ဇောင်ထျန်ကျောက်က အခန်းထဲမှထွက်သွားသည့်အချိန်တွင် ချိန်ယွဲ့ရှန်၏တံခါး ပွင့်လာပြီး သူမက အပြင်သို့ ဖြည်းညင်းစွာ လျှောက်လာသည်။ သူမသည် ယမန်နေ့က အဝတ်အစားနှင့်ဆင်တူသော အဝတ်အစားကို ဝင်ဆင်ထား၏။
သူမက လမ်းလျှောက်၍ထွက်လာစဥ် မသိစိတ်၏စေ့ဆော်မှုအရ ဇောင်ထျန်ကျောက်ကို လှည့်ကြည့်လိုက်လေသည်။
ယနေ့တွင် ဇောင်ထျန်ကျောက်သည် ပန်းရောင်ဝတ်ဆင်မထားချေ။ ဤတစ်ကြိမ်၌ သူကအဖြူရောင်ဝတ်ရုံရှည်နှင့် စာပေသမားဆန်သောဦးထုပ်ကို ဆောင်းထားပြီး ယမန်နေ့ကနှင့် လုံးလုံးကွဲပြားနေလေသည်။
သူက ခန့်ညားထည်ဝါနေပြီး စာပေကျမ်းဂန်နှံ့စပ်သည့်ဟန်ရှိသည်။ ထို့ပြင် သူက သမာသမတ်ကျပြီး အေးစက်စက်ဟန်အစား နှစ်လိုဖွယ်ပြုံးနေသေးသည်။ ထိုအပြုံးမှာ အနည်းငယ်ဟက်ဟက်ပက်ပက်မရှိလှသော်လည်း သူ၏ပင်ကိုနေနေကျပုံစံနှင့် နှိုင်းစာလျှင် ပို၍နွေးထွေးလာသည့်ပုံပေါ်လေသည်။
အားလုံးထဲတွင် အံ့သြဖွယ်အကောင်းဆုံးဖြစ်နေသည်မှာ ဇောင်ထျန်ကျောက်၏မျက်လုံးများတွင် ပိုင်ရှောင်ချန်းပင် သင်ပြလမ်းညွှန်ပေးရန်မလိုအပ်သောလေးနက်သည့်ခံစားချက်များ ရစ်သိုင်းနေလေသည်။
အခန်း၏အပြင်ဘက်တွင် မတ်တတ်ရပ်နေသော သူသည် တော်ဝင်စာမေးပွဲကို ဖြေဆိုရန်ပြင်ဆင်နေသည့် ပညာရှိစာပေသမားလေးတစ်ယောက်အလား ဖြစ်နေသည်။ ချိန်ယွဲ့ရှန်ကလှမ်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အားတွေ့လိုက်ပြီးနောက် သူတို့၏အကြည့်များဆုံသွားလေသည်။
ထိုအချိန်တွင် ချိန်ယွဲ့ရှန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပင့်သက်ရှိုက်မိသွားလေသည်။ မည်သည့်အရာကိုမျှ ထွေထွေထူးထူး စဥ်းစားခြင်းမပြုနိုင်တော့ပဲ သူမက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ကာ စင်္ကြံလမ်းဆီသို့ အလျင်အမြန်ထွက်ခွာသွားတော့မည့်ဟန် တူနေသည်။ သို့သော်လည်း အခြေအနေအရပ်ရပ်၏ထူးဆန်းနေမှုကြောင့် သူမကအခန်းဆီသို့ ပြန်လှည့်သွားလိုက်ပြီးနောက် တံခါးကိုဆောင့်ပိတ်လိုက်လေသည်။
ဇောင်ထျန်ကျောက်သည် စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုမမှန်ဖြစ်နေသည်ကို အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ရင်း သူ့အခန်းဆီသို့အလျင်အမြန်ပြန်လာခဲ့လိုက်သည်။ သူက ယခင်နေ့များကထက် ပျာယာခတ်နေမှုအတော်အတန်လျော့ကျသွားသည့်ပုံပေါ်နေသော်လည်း ဆက်လက်၍ စိတ်ငြိမ်ငြိမ်ထားန် သူ့ကိုယ်သူသတိပေးနေလျက်ရှိသည်။
” သူမက လူပေါ်ကြော့တွေနဲ့ စာပေသမားလေးတွေကို ကြိုက်ပုံမရဘူး။ ရှောင်ချန်းပြောတာအမှန်ပဲ။ ငါဒီမှာတကယ်ကို ထောင့်မျိုးစုံကနေ စမ်းကြည့်ဖို့လိုသေးတာပဲ…”
တတိယမြောက်နံနက်ခင်း၌ ချိန်ယွဲ့ရှန်အပြင်သို့ထွက်လာသောအခါ မထိန်းနိုင်ပဲ ဇောင်ထျန်ကျောက်၏အခန်းရှိရာသို့ ကြည့်လိုက်မိသည်နှင့် ထိုနေရာ၌ရပ်နေသောသူ့အား ချက်ချင်းပင်မြင်လိုက်ရပြန်သည်။
ဤအကြိမ်တွင် သူကချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားပြီး နောက်ကျောတွင်ဓားကြီးတစ်ချောင်းကို စလွယ်သိုင်းထားလျက်ရှိသည်။ လူသတ်ငွေ့များနှင့်ပြည့်နှက်နေသော သူ၏ဟန်မှာ တိုက်ပွဲထဲသို့ဝင်ရောက်ရန်စိုင်းပြင်းနေသည့် ပြိုင်ဘက်ကင်းသူရဲကောင်းနှင့်တူနေပေသည်။
ချိန်ယွဲ့ရှန်မှာ လုံးလုံးလျားလျား စိတ်ပျက်အံ့အားသင့်သွားရပြန်သည်။ သို့သော်လည်း စိတ်ရှုပ်ထွေးနေမည့်အစား သူမက မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်းကို သိချင်စိတ်ပြင်းပြလာကာ ဇောင်ထျန်ကျောက်ကို ဖြစ်ပျက်သမျှမေးမြန်းရန် တွေးတောလိုက်လေသည်။ သို့သော်လည်း အခြေအနေ၏ထူးဆန်းမှုက သူမအား အနည်းငယ်ရှက်ရွံ့သွားစေပြီး ချက်ချင်းပင် သူမက အခန်းထဲသို့ မဆိုးမတွ ပြန်သွားလိုက်သည်။
” ကောင်းကောင်းဆက်လုပ်ကြစို့..အစ်ကိုကြီးဇောင်ရေ … ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဆိုလေသည်။
” အစ်ကိုကြီးက တချိန်ချိန်မှာ အောင်မြင်လာမှာဗျ..။ ကြည့်ရတာတော့ အစ်မယွဲ့ရှန်းက ကုန်းပတ်ပေါ်တက်မယ့်အစီအစဥ်ကို စွန့်လွှတ်လိုက်ပြီထင်တယ်။ အဲ့တာက အစ်ကိုကြီးသူမရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်ကြောင်းပြတာပဲ ”
ဇောင်ထျန်ကျောက်သည်လည်း သူနှင့် ချိန်ယွဲ့ရှန်တို့ကြား၌အနည်းငယ်သာ ကွာဝေးတော့ကြောင်း သိလိုက်ရသဖြင့် စိတ်လှုပ်ရှားလာသည်။ ပိုင်ရှောင်ချန်းအား ယခင်ကထက်ပင်ပို၍ ယုံကြည်လာကာ လာမည့်နံနက်ခင်း၌ ဝတ်ဆင်ရမည့်အဝတ်အစားတို့အား အလျင်အမြန်ပြင်ဆင်နေလိုက်သည်။
စတုတ္ထမြောက်နေ့တွင် ချိန်ယွဲ့ရှန်သည် အပြင်သို့ထွက်ရန်မဆုံးဖြတ်နိုင်မီအထိ အခန်းထဲတွင် ချီတုံချတုံဖြစ်နေသည်။ ဤတစ်ကြိမ်တွင် သူမတံခါးကိုဖွင့်လိုက်သည်မှာ အဓိကကုန်းပတ်ပေါ်သို့သွားရန် ရည်ရွယ်လိုက်ခြင်းမဟုတ်ပေ။ ထို့ထက် ဇောင်ထျန်ကျောက်၏ ရူးမိုက်ပြီး နောက်တီးနောက်တောက်ဟန်ဖြင့် ရပ်နေပုံကို ကြည့်လိုခြင်းဖြစ်သည်။
သူမ ထွက်လိုက်သည်နှင့်တပြိုင်နက် သူ၏အခန်းဆီသို့လှမ်းကြည့်ရန်အခွင့်မသာသေးမီ စင်္ကြံလမ်းမှာ မျက်စိစူးမတတ် ပြောင်လက်တောက်ပနေသော ပုလဲနှင့်ရွှေတို့ဖြင့် ပြည့်နှက်နေကြောင်းသိလိုက်ရသည်။ ယနေ့တွင် ဇောင်ထျန်ကျောက်မှာ ချမ်းသာပြီးအာဏာရှိသည့် လူတစ်ဦးနှင့်တူနေသည်။
သူ၏လက်နှစ်ဖက်စလုံးတွင် လက်ချောင်းတစ်ချောင်းချင်းစီ၌ အနည်းဆုံးလက်စွပ်သုံးကွင်းစီနှင့် စုစုပေါင်းအကွင်းသုံးဆယ်ထက်မနည်းသောလက်စွပ်များ၊မရေမတွက်နိုင်သည့် ဝိညာဥ်ပုလဲများနှင့်အခြားရတနာများကို ပန်းကုံးသဖွယ်ဆင်မြန်းထားလေသည်။ သူ၏လက်ဖျံများတွင်လည်း လက်ကောက်များအပြည့်ရှိနေသည်။
သူက ကမ္ဘာကြီးတစ်ခုလုံးတွင် အချမ်းသာဆုံးသော ပုဂ္ဂိုလ်တစ်ဦးအလား ဝင့်ကြွားပြီး မာနကြီးသည့်ပုံ ပေါ်နေသည်။ ချိန်ယွဲ့ရှန်မှာ သူ့အားထိုကဲ့သို့မြင်လိုက်ရသည်နှင့်တပြိုင်နက် သူမ၏မျက်လုံးအစုံမှာပြူးကျယ်သွားပြီး ဇောင်ထျန်ကျောက်နှင့်ပက်သတ်၍ တစ်စုံတစ်ရာမှားယွင်းနေကြောင်း လက်ခံယုံကြည်လိုက်မိသည်။
မျက်မှောင်ကြုတ်ကာ သူမ၏အခန်းဆီသို့ အလျင်အမြန်ပြန်လှည့်လိုက်သည်။ သူမ၏မျက်လုံးများမှာ အနည်းငယ်ဝင်းလက်တောက်ပလာပြီး ယခင်ရက်များတွင်ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များကို ပြန်ပြောင်းစဥ်းစားမိနေရင်း သူမ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာလေသည်။
ဇောင်ထျန်ကျောက်သည်
ဝမ်းနည်းကြေကွဲစွာ အခန်းဆီသို့ လှမ်းလာလေသည်။
” ငါတော့သွားပြီ..ရှောင်ချန်းရေ.။ အားလုံး ပြီးဆုံးသွားပြီကွ..။ ဂိုဏ်းတူညီမလေးယွဲ့ရှန်က အရမ်းကိုအဆင့်မနိမ့်ဘူးလို့ ငါမင်းကိုပြောခဲ့သားပဲကွာ…။ ငါ…ငါ..အဲ့လိုမျိုးတွေမဝတ်လိုက်သင့်ဘူး”
” စိတ်ငြိမ်ငြိမ်ထားပါဗျာ…” ပိုင်ရှောင်ချန်းက မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။
” ကျုပ်တို့က အစ်မချိန်ယွဲ့ရှန်ကိုယ်တိုင် ကြိုးလှမ်းဆွဲတာကိုလိုချင်တာလေ။ ဒီလိုပုံစံမျိုးတွေဝတ်နေတာကသာ အစ်ကိုကြီးကို မနက်ဖြန်အတွက် ပြီးပြည့်စုံအောင်ထောက်ပံ့ပေးနေမှာလေ။ ပြီးတော့ သူမကို တုန်လှုပ်ချောက်ချားစေလိုက်ပေါ့..။ စိတ်မပူပါနဲ့…အစ်ကိုကြီးဘာဆက်ဝတ်ရမယ်ဆိုတာ ကျုပ်ဆုံးဖြတ်ပြီးသွားပြီ။ ကျုပ်တို့ရဲ့ ဝှက်ဖဲကိုထုတ်ဖို့အချိန်ကောင်းပဲဗျ…”
” ဝှက်ဖဲ.. ”
ဇောင်ထျန်ကျောက်က တုန်ယင်သွားပြီး တောက်ပနေသောမျက်လုံးများဖြင့် ကြေးမုံပြင်ကိုကြည့်လိုက်သည်။
” အမှန်ပဲ..။ လွန်ခဲ့တဲ့ရက်တွေတုံးက လေ့လာတွေ့ရှိချက်တွေအရ အချစ်သူတော်စင်ဆိုတဲ့ ကျုပ် ပိုင်ရှောင်ချန်းက အစ်မယွဲ့ရှန်းရဲ့ ခံစစ်တွေအားလုံးကို ကျုပ့်ရဲ့ဆယ်စုနှစ်စာအတွေ့အကြုံတွေနဲ့ သိနေပြီဗျ ”
ထိုသို့ဆိုကာ သူက ကျယ်လောင်စွာရယ်မောလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင် သူ၏ယုံကြည်ချက်မှာ အနည်းငယ်ယိမ်းယိုင်လာလေသည်။ အစီအစဥ်မှာသူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေးပေ။
သူ၏မူလယူဆချက်များကို အခြေခံ၍ ချိန်ယွဲ့ရှန် နှစ်သက်သည်များကို ဖော်ထုတ်ရန်အချိန်လေးရက်သာ ယူသင့်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူမ၏စိတ်အား လုံးဝဖတ်မရချေ။
” ကြည့်ရတာ သူမကအားလုံးကိုကြိုက်တဲ့ပုံပဲ..။ ပြီးတော့ တချိန်တည်းမှာပဲ ဘယ်ဟာမှ…”
အနည်းငယ်ထပ်မံ၍ စဥ်းစားလိုက်ပြီးနောက် သူကနောက်ဆုံးလျှို့ဝှက်ချက်ကိုဖော်ထုတ်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း ယုံကြည်လိုက်သည်။
ညအချိန်မှာ လျင်မြန်စွာပင်ကုန်လွန်သွားသည်။ ဇောင်ထျန်ကျောက်သည် မည်သည့်တရားထိုင်မှုကိုမျှ စိတ်လှုပ်ရှားလွန်းသဖြင့် မလုပ်ဆောင်နိုင်ပဲ အခန်းပတ်လည်အား ပတ်လျှောက်နေပြီး ရင်ဘက်ကိုတဘုန်းဘုန်းထုနှက်လျက်ရှိသည်။ သတ်မှတ်ထားသည့်အချိန်ရောက်လာသောအခါ သူက ပိုင်ရှောင်ချန်းနှင့်တာအိုစောင့်ရှောက်သူများ၏ ဂရုတစိုက်စောင့်ကြည့်လေ့လာမှုအောက်တွင် အခန်းထဲမှအပြေးအလွှားထွက်သွားလိုက်သည်။
အပြင်ဘက်တွင် သူ၏ခြေထောက်ကိုဆောင့်နင်းချလိုက်ပြီးနောက် သူ၏အဝတ်အစားများကို စတင်၍ချွတ်လိုက်သည်။
အဝတ်အစားများအပြည့်မကပ်တော့သည့်အခါ အဝတ်အပိုင်းစတစ်ခုက မြေပေါ်သို့ကျသွားပြီး သူ၏သန်မာတောင့်တင်းကာ ကြွက်သားအမြောင်းလိုက် ထနေသော ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ သူက ပိုင်ရှောင်ချန်းဆီမှရရှိခဲ့သော ဆေးအဆီကိုပင် သူ၏အရေပြားအနှံ့လိမ်းကျံလိုက်ပြီး ယခင်ကထက်ပင် ကျန်းမာကြံ့ခိုင်ဖျတ်လက်သည့်ပုံပေါက်အောင်ပြုလုပ်လိုက်သည်။
သူ့ခန္ဓာကိုယ်တွင် ဖုဖောင်းထွက်နေသည့်ကြွက်သားများနှင့် ပြီးပြည့်စုံလှသောကိုယ်လုံးကိုယ်ထည်ရှိပြီး လွန်စွာ ယောက်ျားဆန်မှုကို ကိုယ်စားပြုနေသူအလား ဖြစ်နေသည်။
ထိုအရာသည်ကား ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်အတွက် ပြင်ဆင်ပေးလိုက်သော ဝှက်ဖဲဖြစ်လေသည်။
ယခုအခါ ဇောင်ထျန်ကျောက်သည် တည့်တည့်မတ်မတ်မတွေးနိုင်ပေ..။ တစ်နည်းအားဖြင့် ထိုကဲ့သို့သောတစ်စုံတစ်ရာအား ဘယ်တုန်းကမှ သဘောမတူလိုက်ခဲ့သင့်ပေ။ သို့သော်လည်း သူကအစီအစဥ်အတိုင်း ယခုထက်ထိလိုက်နာခဲ့ပြီးဖြစ်၍ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ပေ။ သူက ပိုင်ရှောင်ချန်း၏အစီအစဥ်အပေါ်တွင် မျှော်လင့်ချက်များအားလုံးကိုထားလိုက်ပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။
သူက ပိုင်ရှောင်ချန်းသင်ပေးလိုက်သော ကိုယ်ဟန်အနေအထားအချို့ကိုပင် စတင်၍လေ့ကျင့်နေလိုက်တော့သည်။
ချိန်ယွဲ့ရှန်၏ တံခါးမှာပွင့်လာပြီး အပြင်ဘက်သို့ အနည်းငယ်အထိတ်တလန့်ကြည့်နေကာ သတိထား၍ထွက်လာသည်။ ထို့နောက် သူမက ဇောင်ထျန်ကျောက်၏အခန်းရှိရာအရပ်သို့ကြည့်လိုက်ရာ ထိုနေရာတွင်ကိုယ်တစ်ပိုင်းဗလာကျင်းနေပြီး ကိုယ်ဟန်အနေအထားတစ်ခုပြီးတစ်ခုပြောင်းကာ ရပ်နေသောသူ့အားတွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမ၏စိတ်မှာစတင်၍ ရှုပ်ထွေးသွားပြီး ရိုးတွင်းခြင်ဆီထိတိုင် တုန်လှုပ်ချောက်ချားသွားရသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဇောင်ထျန်ကျောက်၏ ထူးဆန်းသည့်ပြောင်းလဲမှုများကို မြင်ရပြီးနောက် နောက်ဆုံးတွင် ချိန်ယွဲ့ရှန်မှာ ထပ်မံမချုပ်တည်းနိုင်တော့ပေ။ သိချင်စိတ်ပြင်းပြမှုက သူမကို အပြတ်အသတ်နိုင်သွားပြီး နောက်ဆုံးတွင် သူမက ပြောလိုက်လေည်။
” အစ်…အစ်ကိုကြီးဇောင်…ရှင်ဘာ…ဘာတွေလုပ်နေတာလဲ”
ဇောင်ထျန်ကျောက်အနေဖြင့် သူမ၏စကားပြောဆိုမှုကို ကြားရရန် အချိန်အကြာကြီးစောင့်ခဲ့ရသည်။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ သူကအစီအစဥ်ကိုစွဲကိုင်ထားဆဲဖြစ်ရာ စိတ်ငြိမ်ငြိမ်ထားခြင်း၌ ကျွမ်းကျင်နေလေပြီ။ သူလုပ်ဆောင်နေဆဲဖြစ်သည့် ကိုယ်ဟန်အနေအထားကိုမပျက်စေရပဲ သူ၏ခေါင်းကိုလှည့်လိုက်ပြီး ချိန်ယွဲ့ရှန်၏မျက်လုံးများအား နက်ရှိုင်းစွာ စူးစိုက်ကြည့်လိုက်လေသည်။
သူ၏ စူးရှတောက်ပနေသော မျက်လုံးများက သူမ၏နှလုံးသားကို တဒိန်းဒိန်းခုန်သွားစေပြီး ရုတ်တရက် သူမ၏မျက်နှာမှာ ရှက်သွေးဖြန်းသွားလေသည်။ သူမသည် ပျာယာခတ်သွားဟန်တူပြီး သူမ၏အခန်းဆီသို့ ရုတ်ချည်း အပြေးအလွှားပြန်ဝင်သွားလေသည်။
ဇောင်ထျန်ကျောက်က ထိုအခြင်းအရာအား မြင်လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ကိုယ်သူထပ်မံ မထိန်းချုပ်နိုင်တော့ပေ။
” ငါလုပ်နိုင်ပြီကွ..ရှောင်ချန်းရေ..။ ဟားဟားဟား…။ မင်းမြင်လိုက်လား။ ယွဲ့ရှန်က ငါ့ကိုစကားပြောရုံတင်မကသေးဘူး..ငါ့ကို ခေါင်းအစခြေအဆုံးကြည့်သွားတာကွ..။ ပြီးတော့ ယွဲ့ရှန်လေး ရှက်သွားတယ်ကွာ…”
ပိုင်ရှောင်ချန်းသည် သူ့အခန်းထဲမှာထိုင်နေရင်း ပေါင်ကိုရိုက်ချလိုက်ပြီး အာမေဋိတ်သံပြုလိုက်သည်။
” ဒီလိုမှပေါ့ဗျာ..။အဲ့တာက အစ်ကိုကြီး သန်သန်မာမာနဲ့ သွေးဆောင်ဖြားယောင်းတဲ့အခါ အစ်မယွဲ့ရှန်က သဘောကျတယ်လို့ရည်ညွှန်းတာပဲဗျ”
နောက်ဆုံး၌ သူရေးဆွဲပြီးအကောင်အထည်ဖော်ခဲ့ရသော အစီအစဥ်က ကြီးမားသောတိုးတက်မှုရှိခဲ့သည့်အတွက် ပို၍ပင်စိတ်လှုပ်ရှားခဲ့ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဇောင်ထျန်ကျောက်မှာ အလွန်တောက်ပနေသောမျက်လုံးများနှင့် သူ၏အခန်းထဲသို့ပြန်ရောက်လာပြီး စိတ်လှုပ်ရှားမှုကြောင့် ရှေ့နောက်လှည့်ပတ်လျှောက်နေလေသည်။
” ငါအဲ့လိုသာနေရင် ဂိုဏ်းတူညီမလေးယွဲ့ရှန်က ငါ့ကိုသဘောကျတယ်ဆိုတာ အရင်ကဘာလို့သတိမထားမိရတာလဲ။ မင်းကတကယ် အံ့သြစရာပဲ ရှောင်ချန်းရေ…။ ဟားဟားဟား”
” ဟုတ်တာပေါ့..ကျုပ်သိတာပေါ့ဗျာ” ပိုင်ရှောင်ချန်းက ဆိုလေသည်။
” ကျုပ်ပြောတဲ့အတိုင်းပဲ..ဒီဟာက အချစ်သူတော်စင် ပိုင်ရှောင်ချန်း ကြံရွယ်ထားတဲ့ဝှက်ဖဲလေဗျာ..” ချောင်းဟန့်လိုက်ပြီး တင်းမာနေသောအသံဖြင့်ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ စိတ်လှုပ်ရှားဖို့အချိန်စောလွန်းသေးတယ်ဗျ…။ အခုမှ ပထမဆုံးခြေလှမ်းပဲရှိသေးတာ..။ အစ်ကိုက အစ်မယွဲ့ရှန်ရဲ့ အာရုံစိုက်မှုကိုအပြည့်ရရစေမယ်။ ဒါပေမဲ့အခုကျုပ်တို့ အရာရာကိုပြန်စုစည်းဖို့လိုနေပြီ။ ကျုပ်တို့ အစ်ကို့အပေါ်မှာ အစ်မ ယွဲ့ရှန်က အရင်ကထက်ပိုစိတ်ဝင်စားဖို့နဲ့ အစ်မယွဲ့ရှန်ရဲ့နှလုံးသားထဲ အစ်ကို့ရဲ့မျက်နှာကိုမဖျောက်နိုင်တော့တဲ့အထိ မြှုပ်နှံပေးဖို့ လိုနေပြီဗျ”
ဇောင်ထျန်ကျောက်မှာ ချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။ သူက အလွန့်အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။
” မင်းငါ့ကိုဘာဆက်လုပ်စေချင်တာလဲ”
ပိုင်ရှောင်ချန်းက ထိုနေရာတွင်ထိုင်လျက် တွေးတောနေစဥ်တွင် သူ၏နှာခေါင်းအားပွတ်သပ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ယခင်ကထက်ပို၍ တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်။
” အစ်ကိုကြီးဇောင်… ကျုပ်တို့နောက်ထပ်လှုပ်ရှားမှုအတွက် အချိန်ဆွဲနေလို့မဖြစ်ဘူး။ ကျုပ်တို့ မနက်ဖြန်လုပ်ရမယ်…”
” အစ်မယွဲ့ရှန် ပင်မကုန်းပတ်ပေါ် မသွားတာ ရက်အနည်းငယ်တောင်ရှိနေပြီ။ တကယ်လို့ အစ်မယွဲ့ရှန်က မနက်ဖြန်အစ်ကိုကြီးကို စင်္ကြံလမ်းမှာမတွေ့ရဘူးဆိုရင် သေချာပေါက်အပြင်ထွက်သွားလိမ့်မယ်..။ ဒါကြောင့် အစ်မယွဲ့ရှန်ကို သင်္ဘောရဲ့ဘေးဘက် လှိုင်းတံပိုးတွေအများကြီးရှိတဲ့အရပ်မှာစောင့်နေဖို့လိုအပ်တယ်”
” အစ်ကိုကြီးမှတ်ထားရမှာက…အဝတ်ပါးပါးလေးတွေပဲဝတ်ဖို့ လိုတယ်ဆိုတာပဲ။ အစ်မယွဲ့ရှန်ထွက်လာတာနဲ့ ကောင်းကင်တံတားပင်လယ်လှိုင်းအချို့ အစ်ကို့အပေါ်ကျပြီး အင်္ကျီတွေစိုသွားအောင် သေချာလုပ်ရလိမ့်မယ်။ အဲဒီနည်းလမ်းနဲ့ အစ်ကို့ရဲ့ ကြွက်သားတွေ အမြောင်းလိုက် ထနေတဲ့ ခန္ဓာကိုယ်ကြီးကို အစ်မယွဲ့ရှန်ရှေ့မှာ ထပ်ပြပြီးသားဖြစ်သွားလိမ့်မယ်။ အဲဒါက အစ်မယွဲ့ရှန်ကို အရင်ကထက်ပိုပြီးစိတ်ဝင်စားသွားစေအောင် လုပ်ပေးလိမ့်မယ် ”
နတ်ဆရာ၊ စုန့်ချွဲနှင့် ချင်းမေ့ယွမ်တို့အားလုံးမှာ ဘေးဘက်တွင်ရပ်နေကြပြီး ပိုင်ရှောင်ချန်း၏စကားကိုနားထောင်နေစဥ် သူတို့၏မျက်နှာအထက်တွင် နေမထိထိုင်မသာဖြစ်နေသောအမူအယာများ ပေါ်လာကြလေသည်။
တခဏကြာတိတ်ဆိတ်နေပြီးနောက် ဇောင်ထျန်ကျောက်က
” မင်းဘာပြောပြော ငါလုပ်မယ်…ရှောင်ချန်း ” ဟုပြောလိုက်လေတော့သည်။