အခန်း (၇၉) ရန်သူတွေ နယ်စပ်ကို ဖိအားပေးနေပြီ
ကျောက်ရှီချန်းက ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “ငါ မင်းရဲ့အစီအရင်ကို ကြည့်လို့ရလား”
သူ့စကား မဆုံးသေးခင်မှာပင် ရန်ကျောက်ကဲက ပိတ်လိပ်တစ်ခုကို ထုတ်ပြီးနေပြီဖြစ်သည်။
သူကြယ်တာရာချီနှင့် ထိတွေ့လိုက်သောအခါ ပိတ်လိပ်က မဆုတ်ပြဲသွားဘဲ အမှတ်အသားအချို့ ပေါ်လာသည်။ ဟူးခနဲ အသံနှင့်အတူ ရှုပ်ထွေးပုံရသော အစီအရင်ပုံကြမ်းက ကျောက်ရှီချန်း၏ရှေ့တွင် ပေါ်လာ၏။
ကျောက်ရှီချန်းက ဇယားကွက်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး အစီအရင်ပညာနှင့် ပတ်သတ်၍ သူ သိထားသော ဗဟုသုတများနှင့် ချိန်ထိုးကြည့်နေ၏။ ကျောက်ရှီချန်းသည် ချက်ချင်းပင် တက်ကြွရွှင်လန်းသွားသည်။
“ဒီနည်းလမ်း အလုပ်ဖြစ်နိုင်တယ်” ကျောက်ရှီချန်းက အံ့အားတသင့် ပြောဆိုလိုက်သည်။ “ဒါပေမယ့် ဒီအစီအရင်ကို တည်ဆောက်ဖို့ဆိုတာ အရင်းအမြစ်တွေ လုံလံလောက်လောက်ရှိ၊ မရှိ အပေါ် မူတည်တယ်”
ရန်ကျောက်ကဲက “လေဝိဉာဉ်တောင်ကြားမှာ ကျွန်တော်တို့ ပစ္စည်းတချို့ သိုလှောင်ထားတယ်၊ အဲ့ပစ္စည်းတွေနဲ့ မလုံလောက်ဘူးဆိုရင် ကျွန်တော်တို့ ချောက်နက်ကြီးကြပ်ခြင်းမြို့ကနေ လှမ်းတောင်းလို့ရတယ်”
လေဝိဉာဉ်တောင်ကြားတွင် အရင်းအမြစ်တချို့ရှိသော်လည်း အကြီးစားအစီအရင် တည်ဆောက်ရန်အတွက်တော့ မလုံလောက်သေးပေ။
အကယ်၍ လုံလောက်လျှင်တောင်မှ အရှေ့တန်နိုင်ငံ၏လူများ ရှေ့တွင်တော့ မလုံလောက်ကြောင်း ပြရပေမည်။
ကြိုတင်မပြင်ဆင်ထားဘဲ အဘယ်သို့ သူတို့က ထိုပစ္စည်းများကို သိုလှောင်ထားရမည်နည်း။ အကယ်၍ ဤသို့သော အခြေအနေအတွက် ယခင်ကတည်းက ကြိုပြင်ဆင်ထားသည်ဆိုပါက နေသူတော်စင်ဂိုဏ်းအတွက်ကိုပဲ ဦးတည်ပြင်ဆင်ထားသည်ဟု မည်သူက ယုံကြည်မည်နည်း။
မည်သို့ပင်ဖြစ်စေ ဤပြောင်းပြန်အစီအရင်က ကျင်းယန်မြို့၏မဟာအစီအရင်ကို ကိုင်လှုပ်နိုင်မည့် စွမ်းအားရှိရမည်ဖြစ်သည်။
ကျောက်ရှီချန်းသည် ဝါဒတောင်ဂိုဏ်း အရင်းအမြစ်များစွာ စုဆောင်းထားသည့် ကိစ္စနှင့် ပတ်သတ်၍ အခြားအတွေး မတွေးသော်လည်း အရှေ့တန်၏ အခြားထိပ်တန်းကျင့်ကြံသူများမှာမူ ဝါဒတောင်၏ရည်ရွယ်ချက်များအပေါ် ဒွိဟများ ရှိလာမည်မှာ မလွဲမသွေပင်တည်း။
အစီအစဉ်ဆွဲပြီးနောက် သူတို့အားလုံးသည် လေဝိဉာဉ်တောင်ကြားဆီသို့ ချက်ချင်း ထွက်ခွာခဲ့ကြသည်။ ထိုသို့ သွားရာလမ်းတွင် တိုက်ပွဲအခြေအနေနှင့် ပတ်သတ်သော သတင်းများကို သူတို့ တောက်လျှောက် လက်ခံရရှိခဲ့သည်။
