” ငါ… ”
ဇောင်ထျန်ကျောက်မှာ စိုးရိမ်စပြုလာပြီး မည်သို့ဆက်ပြောရမည်ကို မသိတော့ပေ။ ပိုင်ရှောင်ချန်း ပြောခဲ့သည့်စကားများအားလုံးကို ကြားပြီးနောက် သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ကျေးဇူးတရားများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
” ပြီးတော့ ”
ပိုင်ရှောင်ချန်းက ဆက်ပြောသည်။
” လ ဆိုတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး ချိန်သားကိုက် ပြုမူလှုပ်ရှားရမှာကို ကိုယ်စားပြုတဲ့ စကားလုံးပဲ။ ကျုပ်တို့အားလုံးက အခုလောလောဆယ် သင်္ဘောကြီးတစ်စင်းပေါ်ရောက်နေတာ။ ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က ကုန်းပတ်တစ်ခုထဲပေါ်မှာ နေရတာ။ အဲ့တာကိုကြည့်ချင်းအားဖြင့် ခင်ဗျားဆီမှာ နေရာဒေသနဲ့ ပတ်သတ်လို့ အားသာချက်ရှိတယ်။ ခင်ဗျားဘက်ကနေ ကျုပ်ပါ ပူးပေါင်းပေးလိုက်မယ်ဆိုရင်တော့ ခင်ဗျား အောင်မြင်မှာ သေချာတယ်။ ”
သူက သူ၏နောက်ဆုံးစကားလုံးများကို သိသာထင်ရှားစေရန် လက်ဝါးနှစ်ဖက်သုံးကာ ကျယ်လောင်စွာလက်ခုပ်တီးပြလိုက်တော့သည်။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် ဆက်ပြောတော့သည်။
” ပြီးတော့ ငွေ ကို ကိုယ်စားပြုတဲ့ ဝိညာဥ်ကျောက်တုံးဆိုတဲ့ စကားလုံး။ အဲ့တာကိုတော့ ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ ခင်ဗျားဆီမှာ ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိမှာပါ။ နောက်ဆုံးကတော့ လူ စကားလုံးပဲ။ အဲ့တာက အလွန်အရေးကြီးပြီး သေခြင်း ဆိုတဲ့ စာလုံးရဲ့ ပြောင်းပြန်ဖြစ်တယ်။ ခင်ဗျားရင်ထဲမှာ အန္တရာယ်ကြီးတစ်ခုကို ခံစားနေရမယ်ဆိုရင်တောင် ခင်ဗျားရဲ့ နှလုံးသားကို တည်ငြိမ်အောင်ထားနိုင်ရမယ်။ ပျာယာခတ်နေလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အပြည့်ရှိမှ ရမယ်။ ပြီးတော့မှတ်ထား… ကျုပ်တို့ အောင်မြင်ပြီဆိုတာနဲ့ နောက်ပိုင်းကိစ္စတွေ ကျုပ်တာဝန်ယူပေးမယ်။ ”
သူ၏ စကားသံထဲတွင် အားပေးမှုများ၊ ခွန်အားများဖြင့် ပြည့်နှက်နေရာ ဇောင်ထျန်ကျောက်၏ သွေးခုန်နှုန်းများပင်မြန်လာပြီး သူ၏ စိတ်ဓာတ်များ တက်ကြွလာတော့သည်။
နတ်ဆရာနှင့် အခြားလူများကမူ ပိုင်ရှောင်ချန်း၏ အသေးစိတ်ရှင်းပြမှုကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားလာကြပြီး ပို၍ပင် အာရုံစိုက်ကာ နားထောင်နေကြတော့သည်။ ပိုင်ရှောင်ချန်း ပြောနေသည့် အရာများမှာ သူတို့အတွက်ပါ အထောက်အကူ ဖြစ်နေနိုင်သည် မဟုတ်ပါလော။
