Switch Mode

အခန်း (၅၇၉)

ကန့်သတ်ချက်

တိုက်ပွဲထဲတွင် သူတို့နှစ်ယောက်မှာ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ခဲ့ကြ၏။ အချို့အချိန်များတွင် ဝမ်ပေါင်လဲ့မှာ အသာစီးရခဲ့ပြီး အချို့အချိန်များတွင်မူ ဒူဂူလင်းမှာ အသာစီးရခဲ့၏။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် ဖိနှိပ်အားကြီးအား အသုံးချကာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီးနောက် အငွေ့အသက်များကို ထုတ်လွှတ်ကာ ဒူဂူလင်းဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးတည်သွားလိုက်ပြန်သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် ဟင်းလင်းပြင်ကြီးကို ကျော်ဖြတ်သွားသကဲ့သို့ ဖြစ်နေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အချိန်တွင် သူ၏အမှောင်အမြုတေအား အသုံးပြုလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်တစ်ခု ချက်ချင်းပင်ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မီးပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။

ထို မီးပင်လယ်ကြီးမှာ အနက်ရောင်ဖြစ်နေ၏။ ၎င်းမှာ ပူပြင်းနေခြင်းမရှိဘဲ အရာအားလုံးကို ချုပ်နှောင်ပစ်နိုင်စွမ်းရှိသည့်ပုံ ပေါ်သော အအေးဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။ ထို့ကြောင့် တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်၏ ကြားတွင်ရှိနေသော မြေပြင်၊ မိုးကောင်းကင်ကြီးနှင့် ဟင်းလင်းပြင်များမှာ ချက်ချင်းပင် အေးခဲသွားသည့်အလား ဖြစ်သွား၏။

ထို့ကြောင့် အသိစိတ်များ ‌ယောက်ယက်ခတ်နေပြီး ကျင့်ကြံခြင်းစွမ်းအားများ ပရမ်းပတာဖြစ်နေသည့် ဒူဂူလင်းတစ်ယောက်မှာ အမှောင်မီးတောက်ကြီးကြောင့် ပို၍ပင် အခြေအနေဆိုးသွားရတော့သည်။ သူသည် ပါးစပ်ထဲမှ သွေးစိမ်းများ ထပ်၍ ပန်းထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်ကာ ဝမ်ပေါင်လဲ့နှင့် ဝေးရာသို့ ပြေးထွက်သွားလိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်သွားခြင်း မရှိသည့်အပြင် အရှိန်မြှင့်တင်လိုက်ပြန်သည်။ သူသည် အမှောင်မီးတောက်အား ထုတ်လွှတ်ထားရင်း သူ၏ညာဘက်လက်ကို မြှောက်ကာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိတ်ထဲ၌ ရေရွတ်လိုက်တော့သည်။

” ဝိညာဉ်လမ်းညွှန်ပညာရပ် ”

ထိုအခါ မှုန်ဝါးဝါးလက်ကြီးတစ်ဖက်မှာ ငရဲပြည်မှ ထိုးထွက်လာသကဲ့သို့ ဝမ်ပေါင်လဲ့၏ ရင်ဘတ်ထဲမှ ဆန့်ထွက်လာ၏။ ထိုလက်ကြီး ပေါ်ပေါက်လာသောအခါ ဘေးပတ်ပတ်လည်ရှိ အမှောင်မီးတောက်များမှာ ၎င်းထဲသို့ စုပ်ယူခံလိုက်ရသည်။ ထို့ကြောင့် လေပြင်းများတိုက်ခတ်လာပြီး အမှောင်မီးတောက်များမှာ ငြိမ်းသွားခြင်း မရှိသည့်အပြင် ပို၍ပင်အားကောင်းလာတော့သည်။

တစ်အောင့်ခန့် အကြာတွင် အမှောင်မီးတောက်များမှာ ပို၍ပင်အားကောင်းစွာ တောက်လောင်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ဝိညာဉ်လက်ညွှန်လက်ကြီးမှာ အမှောင်မီးတောက်များ စုပ်ယူလိုက်ပြီးနောက် ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားတော့သည်။

ထို ဧရာမလက်ကြီးမှာ မှုန်ဝါးဝါး ဖြစ်နေသည့်တိုင်အောင် ၎င်း၏ အငွေ့အသက်များကြောင့် ဒူဂူလင်းမှာ အံ့ဩတုန်လှုပ်သွားရဆဲပင်။ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာ မှန်းဆ၍မရနိုင်သလို အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပါလော။ အဝေးမှကြည့်လိုက်ပါက အမှောင်မီးတောက်နှင့် ဝိညာဉ်လမ်းညွှန်လက်ကြီးတို့၏ ပေါင်းစည်းသွားမှုကြောင့် ပေါ်ပေါက်လာသည့် ဧရာမလက်ကြီးထဲ၌ ဝမ်ပေါင်လဲ့၏ ဖိနှိပ်အားကောင်းသော အငွေ့အသက်များ ကိန်းအောင်းနေသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ ဒူဂူလင်း၏ အနီးသို့ ရောက်လာသောအခါ သူ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။

ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် ဒူဂူလင်းမှာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ သူသည် သေရေးရှင်ရေးကိစ္စကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် သူ၏မျက်ဝန်းထဲမှ ဖျော့တော့တော့ ရွှေရောင်များမှာ သွေးနီရောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဝိညာဉ်လမ်းညွှန်လက်ကြီး သူ၏အနီးသို့ ရောက်လာသောအခါ ဒူဂူလင်းမှာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

” ဒုတိယအချုပ်အနှောင်။ အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ ပွင့်စေ ”

ဒူဂူလင်း ထိုသို့အော်ဟစ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲ၌ အချိန်အတော်အတန်ကြာအောင် ကိန်းအောင်းနေခဲ့သည့်ပုံပေါ်သော စွမ်းအားတစ်မျိုးမှာ ချက်ချင်းပင်ထွက်ပေါ်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှအားကောင်းသော စွမ်းအားတစ်မျိုးဖြစ်ပြီး ယခင်တုန်းက သူထုတ်လွှတ်ခဲ့သည့် စွမ်းအားများထက် ဆယ်ဆတိတိ ပို၍အားကောင်းနေ၏။ ထို့နောက် သူသည်် လေပေါ်သို့ ပျံတက်သွားပြီးနောက် ပင်လယ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည့်ပုံပင်။ သူ၏ စွမ်းအားများမှာမူ ဝဲတစ်ခုအသွင် ပြောင်းလဲသွားပြီး လေမုန်တိုင်းတစ်ခုကို ဖန်တီးပေးလိုက်သဖြင့် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားတော့သည်။

မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီ ဖြစ်သည်။ ထိုလေမုန်တိုင်းကြီးမှာ တဖြည်းဖြည်းနှင့်ပို၍ အရွယ်အစားကြီးမားလာပြီး ပေတစ်ထောင်ကျော်အထိ ပျံ့နှံ့သွား၏။ ၎င်း၏ ပြင်းအားမှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်လမ်းညွှန်လက်ကြီးမှာ အပြင်းအထန် တုန်ရီသွားကာ သူ့အား ဖမ်းဆုပ်နိုင်စွမ်းမရှိတော့ဘဲ ပျက်စီးသွားရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ချက်ချင်း ဆုတ်ခွာသွားလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုတ်ခွာသွားနေရင်း ပေတစ်ထောင်ကျော်အထိ ပျံ့နှံ့နေသည့် လေမုန်တိုင်းကြီး၏ အလယ်တွင် လူရိပ်တစ်ခု ရှိနေသည်ကို သတိထားမိလိုက်၏။ လေထဲတွင် ရစ်ဝဲနေသည့် ထိုလူရိပ်ကြီးမှာ ဒူဂူလင်း ဖြစ်နေသည့်တိုင်အောင် သူသည် ယခင်တုန်းကနှင့် မတူတော့ပေ။

သူ၏ ဆံပင်များမှာ လေထဲတွင် တလူလူလွင့်နေပြီး သူ၏မျက်လုံးများမှာ‌ ‌ဖျော့တော့တော့ရွှေရောင် ဖြစ်မနေတော့ပေ။ ၎င်းတို့မှာ ရွှေရင့်ရောင်အဖြစ် ပြောင်းလဲသွားပြီး ထိုအရောင်မှာ သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်တလက်လက် တောက်ပနေတော့သည်။ ထို့အပြင် သူ့ဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများမှာလည်း အချိန်နှင့်အမျှပို၍ အားကောင်း‌လာနေသောကြောင့် သူသည် သိုင်းနတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည်မှာ ထိုအရာများမဟုတ်ပေ။ သူ့အား အံ့ဩမှင်တက်သွားစေသည့် အချက်မှာ ရွှေရောင်တလက်လက်တောက်ပနေသော ဒူဂူလင်းတစ်ယောက် သူ၏ညာဘက်လက်အား မြှောက်လိုက်ချိန်တွင် ယခင်တုန်းက သူထုတ်လွှတ်ခဲ့သည့် စွမ်းအားများထက် ဆယ်တိတိပို၍ အားကောင်းသော စွမ်းအားများနှင့် ပေတစ်ထောင်ကျော် ကျယ်ဝန်းသည့် လေမုန်တိုင်းကြီးတို့ ပျောက်ကွယ်သွားရသည့် အချက်ပင်။

၎င်းတို့မှာ ချက်ချင်းပင် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ သူသည် လေထဲတွင် ရစ်ဝဲနေသည့်တိုင်အောင် မည်သည့် အငွေ့အသက်ကိုမှ ထုတ်လွှတ်နေခြင်းမရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအား အသုံးပြုလိုက်သည့်တိုင်အောင် မည်သည့်အရာကိုမှ အာရုံမခံနိုင်ခဲ့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ရပ်တန့်သွားရပြီး ယခင်တုန်းကထက် အဆပေါင်းများစွာ ပို၍ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဟု ခံစားလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကလာပ်စည်းများအားလုံးမှာ တဆတ်ဆတ် တုန်ရီနေပြီး သူ၏ရှေ့တွင်ရှိနေသော လူကြီးအား ရှောင်ရှားရန် သူ့အား သတိပေးနေသကဲ့သို့ပင်။

အလားတူပင် ဘေးပတ်ပတ်လည်ရှိ ပြိုင်ပွဲဝင်များနှင့် အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များမှာလည်း အံ့ဩတုန်လှုပ်သွားရသည်။ သို့သော် သူတို့ဆီမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်မလာနိုင်ခင်မှာပင် ဒူဂူလင်းမှာ လှုပ်ရှားလိုက်၏။

သူသည် ယခင်တုန်းကလို စကားပြောနေခြင်းမရှိဘဲ နှုတ်ဆိတ်နေပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရပြီး သူ့နှင့် ခပ်ဝေးဝေးသို့ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ဒူဂူလင်းမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်ပေါက်လာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်တစ်ချက် ကျရောက်လာတော့သည်။

အပေါ်ယံတွင် ထိုလက်သီးချက်မှာ နဂါးကိုးကောင် လက်သီးချက်အား ယှဥ်နိုင်မည့်ပုံ မပေါ်ပေ။ သို့သော် ၎င်းမှာ ဆယ်ဆတိတိပို၍ အန္တရာယ်များနေသည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရ၏။ သူသည် ကြက်သေသေသွားရသဖြင့် ၎င်းအား ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။ ထိုလက်သီးချက်ကြီးမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာရန် ကံပါလာသည့် အလားပင်။

ထိုသို့ဖြစ်နေရခြင်းမှာ ဒုတိယမြောက် အချုပ်အနှောင်အား ဖွင့်လိုက်သည့် ဒူဂူလင်းမှာ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်၊ စိတ်အာရုံ၊ ကျင့်ကြံခြင်းစွမ်းအားများနှင့် အငွေ့အသက်များကို အပြီးတိုင် ဖိနှိပ်ချုပ်တည်းပစ်လိုက်သောကြောင့် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုသာမြှောက်၍ ထိုတိုက်ကွက်ကြီးအား ခုခံလိုက်ရ၏။ သူသည် ထပ်တူကျစွမ်းအားနှင့် နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာ၏ စွမ်းအားနှစ်မျိုးစလုံးကို ထုတ်သုံးခဲ့သည့်တိုင်အောင် ဒူဂူလင်း၏ လက်သီးချက်ကြီး ကျရောက်လာသည့်အချိန်တွင် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရဆဲပင်။ သူသည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေခဲ့သည့် သင်္ဘောပျံကြီးတစ်စင်းမှာ သူ့အား ဝင်တိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်မှာ ပျက်စီးသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာပြီး ထိုရိုက်ခတ်မှုအားကို အသုံးပြုကာ နောက်သို့ဆုတ်ခွာသွား၏။ သို့သော် သူ နောက်သို့ ‌ထပ်မဆုတ်နိုင်ခင်မှာပင် နှုတ်ဆိတ်နေသည့် ဒူဂူလင်းမှာ သူ၏အနီးသို့ ရောက်ရှိလာပြီး ဒုတိယမြောက် လက်သီးချက်အား ထုတ်လွှတ်လိုက်ပြန်သည်။

ယခုအကြိမ်တွင်မူ ၎င်းမှာ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီး၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာ၏။ ထိုအခါ တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်သံများ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။ ထို့နောက် ဒူဂူလင်းမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီး ပျက်စီးသွားပြီးနောက် ပေါ်ပေါက်လာသည့် ဝမ်ပေါင်လဲ့၏ ရင်ဘတ်အား တတိယမြောက် လက်သီးချက်ဖြင့် ထိုးနှက်လိုက်တော့သည်။

ထိုလက်သီးချက်မှာ အားကောင်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ အမြင်အာရုံများ ဝေဝါးသွားရတော့သည်။ သူသည် သွေးများ အန်ထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ထိုလက်သီးချက်ကြီး၏ ပြင်းအားကြောင့် နောက်သို့ လွင့်ထွက်သွားရ၏။ ထို့နောက် သူသည် သူ့အား ကိုယ်စားပြုသည့် တောင်ထိပ်ပေါ်သို့ ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ ပြုတ်ကျသွားတော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုတောင်ကြီးမှာ ကွဲအက်စပြုလာတော့သည်။ ကျောက်စကျောက်နပေါင်းများစွာ ကွဲထွက်လာကြပြီး တောင်ထိပ်ပေါ်၌ သတိလစ်သွားတော့မည့် အခြေအနေသို့ ရောက်နေသော ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးထွက်လာနေ၏။ သို့သော် ဒူဂူလင်း၏ တိုက်ကွက်များမှာ ရပ်တန့်သွားခြင်းမရှိပေ။

သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ထိုးနှက်လိုက်ပြန်သည်။

ထိုလက်သီးချက်၏ ပစ်မှတ်မှာ သူမဟုတ်ဘဲ သူ၏ဘေးတွင်ရှိနေသော မြေပြင်ကြီးဖြစ်နေ၏။ ထို့ကြောင့် ကျောက်တုံးများမှာ အမှုန့်ကြေသွားရပြီး မြေပြင်ကြီးမှာ တုန်ခါသွားရ၏။ ထိုတုန်ခါမှုလှိုင်းများမှာ ဝမ်ပေါင်လဲ့အား ရိုက်ခတ်သွားသဖြင့် သူ၏ခန္ဓာကိုယ်မှာ ညကောင်းကင်ယံပေါ်သို့ မြောက်တက်သွားတော့သည်။

ထို့နောက် ဒူဂူလင်းမှာ လေပေါ်သို့ခုန်တက်သွားပြီး ဝမ်ပေါင်လဲ့၏ဘေး၌ ပေါ်ပေါက်လာ၏။ သူသည် ခံစားချက်မပါသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် အေးစက်စက်မျက်ဝန်းများဖြင့် ပဉ္စမမြောက်လက်သီးချက်အား ထုတ်လွှတ်လိုက်တော့သည်။

သူ၏ အမြန်နှုန်ကြောင့် ထိုလက်သီးချက်မှာ ပို၍ပင်အားကောင်းနေ၏။ ၎င်းမှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကို စုစည်းထားသော ဖိနှိပ်အားတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ သူ၏ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာ လုံးဝ ပျက်စီးသွားရတော့သည်။ ထို့နောက် သူသည် အောက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသဖြင့် မြေပြင်ပေါ်တွင် ချိုင့်ဝှမ်းပုံစံ ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် သွေးစိမ်းများမှာ ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှသာမက တစ်ကိုယ်လုံးမှ ပန်းထွက်လာ၏။ သူသည် သတိလစ်တော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ဒုတိယမြောက် အချုပ်အနှောင်အား ဖွင့်လိုက်သည့် ဒူဂူလင်းမှာ စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်လောက်အောင် အစွမ်းထက်လွန်းနေ၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် သူ၏စွမ်းအားများကြောင့် ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ အရှုံးပေးခြင်း မရှိပေ။ အစိမ်းရောင်ကြာပွင့်လေးမှာ သွေးရူးသွေးတန်း လည်ပတ်ကာ သူ၏ ဒဏ်ရာများအား မရပ်မနား ကုသပေးနေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်ကာ မျက်လုံးများပွင့်လာပြီး လေထဲတွင်ရှိနေသော ဒူဂူလင်းအား လှမ်းကြည့်လိုက်၏။

” ဝမ်ပေါင်လဲ့ ” ဒူဂူလင်းမှာမူ ခေါင်းငုံ့ကာ မြေပြင်ပေါ်ရှိ မတ်တတ်ထနိုင်ရန် ကြိုးစားရုန်းကန်နေရသော ဝမ်ပေါင်လဲ့အား ခံစားချက်လုံးဝမပါသည့် မျက်ဝန်းများဖြင့် တည်ကြည်စွာစိုက်ကြည့်ရင်း ဆိုလိုက်၏။

” ငါ့ရဲ့ ဆဋ္ဌမမြောက်လက်သီးချက်က အစွမ်းအထက်ဆုံးပဲ။ မင်း အရှုံးပေးဖို့ ငါပြောချင်တယ်။ ဘာလို့လဲဆိုတော့ မင်း အရှုံးမပေးရင် သေချာပေါက် သေသွားမှာမလို့ပဲ။ ဒါပေမဲ့ မင်း သေမင်းခံတွင်းဝ ရောက်နေတဲ့အချိန်မှာ မင်းရဲ့ စွမ်းအားတွေအကုန်လုံးကို ထုတ်လွှတ်ရင်လည်း ထုတ်လွှတ်နိုင်မှာပေါ့ ”

” ငါ အဲလို ဖြစ်ရပ်မျိုးနဲ့ ကြုံဖူးထားပြီးသား။ အရာအားလုံးက မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်နေတာ ” ဒူဂူလင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထိုအခါ သူ၏ နောက်တွင် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမလူဝံကြီးတစ်ကောင်၊ ခေါင်းကိုးလုံး နဂါးတစ်ကောင်၊ ဟင်္သာငှက်တစ်ကောင်နှင့် ဂဠုန်ငှက်ကြီးတစ်ကောင်တို့၏ ပုံရိပ်များ ပေါ်ပေါက်လာတော့သည်။ ထိုသားရဲကြီးလေးကောင်၏ ပုံရိပ်များမှာ ကောင်းကင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီးနောက် ဒူဂူလင်းအား လွှမ်းခြုံသွား၏။ ထို့နောက် ၎င်းတို့မှာ အသံကုန်အော်ဟစ်ကာ တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး ဧရာမ ပုံရိပ်ယောင် လက်သီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

အဝေးမှ ကြည့်လိုက်ပါက ထိုလက်သီးမှာ မိုးကောင်းကင်ကြီးနှင့် ဆင်တူနေပြီး အလွန်အင်မတန်မှ ခံ့ညားထည်ဝါနေ၏။ ထို့နောက် ၎င်းမှာ ကောင်းကင်ဘုံက ချမှတ်လိုက်သည့် အပြစ်ဒဏ်အား ဆောင်ကျဥ်းလာသည့်ပုံစံဖြင့် ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာတော့သည်။

ထိုအချိန်တွင် အသက်ရှူကြိမ်ဆယ်ကြိမ် ပြီးဆုံးသွားပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset