Switch Mode

အခန်း ( ၄၅၅ )

အစ်မတော်...ကျုပ်ပြောတာ နားထောင်ပါဦး

ပိုင်ရှောင်ချန်းက ဆုံးဖြတ်ပြီးသွားသည်ကို မြင်သောအခါ ဇောင်ထျန်ကျောက်သည် အခြားအကြောင်းအရာများကို ခေါင်းထဲမှထုတ်လိုက်ကာ အရွေးခံရသော နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

” ဒါက ငါ့ဘဝတစ်ခုလုံးမှာ အရေးအကြီးဆုံးအရာတစ်ခုနော် ”
သူက သူတို့ကိုပြောလိုက်သည်။ “ပြီးတော့ မင်းတို့နှစ်ယောက်ပေါ် မူတည်တယ်”

ကျင့်ကြံသူနှစ်ယောက်မှာ ချက်ချင်းပင် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး တစ်ဆက်တည်းမှာပင် မကောင်းသောအရာများ ဖြစ်လာတော့မည်ဟု ခံစားလာရတော့သည်။ သူတို့နှစ်ယောက်က အကြည့်တစ်ချက် မြန်မြန်ဖလှယ်လိုက်ကြသော်လည်း ဤအခြေအနေတွင် သူတို့တွင် ရွေးချယ်စရာမရှိကြောင်း သိလေရာ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ပြီး မည်သို့ပြုလုပ်ရမည်ကို မေးလိုက်ကြလေသည်။

ဇောင်ထျန်ကျောက်က အကုန်လုံးရှင်းပြပြီးသော် နောက်လိုက်များ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ကြောင်တောင်တောင်ဖြစ်သွားတော့သည်။ သူတို့က လူဆိုးကဲ့သို့ ဝတ်စားပြီး ဇောင်ထျန်ကျောက်ကို သူတို့အား ရိုက်ခွင့်ပေးရမည်ဟု ကြားလိုက်ရသည်နှင့် ပိုင်ရှောင်ချန်းက သူ၏မကျေပွဲကို မည်သို့ကိုင်တွယ်လိုက်ပုံအား စိတ်ထဲတွင်ကြိတ်၍ မကျေမနပ်ဖြစ်သွားတော့သည်။ လွန်ခဲ့သော အသေးအဖွဲ့ကိစ္စလေးအတွက် ကလဲ့စားချေရန် မည်သည့်အတွက်ကြောင့် သူ စိတ်ဝင်စားနေရသေးသနည်း။ သို့သော်လည်း ဇောင်ထျန်ကျောက်မှာ ထိုကိစ္စရပ်အပေါ်တွင် အလွန်အလေးအနက်ထားကြောင်း သိသာလေရာ သူတို့မှာ သူ့နောက်လိုက်ဖြစ်နေသောကြောင့် သဘောတူရုံမှတစ်ပါး အခြားမရှိလေပြီ။

ဇောင်ထျန်ကျောက်က လက်ယှက်၍ ဦးညွှတ်ကာ ပြော၏။
” မစိုးရိမ်ပါနဲ့။ ငါ မင်းတို့ကို တိုက်ခိုက်တာက တော်တော်ကြမ်းနိုင်ပေမယ့် မင်းတို့ကို နာအောင်မထိုးပါဘူး။ အလစ်ထွက်ပြေးနိုင်ဖို့ အချိန်အများကြီးရမှာပါ ”

နောက်လိုက်နှစ်ယောက်မှာ ပိုင်ရှောင်ချန်းကို တိတ်တိတ်ကလေး လှမ်းကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။ ဤအချိန်တွင် သူ့ကို ရန်စရန် ဘယ်တော့မှ ထပ်မလုပ်တော့ဟု နှစ်ယောက်လုံး သန္နိဋ္ဌာန်ချလိုက်ကြတော့သည်။ သူက ဘာကိုမှ အလွတ်မပေးဘဲ အရှုပ်ထွေးဆုံးနည်းလမ်းများသုံးကာ လက်စားပြန်ချေပုံမှာ အမှန်အကန် ကြောက်စရာကောင်းလှသည်။

ပိုင်ရှောင်ချန်းသည် အပြုံးပန်းဝေလျက် ဘေးတွင်ရပ်နေလေသည်။ စိတ်ထဲတွင် သူက အေးစက်စက်နှာမှုတ်လျက်ရှိသည်။ အမှန်တကယ်ပင် သူက ထိုမကျေပွဲကို ပြန်လည်ချေပခြင်းဖြစ်၏။ ထိုကျင့်ကြံသူထဲမှ တစ်ယောက်က သူ့အတွက် အကူအညီပေးခ စွမ်းဆောင်မှုရမှတ် တစ်သိန်းတောင်းခဲ့ပြီး အခြားတစ်ယောက်က ငါးနှစ်စောင့်ရန် ပြောခဲ့ကြောင်းကို ပြန်တွေးမိလိုက်တိုင်း သူက ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

အကြိမ်ကြိမ် ဇာတ်တိုက်ပြီးနောက်တွင် နောက်လိုက်နှစ်ယောက်မှာ စိတ်မသက်မသာဖြစ်နေတော့သည်။ ဇောင်ထျန်ကျောက်မှာမူ မျှော်လင့်ချက်များ ဝေဆာနေ၏။ ပိုင်ရှောင်ချန်း၏စကားအရ သူတို့က အချိန်ဆွဲမနေပဲ ထိုညမှာ အစီအစဥ်အတိုင်းဆောင်ရွက်ကြမည်။ အောင်မြင်သည်နှင့် ဇောင်ထျန်ကျောက်က ချိန်ယွဲ့ရှန်ထံ ကြိုးစားချဥ်းကပ်ရာတွင် သိသိသာသာ ခရီးပေါက်သွားမည်ဖြစ်သည်။

” အလုပ်ဖြစ်ကို ဖြစ်မှာကွ ” ဇောင်ထျန်ကျောက်က အဆင့်သင့်ပြင်ရင်း သူ့ကိုယ်သူပြောလိုက်သည်။

ကောင်းကင်တစ်ခွင် မှောင်စပျိုးလာချိန်တွင် ဇောင်ထျန်ကျောက်က သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်သုံးကာ ချိန်ယွဲ့ရှန်၏ အခန်းအပြင်ဘက်တွင် မန္တန်အစီအရင်တစ်ခုလုံးကို စီမံလိုက်သည်။

သူက ချိန်ယွဲ့ရှန်ကို မည်မျှချစ်မြတ်နိုးကြောင်းတွေးကြည့်ပါလျှင် ဤလုပ်ရပ်သည် သရုပ်ပြခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်စေကာမူ အရေးမကြီးပေ။ သူက မည်သည့်အရာတစ်ခုမှ ချန်မထားဘဲ မန္တန်အစီအရင်များကို စေ့စပ်သေချာစွာ စီမံနေလေသည်။ အထူးသဖြင့် သဘာဝလွန်ဝိညာဥ်ပုံရိပ်များအပေါ် အကျိုးသက်ရောက်မှုရှိသော မန္တန်အစီအရင်များ ပြုလုပ်ရန် အထူးပစ္စည်းတချို့ကိုပင် အသုံးပြုလိုက်သေးသည်။

မကြာမီ ညသန်းခေါင်ယံအချိန်သို့ ရောက်လာလေပြီ။ နတ်ဆရာနှင့် အခြားတာအိုစောင့်ရှောက်သူများမှာ စောင့်ကြည့်ရန် လိုက်လာကြသော်လည်း လူအများကြီးဖြစ်နေပါက အာရုံစိုက်စရာဖြစ်နေမည်စိုးသောကြောင့် ဇောင်ထျန်ကျောက်သည် ကုန်းပတ်နှစ် အပေါ်သို့ ပိုင်ရှောင်ချန်းတစ်ယောက်တည်းကိုသာ အတူခေါ်လာလေသည်။

” ကျုပ် ဒီမှာ ရှိမှဖြစ်မယ်” ပိုင်ရှောင်ချန်းက ခပ်တိုးတိုးပြော၏။
” ဒါမှ ကျုပ် သေသေချာချာ ညွှန်ပြနိုင်မှာ။ ဒီညက အင်မတန် အရေးကြီးေတာ့ အခွင့်အရေးကို လက်လွှတ်လို့မဖြစ်ဘူး ”
ထိုစကားကို ဇောင်ထျန်ကျောက် အပြည့်အဝ လက်ခံသည်။ ဤနေရာတွင် ပိုင်ရှောင်ချန်းမရှိဘဲ သူ အကြံတစ်ခုမှ ပေါ်လာမည်မဟုတ်ပေ။

ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို စင်္ကြံတစ်ခုလုံးအား ရှင်းရှင်းလင်းလင်းမြင်သာသော ထောင့်တစ်ခုကို ခေါ်သွားလိုက်ပြီးနောက် သူ့ကို မမြင်ရအောင် ဖုံးကွယ်ပေးရန် နတ်အဆင့်မှော်ပစ္စည်းတစ်ခုကို သုံးလိုက်လေသည်။ နောက်ဆုံးတွင် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အစီအစဥ်၏ နောက်တစ်ပိုင်းကို ရပ်စောင့်နေလိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး သူတို့ နှစ်ယောက်လုံး စကားပြောပဲ ရပ်နေလေသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဇောင်ထျန်ကျောက်မှာ ပို၍ ရင်ခုန်လာပြီး ပိုင်ရှောင်ချန်းလည်း ထိုနည်းတူပင် ဖြစ်နေသည်။ သူ၏ စေ့စေ့စပ်စပ်အကွက်ချထားသော အစီအစဥ် အကောင်အထည်ပေါ်လာတော့မည်ကို ကြည့်ရန် စိတ်လှုပ်ရှားနေတော့သည်။

” အချစ်သူေတာ်စင် ပိုင်ရှောင်ချန်း တောက်ပဖို့ အချိန်ကျလာပြီ ”
သူ့ မျက်လုံးများ တလက်လက်တောက်ပနေပြီး တစ်ယောက်ထဲကြားသာရုံ တီးတိုး ရေရွတ်လိုက်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အထိ တိတ်ဆိတ်စွာ စောင့်နေပြီးနောက်တွင် မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ်စုံနှင့် အရိပ်နှစ်ခု ရုတ်တရက်ပေါ်လာလေသည်။ သူတို့၏ပတ်လည်တွင် ခပ်ဖျော့ဖျော့မြူများ ဝန်းရံထားလေရာ ဝိညာဥ်အရိပ်ပမာ ထင်ရလေသည်။

ဟုတ်သည်။ သူတို့သည် ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ဖြစ်ပြီး သူတို့၏မျက်လုံးများကို ဖုန်းအုပ်ထားလေရာ သူတို့နှစ်ယောက်၏ ခါးသီးသောအကြည့်များကို မမြင်ရပေ။ သူတို့က အံတင်းတင်းကြိတ်ရင်း ချိန်ယွဲ့ရှန်၏ အခန်းဆီသို့ အမြန်ဆုံး ဦးတည်လိုက်လေသည်။

သူတို့ နီးကပ်လာသည်နှင့် ပိုင်ရှောင်ချန်း ညွှန်ကြားထားသည့်အတိုင်း ခပ်စူးစူးအသံများ ပြုလုပ်လိုက်လေရာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

နောက်တစ်ပိုင်းမှာ ချိန်ယွဲ့ရှန်ကို နာကျင်စေမည့်အစား အသက်ပေး၍ တိုက်ခိုက်မည့်ပုံဖြင့် ဇောင်ထျန်ကျောက်က ဟိန်းဟောက်၍ ခုန်ထွက်လာရန်ဖြစ်သည်။

သို့သော်လည်း နောက်လိုက်နှစ်ယောက်က စူးစူးရှရှ အော်လိုက်ပြီး ဇောင်ထျန်ကျောက်က လှုပ်ရှားရန်အသင့်ပြင်လိုက်သည့်အချိန်မှာပင် သူ့အမူအရာမှာ ဒေါသအသွင်သို့ပြောင်းသွားတော့သည်…

