Switch Mode

အပိုင်း ၂

လူငယ်ဘဝအစ

ကောင်းကင်ပြက္ခဒိန်၊ ၉၉၉၉ ခုနှစ်၏ ဆောင်းဦး၊ အရှေ့ပင်လယ်၊ ချင်းကျူမြို့။

ချင်းကျူကျောင်းတော်သည် ချင်းကျူမြို့၏ အထွတ်အမြတ် နေရာတစ်ခုဖြစ်သည်။ အချမ်းသာဆုံးသော မိသားစုတွေနဲ့ ထင်ရှားသော မျိုးနွယ်စုများမှ တစ်ဝက်ကျော်သော အထူးချွန်ဆုံးသူများမှာ ချင်းကျူကျောင်းတော်သားများ ဖြစ်ကြသည်။ ထို့ကြောင့် ချင်းကျူမြို့သားများသည် ၎င်းကျောင်းတော်တွင် တက်ရောက်ရသည်ကို ဂုဏ်ယူလေ့ရှိကြသည်။ ကျောင်းတော်တွင် တက်ရောက်ခွင့်ရပါကလည်း အစွမ်းကုန် ကြိုးစား သင်ယူကြလေ့ရှိကြသည်။

သို့သော် လူတိုင်းတော့ ဟုတ်ဟန်မတူပါ၊ စာသင်ခန်းတစ်ခုတွင် လုလင်ပျိုတစ်ဦး စားပွဲပေါ်တွင် အိပ်ပျော်နေလေသည်။ အခန်းရှေ့တွင် စာသင်နေသည်က ငှက်မွေးအင်္ကျီရှည် ဝတ်ထားသည့် မိန်းမပျို၊ သူမက သတိထားမိဟန် တူသည်။ မျက်နှာပေါ်တွင် ဒေါသရိပ်တစ်ခုပေါ်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လုလင်ပျိုဆီသို့ လှမ်းလာနေလေသည်။ ချင်ယီကား အသက် ဆယ့်ခုနစ်အရွယ်၊ ကျောင်းတော်၏ တရားဝင် ကျောင်းသူတစ်ဦး ဖြစ်သလို ပြင်ပကျောင်းသူ ကျောင်းသားများ၏ သင်ကြားပို့ချသူ တစ်ဦးဖြစ်သည်။ သူမကား လှပသော မျက်နှာကလေးနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အခန်းထဲရှိ သူမ လမ်းလျှောက်သည့် နေရာသို့ မျက်လုံးများစွာက ရွေ့ လျားနေကြသည်။ ဒေါသထွက်နေသော်လည်း သူမလမ်းလျှောက်ပုံက ညင်သာလှသည်။

“ဒီတစ်ခါလည်း ဒီကောင်ပဲ”

“စီနီယာ အစ်မချင် အတန်းချိန်မှာ အိပ်ပျော်နေပြန်ပြီ”

အခုချိန်ထိ သူတို့၏ အိပ်ပျော်နေသော အခန်းဖော်ကို သိပ်သတိထားမိပုံ ရဟန်မတူပေ၊ သူတို့က ဘာပြောရမှန်းပင် သိပုံမရတော့။ ဒါကလည်း သူတို့၏ ပထမဆုံးအကြိမ် မြင်ခြင်း ဟုတ်ပုံမရပေ။

“စီနီယာ အစ်မချင်က တကယ့်ကို မျက်လုံး အစာကျွေးတာကို ဒီကောင် ဘယ်လို အိပ်ပျော်သွားတာတုန်းဟ”

ဆရာများထဲတွင် ချင်ယီကား သံသယ ဖြစ်စရာမလိုအောင် အကျော်ကြားဆုံး ဖြစ်သည်။ အကြောင်းပြချက် ပေးစရာမလိုအောင် သူမကို ကြည့်လျှင် သိနိုင်သည်။ သူမကား ပုရိသအများစု၏ နတ်သမီးအဖြစ် သတ်မှတ်ခံထားရသူလေး ဖြစ်သည်။ သူမ စာသင်နေသော အချိန်တွေလည်း အခန်းပြည့် ရှိတတ်ကြသည်။ သူမစာသင်ချိန်တွင် အိပ်ပျော်သည် ဆိုသည်မှာ ဖြစ်နိုင်ဖွယ်မရှိပေ။

သူမ၏ ခြေလှမ်းများက ညင်သာလှသည်။ လုလင်ပျို၏ ဘေးနားကို အသံမျှပင် မကြားဘဲ ရောက်လာသည်။ စားပွဲရှေ့တွင် မတ်တတ်ရပ်ကာ အိပ်မောကျနေသော လုလင်ပျိုကို ကြည့်ပြီး လှပသော မျက်နှာလေးက တင်းမာလာသည်။

“ရီဖူရှင်း”

ညင်သာသော ခေါ်သံလေး ကြားရသည်။ ခေါ်သံကား ချင်ယီထံမှ မဟုတ်၊ ရီဖူရှင်း၏ နောက်နားမှ ထွက်လာခြင်းဖြစ်သည်။ ခေါ်သံကြားသောကြောင့်် ရီဖူရှင်း၏ ခန္ဓာ နည်းနည်း လှုပ်ရှားသွားသည်။ သူ့လက်ဖြင့် ခေါင်းကို ကိုင်လျက်ပင် မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဝေဝါးသော မြင်ကွင်းထဲကို ဝင်လာသည်က လုံးဝန်းသော အရာလေးနှစ်ခု။

“အကြီးကြီးပဲ”

ရီဖူရှင်း အလိုအလျောက် ရေရွတ်မိသည်။ သူ့အသံက ညင်သာသည်၊ ပြီးလျှင် ကိုယ့်ဘာသာ ရေရွတ်မိခြင်းဖြစ်သည်၊ သို့သော် တိတ်ဆိတ်သော ပတ်ဝန်းကျင် ဖြစ်သည့်အလျောက် သူ၏ မထင်မှတ်သော မှတ်ချက်က တစ်ခန်းလုံး အတိုင်းသား ကြားရသည်။ ချက်ချင်း တစ်ခန်းလုံး ငြိမ်ကျသွားသည်၊ ချက်ချင်းပင် ဆူညံသော ဒေါသစကားသံများ ထွက်လာသည်။

“ငါဘယ်လိုမှ မယုံနိုင်ဘူး”

“ဒီကောင် ဘယ်လိုဖြစ်ပြီး စီနီယာအစ်မချင်ကို မရိုမသေ ပြောရက်နိုင်တာလဲ”

“ဒီ အရှက်မရှိတဲ့ကောင်”

အားလုံး၏ ဓားသွားကဲ့သို့ ထက်ရှသော အကြည့်စူးများက ရီဖူရှင်းဆီတွင် စုပြုံနေကြသည်။ တစ်ခုခု မှားနေပြီဆိုသည်ကို သူခံစားမိသည်။ သူ့အကြည့်ကို ရှေ့ကို ရွေ့လျားလိုက်သည်။ သူ့မျက်လုံးများက လှပကြော့ရှင်းသော ဒေါသမျက်နှာလေးဆီ ရောက်သွားသည်။

“အာ…”

ရီဖူရှင်း လန့်ဖျပ်သွားသည်။ ဒါက ချင်ယီပါလား၊ ငါ့ကို ချင်းဇွီ ခေါ်လိုက်တာ မဟုတ်ဘူးလား။ နောက်ကို လှည့်ကြည့်ပြီး သကာလ အပြစ်ကင်းစင်ပုံရသော ဆယ့်ငါးနှစ်အရွယ် ကောင်မလေး တစ်ဦးကို တွေ့ရသည်။ ဖူရှင်းက ကောင်မလေးကို တစ်ချက်ကြည့်ပြီး တွေးမိသည်။ ဟင်း အရွယ်အစားမှ မတူတာ၊ ထူးမှ မထူးဆန်းပဲ။

“စီနီယာအစ်မချင် ကျွန်တော် …”

“ရီဖူရှင်း…”

ချင်ယီ၏ အေးစက်စွာ ဖြတ်ပြောသော အသံဖြစ်သည်။ သူမ မေးသည်မှာ …

“ချင်းကျူကျောင်းတော် တည်ထောင်တဲ့ သမိုင်းနောက်ခံကို ပြောစမ်း”

ကိုးရိုးကားရား အခြေအနေတစ်ခုကို စကားလမ်းကြောင်းလွှဲရန် ကြိုးစားသည်မှာ ထင်ရှားလှသည်။ သို့သော် သူမ၏ ဒေါသမီးတောက်များကို ရီဖူရှင်း သိသိသာသာ ခံစားနေရသည်။ သူ့ခန္ဓာကိုယ်အား အစိတ်အပိုင်း တစ်ခုချင်းစီ ဓားသွားထက်ထက်ဖြင့် အပိုင်းပိုင်းဖြတ် နေသကဲ့သို့ပင်။

“လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က အရှင် ဖီးနစ်မီးငှက်သခင်က ကောင်းကင်နယ်မြေကို စုစည်းပြီးတော့ မြို့စားတွေကို သိုင်းပညာ တိုးတက် ထွန်းကားအောင် သိုင်းပညာသင်ကျောင်းတွေ တည်ထောင်ဖို့ အမိန့်ပေးစေခိုင်းခဲ့တယ်၊ ဒါက ချင်းကျူကျောင်းတော် တည်ထောင်ခဲ့တဲ့ သမိုင်းနောက်ခံပဲ”

ရီဖူရှင်း၏ အဖြေကား အမှန်တကယ်ပင် သမိုင်းစာအုပ်များထဲမှ ကောက်နုတ် ဖြေကြားထားခြင်း ဖြစ်သည်။ သူ့မျိုးနွယ်၏ တရားမဝင် သမိုင်းစာအုပ်များတွင်ကား တခြား အဖြစ်အပျက်များလည်း ပါဝင်ပတ်သက် နေလေသည်။ သို့သော်လည်း ၎င်းတားမြစ်ထားသော အကြောင်းအရာများကို မည်သည့်နည်းနှင့်မျှ အစဖော်၍ မဖြစ်ပေ။

“တိုးတက်ဖို့ အတွက် ဘယ်လိုဖြစ်စဉ်တွေ ပါဝင်နေလဲ” ချင်ယီက သူမ၏ မေးခွန်းကို ဆက်သည်။

“တိုးတက်မှုကို သိုင်းပညာနှင့် ဂမ္ဘီရပညာဆိုပြီး အခြေခံအားဖြင့် နှစ်မျိုးခွဲထားပါတယ်၊ သိုင်းပညာတိုးတက်မှုကို သူရဲကောင်းများ၊ မြင်းသူရဲများ၊ ဓားသမားများဆိုပြီး ယေဘုယျ ပြောနိုင်သလိုနှင့် ဂမ္ဘီရပညာ တိုးတက်မှုကို မှော်ပညာ၊ ဆေးပညာ၊ ပန်းပဲပညာများဆိုပြီး ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ သေချာတာက လူတချို့ဟာ သဘာဝအရ ပညာနှစ်မျိုးလုံးကို လိုက်စားနိုင်တဲ့ ပါရမီ ပါလာကြတယ်”

“ပုံစံကြည့်ရတာတော့ နင်က နောက်တစ်မျိုးများ မေ့နေသလားလို့…” ချင်ယီက သတိပေးသလို ပြောသည်။

“ဖြစ်နိုင်တာက ကျွန်တော် ဘာတစ်ခုမှ မလွဲဘူး” ရီဖူရှင်း ဆက်ပြောသည်။

“ကောင်းကင်နယ်မြေက မှော်စွမ်းအင်ထိန်းချုပ်သူတွေကို အင်အားအကောင်းဆုံး အမျိုးအစားအနေနဲ့ အသိအမှတ်ပြုထားတာပဲ၊ သူတို့က ကောင်းကင်ကပေးတဲ့ လက်ဆောင်ကို ရထားတာပဲလေ၊ ရှားရှားပါးပါး ကောင်းကင်က ပေးတဲ့ လက်ဆောင်တွေဆိုတာ မှော်စွမ်းအင်ထိန်းချုပ်ခြင်း၊ မျက်လှည့်၊ တောကောင်ထိန်းချုပ်ခြင်းနဲ့ နက္ခတ်ပညာတွေပဲ၊ ဥပမာအနေနဲ့ ပြောရရင် သူတို့က ဘယ်ပညာရပ်ကိုမဆို လေ့လာပါစေ တခြားလူတွေထက် အမြဲ သာလွန်နေတာပဲ”

လူတိုင်းက ရီဖူရှင်းရဲ့ စကားကို နားစိုက်ထောင် နေကြတယ်။

“မှော်စွမ်းအင် ထိန်းချုပ်ခြင်းဆိုတာ ရှားပါးလွန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ၊ သူတို့က ကောင်းကင်ရဲ့ဆန္ဒကို လိုက်နာကြတယ်၊ ပြီးတော့ ကောင်းကင်က သူတို့ကို အထူး အခွင့်အရေးတွေပေးတယ်၊ ဒါတင်မဟုတ်ဘူး သာမန် မှော်ထိန်းချုပ်သူတွေတောင်မှ သိုင်းပညာနဲ့ ဂမ္ဘီရပညာ နှစ်မျိုးလုံးမှာ သာမန်လူတွေထက် ထူးချွန်လေ့ရှိကြတယ်”

ချင်ယီက ရှေ့က လုလင်ပျိုကို အထင်တကြီး စိုက်ကြည့်မိတယ်။ ဒါပေမဲ့လည်း ဒေါသထွက် နေတာကတော့ မပျောက်သေးပေ။ သူမက

“နင် ဒီလောက် သိမယ်လို့ထောင် မထင်မိဘူး”

“သေချာတာပေါ့ ကျွန်တော်က မှော်စွမ်းအင် ထိန်းချုပ်သူ တစ်ယောက်လေ” ချင်ယီကိုကြည့်ပြီး ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“ဖူး…”အနားက နောက်လုလင်ပျို တစ်ယောက် ရေသောက်ခါနီး ရေသီးသွားပြီး အဆက်မပြတ် ချောင်းဆိုးသွားသည်။ မျက်လုံးပေါင်းများစွာက ရီဖူရှင်းအား ရူးနေသည့်အလား ဝိုင်းကြည့်နေကြလေသည်။

ရီဖူရှင်းကား ကျောင်းတော်တွင် ဂုဏ်သတင်း မွှေးကြိုင်လှသူဖြစ်သည်။ အရှက်ကင်းမဲ့သည်မှာ နှစ်ယောက်မရှိသလို အကြီးအကဲများကိုလည်း လေးစားမှုမရှိပေ။ ယခုလည်း စီနီယာအစ်မချင်ကို မလေးမစားပြောသကဲ့သို့ မိမိကိုယ်ကိုလည်း မှော်စွမ်းအင်ထိန်းချုပ်သူဟု ပြောဆိုနေပြန်သည်။ သူ ယခုကဲ့သို့ပြောဆို ပြုမူနေသည်က စီနီယာအစ်မချင်၏ အာရုံစိုက်မှုကို လိုချင်သောကြောင့်လော။

ဖူရှင်းမှာ ကုန်လွန်ခဲ့သော သုံးနှစ်အတွင်း စွမ်းအင်နိုးထခြင်း ပထမအဆင့်တွင် ရပ်တန့်နေခဲ့သည့်အပြင် ကြံ့ခိုင်မှုကလည်း အားနည်းလှသည်။ ထို့အပြင် စွမ်းအင်အဆင့်မြှင့်ခြင်း အဆင့်ကိုလည်း မရောက်သေးပေ။ သူ့လို သာမန်အဆင့်ဖြင့် ဘယ်လိုပင် အရှက်ကင်းမဲ့နေပါစေ၊ မှော်စွမ်းအင် ထိန်းချုပ်သူဟု ပြောဆိုရသနည်း။ ချင်ယီ သက်ပြင်းတစ်ချက် ရှိုက်ပြီး ဒေါသတကြီးဖြင့်

“ကောင်းပြီလေ နင်က မှော်စွမ်းအင် ထိန်းချုပ်သူဆိုရင် နင့်ရဲ့ သက်စောင့် ဟော်နန်းထဲမှာ ဝိညာဉ်ရှိမှာပေါ့၊ ငါတို့ကို သက်သေပြနိုင်မလား”

ဟု မေးလိုက်၏။

“ငါ့ရဲ့သက်စောင့်ဝိညာဉ်က အိပ်မောကျနေတုန်းပဲလေ၊ ခေါ်ထုတ်လို့ မရသေးဘူး၊ ဒါကြောင့်လည်း ငါက အတန်းထဲ အိပ်မောကျသွားတာပေါ့ ဖူရှင်း တည်ငြိမ်စွာ ပြန်ဖြေ၏။

“ရီဖူရှင်း……”

ချင်ယီ၏ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးအစုံဖြင့် မျက်နှာချင်းဆိုင်လျက် “လွန်ခဲ့တဲ့ သုံးနှစ်က၊ နင် ကျောင်းတော်ကို စရောက်တုန်းက အသက် ဆယ့်နှစ်နှစ်အရွယ်ပဲ၊ ပြင်ပ ကျောင်းသူအနေနဲ့ငါ ဝင်ခွင့်ရွေးချယ်တဲ့နေရာမှာ ငါရှိနေခဲ့တယ်၊ နင့်ရဲ့ [သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်းက အမြင့်ဆုံးပဲ သဘာဝစွမ်းအင်အားကို အတွင်းအားဟုလည်း သတ်မှတ်နိုင်သည်၊ သိုင်းပညာ အဆင့်မြှင့်တင်လိုပါက ကြံ့ခိုင်မှုကောင်းမွန်ရန် လေ့ကျင့်ရသည်။ ထိုသို့လေ့ကျင့်ရာတွင် ရုပ်ဝတ္ထုဆိုင်ရာ လေ့ကျင့်မှုနှင့် သဘာဝစွမ်းအင်ကို ခန္ဓာကိုယ် အတွင်းစုဆောင်းခြင်း နှစ်နည်းရှိသည်။ အများစုမှာ သဘာဝစွမ်းအင်ကို စုဆောင်း၍ လေ့ကျင့်ကြသည်၊ သဘာဝစွမ်းအင် စုဆောင်းရာတွင် သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်း မည်မျှမြင့်သည်ကို မူတည်၍ ထိုသူသည် မည်မျှ ပါရမီပါသည်ကို သတ်မှတ်နိုင်သည်၊ ဤကားစကားချပ်] ငါတို့ကျောင်းတော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။ တာဝန်ရှိတဲ့လူတွေ အကုန်လုံးက နင့်ကို ဂရုစိုက်ပေးခဲ့ကြတယ်၊ ဒါပေမဲ့ နင်က စွမ်းအင်နိုးထခြင်း ပထမဆင့်က နည်းနည်းလေးတောင် တိုးတက်မလာဘူး၊ နေ့တိုင်း အပျင်းထူပြီးတော့ စာသင်ခန်းထဲလည်း အာရုံမစိုက်ဘူး၊ ဘာတစ်ခု တိုးတက်လာလဲ၊ အခု နင့်ကိုယ်နင် မှော်စွမ်းအင် ထိန်းချုပ်သူလို့ အကြောင်းပြပြီး အိပ်နေတာကို ငြင်းချင်တယ်ပေါ့”

“ဒီသုံးနှစ်အတွင်းမှာလည်း နွေဦးရာသီ စစ်ဆေးခြင်းနဲ့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွေမှာလည်း ဘယ်တော့မှ ပါဝင်ခဲ့ခြင်း မရှိခဲ့ဘူး၊ အကျိုးဆက်က အဆင့်ရပ်တည်ခြင်းမှာ အမြဲတမ်း နောက်ဆုံး နေရာမှာ ဖြစ်နေတာပဲ၊ ရီဖူရှင်း… နင့်မှာ တကယ် အရှက်မရှိတာလား”

ချင်ယီ၏ ဒေါသူပုန်ထသော စကားများ နားထောင်ပြီး တစ်ခန်းလုံး တိတ်ဆိတ်သွားသည်၊ တိတ်ဆိတ်လွန်းသောကြောင့် အကယ်၍ ဤနေရာတွင် အပ်ချောင်းကြွေကျလျှင်ပင် ကြားနိုင်လောက်သည်။ ချင်ယီ၏ ဒေါသတကြီး ပြောဆိုပြစ်တင်သည်ကို အခန်းထဲရှိ လူတိုင်း ငေးကြည့်နေကြသည်၊ ချင်ယီ ယခုကဲ့သို့ ပြုမူသည်ကို တစ်ခါမှ မမြင်ဖူးကြပေ၊ ယခုမှတစ်ခါ မြင်ဖူးခြင်းဖြစ်သည်။

ရီဖူရှင်းလည်း ထိတ်လန့်ပြီး ငေးကြောင်နေလေသည်၊ သူ၏နက်မှောင်သော မျက်လုံးအစုံက ဒေါသမီးလျှံများ လောင်မြိုက်နေသော လှပသော မျက်နှာလေးကို စိုက်ကြည့်နေသည်။

သုံးနှစ်ရှိပြီလား၊ သူ ကိုယ့်ဘာသာ တွေးမိသည်၊ အချိန်တွေက သူမသိခင်မှာပဲ သုံးနှစ်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သော်လည်း သူ့သက်စောင့် ဟော်နန်းကား ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိပေ၊ သူလည်း အတော်အံ့သြရသည်၊ ချင်ယီကော ပုံမှန်အားဖြင့် အေးစက်သော ပုံစံရှိသော အလှနတ်သမီးပင် မဟုတ်ပါလော။ သို့သော် ယခု ကြည့်ရသည်မှာ သူမက သူ့ကို အတော် အာရုံစိုက်ပုံရသည်၊ လွန်ခဲ့သော သုံးနှစ်ခန့်က ဝင်ခွင့် စစ်မေးခြင်း နေရာမှစ၍ စောင့်ကြည့် လာခဲ့ပုံရသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်၊ ချင်ယီလည်း မိမိ မျက်လုံးရှေ့မှ လုလင်ပျိုအား သေသေချာချာ ကြည့်မိသည်၊ သူကား ညကောင်းကင်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးအစုံနှင့်အတူ ချောမောသော ရုပ်ရည်နှင့် ထက်မြက်သော ပုံစံရှိသည်၊ အသက်ဆယ့်ငါးနှစ်အရွယ်မှပင် သိသာသော သူ့ပုံစံက နောက်နှစ် အနည်းငယ်အတွင်း ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက် ဖြစ်လာမည်မှာ သေချာလှသည်။

ချင်ယီ မိမိကိုယ် တိတ်တဆိတ် တွေးကြည့်သည်၊ သူမ စကားပြောသည် အတော်ပြင်းထန် သွားတာလား၊ သူ့မျက်ဝန်းများထဲ အနည်းငယ်သော ဝမ်းနည်းမှု အရိပ်ယောင်တစ်ခုကို သတိထားမိလိုက်သည်၊ သူမ ဒေါသက အနည်းငယ် လျော့နည်းလာသည်။

“ဒီနှစ်ရဲ့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲ ကျင်းပဖို့ တစ်လ လိုသေးတယ်၊ တကယ်လို့ နင် စာမေးပွဲ ကျတာပဲဖြစ်ဖြစ်၊ ဝင်မပြိုင်တာပဲ ဖြစ်ဖြစ် ဆိုရင် နင့်ကို ကျောင်းထုတ်မှာကနေပြီးတော့ ဘယ်သူမှ မကယ်နိုင်တော့ဘူး၊ ကျောင်းတော်က နင့်ကို ဒီမှာ ဆက်နေဖို့ ခွင့်ပြုမှာ မဟုတ်တော့ဘူး၊ နင်နားလည်ရဲ့လား”ချင်ယီ ဆက်ပြောသည်။

တစ်ခန်းလုံး ကြည့်နေကြသည်။ ပုံစံကြည့်ရသည်မှာ ကျောင်းတော်မှ ဖူရှင်းအား သည်းခံနိုင်သည့် အတိုင်းအတာ ကျော်လွန်လာပုံ ရလေသည်။

သူ တကယ်ပင် ကျောင်းမှ ထုတ်ပယ်ခံရတော့မည်လော၊ တကယ်ဆိုလျှင် သူ့အကြောင်းက သမိုင်းစာအုပ်ထဲမှ အကြောင်းအရာတစ်ခု ဖြစ်သွားမည်ဖြစ်သည်၊ ကျောင်းထုတ်ခံရသည် ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။

“တကယ်လို့ သူသွားရင် ငါလည်း သွားမယ်” နောက်နား တစ်နေရာမှ တစ်စုံတစ်ယောက်က သိပ်မထူးခြားဟန်ဖြင့် ပြောသည်၊ အခန်းထောင့်တွင် ထိုင်နေသော လုလင်ပျို တစ်ယောက်အား လူတိုင်း၏အကြည့်က ရောက်သွားသည်၊ သူတို့၏အကြည့်တွင် စိုးရိမ်စိတ်၊ အထင်ကြီးစိတ်၊ မနာလိုစိတ်များ အပြည့်ပါနေသည်။

“ယူချင်းက နောက်နှစ် နွေဦး စစ်ဆေးခြင်း စာမေးပွဲကို ဝင်ပြိုင်စရာ မလိုဘူးလို့ ကျောင်းတော်က ဆုံးဖြတ်ထားပြီးသား” ချင်ယီပြောသည်။ “သူက မြင်းစစ်သည်တွေနဲ့အတူ ကျောင်းတော်ရဲ့ တိုက်ခိုက်ရေး အိမ်တော်မှာပဲဖြစ်ဖြစ် တခြား ဂမ္ဘီရ ကျောင်းဆောင်တွေမှာပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး လေ့ကျင့်နိုင်တယ်၊ သူ့အနာဂတ်က နင့်ဆီမှာပဲ ချည်နှောင်ထားမှာ မဟုတ်ဘူး”

“ချည်နှောင်ထားမှာ…” ဖူရှင်းက ပြုံးမိသည်။ “ခင်ဗျားပါးစပ်ကို ပိတ်ထား”ယူချင်းက မတ်တတ်ရပ်ပြီး ချင်ယီကို စိုက်ကြည့်ကာ အော်ပြောသည်။

“ပြန်ထိုင်နေ”နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်သော ဖူရှင်း၏ ဖျော့တော့သော စကားသံကို ကြားရသည်။ ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေသော ယူချင်း ငြိမ်ကျသွားသည်။

“ငါဆုံးဖြတ်ပြီးသွားပြီ” ရီဖူချင်း မျက်နှာပေါ်တွင် ထီမထင်သော အပြုံးတစ်ခု တွေ့ရသည်၊ သူက ချင်ယီကို ကြည့်ပြီး ဆက်ပြောသည်။ “ငါ ဒီနှစ်ရဲ့ နှစ်ကုန်စစ်ဆေးခြင်း စာမေးပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ပြီးပြီ”

နောက်ဆုံးတွင် ထိုင်နေသော ယူချင်း၏ မျက်လုံး အရောင်တစ်ချက် လက်သွားသည်။ ကျောင်းတော်တွင် သင်ယူခဲ့သော သုံးနှစ်ကာလအတွင်း ယူချင်း၏ သိသာထင်ရှားသော ပါရမီကို မည်သူမျှ သံသယမရှိပေ။ သူ၏ သတ္တုစွမ်းအင်ကို ခံစားနိုင်စွမ်းမှာ အမြင့်ဆုံးဖြစ်သည်။ သိုင်းပညာတွင်လည်း ထူးချွန်လှသည်။ ပညာနှစ်ရပ်လုံးကို ခြွင်းချက်မရှိ လေ့လာနိုင်စွမ်းရှိသူ ဖြစ်သည်။ သူကား ပြင်ပ ကျောင်းသားမျှသာ ဖြစ်သော်လည်း သူ့ပညာအဆင့်က တချို့ ဆရာများထက်ပင် မြင့်လေသည်။

သို့သော်လည်း ရီဖူရှင်းကို အမှန်တကယ်ကော မည်သူက နားလည်နိုင်ပါသနည်း။

“နင့်ကြံ့ခိုင်မှုက အားနည်းပြီးတော့ ပညာအဆင့်ကလည်း နိုးထခြင်း ပထမအဆင့် ပဲရှိသေးတယ်၊ စာမေးပွဲကို ဘယ်လို အောင်မှာလဲ” သက်ပြင်းတစ်ချက်ချပြီး ဖူရှင်းကိုကြည့်ကာ ချင်ယီ ပြောလိုက်သည်၊ အကယ်၍ ယခုအချိန် အပြင်းအထန် ကြိုးစားလျှင်ပင် မီတော့မည် မထင်ပေ”

“တကယ်လို့ အောင်ခဲ့ရင်ရော”ပုံစံကြည့်ရသည်မှာ ရီဖူရှင်းက မိမိ စွမ်းရည်ကို မိမိကိုယ်တိုင် နားလည်ပုံမရပေ၊ သူ့အသံက ယုံကြည်မှုများ ပြည့်နှက်နေသည်။

“နင်အောင်ခဲ့ရင် စာသင်ခန်းထဲ နင်ကြိုက်တာ လုပ်လို့ရတယ်” ချင်ယီ ပြန်ပြောသည်။

မျက်လုံးက အရောင်တစ်ချက် လက်သွားပြီး မျက်လုံးရှေ့မှာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ဖူရှင်း ကြည့်လိုက်သည်၊ သူ့မျက်လုံးက သူမ၏ စူးစိုက် မကြည့်အပ်သော နေရာသို့ ရောက်သွားသည်။ “တကယ် လုပ်ချင်တာ လုပ်လို့ရတယ်ပေါ့”

ဒီကောင် ဘာကိုဆိုလိုတာပါလဲ၊ ရီဖူရှင်းကို ကြည့်ပြီး လူတိုင်းက တွေးသည်။

“အရှက်မရှိတဲ့ကောင်”

“မင်းဘာကို ကြည့်နေတာလဲ ခွေးကောင်”

တခြား ကျောင်းသားများက နောက်ဆုံးတွင် နားလည်လာသည်။ ဘယ်လောက် သူတို့ သူ့ကို ရိုက်ချင်နေသနည်း၊ ဘယ်လိုသတ္တိဖြင့် သူက စီနီယာအစ်မချင်ကို ပြုမူနိုင်ရသနည်း။

ချင်ယီလည်း ဖူရှင်း ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်လိုက်သည်။ ခုနက သနားမိသောစိတ်လည်း ချက်ချင်း အလိုအလျောက် ပျောက်သွားသည်။ ဒေါသက တစ်ဖန် မျက်နှာမှာ ထင်ဟပ်လာသည်။ သူမ နှုတ်ခမ်းတစ်ချက် ကိုက်ပြီး ပြောလိုက်သည်။ “နင်ကြိုက်တာ လုပ်လို့ရတယ်”

***

Comment

  1. Thet Paing Soe Oo says:

    Very good.

  2. Yazar Lwin Oo says:

    စဆုံး ပြီးသွားပြီလားဗျ

Leave a Reply

Options

not work with dark mode
Reset