အသက်ရှူကြိမ်ဆယ်ကြိမ် ကုန်ဆုံးသွားပြီဖြစ်ပါသော်လည်း ထိုလက်သီးချက်ထဲတွင် ကောင်းကင်ဘုံ၏စွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေဆဲပင်။ ယခုတွင် ၎င်းမှာ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းထားသဖြင့် မြေပြင်ကြီးမှာ တုန်ရီကာ အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ ဘေးပတ်ပတ်လည်ရှိ တောင်တန်းများမှာလည်း ထိုနည်းတူပင်။ အထူးသဖြင့် ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေကြသည့် ပြိုင်ပွဲဝင်များမှာဆိုလျှင် တုန်လှုပ်ချောက်ချားသွားကြပြီး အဝေးသို့ထွက်ပြေးသွားကြတော့သည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာမူ အလွန်အင်မတန်မှ စိုးရိမ်နေကြရပြီဖြစ်သည်။
သို့သော် သူတို့မှာ အကူအညီ ပေးနိုင်မည်မဟုတ်သလို ထိုတိုက်ပွဲကြီးထဲ၌ ဝင်ပါနိုင်မည်လည်း မဟုတ်ပေ။ အမှန်တွင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ တိုက်ပွဲကြီးမှာ အမြုတေအဆင့် ကျင့်ကြံသူများ၏ အဆင့်တွင် ရှိမနေတော့ဘဲ ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲကြီးနှင့် ပို၍တူနေပြီဖြစ်သည်။
” သူ ရှုံးသွားတာလား… ” အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာကမ္ဘာကြီး၏ အပြင်ရှိ ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ တစ်စစီကွဲအက်နေသော ကျောက်တုံးများကြားတွင် လဲလျောင်းနေရင်း မိုးကောင်းကင်ကြီးပေါ်မှ ကျဆင်းလာသော ဧရာမ လက်သီးကြီးအား စိုက်ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်၏။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ တိုက်ခိုက်လိုစိတ်များ ကိန်းအောင်းနေဆဲပင်။
” ငါ ထုတ်မသုံးရသေးတဲ့ တိုက်ကွက်တစ်ကွက်ရှိသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ရှူသံများ မြန်ဆန်လာ၏။ တိုက်ပွဲဖြစ်ပွားနေစဉ် တစ်လျှောက်လုံးတွင် မမလေးမှာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သို့သော် မမလေးမှာ အိပ်မောကျနေခြင်းမဟုတ်ဘဲ ထိုတိုက်ပွဲကြီးအား စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။
ဝမ်ပေါင်လဲ့ ထုတ်မသုံးရသေးသည့် တိုက်ကွက်မှာ မမလေးမဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးဖြစ်ပေသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ပထမဆုံးသန့်စင်ခဲ့သည့် ရတနာအစစ်အမှန်တစ်ခု ဖြစ်ပေသည်။ မမလေး၏ ပြောစကားများအရဆိုလျှင် ၎င်းမှာ အရာအားလုံးကို နှိမ်နင်းနိုင်စွမ်းရှိသော ရတနာတစ်ခု ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား သူ၏ ခန္ဓာကိုယ်ထဲတွင် သိမ်းထားခဲ့ပြီး အာဟာရဓာတ်များ ဖြည့်တင်းနေခဲ့သည်မှာ အချိန်အတော်အတန်ကြာနေပြီဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ခြင်များ ထုတ်လွှတ်ပေးနိုင်ရုံမှလွဲ၍ အသုံးမဝင်သည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက ၎င်းအား အသုံးပြုရန် လုံးဝ မတွေးမိခဲ့ပါသော်လည်း ယခုတွင်မူ… သူ၏မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ ကောင်းကင်ပေါ်မှနေ၍ သားရဲလေးကောင် လက်သီးချက်ကြီး သူ၏အနီးသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးမှာ အပြင်းအထန်တုန်ရီသွားပြီး သက်စောင့်စွမ်းအင်များ ထုတ်လွှတ်ပေးလိုက်သောကြောင့် သူ၏ ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည်သက်သာလာ၏။ သူသည် ဒူဂူလင်း၏ ဖိနှိပ်ချုပ်တီးခြင်းကို ခံထားရသဖြင့် သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာ နှေးကွေးနေရသည့်တိုင်အောင် သူ တစ်ကြိမ်မှ ထုတ်မသုံးဖူးသည့် တိုက်ကွက်ကြီးအား ထုတ်လွှတ်နိုင်ရန် စွမ်းအင်အလုံအလောက် ရှိနေဆဲပင်။
