အခန်း ( ၄၅၂ )

မယုံကြည်နိုင်စရာကောင်းအောင် ပြောင်းလဲသွားသော လက်ရွေးစင်

ဇောင်ထျန်ကျောက်က အံကြိတ်ကာ နီမြန်းနေသည့် မျက်ဝန်းများဖြင့် ကြိမ်းဝါးလိုက်သည်။
“မနက်ဖြန်။ မနက်ဖြန် မနက်ရောက်ရင် ငါမင်းရဲ့ အကြံအတိုင်း လုပ်မယ်ကွာ ”

သူက ပြတ်သားမှုများပြည့်နှက်နေသည့် နှလုံးသားဖြင့် ပိုင်ရှောင်ချန်းကို ကျေးဇူးတင်ကြောင်း ဦးညွှတ်၍ ပြသကာ နောက်လှည့် ထွက်ခွာသွားတော့သည်။

သူ၏ နောက်လိုက်နှစ်ယောက်မှာလည်း တစ်ယောက်နှင့် တစ်ယောက် ကြောင်အမ်းအမ်း ကြည့်လိုက်ကြပြီး ပိုင်ရှောင်ချန်းကို ဦးညွှတ်အရိုအသေပေးကာ ဇောင်ထျန်ကျောက်၏နောက်သို့လိုက်၍ ကုန်းပတ် နှစ်ဆီသို့ ပြန်သွားတော့သည်။

ဇောင်ထျန်ကျောက်နှင့် သူ၏ နောက်လိုက်များ ထွက်ခွာသွားပြီးနောက် နတ်ဆရာက မတ်တတ်ထရပ်ကာ ပိုင်ရှောင်ချန်းကို ရိုသေလေးစားမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူသည် ပိုင်ရှောင်ချန်း၏ အချစ်ရေးအချစ်ရာကျွမ်းကျင်မှုအောက်သို့ လုံးလုံးရောက်သွားပြီဖြစ်သည်။

“ ပညာရှိတစ်ယောက်၏ စကားကိုနားထောင်ခြင်းသည် စာအုပ်များကိုနှစ်ထောင်ပေါင်းများစွာဖတ်နေခြင်းထက် ပို၍ သာလွန်သည် “ ဟူသော ဆိုရိုးစကားအတိုင်းပင် နတ်ဆရာက ခံစားနေရပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ပြိုင်ဘက်ကင်းနည်းကိုသာ သူတတ်မြောက်ပါက အဏ္ဏဝါခေါ်သံဂိုဏ်းသို့ သူပြန်ရောက်လျှင် ကောင်းကင်ကြီးကိုပင် ကြိမ်းမောင်းနိုင်ကာ သတ္တဝါအားလုံး၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည်ဟု သူကယုံကြည်နေတော့သည်။

ထိုအတွေးများကြောင့် နတ်ဆရာမှာ အလွန်အမင်းစိတ်လှုပ်ရှားနေပြီး ချက်ချင်းပင်ရှေ့သို့ လှမ်းကာ ပိုင်ရှောင်ချန်း၏ အရက်ခွက်ကို ဖြည့်ပေးလိုက်တော့သည်။

” ခေါင်းဆောင်လေး။ ဒီလောက်စကားအများကြီး ပြောလိုက်ရတာ ခေါင်းဆောင်လေး ပင်ပန်းနေလောက်ပြီပေါ့။ အာခေါင်တွေလည်းချောက်ကပ်နေလောက်ပြီ။ ဒီမှာ ရေငတ်ဖြေလိုက်ပါဦး။ ”

ပိုင်ရှောင်ချန်းကမူ မေးငေါ့ကာ နတ်ဆရာကိုကြည့်လိုက်ပြီး သူ၏ ရိုသေကျိုးနွံနေပုံကိုကြည့်၍ ကျေနပ်နေတော့သည်။ အရက်တစ်ခွက်ကို မော့သောက်လိုက်ရင်း သူက သဘောကျနေသည့် အမူအရာဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေတော့သည်။

အစပိုင်းတွင် နတ်ဆရာသည် အံ့အားသင့်သွားပါသော်လည်း အလျင်အမြန်ပင် ဣန္ဒြေပြန်ဆည်ကာ ဆိုလိုက်သည်။
” ခေါင်းဆောင်လေး ပခုံးကြောတွေလည်း တင်းနေလောက်ပြီ။ လာလာ။ ကျွန်တော်နှိပ်ပေးမယ်။ ”

ထိုသို့ဆိုကာ သူက အပြေးသွားကာ ပိုင်ရှောင်ချန်း၏ ပုခုံးများကို နှိပ်နယ်ပေးနေတော့သည်။

” ခေါင်းဆောင်လေး။ ” သူက တရိုတသေထပ်ပြောလိုက်သည်။
” အားပြင်းပြင်းနှိပ်ရမလား။ အားဖျော့ဖျော့နှိပ်ရမလား။ ပါးစပ်ကသာ ပြောလိုက်နော်။ ဖြစ်စေရမယ်။ ”

ပိုင်ရှောင်ချန်းမှာ အလွန်အမင်းကျေနပ်လွန်းနေသဖြင့် ရယ်မောကာ သူ့ကိုယ်သူ ယပ်ခတ်လိုက်တော့သည်။ သူ၏အမြင်တွင် သူသည်အလွန် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။ လူလိမ်ညမုဆိုး၏ ကျွမ်းကျင်မှုများနှင့် ဗဟုသုတများ အားလုံးကို ပေါင်းစည်းလိုက်ခြင်းဖြင့် လူအားလုံးမှာ သူ့ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြပြီဖြစ်သည်။

စုန့်ချွဲမှာ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သော်လည်း စိတ်ထဲတွင်မူ သူလည်း အံ့အားသင့်နေရသည်။ ထိုခံစားချက်ကိုမူ သူက ပိုင်ရှောင်ချန်းအား မည်သည့်အခါမှ အသိပေးမည်မဟုတ်ချေ။ ထို့ကြောင့် သူက အသာအယာ နှာမှုတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန်ပြင်လိုက်ချိန်တွင် နတ်ဆရာက ရုတ်တရက် စိတ်ဝင်စားစရာကောင်းသည့် မေးခွန်းတစ်ခုကို မေးလိုက်တော့သည်။

” ခေါင်းဆောင်လေး.. ဇောင်ထျန်ကျောက်ကို စောစောက ပေးလိုက်တဲ့ အကြံကို ကျွန်တော် အရမ်းသိချင်နေတာ။ သူ့ကို ဘယ်လို အဝတ်အစားတွေဝတ်ဖို့ ခေါင်းဆောင်လေးပြောလိုက်တာလဲ။ ”

ထိုအခါ ပိုင်ရှောင်ချန်းက သူ၏ အင်္ကျီလက်ကိုဖြန့်ကာ ပြန်ဖြေလိုက်သည်။
” အော်… မင်းကအဲ့တာ သိချင်တာလား။ ”

ထိုအချိန်တွင် နတ်ဆရာမှာ အပြည့်အဝ ဖာယားသည့်နည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
” ခေါင်းဆောင်လေးက ပြိုင်ဘက်ကင်းလောက်အောင် အမြော်အမြင်ရှိ၊ ဥာဏ်ပညာထက်မြက်ပြီး ရဲရင့်ပါတယ်။ ကျွန်တော့်ရဲ့ သိချင်စိတ်ကို ခေါင်းဆောင်လေးမသိအောင်လို့ ဖုံးကွယ်ထားလို့မရမှန်း ကျွန်တော်သိလို့ ဒီအတိုင်း တည့်တိုးမေးလိုက်ရတာပါ။ ”

ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေသည့်အချက်ကို မဖုံးကွယ်နိုင်တော့ပေ။ ထို့ကြောင့် သူက ရယ်မောကာ ပြန်ဖြေလိုက်သည်။
” အေးကွ အမှန်ပဲ။ ငါက အချစ်သူတော်စင် ပိုင်ရှောင်ချန်းလေကွာ။ အချစ်နယ်မြေကြီးကို ငါသိမ်းပိုက်ထားတာ ဆယ်စုနှစ်များစွာ ရှိနေပြီ။ ငါမသိမမြင်ဖူးတာ ရှိဦးပါ့မလား။ ”

” အာ…ထားပါ။ မင်းတို့က နက်ဖန် ကုန်းပတ်နှစ်ပေါ်ကို သွားပြီး ကိုယ်တိုင်ကြည့်လို့မရဘူး။ အဲ့လိုလုပ်ရင် အကြံပျက်သွားလိမ့်မယ်။ ”
ထိုသို့ဆိုကာ သူက သူ၏ထည့်စရာအိတ်ကို ပုတ်ကာ သူ၏ ကြေးမုံကိုထုတ်ယူပြီးဆိုလိုက်သည်။
” ချွဲအာရေ။ ဒီကြေးမုံကို ဂိုဏ်းတူအစ်ကိုကျောက်ဆီကို သွားပို့ပေးပါလား။ ဒီမှန်ကို သူ့ကိုယ်နဲ့မကွာဆောင်ထားဖို့ပြောလိုက်ဦး။ အဲ့တာမှ ဘာတွေဖြစ်နေတာလဲကို မြင်နိုင်ပြီး သူ့ကို လိုအပ်သလို အကြံပေးနိုင်မှာ။ ”

စုန့်ချွဲမှာ တွေဝေနေပါသော်လည်း ပိုင်ရှောင်ချန်းက ကြေးမုံကိုလှမ်းပစ်လိုက်သဖြင့် ဖမ်းလိုက်ရသည်။ သူက ငြင်းဆန်ချင်ပါသော်လည်း ဇောင်ထျန်ကျောက်၏ အစီအစဥ်ကို သိလိုသဖြင့် အံကြိတ်ကာ ကြေးမုံကိုသွားပေးရန် ထွက်ခွာသွားတော့သည်။

ထိုညတွင် မည်သည်မှ မဖြစ်ပွားခဲ့ပေ။ နောက်နေ့နံနက်တွင် ပိုင်ရှောင်ချန်း၊ နတ်ဆရာ၊ စုန့်ချွဲနှင့် ချင်းမေ့ယွမ်တို့မှာ ကျောက်စိမ်းပေလွှာတစ်ခု၏ ပတ်ပတ်လည်တွင် စုဝေးနေကြသည်။ ထိုပေလွှာမှာ အလင်းရောင်ဖျော့ဖျော့လေးတစ်ခုကို အထက်သို့ ထုတ်လွှတ်ပေးနေသဖြင့် မျက်နှာပြင်တစ်ခုပေါ်ပေါက်လာသည်။ ထိုမျက်နှာပြင်ပေါ်ရှိ ပုံရိပ်များမှာ ရှင်းလင်းလှပြီး ပိုင်ရှောင်ချန်း၏အခန်းထက် များစွာပို၍ကြီးမားကာ ပို၍ဇိမ်ကျဖွယ်ကောင်းသည့် အခန်းကြီးတစ်ခန်းပုံကို ဖော်ပြနေသည်။

ထိုအခန်းထဲတွင် ဇောင်ထျန်ကျောက် ရှိနေပါသော်လည်း ယခုတွင်မူ သူ၏မျက်နှာကိုသာ မြင်ရသေးသည်။

သူသည် မျက်မှောင်ကြုတ်နေပြီး မည်သို့ဆက်လုပ်ရမည်ကို တွေဝေနေဟန်ရှိသည်။ ပိုင်ရှောင်ချန်းက သူ့ကိုမြင်ရနေကြောင်းကိုလည်း သူကသိသည်။ အချိန်အတော်အတန်ကြာအောင် တွေဝေလိုက်ပြီးနောက် အဆုံးတွင် သူက အံကြိတ်ကာ ဆိုလိုက်သည်။
” ဒါတွေအကုန်လုံးက ညီမလေး ယွဲ့ရှန်အတွက်ပဲ။ ငါ…ငါ စွန့်စားပြီကွာ။ ”

ဇောင်ထျန်ကျောက်မှာ အချိန်အနည်းငယ်ယူကာ အာရုံစုစည်းလိုက်ပြီး တွေဝေမနေတော့ပဲ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်သည်။ ချက်ချင်းပင် သူ၏ဘေးပတ်လည်တွင် မြူခိုးများပေါ်ထွက်လာပြီး အတွင်းထဲမှ ပွတ်တိုက်သံများကို ကြားနေရသည်။

ပိုင်ရှောင်ချန်းနှင့် အခြားလူများမှာ ထိုမြင်ကွင်းကို ကြေးမုံထဲမှနေ၍ ကြည့်နေကြသည်ဖြစ်ရာ ထူးခြားသောအတတ်တစ်ခုကို မသုံးပါက ထိုမြူခိုးကို ဖောက်ထွင်းကြည့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း နတ်ဆရာ၊ စုန့်ချွဲနှင့် ချင်းမေ့ယွမ်တို့မှာ ဖြစ်ပျက်နေသည်များကို သိချင်လာတော့သည်။

မကြာမီတွင် ပွတ်တိုက်သံများ ပျောက်ကွယ်သွားသော်လည်း မြူခိုးများမှာ ကျန်ရှိနေဆဲပင်။ ဇောင်ထျန်ကျောက်မှာမူ မြူခိုးထဲမှ ထွက်ချင်စိတ် မရှိသည့် ပုံပေါ်နေသည်။ အချိန်များစွာ ကုန်လွန်သွားတော့သည်။ အဆုံးတွင် မြူခိုးထဲရှိ ဇောင်ထျန်ကျောက်၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ တလက်လက် တောက်ပလာသည်ကို မြင်လိုက်ရသည်။

” ရှောင်ချန်း… ငါပြောတာ ကြားရတယ်မလား။ ”
သူက အနည်းငယ်တုန်ရီနေသည့်လေသံဖြင့် မေးလိုက်သည်။
” ငါ့ရဲ့ လေ့လာမှုတွေအရတော့ နေ့တိုင်း ဒီလိုအချိန်ရောက်ရင် ညီမလေး ယွဲ့ရှန်က သူ့ အခန်းထဲကေန ထွက်လာနေကြ။ အဲ့တာကြောင့် မင်းပြောတဲ့အတိုင်း ငါလုပ်ပြီနော်။ ငါအခု အပြင်ထွက်ပြီ ငါ့ကို သူမြင်နိုင်အောင် လုပ်လိုက်မယ်။ ” ဇောင်ထျန်ကျောက်မှာ အလွန်အမင်း စိုးရိမ်နေပုံပေါ်ပြီး သူ့ထံတွင် ယခုထက်ပို၍ အဆင့်မြင့်သည့် ကျင့်ကြံခြင်းအခြေခံရှိလျှင်တောင် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ထိုစိုးရိမ်မှုအပြင် စိတ်လှုပ်ရှားမှုအနည်းငယ်လည်း ပါဝင်နေသည်။

အနည်းငယ်အကြာတွင် ဇောင်ထျန်ကျောက်၏ မျက်လုံးများမှာ မှေးမှိန်သွားပြီး မြူခိုးများမှာ ပျောက်ကွယ်စပြုလာတော့သည်။ ထို့နောက်သူက တံခါးဆီသို့သွားလိုက်တော့သည်။

တံခါးပွင့်သွားသောအခါ မြူခိုးများ အားလုံး ကုန်စင်သွားပြီဖြစ်သည်။ ထိုအခါပေါ်ထွက်လာသည့် မြင်ကွင်းကြောင့် နတ်ဆရာ၊ စုန့်ချွဲနှင့် ချင်းမေ့ယွမ်တို့၏ မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးကျယ်သွားသည်။

သူသည် ပန်းရောင် ဝတ်စုံ၊ ပန်းရောင်ဘောင်းဘီ၊ ပန်းရောင်ဦးထုပ်နှင့် ပန်းရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ အရာအားလုံးမှာ ပန်းရောင်ဖြစ်နေသည်။ သူ၏ မျက်နှာပင်လျှင် ရှက်ရွံ့နေမှုကြောင့် ပန်းရောင်သန်းနေဟန် တူသည်။ အထူးခြားဆုံးမှာ သူ၏လက်ထဲတွင် ပန်းရောင်ငှက်မွှေးဖြင့်လုပ်ထားသည့် ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။

ဇောင်ထျန်ကျောက်မှာ ပုံမှန်မြင်နေကြ ပုံစံနှင့် လုံးဝမတူတော့ပေ။ ပုံမှန်ဆိုလျှင် သူသည် တည်ကြည်ခံ့ညားကာ သူ၏ရေခဲတမျှအေးစက်နေသည့် သစ်သားတုံးကြီးလိုမျက်နှာပေါ်တွင် အမူအရာတစ်ခုမှ မရှိသည့် အထက်တန်းလူတန်းစားတစ်ယောက်နှင့်တူသည်။

သို့သော် ယခုတွင်မူ သူသည် တစ်ကိုယ်လုံး ပန်းရောင်ဖြစ်နေပြီး စနောက်ပျော်ပါးရန်ကြိုးစားနေသည့် ပုံစံပင်ပေါက်နေတော့သည်။ ထိုပြောင်းလဲမှုကြီးမှာ အံ့သြဖွယ်ကောင်းလွန်းလှသဖြင့် ဤအကြံကိုပေးခဲ့သည့် ပိုင်ရှောင်ချန်းပင်လျှင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားနေရသည်။

အခြားကြည့်နေကြသူများမှာလည်း မှင်တက်နေကြစဥ် ဇောင်ထျန်ကျောက်က အံကြိတ်လိုက်ပြီး အစီအစဥ်အတိုင်း ပြည်တီတီမျက်နှာေပးဖြင့် တံခါးအပြင်သို့ထွက်သွားတော့သည်။ သူ့ကိုယ်သူ အသာအယာ ယပ်ခတ်ရင်း ပန်းရောင်ပန်းပွင့်တစ်ခုကိုပင်ထုတ်ကာ သူ၏သွားများဖြင့် ကိုက်လိုက်တော့သည်။ ချိန်ယွဲ့ရှန်၏ အခန်းဆီသို့ ဦးတည်ကာ သူကလျှောက်လှမ်းသွားနေသည့်ပုံမှာ ဂုဏ်အရှိန်အဝါကြီးမားသော မှူးမတ်ကြီးတစ်ယောက်က အမျိုးသမီးများနှင့် ပျော်ပါးရန် ထွက်သွားသည်နှင့်ပင် တူနေသည်။

” အဲ့….အဲ့တာ…. တကယ်ပဲ အစ်ကိုဇောင်လား။ ”
နတ်ဆရာ၏ စကားများပင် ထစ်နေတော့သည်။ စုန့်ချွဲမှာလည်း ထိုနည်းတူ တုန်လှုပ်နေရသည်။ ချင်းေမ့ယွမ်၏ မျက်လုံးများမှာလည်း အံသြမှုများနှင့်အတူ ပြူးကျယ်နေရသည်။

ထိုအချိန်တွင် ချိန်ယွဲ့ရှန်၏ အခန်းတံခါး ပွင့်လာပြီး သူမက အပြင်သို့ထွက်လာတော့သည်။ သူမသည် အစိမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး မားမားမတ်မတ်ရှိနေသည်။ သူမသည် ယခုလေးတင်မှ ရေချိုးထားပြီးဟန်ရှိ သည်။ သူမ၏လည်ပင်းပေါ်တွင် ရေစက်လေးများ ကပ်တွယ်နေသေးသဖြင့် သူမသည် ရေကြာပန်းတစ်ပွင့်အလား လှပနေတော့သည်။ သက်ရှိများအားလုံးထဲတွင် အလှပဆုံးမိန်းကလေးများထဲမှ တစ်ယောက်ဟု သူမကို ခေါ်ဆို၍မရနိုင်ပါသော်လည်း ယောက်ျားသားတိုင်း၏ အာရုံကို သူမ ဖမ်းစားနိုင်မည်မှာတော့ အမှန်ပင်။

သူမသည် ပင်လယ်ပြင်၏ လေညင်းကိုခံစားရန် သွားနေသည်ဖြစ်သော်လည်း တံခါးကိုဖြေးညင်းစွာဖွင့်လိုက်သည့်အချိန်မှာပင် သူမ၏ အမြင်အာရုံက ဇောင်ထျန်ကျောက်အပေါ်သို့ ရောက်သွားတော့သည်။

ထိုအခါ ချက်ချင်းဆိုသလိုပင် သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားသဖြင့် စက်ဝိုင်းသဏ္ဍာန်နီးပါးပင် ဖြစ်သွားရတော့သည်။ သူမမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီ တံခါးကိုပင် ဆက်တွန်းဖွင့်ရန် မေ့သွားတော့သည်။ ဇောင်ထျန်ကျောက်မှာမူ စိုးရိမ်လွန်းနေသဖြင့် မည်သည်ကိုမှမပြောနိုင်တော့ပေ။ သူက မည်သို့ဆက်လုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် ချိန်ယွဲ့ရှန်က သတိပြန်လည်လာတော့သည်။ ထို့နောက် အသက်မပါသော မျက်လုံးကြီးများဖြင့် နောက်သို့ဆုတ်ကာ သူမ၏အခန်းထဲသို့ပြန်ဝင်သွားပြီး တံခါးကို အုန်းခနဲဆောင့်ပိတ်လိုက်တော့သည်။

ထိုတံခါးဆောင့်ပိတ်သံကြောင့် ဇောင်ထျန်ကျောက်မှာ တစ်ခဏမျှ ဆွံ့အသွားရပြီး သူ၏ပါးစပ်ထဲတွင် ကိုက်ထားသည့် ပန်းပွင့်ပင်လျှင် ပြုတ်ကျသွားတော့သည်။ ထို့နောက် သူက သူ၏ အခန်းထဲသို့ အပြေးပြန်သွားကာ ကြေးမုံကို ဆွဲထုတ်လိုက်တော့သည်။

” ကဲ အခြေအနေဘယ်လိုတုံး ရှောင်ချန်းရေ။ ” သူက မေးလိုက်သည်။
” ငါ့…ငါ့အထင်တော့ နည်းနည်း ထူးဆန်းနေသလားလို့ကွာ။ ” ဤအချိန်တွင်မူ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ဇောင်ထျန်ကျောက်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အစ်ကိုအကြီးဆုံးနှင့် လုံးဝမတူတော့ပေ။ သူသည် လမ်းစပျောက်နေသည့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှင့် တူနေပြီဖြစ်သည်။

” မပူပါနဲ့ အစ်ကိုဇောင်ရာ ” ပိုင်ရှောင်ချန်းက ကြေးမုံကိုသုံးကာ တည်ကြည်စွာ ပြောလိုက်သည်။
“ အစ်ကို့ရဲ့ နှလုံးသားကိုတည်ငြိမ်အောင် ထားရမယ်လို့ ကျုပ်ပြောထားတာ အစ်ကိုမေ့သွားပြီလားဗျ။ စောစောက ဖြစ်သွားတာတွေအကုန် ကျုပ်မြင်လိုက်ပါတယ်။ အစ်မ ချိန်ယွဲ့ရှန်ရဲ့ တုံ့ပြန်မှုက ပုံမှန်ပါပဲဗျ။ ပူစရာမလိုဘူး။ ကျုပ်တို့ စီစဥ်ထားတဲ့အတိုင်း ဆက်ပြီးလုပ်ရုံပဲ။ ”

ပိုင်ရှောင်ချန်းမှာ ယုံကြည်မှုပြည့်ဝနေသည့် အသံဖြင့်ပြောရန် ရုန်းကန်နေရပါသော်လည်း ဇောင်ထျန်ကျောက်မှာ သတိမထားမိပေ။ ပိုင်ရှောင်ချန်း၏ စကားများကို ကြားပြီးနောက် သူက စိတ်ကိုပြန်တင်းလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။

” မင်းပြောတာ ငါအကုန်လုပ်မယ်ကွာ ”

” ကျုပ်ကိုသာ ရဲရဲ ယုံကြည်လိုက် ” ပိုင်ရှောင်ချန်းက ရင်ဘတ်ကို ပုတ်ရင်း ပြောသည်။
” အခုဖြစ်သွားတာက ဘာပြဿနာမှ မဟုတ်ပါဘူး။ ”

အမှန်မှာ သူသည် စောစောက ဖြစ်ပျက်သွားသည့်အရာအတွက် အပြစ်ရှိသလို ခံစားနေရသည်ဖြစ်သော်လည်း အတတ်နိုင်ဆုံးကြိုးစားကာ အားတက်သဖွယ်ပြောနေရသည်။ သူက အံကိုကြိတ်ကာ လှပသော ချိန်ယွဲ့ရှန်ကို အစ်ကို ဇောင်ထျန်ကျောက်က သိမ်းပိုက်နိုင်အောင် ကူညီပေးရန် သန္နိ ဋ္ဌာန်ချလိုက်တော့သည်။

နောက်နေ့နံနက် အရုဏ်ချိန်တွင်….

ဇောင်ထျန်ကျောက်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ သတ္တိမွေးနေသည်။ အဆင်သင့်ဖြစ်သောအခါ သူက အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး မြူခိုးများကို ဆင့်ခေါ်လိုက်သည်။ တံခါးကိုတွန်းဖွင့်ကာ မြူခိုးများကို ဖယ်ရှားလိုက်ပြီးသောအခါ သူက လုံးဝမတူညီသော ဝတ်စုံတစ်ခုအား ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရတော့သည်….


Comment

Leave a Reply

Options

not work with dark mode
Reset