စုန့်ချွဲတစ်ယောက်သာ မလေးမစား အထင်သေးသည့် အမူအရာရှိနေသည်။ သို့သော်လည်း သူကိုယ်တိုင်ပင် နားမထောင်ပဲ မနေနိုင်ပေ။
ပိုင်ရှောင်ချန်းက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
” အရမ်းကြီးလည်း စိတ်လှုပ်ရှားမနေနဲ့ဦး။ ကျုပ် ပြောစရာစကား မကုန်သေးဘူး။ ”
ဇောင်ထျန်ကျောက်မှာ သူကိုယ်တိုင် ပိုင်ရှောင်ချန်း၏ အရက်ခွက်ကို ဖြည့်ပေးလိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ အရက်တစ်ခွက်မော့ကာ လည်ချောင်းကို ရှင်းလိုက်တော့သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
” ငါ့ရဲ့ အချစ်ကိုအနိုင်ယူခြင်းက ရှင်းပြချက်တွေကို သိပြီဆိုတော့ ပိုင်ရှောင်ချန်းက ဘာလို့များ အချစ်နယ်ေမြကြီးကို ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်လဲဆိုတာ ခင်ဗျားသိလောက်ပေါက်ပြီ။ အခု ကျုပ်တို့ အသေးစိတ်အချက်အလက်တွေအကြောင်း ပြောမှရတော့မယ်။ ”
” ခင်ဗျားသိတဲ့အတိုင်းပဲ အချစ်နယ်မြေမှာဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်းသိဖို့လိုသလို ရန်သူကိုလည်း သိဖို့လိုတယ်။ ပြီးတော့ မီးစဥ်ကြည့်ကနိုင်တဲ့ အရည်အချင်းလည်း ရှိဖို့လိုတယ်။ သူမက ခင်ဗျားကိုပြန်ကြိုက်တာလိုချင်တယ်ဆိုရင် အရင်ဆုံး သူမရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေကို ခင်အောင်ပေါင်းထားရမယ်။ တကယ်လို့ ခင်ဗျားက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုရင်တောင်
သူတို့က ခင်ဗျားကို လူကောင်းတစ်ယောက်လို့ မြင်နေရင် ခင်ဗျားက သူမရဲ့အမြင်မှာ အလိုအလျောက် လူကောင်းတစ်ယောက်ဖြစ်သွားပြီ။ ” ပိုင်ရှောင်ချန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောနေရာ သူ၏စကားများမှာ ယုံကြည်ဖွယ်ကောင်းနေတော့သည်။
နတ်ဆရာမှာ သူ၏ပေါင်ကို ရုတ်တရက်ရိုက်လိုက်ပြီးနောက် သူ၏မျက်ဝန်းထဲတွင် တောက်ပသည့် အလင်းရောင်များ လင်းလက်လာတော့သည်။ သူက ခါးမတ်မတ်ထိုင်လိုက်ပြီး ပိုင်ရှောင်ချန်းကို ချစ်ကြောက်ရိုသေ လေးစားမှုများဖြင့် ကြည့်လိုက်တော့သည်။ ပိုင်ရှောင်ချန်း၏ စကားများကို ဘုရားစာအုပ်ထဲရှိ စကားလုံးများကဲ့သို့ပင် သူက သတ်မှတ်နေပြီဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအချက်ကြောင့် နှောင့်ယှက်သလိုခံစားလိုက်ရသဖြင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ နတ်ဆရာကို တစ်ခဏမျှ စွေစောင်းကာ ကြည့်လိုက်ပြီး သူက ဆက်ပြောလိုက်သည်။
” ခင်ဗျား သတိမထားမိတဲ့ အချက်တစ်ချက် ရှိသေးတယ်။ အမျိုးသမီးကျင့်ကြံသူ အများစုက ကျင့်ကြံခြင်းလောကကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကြီးကြောင့် လုံခြုံမှုဆိုတဲ့ ခံစားချက်ကြီးကို မခံစားမိကြဘူး။ မိန်းကလေးတစ်ယောက်ကို လုံခြုမှုတွေ ပေးစွမ်းနိုင်ရင် ခင်ဗျားဟာ မှောင်မိုက်နေတဲ့ညတစ်ညရဲ့ အလင်းတန်းတစ်တန်းလိုမျိုး ဖြစ်သွားမှာ။ သူက ခင်ဗျားကို အလိုလိုနေရင်း သဘောကျလာမှာ။ အဲ့လိုဖြစ်ပြီဆိုတာနဲ့ ခင်ဗျားရဲ့ အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်းကို စလိုက်ရုံပဲ။ ” ထိုစကားလုံးများကိုကြားလိုက်ရသောအခါ ဇောင်ထျန်ကျောက်၏ မျက်ခုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် မြင့်တက်သွားတော့သည်။
နတ်ဆရာမှာ သူကြားနေရသည့် အရာများကို မေ့သွားမည်စိုးသဖြင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ အချက်အလက်များကို သေချာမှတ်သားနေတော့သည်။ ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ကမူ ပိုင်ရှောင်ချန်းကို ရိုသေလေးစားအံ့သြမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။
” ခင်ဗျားတတ်မြောက်ကျွမ်းကျင်နေရမဲ့ ပညာ နှစ်မျိုးရှိတယ်။ အဲ့ပညာနှစ်မျိုးက သူက ခင်ဗျားကို စိတ်ဝင်စားလာစေမဲ့ ပညာတွေပဲ။ သူ့ရဲ့ အာရုံစိုက်မှုကို ရပြီးသွားပြီဆိုရင် ရှေးဟောင်း ကဗျာတစ်ပုဒ်မှာပါတဲ့ စာကြောင်းတစ်ကြောင်းလိုမျိုး မင်းဆက်လုပ်ဖို့ လိုတယ်။ အဲ့စာကြောင်းက ‘ ဗျပ်စောင်းတစ်ခုကိုဆုပ်ကိုင်ပြီး မင်းမျက်နှာကို ကွယ်ထား ‘ တဲ့။ အဓိပ္ပါယ်က မင်းကိုယ်မင်း လျှို့ဝှက်ဆန်းကြယ်စရာကောင်းအောင် နေလို့ ပြောတာ။ သူက ခင်ဗျားကို ချဥ်းကပ်လာပြီဆိုရင် ခင်ဗျားဘက်က နောက်ဆုတ်လိုက်။ သူက နောက်ဆုတ်သွားပြီဟေ့ဆိုရင် ခင်ဗျားဘက်က သူနဲ့ပြန်နီးအောင်လုပ်။ အဲ့လို ခွဲခွာ၊ ပေါင်းစည်း အကြိမ်အနည်းငယ်လောက် လုပ်ပြီးသွားရင် သူ့ဆီမှာ ဘယ်လိုမှ မျိုသိပ်လို့မရတဲ့ တက်မက်မှုတွေနဲ့ ပြည့်လာလိမ့်မယ်။ အဲ့အချိန်ရောက်မှ…ဟင်းဟင်း….. ခင်ဗျားက သူ့ကို အပိုင်သိမ်းလိုက်တော့ပေါ့ဗျာ။ ”
ဤအချိန်တွင် ပိုင်ရှောင်ချန်းပင်လျှင် စိတ်လှုပ်ရှားနေသဖြင့် စကားပြောရင်း သူ၏ လက်များကို ကဗျာဆန်ဆန် ဝှေ့ယမ်းနေတော့သည်။
” ဒီနည်းနဲ့ ခင်ဗျားက သူ့ကို လိုက်နေတယ်ဆိုတဲ့ အချက်ကြီးက ကွယ်ပျောက်သွားပြီး သူက ခင်ဗျားကိုလိုက်နေတယ် ဆိုတဲ့ ပုံပေါ်သွားရော။ ”
