အခန်း (၇၈) စာကြည့်တိုက်မှုးတွေကို လျော့မတွက်နဲ့
သိုင်းဆရာသခင်အဆင့်ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားရာ လေပြင်းများ တိုက်ခတ်လာသလို တိမ်စိုင်များလည်း ရွေ့လျားကုန်သည်။
အရှေ့တန်ကျင့်ကြံသူများ၏နှလုံးသားများ အဆုံးစွန်ဆုံးအထိ လေးလံသွားသည်။ သူတို့အားလုံး ပူးပေါင်းလျှင်တောင်မှ ဤသို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နိုင်စွမ်း မရှိပေ။
အဆုံးမဲ့တောင်တန်းအကြီးအကဲဟီ ရောက်လာသောအခါ သူ့အကြည့်က ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းထံသို့ ကျရောက်သွားသည်။
စကားပြောရန် သူ့ ပါးစပ်ကို ဖွင့်လိုက်တော့မည်အချိန်မှာတင် သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
မူလက မေ့မျောနေသော အရှေ့တန်ဘုရင်ကျောက်ရှီချန်းသည် ထိုအခိုက်အတန့်လေးမှာပင် ရုတ်တရက် ရုတ်တရက် ပွင့်လာလေသည်။
အကြည့်နှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့သွားသည့် အလားပင်။
ကျောက်ရှီချန်းက ပျော့ပျော့ပြောင်းပြောင်း ပြောလိုက်သည်။ “အကြီးအကဲဟီ ကိုယ်တိုင် အလည်လာတာပဲ၊ ကျွန်တော် ဒုက္ခပေးမိပါပြီ”
ထိုသို့ ပြောပြီးသည်နှင့် သူ ထထိုင်လိုက်ကာ လက်တစ်ဖက်ကို ