Switch Mode

အခန်း (၈၀)

လေဝိဉာဉ်တောင်ကြားတိုက်ပွဲ

အခန်း (၈၀) လေဝိဉာဉ်တောင်ကြားတိုက်ပွဲ

ရန်ကျောက်ကဲသည် ရှောင်ရှန်းကို တစ်ချက်ကြည့်ပြီးနောက် လုံးဝ လျစ်လျူရှုလိုက်သည်။

ငါ ထင်ထားတာထက် စောရောက်လာတယ်၊ ဒါက အရှေ့တန်နိုင်ငံရဲ့ပြဿနာ သက်သက် မဟုတ်တော့ဘူး”

ရန်ကျောက်ကဲ၏မျက်လုံးများသည် အပ်ပေါက်လေးများသဖွယ် ကျဉ်းမြောင်းသွား၏။ “ရန်ရှု့”

နေသူတော်စင်ဂိုဏ်း၏ထိပ်တန်းသိုင်းပညာရှင်အများအပြား ဤနေရာကို ရောက်နေသည့်အပြင် ရန်ကျောက်ကဲကိုယ်တိုင်ကလည်း အစီအရင်ကို ထိန်းသိမ်းရာ၌ ကျောက်ရှီချန်းအား ကူညီချင်သောကြောင့် သူ အော်ခေါ်လိုက်သည်။ “အကြီးအကဲရှု့”

ငါ သိပြီ” အရေးတကြီးကိစ္စနှင့် ရင်ဆိုင်ရသောအခါ ရှု့ချွမ်၏မျက်နှာသည် ရန်ကျောက်ကဲနှင့် သီးသန့်တွေ့ဆုံစဉ်ကလို ဖားယားမနေတော့ဘဲ တည်ကြည်လေးနက်နေ၏။

ရန်ရှု့သည် သူ့လက်အောက်မှ ဝါဒတောင်ဂိုဏ်းသားများကို ဦးဆောင်ကာ ကျူးကျော်ဝင်ရောက်လာသော နေသူတော်စင်ဂိုဏ်းသားများအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲ၊ ကျောက်ရှီချန်းတို့နှင့် ပါလာသော အရှေ့တန်ကျင့်ကြံသူများသည်လည်း ဝါဒတောင်ဂိုဏ်းသားများဘက်မှ ပါဝင်တိုက်ခိုက်လေ၏။

ကျူးကျော်ဝင်ရောက်လာသော နေသူတော်စင်ဂိုဏ်းသားများအနက် အများစုမှာ ထိပ်တန်းအဆင့်သိုင်းပညာရှင်များဟု ဆိုနိုင်ပေသည်။

တိမ်သွေးကြောသလင်းကျောက်ကို ကျောက်စိမ်းအစီအနှစ်ထုတ်လုပ်ရန် အသုံးပြုနိုင်ခြင်းကြောင့် ဝါဒတောင်ဂိုဏ်းသည် အခြားသူများ၏မျက်လုံးများကို ဖမ်းစားနိုင်မည့် မည်သည့်သိသာထင်ရှားသော လှုပ်ရှားမှုမှ မလုပ်ဘဲ လေဝိဉာဉ်တောင်ကြားကို အတွင်းပိုင်းမှ အလွန်တင်းကြပ်ထားကာ ၎င်း၏ကာကွယ်ရေးအင်အားကိုလည်း တိတ်တဆိတ် မြှင့်တက်ထားခဲ့သည်။

မဟုတ်ပါက ခဏလေးအတွင်းမှာပင် နေသူတော်စင်ဂိုဏ်း၏ ထိုးဖောက်အနိုင်ယူခြင်းကို ခံရနိုင်ဖွယ်ရှိသည်။

သို့တိုင်အောင် နေသူတော်စင်ဂိုဏ်း၏ထိပ်တန်းသိုင်းပညာရှင်များက အတူတကွ တိုက်ခိုက်နေကြသောကြောင့် လေဝိဉာဉ်တောင်ကြားအပေါ် ဖိအားက သိသိသာသာ ကြီးမားလာသည်။

ရှု့ချွမ်နှင့် အရှေ့တန်၏ရှန်ထျန်းအဆင့်သိုင်းပညာရှင်သည် နေသူတော်စင်ဂိုဏ်းသားများ၏လမ်းကြောင်းကို ပိတ်ဆို့ကာ နေသူတော်စင်ဂိုဏ်းသားအများစု ရှေ့မတိုးနိုင်စေရန် တားဆီးလျက်ရှိသည်။

နှစ်ဖက်မှာ ခေတ္တမျှ မတိုးသာမလှုပ်သာ အခြေအနေသို့ ရောက်နေကြ၏။

နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်သည် ကျောက်ရှီချန်းနှင့် ပြောင်းပြန်အစီအရင်အား ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်း နှစ်ယောက်စလုံး၏မျက်နှာများ လေးနက်သွားသည်။

ထိုတိုက်ခိုက်မှုကို ခုခံလိုက်ပါက သူတို့ဘက်သည် ကျင်းယန်မြို့ရှိ တိုက်ပွဲ၌ အောက်စည်းသို့ နောက်တစ်ကြိမ် ရောက်ရှိသွားနိုင်သည်။

တိုက်ပွဲနှစ်ခုနှင့် တစ်ဆက်တည်း ရင်ဆိုင်နေရသဖြင့် ကျောက်ရှီချန်းအပေါ် ဖိအားက သိသိသာသာ ကြီးမားလာသည်။

ပြောင်းပြန်အစီအရင်ကလည်း လုံးဝ မပြည့်စုံသေးပေ။ ကျင်မင်းသားကျောက်ရှီလီက ကျင်းယန်မြို့မှ နေ၍ အဆက်မပြတ်ဖိအားပေးနေခြင်းကြောင့် ကျင်းယန်မြို့မဟာအစီအရင်အပေါ် ထိန်းချုပ်မှုသည် သူ့လက်ထဲသို့ တဖြည်းဖြည်း ကျရောက်နေသည်။

အခြေအနေသာ ဤကဲ့သို့ ဆက်သွားပါက ကျောက်ရှီချန်းနှင့်အတူပါလာသော မဟာအစီအရင်ငယ်၌ ချို့ယွင်းချက်များ ပေါ်ပေါက်လာနိုင်သည်။

သူတို့နှင့် တိုက်ခိုက်နေသော နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်ကလည်း ဤသည်ကို သဘောပေါက်သည်။

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကျောက်ရှီချန်း၊ မင်းက ခေါင်းမာမာနဲ့ နေသူတော်စင်ဂိုဏ်းရဲ့ရန်သူ ဖြစ်ချင်ခဲ့တယ်၊ အခု ဒါ မင်းရဲ့အဆုံးသတ်ပဲ”

မင်းဟာ မိုက်မဲလွန်းတယ်၊ ခေတ်ရေစီးကြောင်း ဘယ်ကို ပြောင်းလဲနေလဲ နားမလည်ဘူး၊ ဝါဒတောင်ဂိုဏ်းက နေဝင်ချိန်ရောက်နေတာကြာပြီ၊ လက်ရှိက ငါတို့နေသူတော်စင်ဂိုဏ်းရဲ့ ခေတ်ပဲ”

မင်းညီတော် ကျောက်ရှီလီက မင်းထက် အများကြီး ပိုဉာဏ်ကောင်းတယ်၊ အရှေ့တန်ကောင်းကျိုးအတွက် ရာဇပုလ္လင်မှာ သူထိုင်တာ ပိုကောင်းလိမ့်မယ်”

ထိုသို့ ပြောပြီးသည်နှင့် သူ့လက်များကို ဆန့်ထုတ်လိုက်ကာ တပြိုင်နက် တွန်းထုတ်လိုက်သည်။

မဟာနေမင်းသိုင်းပညာခုနှစ်ရပ်အနက် တစ်ခုဖြစ်သော ကောင်းကင်နတ်ဘုရားလက်ဝါးပင်။

နေသည် ကောင်းကင်၏အလယ်ဗဟို၌ တွဲလွဲခိုနေ၏။

ပြင်းထန်အားကောင်းသော စွမ်းအားရှိခြင်းကြောင့် လူသိများသည့် ကောင်းကင်နတ်ဘုရားလက်ဝါးသိုင်း၏ ကြမ်းတမ်း၊ ခက်ထန်သော ဘက်ခြမ်းကို ပြီးပြည့်စုံသောအဆင့်အထိ ထုတ်ဖော်ပြသလိုက်လေပြီ။

၎င်း၏အရှိန်အဟုန်ဖြင့် ဖိနှိပ်နေ၏။ ၎င်း၏စွမ်းအားဖြင့် ဖိနှိပ်နေ၏။

ကျင့်ကြံသူ၏ကျင့်ကြံမှု မြင့်မားလာလေ ဤသိုင်းပညာ၏စွမ်းအားကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်လေဖြစ်သည်။

ထိုအခိုက်တွင် ကောင်းကင်နတ်ဘုရားလက်ဝါးသိုင်းကို အသုံးပြုထားသော သိုင်းဆရာသခင်၏တိုက်ခိုက်မှုက ယခင် သိုင်းပညာရှင်အဆင့်ချောင်ယွမ်လုံ၏တိုက်ခိုက်မှုထက် ပိုမို ကြောက်မက်ဖွယ်ရာကောင်းပေသည်။

ထိုနေရာရှိ လူတိုင်းသည် သူတို့ရှေ့၌ လောင်မီးကျနေသော ရွှေရောင်ပင်လယ်ကြီး မြင်လိုက်ရသလို ခံစားရသည်။

ထိုလက်ဝါးချက်ကြောင့် သိုင်းပညာရှင်အားလုံးသည် သူတို့၏ကြယ်တာရာချီများ လောင်ကျွမ်း၍ အငွေ့ပျံသွားသည်ဟု ခံစားနေရသည်။

ကျောက်ရှီချန်း၏အမူအရာက လေးနက်သွားသလို သူ့မျက်နှာကလည်း အနည်းငယ် မည်းမှောင်သွားသည်။

အစိမ်းရောင်ချီနှင့် အနီရောင်ချီက သူ့မျက်နှာထက်တွင် နောက်တစ်ကြိမ် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာပြန်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော အန္တရာယ်ချီစီးကြောင်းတစ်ချို့က သူ့ကို တစ်လျှောက်လုံး ဒုက္ခပေးနေခဲ့သည်။

ရန်သူနှင့် တိုက်ခိုက်၍ ဖိအားနှင့် ရင်ဆိုင်နေရချိန်တွင် ထိုအန္တရာယ်ချီစီးကြောင်းများ၏ အရှိန်အဟုန်က ပိုမို ကြီးမားလာသည်။

ကျောက်ရှီချန်းသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ သူ့လက်သီးကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ တော်ဝင်ရွှေနဂါးချပ်ဝတ်က အရောင်လက်သွားကာ နဂါးဟိန်းသံတစ်ခု ပဲ့တင်လာသည်။

နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်မှာ ခပ်တိုးတိုး အသံပြုလိုက်ရာ သူ့ညာဘက်လက်မောင်းပေါ်တွင် ခရမ်းရွှေရောင်အလင်းတစ်ခု လင်းလက်လာသည်။

၎င်းမှာ ခရမ်းရောင်ပုံဆောင်ခဲကိုးခုဖြင့် စီချယ်ထားပြီး သန့်စင်သောရွှေဖြင့် ပြုလုပ်ထားသော လက်မောင်းကာဖြစ်ကာ ထိုလက်မောင်းကာထက်မှ ခရမ်းရောင်ပုံဆောင်ခဲကိုးခုမှာ တလက်လက် တောက်ပလျက်ရှိသည်။

ထိုလက်မောင်းကာသည်လည်း စိတ်ဝိဉာဉ်အဆင့်ဝိဉာဉ်လက်နက်တစ်ခုပင်။

နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မိသောအခါ ကျောက်ရှီချန်းနှင့် နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင် နှစ်ယောက်စလုံး၏ခန္ဓာကိုယ်များ တုန်ခါသွားသည်။

အစီအရင်က နောက်တစ်ကြိမ် လှုပ်ရမ်းသွားကာ ကျင်းယန်မြို့ထဲတွင် ကျောက်ရှီလီ၏အသာရမှု ပိုမို ကြီးမားလာသည်။

ကျောက်ရှီချန်း ဆွဲယူနိုင်သော မဟာအစီအရင်၏စွမ်းအားက ထပ်မံ လျော့ကျသွားသည်။

အသာစီးရနိုင်ရန် နေသူတော်စင်ဂိုဏ်း၏ သိုင်းဆရာသခင်က ကောင်းကင်နတ်ဘုရားလက်ဝါးများ ဆင့်ကာ ဆင့်ကာ ရိုက်ထုတ်လိုက်ရာ ပတ်ဝန်းကျင်မှ လေဟာနယ်သည် အဆက်မပြတ် တုန်ခါသွားပြီး ပြိုကျလုမတတ်ဖြစ်သွားသည်။

ဧရာမနေလုံး၏ တောက်ပသောအလင်းအောက်တွင် အစီအရင်မှ စွမ်းအင်မျဉ်းကြောင်းများ မှေးမှိန်သွားသည်။

ကျောက်ရှီချန်းမှာ ရွေးချယ်စရာမရှိပေ။ သူ့အစီအရင်၏ ကာကွယ်မှုအဝန်းအဝိုင်းကို ချုံ့လိုက်ရသည်။

နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်၏အကူအညီဖြင့် နေသူတော်စင်ဂိုဏ်းသားများ ရှေ့သို့ ထပ်မံ တိုးလာသည်။

ရှောင်ရှန်း၏ မြွေတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းသော အကြည့်က ရန်ကျောက်ကဲထံသို့သာ စူးစူးစိုက်စိုက် ကျရောက်နေ၏။

သူ့ဘေးမှ ရှန်ထျန်းအဆင့်သိုင်းပညာရှင်က ဘယ်ဘက်လက်ကို ဖြန့်လိုက်ရာ ဓားတစ်ချောင်း ပေါ်လာပြီး ညာဘက်လက်ဖြင့် ထိုဓား၏ဓားနှောင့်ကို တောက်ထုတ်လိုက်သည်။ ထိုဓားမှာ အဆင့်နိမ့်စိတ်ဝိဉာဉ်လက်နက်တစ်ခုဖြစ်သော မီးလျှံဓားပင်။

ဓားရောင် လက်သွားပြီး မိုးကုပ်စက်ဝိုင်းကို ထိုးဖောက်သွားကာ အာရုံဦးကို ဖြိုခွင်းသော နေထွက်လာသည်နှင့် ဆင်တူပေသည်။

မဟာနေမင်းသိုင်းပညာခုနှစ်ရပ်ထဲမှ တစ်ခုဖြစ်သော အာရုံဦးကောင်းကင်ဓားသိုင်းဖြစ်သည်။

အာရုံဦးကို ဖြိုခွဲလိုက်သည်နှင့်အတူ ဓားရောင်သည် ကောင်းကင်ကိုပင် တုန်ခါသွားသည်။ နေသည် အရှေဘက်မှ ထွက်လာပြီး ကောင်းကင်ထဲတွင် အမြင့်ဆုံးသို့ တက်သွားကာ တဖြည်းဖြည်းနှင့် အနောက်ဘက်ရှိ ဝေးကွာသော မိုးကုပ်စက်ဝိုင်း၏အလွန်သို့ ဆင်းသက်သွားလေသည်။ ထိုဓားတစ်ကွက်တည်းဖြင့် နေထွက်ချိန်မှ နေဝင်ချိန်အထိ၊ အစမှ အဆုံးအထိ ပြသခဲ့သည်။

ဤသည်ကို မြင်သော် ရန်ကျောက်ကဲသည် လေထဲသို့ လက်ဝါးစောင်းဖြင့် ရိုက်ထုတ်လိုက်ရာ မဟာနေမင်းဘီးပေါ်လာသည်။

မဟာနေမင်းဘီးကို မြင်သောအခါ နေသူတော်စင်ဂိုဏ်းသားအားလုံး အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ နောက်ဆက်တွဲအနေဖြင့် သူတို့၏ တိုက်ခိုက်မှုများကလည်း ပိုမို ပြင်းထန်လာကြ၏။

ရှောင်ရှန်းသည် အံတကြိတ်ကြိတ်ဖြင့် မဟာနေမင်းဘီးကို စိုက်ကြည့်နေကာ သူမျက်လုံးများသည်လည်း မျက်လုံးအိမ်ထဲမှ ပေါက်ထွက်လုမတတ် ဖြစ်နေ၏။

ရှောင်ရှန်းသည် စူးရှကျယ်လောင်သောအသံဖြင့် ဟိန်းဟောက်လိုက်ပြီး သူ့လက်ကို ရုတ်ချည်း မြှောက်လိုက်သည်။

သူ့လက်ဝါးတွင် ဝိဉာဉ်ဇယားကွက်၏အလင်းက မှိတ်တုတ် မှိတ်တုတ် လင်းလက်လာကာ နေထီးဆောင်းနေသည်နှင့် တူသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

မဟာနေမင်းဘီးက လေထဲတွင် ခဏမျှ ရပ်တန့်သွားသည်။

ကျွတ်၊ ဒါက ဒီလိုဖြစ်နေတာကိုး” ရန်ကျောက်ကဲ မျက်မှောင်ကုပ်လိုက်သည်။ “ပြောင်းပြန်အစီအရင်အတွက် ငါ့ကျောက်စိမ်းနဂါးဓားကို သုံးထားရတာ ဆိုးတာပဲ၊ နို့မို့ ဝိဉာဉ်လက်နက်ချင်း လဲလိုက်ရုံနဲ့ အဆင်ပြေတယ်”

ရှောင်ရှန်းက သူ့ခေါင်းကို လှည့်၍ ရှန်ထျန်းအဆင့်သိုင်းပညာရှင်အား ကြည့်လိုက်သည်။ “အကြီးအကဲလျန်၊ ကူညီဦး”

ထိုရှန်ထျန်းအဆင့် သိုင်းပညာရှင်က ခေါင်းငြိမ့်လိုက်ကာ အာရုံဦးကောင်းကင်ဓားသိုင်းဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

မီးလျှံဓားက အနီရောင်အလင်းအဖြစ် အသွင်ပြောင်းသွားကာ လေထဲတွင် မဟာနေမင်းဘီးနှင့် အပြန်အလှန် လုံးထွေးသွားသည်။

ရန်ကျောက်ကဲသည် ဤမြင်ကွင်းကို ဘေးမှ အေးစက်စွာ ကြည့်၍ သူ့ပုံရိပ်က ကျောက်ရှီချန်း၏ ရှေ့သို့ ရောက်သွားသည်။

ကျောက်စိမ်းနဂါးဓားကို ကိုင်ထားရင်း သူ့လက်ချောင်းများ၏ လမ်းညွှန်မှုနှင့်အတူ ပြောင်းပြန်အစီအရင်၏ စွမ်းအင်မျဉ်းကြောင်းများက မှိတ်တုတ် မှိတ်တုတ် လင်းလက်လာသည်။

ယခုအခါ ကျောက်ရှီချန်း၏အခြေအနေက ပိုမို တည်ငြိမ်လာ၏။

ရှောင်ရှန်းသည် အရှေ့သို့ ပျံသန်းသွားကာ သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး မဟာနေမင်းဘီးကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ဝါးမှ နေထီးဆောင်းနေသည့်ပုံရိပ်က လင်းလက်တောက်ပလာသည်နှင့်အမျှ မဟာနေမင်းဘီးကလည်း ပြင်းပြင်းထန်ထန် စတင်တုန်ခါလာသည်။

မဟာနေမင်းဘီးသည် တုန်ခါနေရာမှ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွား၏။

ရှောင်ရှန်းက သူ့မျက်လုံးများကို မှိတ်လိုက်သည် – အမှောင်ထဲတွင် နေအလင်းရောင်က တဖြည်းဖြည်း ပေါ်လာ၏။

မဟာနေမင်းဘီးနှင့် သူ့ချိတ်ဆက်မှုကို ပြန်လည်တည်ဆောက်နေရင်း သူ ဆုံးရှုံးသွားသော စိတ်ဝိဉာဉ်လက်နက်ကို ပြန်လည်ရရှိတော့မည်ဟု တွေးမိသောအခါ ရှောင်ရှန်းသည် တစ်ကိုယ်လုံးရှိ ချွေးပေါက်များ တပြိုင်တည်း ပွင့်လာသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သက်သောင့်သက်သာနိုင်သော ခံစားမှုမျိုးကို ခံစားနေရသည်။

ရန်ကျောက်ကဲနှင့် မဟာနေမင်းဘီးကြားရှိ ချိတ်ဆက်မှုကို သူ စတင် ဖြတ်တောက်တော့သည်။

ရှောင်ရှန်းသည် မျက်လုံးများကို ဖွင့်လိုက်ကာ ရန်ကျောက်ကဲအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ရန်ကျောက်ကဲ၊ မင်းဟာ တကယ့်လူပဲ”

ဒါပေမယ့် မင်း ပိုမို ထူးချွန်လာလေ၊ အနာဂတ်မှာ ငါတို့နေသူတော်စင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု ပိုကြီးလေပဲ”

မင်း ငါ့ကို ပေးခဲ့တဲ့အရှက်ရမှုကို ငါ အခုအချိန်ထိ မဆေးကြောနိုင်သေးတာကိုတော့ ဝန်ခံရမှာပဲ”

ဒါပေမယ့် မင်းကို သတ်နိုင်တဲ့ လူတွေ ဒီမှာ အများကြီးရှိတယ်”

နေသူတော်စင်ဂိုဏ်းသားများနှင့် ရှု့ချွမ်တို့အုပ်စုသည် မတိုးသာမလှုပ်သာ အခြေအနေ၌ ရှိနေကြဆဲဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ နေသူတော်စင်ဂိုဏ်းဘက်တွင် ထိပ်တန်းသိုင်းပညာရှင်များ ပိုမို ပါဝင်လေရာ ရှု့ချွမ်တို့အုပ်စုမှာ တဖြည်းဖြည်း အောက်စီးသို့ ရောက်လာကြသည်။

နေသူတော်စင်ဂိုဏ်းဘက်မှ ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက် ထွက်လာပြီး ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ဦးတည်ဝင်ရောက်လာသည်။

ရန်ကျောက်ကဲသည် သူ့ထံသို့ လာနေသော ရန်သူအား ကြည့်လိုက်သည်။

တစ်ဖက်လူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ပတ်ဝန်းကျင်မှ လေဟာနယ်နှင့် အရာဝတ္ထုများပင် တုန်ခါသွားသည်ဟု ထင်ရသည်။

Comment

  1. kyawthiha1499 says:

    MC ကအားမရလိုက်တာကွာ ရန်သူတွေကိုလွှတ်ပေးချင်အုံး

Leave a Reply

Options

not work with dark mode
Reset