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက ဒီနည်းလမ်းကိုသုံးပြီး ချွဲအာ အဒေါ်ရဲ့ နှလုံးသားကို အပိုင်သိမ်းခဲ့တာပေါ့။ ”
စုန့်ချွဲ၏ အမူအရာမှာ ပို၍ မည်းမှောင်သွားပြီး မရင့်ကျက်သည့်ပုံစံဖြင့် လူများကို လုံးဝမနှစ်သက်ဖူးသည့် သူ၏အဒေါ်မှာ ပိုင်ရှောင်ချန်းကို လုံးဝစွဲလမ်းသွားရသည့် အကြောင်းပြချက်ကို ရုတ်ချည်း သူ သိသွားတော့သည်။
စုန့်ချွဲမှာ ဤအခန်းထဲမှ ထွက်သွားချင်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ စကားများမှာ အနာဂတ်တွင် အသုံးဝင်နိုင်မည်ဖြစ်ကြောင်းကို သူကသိသည်။ ထို့ကြောင့် သူက ဆင်ခြေတစ်ခုပေးကာ အခန်းထဲမှ ထွက်မသွားတော့ပေ။
” ဒီပိုင်ရှောင်ချန်း ဆိုတဲ့ကောင်ရဲ့ အမှန်တရားကို ငါ့အဒေါ် မသိသိအောင် လုပ်မှရမယ်။ ”
သူကတွေးလိုက်သည်။
ဇောင်ထျန်ကျောက်မှာလည်း အလွန်အမင်း အံ့အားသင့်နေတော့သည်။ စုန့်ချွဲ၏ မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ပါက ပိုင်ရှောင်ချန်းက ညာနေခြင်းမဟုတ်ကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဇောင်ထျန်ကျောက်၏ ယုံကြည်မှုများမှာ ပို၍ ပြင်းထန်လာတော့သည်။
” ဒီအချိန်ရောက်ပြီဆိုရင်တောင် ခင်ဗျားက အချစ်နယ်မြေမှာ အနိုင်မရသေးဘူး။ ခင်ဗျားရဲ့ နေရာက မခိုင်မြဲသေးလို့ ထပ်ကြိုးစားပြီးမှ ခိုင်မြဲအောင် လုပ်ရမှာ။ ”
ပိုင်ရှောင်ချန်းသည် သူ၏စကားများကြောင့် လူတိုင်း အံ့အားသင့်နေရသည်ကို ကြည့်၍ သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေတော့သည်။ သူသည် လွန်ခဲ့သည့် သုံးရက်လုံးလုံး ဤကိစ္စကို လူလိမ်ညမုဆိုးနှင့် ဆွေးနွေးနေခဲ့သည် ဖြစ်ပြီး သူကြားခဲ့ရသည့်အရာများကြောင့် သူကိုယ်တိုင် အံ့အားသင့်ခဲ့ရသည်။
” ငါနားလည်ပြီ။ ”
ဇောင်ထျန်ကျောက်က စိတ်လှုပ်တရှားပြောလိုက်သည်။
” မင်းပြောတဲ့ ကိုယ့်ရဲ့ နေရာကို ခိုင်မြဲအောင် လုပ်ဆိုတာကို ငါနားလည်တယ်။ အဲ့တာ ကျင့်ကြံခြင်းလိုမျိုးပဲမလား။ အဆင့်တက်ပြီးသွားရင် မင်းရဲ့ ကျင့်ကြံခြင်းအခြေကို တည်မြဲအောင် ပြန်လုပ်ရသလို မျိုးလေ။ ငါနားလည်ပြီ။ ”
” ဟာ ခင်ဗျားနားမလည်သေးပါဘူး။ ” ပိုင်ရှောင်ချန်းက ပြူးကြည့်ရင်း ဟောက်လိုက်သည်။
” ခင်ဗျားသိတာက ရှိရင်းစွဲ ခံစားချက်တွေကို အသုံးချပြီး နီးကပ်လာအောင် လုပ်တာပဲရှိတာ။ ကျုပ်ပြောနေတာ အဲ့တာမဟုတ်ဘူး။ ဒီအချစ်ဆိုတဲ့ နယ်မြေကြီးထဲမှာ အမြင့်မားဆုံးအရာက နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ခြားပြီး နေနိုင်ခြင်းပဲ။ သူ့ကို ခံစားချက်တွေပေါင်းစုံနဲ့ ရှုပ်ထွေးသွားအောင် ခင်ဗျားလုပ်ရမှာ။ ခင်ဗျားကို သူက အချိန်မရွေးဆုံးရှုံးသွားနိုင်ပါလား ဆိုတဲ့ ခံစားချက်မျိုးတွေပေါ့ကွာ။ အဲ့လိုအချိန်ရောက်မှ ခင်ဗျားက စတင်လှုပ်ရှားရမှာ။ ”
” ဒီအဆင့်မှာ ခင်ဗျားက သူနဲ့ အချိန်အကြာကြီး လုံးဝလုံးဝကို အတူတူမနေရဘူး။ ခင်ဗျားသာ အဲ့လိုနေလိုက်မယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက်အကြားမှာ ပေါက်ဖွားနေတဲ့ ခံစားချက်တွေကို သူက ရောင့်ရဲကျေနပ်သွားရုံပဲရှိမှာ။ ခင်ဗျားက သူ့ကို အဲ့လိုခံစားချက်တွေကို တန်ဖိုးထားတတ်အောင် လုပ်ပေးရမှာ။ သူက ခင်ဗျားနဲ့ အတူတူမရှိရရင် မနေနိုင်လောက်အောင် ဖြစ်တဲ့အထိ ခင်ဗျားလုပ်ပေးရမှာ။ မှတ်ထား။ လွယ်လွယ်နဲ့ရရင် လွယ်လွယ်နဲ့ တန်ဖိုးမဲ့တတ်တယ်တဲ့။ ”
ထိုသို့ပြောရင်း ရုတ်တရက် ပိုင်ရှောင်ချန်းမှာ ငြိမ်ကျသွားပြီး အချစ်၏အမှတ်တရများထဲတွင် နစ်မျောကာ မရင့်ကျက်သေးသော လူငယ်ဘဝတုံးက ပျော်ရွှင်မှု၊ဝမ်းနည်းမှုပေါင်းစုံ ရောပြွမ်းနေသည့် သတိရစရာလေးများကို ပြန်လည်တမ်းတနေသည့်အလား သူ၏မျက်နှာပေါ်တွင် အတိတ်ကိုပြန်လည်တမ်းတနေပုံရသည့် အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။
တကယ်တမ်းမှာ သူသည် လူလိမ်ညမုဆိုးနှင့် သူနှင့် ဆွေးနွေးခဲ့သည့်အရာများကို ပြန်လည်စဥ်းစားကာ နောက်ထပ် မည်သို့ဆက်ပြောရမည်ကို စိတ်ထဲတွင် ပြန်လည်ပုံဖော်နေခြင်းဖြစ်သည်။ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးသွားအခါ သူ၏ အတွေးများကို စီစဥ်ပြီးဖြစ်သွားတော့သည်။
ထိုတချိန်လုံးတွင် ဇောင်ထျန်ကျောက်မှာမူ ရိုသေလေးစားမှုများထဲတွင် နစ်မျောနေပြီး ပိုင်ရှောင်ချန်းမှာ မရေမတွက်နိုင်သော အချစ်ပုံပြင်များအကြားထဲတွင် ပြန်လည်စီးမျောနေမည်ဖြစ်ကြောင်း ယုံကြည်နေတော့သည်။
ဇောင်ထျန်ကျောက်၏ ဘဝအတွေ့အကြုံအဆင့်အတန်းအရ အခြားအခြေအနေများတွင် ဤသို့ အလွယ်တကူလွှမ်းမိုးခံရမည်မဟုတ်ပေ။ သို့သော် သူ၏ နှလုံးသားမှာ ချိန်ယွဲ့ရှန်၏ အကြောင်းများနှင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ စကားများကြောင့် သူက အံ့အားသင့်နေရပြီး ပိုင်ရှောင်ချန်း၏ ရှင်းလင်းချက်များကို သူက မှန်သည်၊မှားသည်ပင် မဝေခွဲနိုင်တော့ပေ။
အတိတ်ကို ပြန်ပြောင်းသတိရနေသော အရိပ်အယောင်များ တောက်ပနေဆဲဖြစ်သည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းမှာ ဇောင်ထျန်ကျောက်က သူ့ရှေ့တွင်ရှိနေသည်ကိုပင် မေ့နေသည့်အလား လေသံတိုးတိုးလေးဖြင့် ဆိုလိုက်သည်။
” အချိန်ကောင်းအခါကောင်းကို ခင်ဗျား စောင့်ရမယ်။ ခင်ဗျားက သူမကို တဖြည်းဖြည်း လက်ခံလာနေတဲ့ပုံစံ ပေါက်အောင် လုပ်ရမယ်။ ”
” အဲဒီနောက် အချိန်ကောင်းကို ရောက်ပြီဆိုတဲ့အခါမှ ခင်ဗျားက သူ့ကို တစ်သက် မမေ့နိုင်လောက်အောင် အံ့သြစရာကောင်းတဲ့ အရာတစ်ခု ပေးလိုက်ရုံပဲ။ မှန်ကန်စစ်မှန်တဲ့ တစ်ခုထဲသော ရွေးချယ်မှုက ခင်ဗျားကို သူ့ရဲ့ တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ပဲဆိုတဲ့ အသိကို သူ့ခေါင်းထဲ ထည့်ပေးလိုက်ရမှာ။ အဲ့အချိန်ရောက်လို့ ခင်ဗျားကို လက်လွှတ်ဆုံးရှုံးရမှာ သေလုမတတ် ကြောက်နေရမယ်ဆိုတဲ့အသိသာ သူ့ခေါင်းထဲဝင်သွားပြီဆိုရင် သူ့မှာ ပျော်ရွှင်မှုကလွဲပြီး တခြားအရာတွေကို သိမှာတောင် မဟုတ်တော့ဘူး။ အစ်ကို ဇောင်ထျန်ကျောက်ရေ….အဲအချိန်ရောက်ရင် အစ်ကို့ရဲ့ အောင်မြင်မှုအတွက် ကျုပ်က ဂုဏ်ပြုပေးလို့ ရပြီပေါ့ဗျာ။ ”
ထိုအချိန်တွင် သူသည် အတိတ်၏ အမှတ်တရများထဲမှ ပြန်လည်လွတ်ထွက်လာသည့်ပုံပေါ်လာပြီး ဇောင်ထျန်ကျောက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏အသံကို မြှင့်ကာ ဆက်ပြောလိုက်သည်။
” ဒါပေမဲ့ သတိပေးရဦးမယ် အစ်ကိုဇောင် ရေ။ အချစ်ရေးအချစ်ရာဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ပြီးတော့ အစ်ကိုက ရှုပ်ထွေးတဲ့ ရေရှည် စီမံချက်နဲ့ သူ့အချစ်ကို ရယူမှာဆိုတော့ အစ်ကိုချစ်ရသူကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ပါဘူးဆိုပြီး ကတိတော့ပေးရမယ်။ အဲ့လိုစွန့်ခွာရင် အစ်ကို့ကို ကောင်းကင်ဘုံက အပြစ်ပေးမှာဗျ။ ”
ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ စကားသံများမှာ ကျယ်လောင်လွန်းလှသဖြင့် နားစည်များကွဲအက်လောက်အောင်ပင် စူးရှနေတော့သည်။ ဇောင်ထျန်ကျောက်မှာ အလွန်အံ့သြနေသဖြင့် မတ်တတ်ထရပ်ကာ လက်ယှက်၍ တရိုတသေ ဦးညွှတ်လိုက်တော့သည်။
သူက တည်ကြည်နေသည့် အမူအရာ၊ ပြတ်သားမှုများဖြင့် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဆုံးဖြတ်ချက်အပြတ်သားဆုံးသောလေသံဖြင့် ဆိုလိုက်သည်။
” ဇောင်ထျန်ကျောက်ဆိုတဲ့ ကျုပ် ဒီနေရာမှာပဲ သစ္စာဆိုပါရစေ။ ဂိုဏ်းတူညီမလေး ယွဲ့ရှန်နဲ့သာ ပေါင်းစည်းနိုင်လို့ကတော့ သူက ကျုပ်တစ်ဘဝလုံးစာ တစ်ဦးထဲသော တာအိုလက်တွဲဖော် ဖြစ်စေရပါ့မယ်။ ကျုပ်ရဲ့ သစ္စာကို ချိုးဖောက်မိပါက ကောင်းကင်ကြီးက ကျုပ်ကိုဖျက်စီးပြီး ကမ္ဘာမြေကြီးက ကျုပ်ကို မြုပ်နှံပါစေသား။ ”
” ကောင်းတယ်။ ”
ပိုင်ရှောင်ချန်းက ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အလား ထောက်ခံသည့်အမူအရာဖြင့် ခေါင်းညိတ်၍ ဆိုလိုက်သည်။
” အဲ့လိုဆိုမှတော့ အချစ်သူတော်စင် ပိုင်ရှောင်ချန်းဆိုတဲ့ ကျုပ် က အစ်ကို့ကို ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေ ရှင်းပြရတာ အလကား မဟုတ်တော့ပါဘူး။ ” ထို့နောက် သူက နတ်ဆရာ၊ စုန့်ချွဲ နှင့် ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ကိုပါ ကြည့်ကာ ဆက်ပြောလိုက်သည်။
” မင်းတို့တွေလည်း အတူတူပဲ။ ”
နတ်ဆရာမှာလည်း တွေဝေမနေပဲ သစ္စာဆိုလိုက်တော့သည်။စုန့်ချွဲမှာမူ ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ အပြစ်ရှိသလိုခံစားလိုက်ရပြီး သစ္စာဆိုရန် ပြင်လိုက်ပြီးနောက် အဆုံးတွင် နှာမှုတ်လိုက်ကာ စကားမပြောတော့ပေ။
ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်မှာလည်း အလွန်အမင်း တုန်လှုပ်နေကြသဖြင့် နှစ်ခါစဥ်းစားမနေပဲ သစ္စာဆိုလိုက်တော့သည်။
ပိုင်ရှောင်ချန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ အရက်နောက်တစ်ခွက် သောက်လိုက်ပြီးနောက် သူက စိတ်အားထက်သန်နေသည့် ဇောင်ထျန်ကျောက်ကိုကြည့်ကာ ပြုံးလိုက်ပြီးနောက် မေးငေါ့လိုက်သည်။
” ကောင်းပြီ။ လုပ်စရာရှိတဲ့ ထုံးတမ်းစဥ်လာတွေလည်း ပြီးသွားပြီဆိုတော့ ဂိုဏ်းတူအစ်မ ယွဲ့ရှန်ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အစ်ကို သွားပြီး ပူးပေါင်းရမဲ့ အချိန်ကျပြီ။ ”
” နေဦး။ ” ဇောင်ထျန်ကျောက်က တားလိုက်သည်။
” ငါ အဲ့လိုလုပ်လို့မရဘူး။ ညီမလေး ယွဲ့ရှန်မှာ မိတ်ဆွေနှစ်ယောက်ပဲရှိတာ။ သူတို့နှစ်ယောက်ကလည်း မြေရိုင်းဒေသဆီကို ထွက်သွားတာ နှစ်နဲ့ချီနေပြီ။ ပြီးတော့ သူ့မိသားစုဝင်ဖြစ်တဲ့ သူ့ရဲ့အဖေက ငါ့ဆရာဟ။ သူက အရမ်းစည်းကမ်းတင်းကျပ်တာ။ ငါက ဘယ်လိုနည်းနဲ့ သွားပူးပေါင်းရမှာတုံး။”
” အစ်ကို့ ဆရာက မျက်လုံးသုံးလုံးနဲ့ အဘိုးကြီးလား။ ”
ပိုင်ရှောင်ချန်းက ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ဇောင်ထျန်ကျောက်သည် ချောင်းဟန့်လိုက်ပြီး ပိုင်ရှောင်ချန်းက သူ၏ဆရာကိုခေါ်သည့်ပုံစံကို ပြုပြင်ပေးရန်တွေးလိုက်သော်လည်း သူက အကူအညီတောင်းနေသူဖြစ်နေသဖြင့် သတိမထားမိချင်ယောင်သာ ဆောင်လိုက်တော့သည်။
ပိုင်ရှောင်ချန်းသည်လည်း ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ကိုသာ ပေါင်းစည်းအောင် လုပ်ပေးနိုင်ပါက သူ့ဘက်တွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ရှိလာမည်ဆိုသော အတွေးများက သူ၏နှလုံးသားကို လွှမ်းမိုးသွားတော့သည်။ ဇောင်ထျန်ကျောက်၏ အခြေအနေကို ဖြေရှင်းပေးရန် နည်းလမ်းများကို သူက ချက်ချင်းပင် တွေးတောပေးလိုက်တော့သည်။
အနည်းငယ်အကြာတွင် သူ၏မျက်လုံးများမှာ အရောင်လက်သွားသည်။
” ကောင်းပြီ။ ဗျူဟာပြောင်းရအောင်။ အစ်မ ယွဲ့ရှန်က အစ်ကို့ကို အာရုံစိုက်မိအောင်လုပ်ဖို့လိုတာ။ အဲ့တော့ သူနှစ်သက်တဲ့ ယောက်ျားလေးပုံစံက ဘယ်လိုလဲဆိုတာ သိအောင် လုပ်ရမယ်။ ”
” ငါ သေချာမသိဘူးဟ။ ” ဇောင်ထျန်ကျောက်မှာ ယခင်ကထက်ပင် ပို၍ သနားစရာကောင်းစွာ ပြောလိုက်တော့သည်။
” မပူပါနဲ့။ ကျုပ် အကုန်လုံးကို တာဝန်ယူပေးပါ့မယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိနိုင်ဖို့ဆိုရင် အလွယ်ဆုံးက သူတို့ဝတ်တဲ့ အဝတ်အစားတွေပဲ။ ဒီလိုလုပ်။ နောက်ရက်အနည်းငယ်ကြာရင် အစ်ကိုဝတ်ရမဲ့ အဝတ်အစားတွေကို ကျုပ်ရွေးပေးမယ်။ သူ ဘာကြိုက်လဲဆိုတာသိဖို့ သိပ်အကြာကြီး မလိုပါဘူး။ ”
ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်ဝတ်ရမည့် အဝတ်အစားများကို စဥ်းစားရင်း ဤအကြံမှာ အကောင်းဆုံးဖြစ်ကြောင်း တွေးလိုက်တော့သည်။ ထို့နောက် သူက ဇောင်ထျန်ကျောက်ကို သူ့အနားသို့ဆွဲခေါ်လိုက်ပြီး သူ၏ နားထဲသို့ သူဝတ်ရမည့် ဝတ်စုံများ၏ အသေးစိတ်များကို တိုးတိုးလေး ပြောပြလိုက်သည်။
ဇောင်ထျန်ကျောက်၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများပြူးသွားပြီး တရှူးရှူးတရှဲရှဲ အသံများပင်ထွက်လာကာ မှင်တက်နေတော့သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ပေါ်လာတော့သည်။
” ငါတို့ တကယ်အဲ့လိုလုပ်မှရမှာလားကွာ။ ”
” သိပ်ဟုတ်တာပေါ့။ သူ့ တုံ့ပြန်မှုကို သေချာကြည့်ထား။ သူက မျက်မှောင်ကြုတ်တာတို့ အကြည့်လွှဲလိုက်တာတို့ဆိုရင် အဲ့ဝတ်စုံကို မကြိုက်လို့ပဲ။ သေချာကြည့်နေပြီဆိုရင် သူ စိတ်ဝင်စားလို့ပဲ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှ အကုန်လုံးကို ကျုပ်ကို သေချာပြန်ပြောပြ။ ”
ဇောင်ထျန်ကျောက်မှာ ချီတုံချတုံဖြစ်နေသဖြင့် နတ်ဆရာနှင့် အခြားလူတို့မှာ ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်အား မည်သို့သော အဝတ်အစားများ ဝတ်ခိုင်းသည်ကို သိချင်လာတော့သည်။
သို့သော်အဆုံးတွင် ဇောင်ထျန်ကျောက်က စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ သူက အံကိုကြိတ်ကာ ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
” မင်းပြောသမျှ ငါလုပ်မယ်ကွာ။ “