ဤသည်မှာ မထင်မှတ်ထားသော အလှည့်အပြောင်းဖြစ်သည်။

ရုတ်တရက် ချိန်ယွဲ့ရှန်၏အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်ထွက်လာ၏။

ထို့နောက် စိမ်းပြာရောင်အလင်းများ တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ချိန်ယွဲ့ရှန်သည် အရိပ်ပမာ ပေါ်ထွက်လာ၏။ သူမ၏ ညာလက်သည် မန္တန်လက်ကွက်တစ်ခု လက်သွားပြီး ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ထဲမှ တစ်ယောက်ထံသို့ စွမ်းအားတစ်ခု ပြေးဝင်သွားသည်။

လူငယ်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး တောင်တစ်လုံး၏ဖိနှိပ်ခြင်း ခံလိုက်ရသည့်အလား နောက်သို့ လွင့်ထွက်သွားတော့သည်။ တချိန်တည်းမှာပင် ချိန်ယွဲ့ရှန်က အေးစက်စက်နှာမှုတ်လိုက်ပြီး ရှေ့သို့တိုးလိုက်ရာ အခြားနောက်လိုက်၏ရှေ့တွင် ပေါ်လာသည်။ သူမက ညာလက်ကို လက်သီးဆုပ်ကာ ခပ်ပြင်းပြင်းထိုးချလိုက်တော့သည်။

ချိန်ယွဲ့ရှန်၏ကြောက်မက်ဖွယ် အပြင်အားနှင့် တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် နောက်သို့ လွင့်ထွက်သွားသော နောက်လိုက်နှစ်ယောက်၏ပါးစပ်များမှ သွေးများစီးကျလာသည်ကို ပိုင်ရှောင်ချန်းသည် မျက်လုံးအပြူးသားကြည့်နေရင်း သူ့နားထဲသို့ တဖျစ်ဖျစ်မြည်သံများ ဝင်ရောက်လာ၏။

သူက ပင့်သက်ရှိုက်၍ ပြောလိုက်၏ ။
” ဒါ…ဒါက… ”

ဇောင်ထျန်ကျောက်သည်လည်း အလားတူ ဆွံ့အသွားတော့သည်။ ပိုင်ရှောင်ချန်း စီမံထားသကဲ့သို့ ဖြစ်မလာခဲ့ရာ ယခုအချိန်တွင် မည်သို့ပြုလုပ်သင့်သည်ကို သူ လုံးဝမတွေးတတ်တော့ပေ။

ချိန်ယွဲ့ရှန်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်နေ၏။ သူမတွင် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံရှိပြီး ကျိဖန်သေဆုံးခြင်းအပေါ် အာရုံမစိုက်ဟန် နေခဲ့သော်လည်း အမှန်မှာ ထိုအချိန်ကစပြီး သူမက သတိကြီးကြီးထားခဲ့ခြင်းဖြစ်သည်။ ဇောင်ထျန်ကျောက်က သူမ၏အခန်းနားသို့ ရောက်လာသည်ကို မသိခြင်းမှာ သူ၏ မယုံကြည်နိုင်ဖွယ် ကျင့်ကြံခြင်းအခြေခံကြောင့်ဖြစ်သော်လည်း နောက်လိုက်နှစ်ယောက်က အနားသို့ ကပ်လာသည်နှင့် သူမ သတိပြုမိလိုက်လေသည်။

ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်မှာ သွေးများရွှဲနစ်နေပြီး ဝမ်းနည်းမျက်ရည်များ ကျနေလေရာ ကောင်းကင်တံတားပင်လယ်နောက်တစ်စင်းပင် ဖြစ်နေလေပြီ။

တိုက်ပွဲသာ ကြာရှည်သွားပါက သူတို့နှစ်ယောက်လုံး အသက်ထွက်သွားလိမ့်မည်မှာ သေချာနေတော့သည်။ ထို့ကြောင့် ချိန်ယွဲ့ရှန်က တိုက်ကွက်ထပ်သုံးရန်ပြင်လိုက်သည်နှင့် သူတို့နှစ်ယောက်လုံးက မျက်နှာများပြသရန် ခေါင်းစွပ်များကို လှန်လိုက်ကြတော့သည်။

” အစ်မ.. နားထောင်ပါဦး..”

” ကျုပ်ကို မရိုက်ပါနဲ့ အစ်မရယ်..”

ထိုစကားလုံးများ သူတို့၏နှုတ်ခမ်းဖျားမှ ထွက်သွားသည်နှင့်တပြိုင်နက် ပါးစပ်အဟောင်းသားနှင့် မတ်တတ်ရပ်နေသော ဇောင်ထျန်ကျောက်ကို လှမ်းကြည့်လိုက်ကြလေသည်။

နောက်လိုက်များ၏ မျက်လုံးတွင်းရှိ တောက်ပနေသော ဝမ်းနည်းကြေကွဲဖွယ် အရိပ်အယောင်များက တစ်စုံတစ်ခုကို သိသာထင်ရှားစွာ ပြောနေပေတော့သည်။
( ခင်ဗျားပြောတော့ ဒါက ဟန်ဆောင်နေတာတဲ့။ အပေါ်ယံ လက်သီးချက်တွေလောက်ပဲ လာမှာလို့ ခင်ဗျားပြောထားခဲ့တယ်လေ ။ ကျုပ်တို့ ထွက်ပြေးဖို့ အချိန်အများကြီးရမယ်လို့ရော ခင်ဗျား ပြောခဲ့တယ်မလား )

ချိန်ယွဲ့ရှန်၏ မျက်လုံးများသည် ရွှန်းလဲ့တောက်ပနေပြီး ဇောင်ထျန်ကျောက်ဘက်သို့ ကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်လေသည်။

ဇောင်ထျန်ကျောက်၏ နဖူးမှ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းလာပြီး သူ၏နှလုံးသားမှာ သတိပေးသံများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ သူသည် ဖြစ်ပျက်နေသမျှကို မတွေးမိလိုက်ဘဲ ကိုယ်ပျောက်အကာအကွယ်အောက်တွင် ပုန်းနေသော ပိုင်ရှောင်ချန်းရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ ပိုင်ရှောင်ချန်းသည်လည်း ရင် တဒိန်းဒိန်းခုန်နေလေသည်။ ဇောင်ထျန်ကျောက်နှင့်တွေ့ဆုံလိုက်တိုင်း မကြာခဏ ရှက်သွေးဖြာနေတတ်သော နူးညံ့သိမ်မွေ့သည့် အစ်မ ယွဲ့ရှန်က အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်ကြမ်းတမ်းနေလိမ့်မည်ဟု သူ တစ်ခါမှ မစဥ်းစားမိခဲ့ပေ။

ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ချိန်ယွဲ့ရှန်သာ သူမ၏အချစ်ကို ရရှိရန် ဇောင်ထျန်ကျောက်အား ကူညီပေးနေသည့်လူက သူဆိုတာ သိရှိသွားခဲ့လျှင် မည်သို့ဖြစ်သွားလိမ့်မည်ဆိုသည့် အချက်ပင် ဖြစ်ပေသည်။ သူမ၏အမျက်ဒေါသများကို သူ့အပေါ်သို့ ပုံချလိမ့်မည်လား။

ဇောင်ထျန်ကျောက်က အားတင်း၍ ပြောလိုက်လေသည်။
” ဂိုဏ်းတူညီမလေး….ကျုပ်..”

သို့သော်လည်း သူက ဖြေရှင်းချက်ပေးရန် ပြင်လိုက်စဥ်မှာပင် ကုန်းပတ် သုံးမှ မှန်းဆ၍မရနိုင်လောက်အောင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် သွေးပျက်ခမန်းအော်ဟစ်သံ ထွက်ပေါ်လာတော့သည်။ ထိုအသံကို ကြားလိုက်ရသည့် မည်သူမဆို ချက်ချင်း တုန်လှုပ်သွားလေသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာ ကွက်ခနဲ ပျက်သွားကာ ဇောင်ထျန်ကျောက်၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။ ချိန်ယွဲ့ရှန်သည်လည်း လေးနက်တည်ကြည်သွားလေ၏။ ဇောင်ထျန်ကျောက်၏ နောက်လိုက်များမှာ ပင့်သက်ရှိုက်သွားလေသည်။

သူတို့ထဲမှ တစ်ယောက်မျှ မတုံ့ပြန်နိုင်ခင်မှာပင် ကုန်းပတ် သုံးမှ အဖြူရောင် ပုံရိပ်ကြီးတစ်ခုက ကုန်းပတ် နှစ်ဆီသို့ ပျံသန်းလာလေသည်။

သဲသဲကွဲကွဲ မမြင်ရသော်လည်း အေးစိမ့်သောအရှိန်အဝါတစ်ခုက အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့လာလေရာ ရှိသမျှအရာအားလုံးအပေါ်တွင် ရေခဲများဖြစ်ပေါ်လာပြီး လူတိုင်း၏ စိတ်ဝိညာဥ်များ ရေခဲတုံးဖြစ်တော့မည့်အလား ရုတ်တရက် ခံစားလိုက်ကြရသည်။

ယနေ့ညတွင် မကောင်းဆိုးဝါးကြီးက ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။

အဖြူရောင်ပုံရိပ်ပေါ်လာသည်နှင့် အဖွဲ့ထဲတွင်ကျင့်ကြံခြင်းအခြေခံအမြင့်ဆုံးဖြစ်သော ဇောင်ထျန်ကျောက်က အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူ့အသွင်က ပိုင်ရှောင်ချန်း စေခိုင်းခဲ့သည့်အတိုင်း သူရဲကောင်းဆန်ဆန် မဟုတ်သော်လည်း တိုင်းတာ၍ မရလောက်အောင် တင်းမာခက်ထန်နေလေသည်။ သူ့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုပေါ်ထွက်လာရာ သေခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်နေပြီး အဖြူရောင်ပုံရိပ်ထံ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ဇောင်ထျန်ကျောက်က လက်ဖျားခါလောက်သည့် အစွမ်းနှင့် တိုက်ခိုက်လိုက်ရာ ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာ၏။ မိုးကြိုးလျှပ်စီးကြောင်းများပေါ်လာပြီး တစ်ခုစီတိုင်းက မယုံကြည်နိုင်ဖွယ် တဂျိန်းဂျိန်းမြည်ဟည်းနေသည်။ ထိုမိုးကြီးလျှပ်စီးများသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေနိုင်ပြီး ဇောင်ထျန်ကျောက်၏ခန္ဓာကိုယ်တွင် စုဆုံလာချိန်တွင် ကောင်းကင်ကိုတုန်လှုပ်၍ မြေပြင်ကိုကြေမွသွားစေနိုင်သော စွမ်းအားကြီး ထုတ်လွှတ်လိုက်လေသည်။

အဖြူရောင်ပုံရိပ်ကြီးက ချိန်ယွဲ့ရှန်ထံမရောက်မီ ဇောင်ထျန်ကျောက်က ၄င်းကို ရိုက်ချလိုက်လေရာ ဝုန်းခနဲအသံကြီး မြည်ဟည်းသွား၏။

ပိုင်ရှောင်ချန်းမှာ မှင်သက်သွားလေတော့သည်။ ဇောင်ထျန်ကျောက်သည် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များကို သတ်နိုင်သည်အထိ အစွမ်းထက်ကြောင်း သူ သိထားသော်လည်း မျက်မြင်ကြုံတွေ့လိုက်ရသောအခါ ကွဲပြားသော အတွေ့အကြုံဖြစ်နေလေသည်။

” အစ်ကိုကြီး ဇောင်…. ခင်ဗျားက ဒီလောက် အစွမ်းထက်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူးဗျာ “

Comment

Leave a Reply

Options

not work with dark mode
Reset