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ တိုက်ခိုက်လိုစိတ်များဖြင့် ချက်ချင်းပြည့်နှက်သွား၏။ ထို့နောက် သူသည် နဖူးပေါ်တွင် သွေးကြောများ ထောင်မတ်လာပြီး အော်ဟစ်လိုက်တော့သည်။ သူသည် ဘယ်ဘက်လက်ဖြင့် တစ်စစီကွဲအက်နေသော ကျောက်တုံးများအား ရိုက်လိုက်သောကြောင့် ၎င်းတို့မှာ ကြေမွသွားရ၏။ ထို့နောက် သူသည် ထို ရိုက်ခတ်အားကို အသုံးပြုကာ လေပေါ်သို့ ခုန်တက်သွားတော့သည်။ သူသည် နောက်သို့ထွက်ပြေးသွားခြင်းမရှိဘဲ သူ့ဆီသို့ ဦးတည်လာနေသည့် သားရဲလေးကောင်လက်သီးချက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေခြင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသော ပြိုင်ပွဲဝင်များနှင့် ပြင်ပကမ္ဘာထဲရှိ
ပွဲကြည့်ပရိသတ်များ အားလုံးမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် သေမင်းကို လက်ယပ်ခေါ်နေသည့်အလား သားရဲလေးကောင် လက်သီးချက်ကြီးဆီသို့ တန်းတန်းမတ်မတ်ဦးတည်သွားနေသည့် မြင်ကွင်းကိုကြည့်ရင်း ဆွံ့အမှင်တက်သွားကြ၏။
ဝမ်ပေါင်လဲ့တစ်ယောက် လူတိုင်း၏ အာရုံအား ဖမ်းစားထားပြီး သားရဲလေးကောင် လက်သီးချက်ကြီးမှာ သူနှင့် ပေတစ်ရာသာ ကွာဝေးတော့သည့်အချိန်တွင် သူသည် ခေါင်းမော့လာပြီး သူ၏ရင်ဘတ်အား ဆုပ်ကိုင်လိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ရင်ဘတ်ထဲမှ အလင်းရောင်တစ်ခု တောက်ပလာပြီး ဓားအိမ်တစ်ခု စတင်ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းကာ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်တစ်ခုလုံးကို ထုတ်ယူလိုက်၏။
ထိုဓားအိမ်လေးမှာ ဤလူမှုအဖွဲ့စည်းထဲတွင် မည်သူကမှ မမြင်ဖူးသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်းပေါ်ထွက်လာသောအခါ မိုးကောင်းကင်ကြီးမှာ အသွင်ပြောင်းသွားပြီး လေပြင်များ တိုက်ခတ်ကာ တိမ်တိုက်များ တလိပ်လိပ် ထလာကြ၏။ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးပင်လျှင် တုန်ရီသွားရသည်။ ၎င်းမှာ ဆဋ္ဌမအဆင့် ဓမွမရတနာတစ်ခုသာ ဖြစ်ပြီး ဓမ္မလက်နက်တစ်ခု မဟုတ်ပါသော်လည်း ၎င်း ထွက်ပေါ်လာချိန်တွင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသွားသကဲ့သို့ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဓားအိမ်ထဲမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲ၌ စုဝေးသွားကြတော့သည်။
ထို ဓားအိမ်ထဲတွင် သူမမြင်နိုင်သည့် ဓားတစ်လက် ရှိနေရမည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ သူသည် ၎င်းအား ဆွဲထုတ်ချင်ပါသော်လည်း ထိုသို့ဆွဲထုတ်နိုင်ရန် တစ်ခုခုလိုအပ်နေသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ နောင်တရနေစရာ အချိန်မရှိသလို စဉ်းစားတွေတောနေရန်လည်း အချိန်မရှိပေ။
ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုဓားအား ဆွဲမထုတ်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် ထိုဓားအိမ်အား ဓားတစ်လက်အဖြစ် အသုံးပြုကာ သူ့ဆီသို့ ဦးတည်လာနေသည့် သားရဲလေးကောင် လက်သီးချက်ကြီးအား ဖျက်ဆီးချေမှုန်းရန် ပြင်လိုက်တော့သည်။
အစပိုင်းတွင် ညကောင်းကင်ကြီးအောက်၌ အလင်းရောင်အချို့ ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ထိုအလင်းရောင်များအားလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဓားအိမ်အား ဝှေ့ယမ်းလိုက်သောကြောင့် အလင်းရောင်များအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် နောက်ဆုံးတွင် ထိုဓားအိမ်လေးမှာ သားရဲလေးကောင် လက်သီးချက်ကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။
ထိုအခါ ကမ္ဘာကြီး၏ ဒေါသတကြီး အော်ဟစ်သံများနှင့် ဆင်တူသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရူးသွပ်ဖွယ်ကောင်းလောက်အောင် အားပြင်းသော အငွေ့အသက်ကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံးတုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ သားရဲလေးကောင် လက်သီးချက်၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်တိုင်အောင် သူသည် ကြောက်မက်ဖွယ်ရာ မျက်နှာအမူအရာကြီး တစ်ခုဖြင့် ဓားအိမ်လေးအား လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနေဆဲပင်။
သားရဲလေးကောင်လက်သီးချက်မှာ အလွန်အင်မတန်မှ အစွမ်းထက်သောကြောင့် ဓားအိမ်လေးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရသည်တိုင်အောင် ပျက်စီးသွားခြင်းမရှိပေ။ သို့သော် ၎င်းမှာ အပြင်းအထန် တုန်ရီသွားရသဖြင့် ဝမ်ပေါင်လဲ့အား ဆက်လက်ချုပ်တည်းနိုင်စွမ်း မရှိတော့ချေ။
၎င်းမှာ ဓားအိမ်လေး၏ တားဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ထိုဓားအိမ်လေးမှာ ဝမ်ပေါင်လဲ့၏ စွမ်းအားများအား တိုးချဲ့ပေးကာ သူ့အား ထို သားရဲလေးကောင်လက်သီးချက်ကြီး ပြင်းအားများကို ခုခံနိုင်ရန် ကူညီပေးနေသကဲ့သို့ပင်။ အဝေးမှကြည့်လိုက်မည်ဆိုပါက ထိုမြင်ကွင်းကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။ ဧရာမ သားရဲလေးကောင်လက်သီးချက်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် လူတစ်ကိုယ်စာမျှသာ ဝေးကွာတော့သည် ဖြစ်သည်။ ထို ဧရာမ လက်သီးကြီး၏ အောက်တွင်မူ ဝမ်ပေါင်လဲ့မှာ ဓားအိမ်လေးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ထိုလက်သီး သူ့ပေါ်သို့ ကျမလာအောင် တားဆီးနေ၏။
ထို့ကြောင့် သူသည် ကံကြမ္မာဘီးလုံးကြီး၏ လည်ပတ်မှုကို တားဆီးနေသော ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ဖြစ်နေတော့သည်။ သူ၏ တားဆီးမှုကြောင့် ထိုဘီးလုံးကြီးမှာ မည်သည့်အရာကိုမှ ဖျက်ဆီးနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
ဝမ်ပေါင်လဲ့မှာ သူ၏အစွမ်းအစများအားလုံးကို ထုတ်လွှတ်ထားပြီ ဖြစ်သည်။ ဓားအိမ်လေးအား ဆုပ်ကိုင်ထားသည့် သူ၏လက်မှာ တဆတ်ဆတ် တုန်ရီနေပြီဖြစ်သလို သူ၏ အစိမ်းရောင်ကြာပွင့်လေးမှာလည်း အဆက်အပြတ် တုန်ခါနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အကောင်းပတိအတိုင်း ရှိနေစေရန် သက်စောင့်စွမ်းအင်အမြောက်အမြားကို မရပ်မနားထုတ်လွှတ်ပေးနေ၏။ ထို့ကြောင့် ၎င်းမှာ တစ်စက္ကန့်လေးပင် ရပ်တန့်သွား၍မဖြစ်ပေ။ အကယ်၍ သူသည် တစ်ခဏမျှ အားလျော့သွားမည်ဆိုပါက ချက်ချင်းပင် သေကျေပျက်စီးသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် တောင့်ခံထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှာ ဆက်လက် တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သူ၏ အရေပြားနှင့် အရိုးများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး လက်သီးချက်ကြီး၏ ပြင်းအားကြောင့် ဝမ်ပေါင်လဲ့မှာ အသက်မရှူနိုင်တော့ဘဲ ဖြစ်လာရ၏။ သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ဖျက်ဆီးခံရလိုက်၊ ပြန်လည်ကောင်းမွန်လာလိုက် ဖြစ်နေပါသော်လည်း သူသည် အချိန်အကြာကြီး တောင့်ခံထားနိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် သူ၏ လျှပ်စီးအမြုတေပင်လျှင် စတင်ကွဲအက်လာတော့သည်။ သူ၏ အမှောင်အမြုတေမှာလည်း ထိုနည်းတူပင်။ ၎င်းတို့ပေါ်ရှိ အက်ကွဲကြောင်းများမှာ အဆက်အပြတ် ကြီးထွားလာနေကြသည်ဖြစ်ရာ သူ၏ အမြုတေနှစ်ခုစလုံးမှာ သေချာပေါက် ပျက်စီးသွားတော့မည်ဖြစ်သည်။ ထိုသို့သာဆိုပါက သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး သူ၏ အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်မှာ ပျက်ပြားသွားရမည်ဖြစ်သည်။
သူသည် အသိစိတ်များ ရီဝေဝေ ဖြစ်လာရပြီး နားထဲ၌ အသံမျိုးစုံကို ကြားနေရတော့သည်။ ၎င်းတို့ထဲမှ အချို့မှာ သူကြားဖူးသော အသံများဖြစ်ပါသော်လည်း အချို့ကိုမူ သူ လုံးဝ မကြားဖူးပေ။ သို့သော် ထိုအသံများအားလုံးမှာ သူ့အား အရှုံးပေးရန် စိုးရိမ်တကြီးဖြင့် တိုက်တွန်းနေကြသည်သာဖြစ်သည်။
” ငါ ဘယ်လိုလုပ်ပြီးတော့ အရှုံးပေးလို့ဖြစ်မှာလဲ။ ငါ့ရဲ့တာအိုက ငါ့ကို အရှုံးပေးခွင့် ပြုမှာမဟုတ်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကလည်း ငါ့ကို အရှုံးပေးခွင့် ပြုမှာမဟုတ်ဘူး… ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက… ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူးဟေ့ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကြိမ်းဝါးလိုက်၏။ သူ၏ အမြုတေနှစ်ခုပေါ်မှ အက်ကွဲကြောင်းများမှာ ပို၍ကြီးမားလာကြသောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ကြေမွပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီဖြစ်သည်။ အစိမ်းရောင်ကြာပွင့်လေးမှာ အလျင်မီအောင် ကုသပေးနိုင်စွမ်းမရှိတော့ပေ။
သို့သော် သူ ထိုကဲ့သို့ ဖိနှိပ်ချုပ်တည်းခံထားရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခါနီးမှာပင် သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲမှ ရုတ်တရက်ဆိုသလို အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ထို ဝါးမျိုခြင်းသစ်စေ့မှာ အပြင်ဘက်မှ ပြင်းအားများကို စုပ်ယူပစ်ခြင်းမဟုတ်ဘဲ အစိမ်းရောင်ကြာပွင့်လေးနှင့် သူ၏အမြုတေနှစ်ခုကို စုပ်ယူပစ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဝါးမျိုခြင်းသစ်စေ့နှင့် ဒုတိယအကြိမ်အဖြစ် တစ်သားတည်း ပေါင်းစည်းသွားကြခြင်း ဖြစ်ပေသည်။
ပထမအကြိမ် ပေါင်းစည်းမှုဖြစ်စဉ်ကြီးမှာ အစိမ်းရောင်ကြာပွင့်လေး ထို ဝါးမျိုခြင်းသစ်စေ့ပေါ်၌ ပေါက်လာခဲ့စဉ်တုန်းက ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ဝါးမျိုခြင်းသစ်စေ့မှာ အရှိန်အဟုန်ဖြင့် လည်ပတ်သွားခဲ့၏။ ၎င်းမှာ အရာအားလုံးကို စုပ်ယူပြီးသွားသည့်တိုင်အောင် အားမရသေးသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပါ စတင်စုပ်ယူနေတော့သည်။ ထို့ကြောင့် နဂိုတုန်းက လုံးဝန်းနေခဲ့သော သူ၏ ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပိန်ကျသွား၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ….
လုံးဝန်းနေခြင်းမရှိတော့ဘဲ သွယ်လျသွားတော့သည်။ သူသည် မျက်ခုံးမွေးများ ထူလာပြီး မျက်ဝန်းများ စူးရှတောက်ပလာ၏။ ထို့အပြင် သူ၏ မျက်နှာမှာ အချိုးကျလှပသွားပြီသလို သူ၏ အဝတ်အစားများမှာလည်း ပွယောင်းယောင်း ဖြစ်သွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ချောမောခံ့ညားသွားတော့သည်။ သူ၏ ပြောင်းလဲမှုများကို မြင်လိုက်ရသည့်လူတိုင်းမှာ အံ့အားသင့်သွားရ၏။ ယခု သူတို့၏ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ လူတိုင်း၏အာရုံကို ဖမ်းစားထားသည်မဟုတ်ပါလော။
ပြည်ထောင်စုကြီးထဲ၌ ချောမောခံ့ညားသူတစ်ယောက်ဟုပင် သတ်မှတ်နိုင်သည့် ကျိုးရိဖန်းပင်လျှင် ဝမ်ပေါင်လဲ့၏ ရုပ်ရည်အား အရှုံးပေးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူ့ဆီတွင် မရှိသော အရာများကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ ၎င်းမှာ မောက်မာဝင့်ကြွားမှုများနှင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်းစွမ်းရှိသော စွမ်းအားများပင် ဖြစ်ပေသည်။
ထို အချင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ ချောမောခံ့ညားနေပါသော်လည်း သူ၏ ပုံပန်းသွင်ပြင်မှာ အနည်းငယ်ခန့် ကောက်ကျစ်စဉ်းလဲသည့်ပုံလည်း ပေါက်နေသေးသည်။ ထို့အပြင် သူသည် ချက်ချင်းဆိုသလို ဩဇာတိက္ကမနှင့် ပြည့်စုံသွားသောကြောင့် အပြင်ဘက်တွင်ရှိနေသည့် လီယီပင်လျှင် ရီဝေဝေ ဖြစ်သွားရ၏။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းပင်ထွက်ပေါ်လာပြီး နဂိုတုန်းက အားနည်းနေခဲ့သည့် သူ၏ အငွေ့အသက်များမှာလည်း ချက်ခြင်းပင်ပြန်၍ အားကောင်းလာ၏။ ၎င်းမှာ အလယ်အလတ် အမြုတေအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီးနောက် နှောင်းပိုင်း အမြုတေအဆင့်ထဲသို့ ဝင်ရောက်သွားတော့သည်။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့ခြင်းဖြစ်၏။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူ နှောင်းပိုင်းအမြုတေအဆင့်သို့ ဖောက်ထွက်သွားပြီးနောက် ဝါးမျိုခြင်းသစ်စေ့မှာ သူ့အား ဆက်၍ အာဟာရဓာတ်များ ဖြည့်တင်းပေးနေသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထပ်၍ တိုးတက်သွားပြန်သည်။ ထို့ကြောင့် အချိန်တိုလေးအတွင်းတွင် သူသည် နှောင်းပိုင်း အမြုတေအဆင့်၏ ထိပ်ဆုံးသို့ ချက်ချင်းပင် ရောက်ရှိသွားပြီ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
ထိုမြင်ကွင်းကြောင့် ဒူဂူလင်းအပါအဝင် ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။
” တိုက်ပွဲထဲမှာ ဖောက်ထွက်သွားတာပါလား ”
ထိုကဲ့သို့ လူပေါင်းများစွာ ပင့်သက်များရှိုက်ကာ တအံ့တဩ အော်ဟစ်နေကြစဉ် ဝမ်ပေါင်လဲ့၏ ဒဏ်ရာများအားလုံးမှာ ချက်ချင်းပင် ပျောက်ကင်းသွားတော့သည်။ သူသည် သူ ဆုံးရှုံးလိုက်ရသည့် စွမ်းအားများကို ပြန်လည်ရရှိလိုက်သည့်အပြင် ယခုတွင် ထိုစွမ်းအားများမှာ ယခင်တုန်းကထက် အဆပေါင်းများစွာပို၍ အားကောင်းနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေပြီး ၎င်းတို့မှာ ကောင်းကင်ဘုံကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိနေသကဲ့သို့ ဖြစ်နေတော့သည်။ ဓားအိမ်လေးအား ဆုပ်ကိုင်ထားသော သူ၏လက်မှာလည်း တုန်ရီနေခြင်းမရှိတော့ဘဲ တည်ငြိမ်သွားပြီ ဖြစ်သည်။ ထိုသို့ဖြင့် ဒူဂူလင်းတစ်ယောက် မယုံကြည်နိုင်လောက်အောင်ဖြစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သူ၏ရှေ့တွင်ရှိနေသော သားရဲလေးကောင်လက်သီးချက်ထဲရှိ ဒူဂူလင်းအား လှမ်း၍ စိုက်ကြည့်လိုက်၏။
” ငါ အရှုံးမပေးဘူး ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်ပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို အထင်းသား မြင်နိုင်ပေသည်။
မိုက်ပြီ