အရှေ့တန်တွင် ကျင်းယန်မြို့မှအပ နေရာအများစု၌ တည်ငြိမ်လျက်ရှိသည်။ သို့သော်လည်း ဝါဒတောင်ဂိုဏ်း ထိန်းချုပ်ထားသော နေရာအားလုံးမှာမူ နေသူတော်စင်ဂိုဏ်း၏ အနှောက်အယှက်ပေးခြင်းကို ခံနေရသည်။
လေဝိဉာဉ်တောင်ကြားသည်လည်း အလားတူပင်။ အပြင်မှ အရံအတားများဖြင့် တားဆီးခြင်းကို ခံနေရ၏။
ရန်ကျောက်ကဲနှင့် အခြားသူများ ရောက်လာသောအခါ အတားအဆီးများကို လျင်မြန်စွာ ရှင်းလင်းခဲ့သည်။ သူတို့ ရောက်လာသော သတင်းကို ကြားသိပြီးနောက် ရှု့ချွမ်သည် ကသုတ်ကပျာ ထွက်လာကာ ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းအား ကြိုဆိုလိုက်သည်။
လက်ရှိတွင် ရှု့ချွမ်သည် လေဝိဉာဉ်တောင်ကြား၏ တရားဝင် အဆင့်နိမ့် အကြီးအကဲ ဖြစ်နေလေပြီ။ ယခင်နေရာနှင့် နှိုင်းယှဉ်လျှင် လေဝိဉာဉ်တောင်ကြားမှာ များစွာ ပိုမို အရေးကြီးရာ ၎င်း၏ ကာကွယ်ရေးအင်အားစုသည်လည်း များစွာ ပိုမို အားကောင်းပေသည်။
“အကြီးအကဲရှု့၊ ကျွန်တော်ပေးတဲ့ စာရင်းထဲက ပစ္စည်းတွေ စုဆောင်းပေးပါဦး၊ ဒီလေဝိဉာဉ်တောင်ကြားမှာ မရှိတဲ့ဟာတွေကို စာရင်းပြုစုပေးပါ” ရန်ကျောက်ကဲသည် အလ္လာပသလ္လာပများ ပြောမနေတော့ဘဲ ချက်ချင်းပင် လိုရင်းကို ပြောလိုက်သည်။
ရှု့ချွမ်ကလည်း သည်တာဝန်၏အရေးကြီးမှုကို သတိထားမိလေရာ ချက်ချင်းပင် ရန်ကျောက်ကဲပေးသော စာရင်းကို ကြည့်ရှု့လိုက်သည်။ သူ့လူများကို စေလွှတ်ကာ ရှိသော ပစ္စည်းများကို စုဆောင်းခိုင်းလိုက်ပြီး မရှိသော ပစ္စည်းများကိုတော့ အလျင်အမြန် တင်ပြလိုက်သည်။
“ငါတို့မှာ မရှိတဲ့ ပစ္စည်းတွေအကုန်လုံး ခြောက်နက်ကြီးကြပ်ခြင်းမြို့မှာ ရှိတယ်” ရှု့ချွမ်က ချက်ချင်း ပြောကြားလိုက်သည်။ “ငါတို့ဂိုဏ်းရဲ့ သိုလှောင်ရုံတွေ ဖျက်စီးခံရပြီဆိုတာလားတော့ မပြောတတ်ဘူး၊ ဒါပေမယ့် အဲ့မှာ မရနိုင်ရင်တောင် ချောက်နက်ကြီးကြပ်ခြင်းမြို့က တခြားနေရာတွေမှာ သေချာပေါက် အဲ့ပစ္စည်းတွေ ရှိတယ်”
“နေသူတော်စင်ဂိုဏ်းရဲ့ သိုလှောင်ရုံမှာပဲဖြစ်ဖြစ် အဆုံးမဲ့တောင်တန်းရဲ့သိုလှောင်ရုံမှာပဲဖြစ်ဖြစ် သေချာပေါက် ရှိလောက်တယ်”
ရန်ကျောက်ကဲသည် ရှု့ချွမ် ပြန်ပေးသော စာရင်းကို တစ်ချက်ကြည့်၍ အားဟူဘက်သို့ လှည့်လိုက်သည်။ “အားဟူ၊ အခြေအနေက အလျင်လိုနေတယ်၊ မင်းသွားမှ ရမယ်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်”
ကျောက်ရှီချန်းနှင့် ရန်ကျောက်ကဲသည် အစီအရင် တည်ဆောင်ရန် ကျန်ရစ်ခဲ့မည်ဖြစ်ရာ ကျန်လူများထဲမှာတော့ အားဟူက အသန်မာဆုံးဖြစ်သည်။
အားဟူက ရိုးသားသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ “မင်းသား စိတ်အေးအေးထားပါ၊ မင်းသား မသိလိုက်ခင်မှာပဲ ကျွန်တော် ပြန်ရောက်နေစေရမယ်”
ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့သည်။ သူ လေဝိဉာဉ်တောင်ကြား၏အပြင်ကို ရောက်သည်နှင့် ချောက်နက်ကြီးကြပ်ခြင်းမြို့သို့ မျဉ်းဖြောင့်တစ်ကြောင်းအသွင်ဖြင့် ပြေးသွားတော့သည်။
ကျောက်ရှီချန်းက အားဟူ ထွက်သွားရာ ဘက်သို့ ကြည့်နေ၏။ “ရန်တိက သူ့ကို ဝါဒတောင်ရဲ့အဓိကသိုင်းပညာတွေ မသင်ပေးပေမယ့် မဟူရာအိမ်မက်ဆိုးနတ်ဘုရားလေသိုင်းပဲဖြစ်ဖြစ် ကျားတစ္ဆေလက်သည်းသိုင်းပဲဖြစ်ဖြစ် နှစ်ခုလုံးက အထွတ်အထိပ်သိုင်းပညာတွေချည်းပဲ”
ရန်ကျောက်ကဲ၏မျက်နှာက နွေးထွေးသွားသည်။ “အဲ့နှစ်က ကျွန်တော့အဖေက အားဟူကို တပည့်အနေနဲ့ လက်ခံချင်တယ်၊ ဒါပေမယ့် အားဟူက ငြင်းပယ်ခဲ့တာပဲ”
“အဲ့တာကြောင့် အဖေက နှောင်းပိုင်းလေနယ်မြေရဲ့ ထိပ်သီးနယ်မြေက တိုက်ရိုက်မျိုးဆက် သိုင်းပညာရပ်တွေကို ထုတ်နှုတ်ပြီး အားဟူကို သင်ပေးခဲ့တာပဲ”
မကြာသေးမီနှစ်များက ရန်တိမှာ အားဟူကို အမှန်တကယ်ပဲ တပည့်အဖြစ် လက်ခံချင်ခဲ့ကာ ရန်ကျောက်ကဲခန္ဓာကိုယ်၏ယခင်ပိုင်ရှင်ကလည်း အားဟူအား အစေခံထက်စာလျှင် သူငယ်ချင်းအဖြစ် သဘောထားခဲ့သည်။
ရန်ကျောက်ကဲ ဤကမ္ဘာသို့ ရောက်လာသောအခါ၌လည်း သည်ကောင်ကြီးအား အလားတူပင် ရှု့မြင်ခဲ့သည်။ သူသည် အားဟူကို အစေခံအဖြစ် သဘောထားခြင်း မရှိပါချေ။
သူတို့နှစ်ယောက် မကြာခဏ စနောက်နေလေ့ ရှိသလို ပျော်ရွင်ဖွယ်ကောင်းသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည်။
သူ့ခန္ဓာကိုယ်မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်သာရှိသော သူ ဘယ်တော့မှ မတွေ့ဖူး၊ မပြောဆိုဖူးသည့် လူတချို့နှင့် နှိုင်းယှဉ်ပါက ရန်ကျောက်ကဲသည် အားဟူနှင့် အများကြီး ပိုမို နက်ရှိုင်းသော ဆက်ဆံရေး ရှိပေသည်။ သူတို့နှစ်ယောက်ကြား ခင်မင်မှု နက်ရှိုင်းလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မူလပိုင်ရှင်လက်ထက်ကတည်းက ရှိခဲ့သော ဆက်ဆံရေးသည်လည်း ပိုမို နီးကပ်လာ၏။ ရန်ကျောက်ကဲ ဤကမ္ဘာသို့ ရောက်လာပြီးနောက် အားဟူသည် ရန်ကျောက်ကဲ၏ပထမဆုံး သူငယ်ချင်းဟု ဆိုနိုင်လေသည်။
လေဝိဉာဉ်တောင်ကြားအတွင်း အသစ်စက်စက် အစီအရင်တည်ဆောက်ရာ၌ ရန်ကျောက်ကဲသည် ကျောက်ရှီချန်းအား ကူညီပေးလျက်ရှိသည်။
အပြင်ပန်းအရ ဤအစီအရင်မှာ ကျင်းယန်မြို့၏မဟာအစီအရင်နှင့် ဆင်တူ၏။
သို့သော် အသေးစိတ် ကြည့်လိုက်ပါက အစီအရင်ထဲမှ အသေးစိတ်ကျသော အမှတ်အသားများမှာ မှန်သလိုလို ရှိသော်လည်း တကယ်တော့ မှားနေလေသည်။ ကျင်းယန်မြို့၏ နဂို မဟာအစီအရင်နှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ အမှတ်အသားတိုင်းကို ပြောင်းပြန်လုပ်ထားသည့်အတိုင်းပင်။ အမှတ်အသားအားလုံးက မှန်ထဲတွင် ပြောင်းပြန်ပုံရိပ်ပေါ်နေသကဲ့သို့ပင်။
အစီအရင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသောအခါ တောက်ပသော အလင်းတစ်ခု စတင် ထွက်ပေါ်လာသည်။
ကျောက်ရှီချန်းသည် အစီအရင်၏အလယ်ဗဟို၌ ထိုင်ချလိုက်ကာ လက်တစ်ဖက်က လက်သီးဆုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က မြေကြီးကို ရိုက်ချလိုက်သည်။
သူနှင့်အတူပါလာသော မဟာအစီအရင်ငယ်ကို အသက်သွင်းလိုက်၏။ မဟာအစီအရင်ငယ်ပေါ်မှ စွမ်းအင်မျဉ်းကြောင်းများက တစထက် တစ မျက်စိကျိန်းလောက်အောင် ပိုမို တောက်ပလာ၏။
သို့သော်လည်း ထိုအလင်းမှာ အဆက်မပြတ် မှိတ်လိုက် လင်းလိုက်ဖြစ်နေလေရာ အလွန် မတည်မငြိမ်ဖြစ်နေပုံရ၏။
ကျောက်ရှီချန်း၏မျက်နှာက မပြောင်းလဲသွားပေ။ သူ မျက်လုံးမှိတ်၍ အာရုံစူးစိုက်လိုက်သည်။ ကျောက်ရှီချန်းသည် စွမ်းအားနှစ်ခုကြား မျှခြေကို ရှာဖွေရန် လေဝိဉာဉ်တောင်ကြား၏ပြောင်းပြန်အစီအရင်မှ စွမ်းအားကို ဆွဲယူပြီး မဟာအစီအရင်၏စွမ်းအားထံသို့ လမ်းကြောင်းလွှဲပေးလျက်ရှိသည်။
သူ့မျက်လုံးများ ဖြတ်ခနဲ လင်းလက်သွားကာ သူ့နဂါးဝတ်ရုံမှလည်း ရွှေရောင်အလင်းများ စတင် ဖြာထွက်လာသည်။
နဂါးကြေးခွံများကဲ့သို့သော ရွှေရောင်အလင်းများသည် နဂါးကြေးခွံများဖြင့် ပြုလုပ်ထားသော သံချပ်ကာက ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသကဲ့သို့ပင်။
၎င်းမှာ အရှေ့တန်နိုင်ငံ၏ နံပါတ်တစ် ရတနာဖြစ်သော အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက် တော်ဝင်ရွှေနဂါးကြေးခွံချပ်ဝတ်ဖြစ်သည်။
အချိန်အများစုတွင် ၎င်းသည် သိသာထင်ရှားခြင်းမရှိဘဲ ကျောက်ရှီချန်း၏ခန္ဓာကိုယ်နှင့် တသားတည်းရှိနေ၏။ သို့သော် လိုအပ်ပါက ၎င်းမှာ ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် သူ့၌ ဤစွမ်းအားကောင်းသော အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက် ရှိခြင်းကြောင့် ကံကောင်းသွားခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက မဟာအစီအရင်၏ ရုတ်တရက် ပြောင်းပြန်လည်ပတ်ခြင်းနှင့် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ အဖျက်စွမ်းအားများ၏ တန်ပြန်တိုက်ခိုက်မှုများကြားတွင် သူ အသက်ရှင်နိုင်မည်လောဆိုတာ မသိနိုင်ပေ။
ရန်ကျောက်ကဲသည် သူ့ဘယ်ဘက်လက်ကို ဖြန့်လိုက်ရာ ဓားတစ်ချောင်း ပေါ်လာ၏။ ထို့နောက် ညာဘက်လက်ညှိုးဆန့်၍ ညွှန်ပြလိုက်သည်။ ဓားသည် မိုးပေါ်သို့ ပျံတက်သွားပြီး အစီအရင်၏အလယ်ဗဟိုရှိ ကျောက်ရှီချန်း၏ရှေ့တည့်တည့်သို့ ကျသွားသည်။
၎င်းမှာ ရန်ကျောက်ကဲ ပိုင်ဆိုင်သော စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက် ကျောက်စိမ်းနဂါးဓားဖြစ်သည်။
ကျောက်ရှီချန်းက ဓားဖျားကို ညင်သာစွာ ပွတ်သပ်လိုက်ရာ နဂါးဟိန်းသံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ထိုအသိစိတ်၏ထိန်းချုပ်မှုအောက်တွင် ဓားသည် လေပေါ်တွင် တွဲလျောင်းကျလျက်ရှိ၏။
ဓားပြားပေါ်တွင် ခပ်မှိန်မှိန် နဂါးအရိပ်တစ်ခု စတင် တောက်ပလာပြီး လှည့်ပတ်သွားလာလျက်ရှိသည်။
ကျောက်ရှီချန်း ဝတ်ဆင်ထားသော တော်ဝင်ရွှေနဂါးကြေးခွံချပ်ဝတ်ပေါ်မှ ရွှေရောင်နဂါး၏ ခပ်မှိန်မှိန်အရိပ်သည်လည်း ပုံသဏ္ဌာန်ပေါ်လာပြီး ခမ်းနားစွာ ဟိန်းဟောက်လျက်ရှိသည်။
တော်ဝင်ရွှေနဂါးကြေးခွံချပ်ဝတ်ချပ်ဝတ်က အစီအရင်ငယ်မှ စွမ်းအားစီးဆင်းမှုကို ထိန်းချုပ်လမ်းညွှန်ပေးနေပြီး ကျောက်စိမ်းနဂါးဓားက ပြောင်းပြန်အစီအရင်ကို ထိန်းချုပ်ရန် အကူအညီပေးလျက်ရှိသည်။
မျက်စိကျိန်းလောက်အောင် တောက်ပနေသော နဂါးညီနောင်နှင့်အတူ အစီအရင်နှစ်ခု သဟဇာတဖြစ်နေကာ သူတို့ထံမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည်လည်း ကြီးသည်ထက် ပိုမိုကြီးမားလာသည်။
ထိုအချိန်လေးမှာပဲ တောင်ကြားထဲမှ ဝါဒတောင်နှင့် အရှေ့တန်ကျင့်ကြံသူအားလုံး အနည်းငယ် မျက်မှောင်ကုပ်မိကြသည်။
အားကောင်းသော အရှိန်အဝါတစ်ခု လေဝိဉာဉ်တောင်ကြားပေါ်သို့ ရုတ်တရက် ဆင်းသက်လာ၏။
ရွှေရောင်အလင်းဘီးတစ်ခု တောင်ကြားနှုတ်ခမ်းဝသို့ ဆင်းသက်လာကာ ကြောက်မက်ဖွယ်ရာ ဖိအားဖြင့် တောင်ကြားထဲမှ ပြောင်းပြန်အစီအရင်ကို ဖိအားပေးလျက်ရှိသည်။
“နေသူတော်စင်ဂိုဏ်း! သိုင်းဆရာသခင်တစ်ယောက်ပဲ!”
ရန်ကျောက်ကဲ မျက်မှောင်ကုပ်သွားသည်။ တိုက်ခိုက်လာသော ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်မှာ ကျောက်ရှီချန်း၊ ရန်ရှု့တိူ့ထက် နှိမ့်ပါးသော်လည်း သိုင်းဆရာသခင်က သိုင်းဆရာသခင်ပင်။
ကျောက်ရှီချန်း၏မျက်နှာက ဆက်လက်တည်ငြိမ်နေဆဲပင်ဖြစ်ကာ လက်မြှောက်၍ မိုးပေါ်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ပြောင်းပြန်အစီအရင်မှ စွမ်းအား၏ ထောက်ပံ့မှုကြောင့် သူ့လက်သီးချက်သည် မိုးပေါ်မှ ရွှေရောင်အလင်းဘီးထံသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး အလွန် တောက်ပသော ပေါက်ကွဲမှုကြီး ထွက်ပေါ်လာရာ အခြားသူများမှာ မျက်လုံးဖြင့် တိုက်ရိုက်ကြည့်ဖို့ပင် ခက်ခဲနေသည်။
ထိုအခိုက်တွင် ကျောက်ရှီချန်း၏ ဒဏ်ရာအများစုမှာ ပြန်မကောင်းသေးပေ။ ထို့ထက်ပိုသည်ကား ကျင်းယန်မြို့မှ မဟာအစီအရင်၏စွမ်းအားနှင့် ယှဉ်ပြိုင်နေရသေးသည်။
သူသည် သိုင်းဆရာသခင် ဝင်ရောက်လာမည်ကို တားဆီးနိုင်ခဲ့သော်လည်း သူ့အာရုံစူးစိုက်မှုနှင့်အတူ ပြောင်းပြန်အစီအရင်၏စွမ်းအားကိုလည်း ထိုသိုင်းဆရာသခင်အား တိုက်ခိုက်ရန် ခေတ္တမျှ လွဲပြောင်းအသုံးပြုလိုက်ရသည်။
ပြောင်းပြန်အစီအရင်တွင် မျက်စိတစ်မှိတ်စာမျှ ဟာကွက်တစ်ခုပေါ်လာသည်ကို နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်က အမိအရဖမ်း၍ တိုက်ခိုက်လိုက်ရာ ပြောင်းပြန်အစီအရင်၏ခံစစ်အလွှာတွင် အက်ကြောင်းတစ်ခုပေါ်လာ၏။
လှိုင်းလုံးတစ်လုံးကဲ့သို့ များစွာသော ပုံရိပ်များသည် ထိုအက်ကြောင်းမှတဆင့် ပြောင်းပြန်အစီအရင်ထဲသို့ အတင်းတိုးဝင်လာ၏။
တိုးဝင်လာသော နေသူတော်စင်ဂိုဏ်းသားများအနက် အများစုမှာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ပိုင်ဆိုင်ကြရာ သူတို့ သွားရာ နေရာတိုင်း၌ လေဟာနယ်ပင် ဂျွမ်းထိုးမှောက်ခုံဖြစ်သွားသည်ဟု ထင်ရသည်။
ပြောင်းပြန်အစီအရင်ထဲမှ လူများ၏စိတ်ထဲတွင် လေးလံသွား၏။ “ရှန်တျန်းအဆင့် သိုင်းပညာရှင်တွေ အများကြီးပါလား”
ရန်ကျောက်ကဲ၏အကြည့်က ကျူးကျော်လာသူများထဲမှ မြွေတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းသော မျက်လုံး၊ ကြီးမားသော မုတ်ဆိတ်ရှိသည့် အဖြူရောင်ဝတ်စုံဝတ်လူထံသို့သာ မခွာတမ်း ကျရောက်လျက်ရှိသည်။ ထိုသူကား ရှောင်ရှန်းပင်ဖြစ်သည်။
ရှောင်ရှန်းသည် ပြောင်းပြန်အစီအရင်ထဲကို ရောက်လျှင်ရောက်ချင်း လူအားလုံးကို ဝေ့ကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူ့အာရုံက ရန်ကျောက်ကဲပေါ်သို့ ကျရောက်သွားသည်။
“ရန်!ကျောက်!ကဲ!” ရှောင်ရှန်းသည် စကားလုံးတစ်လုံးချင်းစီကို တံထွေးစင်မတတ်အသံဖြင့် အော်ဟစ်လိုက်ပြီး မီးတောက်မတတ် မျက်လုံးများဖြင့် ရန်ကျောက်ကဲအား စူးစူးစိုက်စိုက် ကြည့်နေ၏။