြီး အရိပ်သုံးခု၏တိုက်ခိုက်ခြင်းကို ခံနေရသည့် ဇောင်ထျန်ကျောက်ကိုလှန်းကြည့်မိလိုက်သောအခါ သူ၏မျက်နှာ ရှုံ့မဲ့သွားသည်။ ဇောင်ထျန်ကျောက် ထုတ်လွှတ်ထားသည့် လျှပ်စီးဓာတ်လုံးများကို အရိပ်ကြီးများက အလွယ်တကူဖျက်စီးလိုက်ကြ၏။ ထို့နောက် သူတို့က အဖြူရောင်ဓားတစ်ချောင်းအသွင်ပြောင်းလဲကာ ဇောင်ထျန်ကျောက်၏ နဖူးတည့်တည့်ကို ထိုးရန်ပြင်လိုက်တော့သည်။

ဇောင်ထျန်ကျောက်၏မျက်နှာပျက်သွားပြီး တပြိုင်နက်ထဲမှာပင် သူ၏အောက်ဖက်ရှိ မြေကြီးမှာ အေးခဲသွားတော့သည်။ ထိုသို့ အန္တရာယ်ကြီးမားနေသည့် အချိန်တွင် ပိုင်ရှောင်ချန်းက ကောင်းကင်တံတား ဓမ္မမျက်လုံးကိုဖွင့်လိုက်ပြီး ထိုဓားဆီသို့ ထိန်းချုပ်စွမ်းအင်များကို စေလွှတ်လိုက်သည်။

” အဲ့နေရာမှာ ရပ်လိုက်စမ်း။ “
သူက အော်ဟစ်လိုက်သောအခါ သူ၏နှောင်းပိုင်း ရွှေအမြုတေကျင့်ကြံခြင်းအခြေခံ စွမ်းအားများပါဝင်သော ခရမ်းရောင်အလင်းတန်းတစ်ခုက သူ၏တတိယမျက်လုံးထဲမှ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းကြီးက ဓားကြီးကို ဝန်းရံလိုက်ရာ ထိုဓားမှာ ဇောင်ထျန်ကျောက်၏ အရှေ့တွင် တုံ့ခနဲ ရပ်တန့်သွားရတော့သည်။

ထိုသို့သော ရပ်တန့်ချိန်အနည်းငယ်ခန့်သာ ဇောင်ထျန်ကျောက် လိုအပ်သည်။ စောစောက သူသည် ထိုဓားချက်ကို ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း သိနေသဖြင့် နဖူးထဲသို့အစိုက်ခံကာ သူ့ပြိုင်ဘက်က သူ၏ဝိညာဥ်အား တိုက်ခိုက်မည့်အချိန်ကိုစောင့်ဆိုင်း၍ အခြားတစ်နည်းသုံးကာ ပြန်တိုက်ခိုက်ရန် ပြင်ထားသည်။ သူက အောင်မြင်နိုင်မည်ဟု ယုံကြည်ထားပါသော်လည်း အန္တရာယ်အလွန်များသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ယခုအခါ ပိုင်ရှောင်ချန်းက သူ့ကို ကူညီနေပြီ ဖြစ်သဖြင့် သူက လုံးဝတွေဝေမနေပဲ တဖျတ်ဖျတ်လက်နေသည့် ရွှေရောင်အလင်းတန်းများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှုပ်ရှားလိုက်တော့သည်။

” လျှပ်စီး ဖောက်ခွဲခြင်း။ ”
သူက အော်ဟစ်လိုက်သည်။ ချက်ချင်းပင် မျက်စိကျိန်းမတတ် စူးရှသော လျှပ်စီးများက သူ့မျက်လုံးများထဲမှ ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့ သွားကာ အဖြူရောင်ဓားကြီးမှာ အပိုင်းပိုင်း ပြိုလဲသွားတော့သည်။ ထို့နောက် ၎င်းမှာ နောက်သို့ဆုတ်ခွာသွားပြီး ကျန် အရိပ်များအားလုံးမှာ ၎င်းဆီသို့ ပြန်၍ ပျံသန်းသွားကြသည်။ ထို့နောက် လူပုံစံတစ်ခုပေါ်လာပြီး ဇောင်ထျန်ကျောက်နှင့် ပိုင်ရှောင်ချန်းတို့ကို စူးစိုက်ကြည့်ကာ ကွယ်ပျောက်သွားလေသည်။

၎င်းမှာ ၎င်းဆန္ဒရှိသည့်အတိုင်း ဝင်ထွက်သွားလာနိုင်သည့် ပုံစံပင် ဖြစ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset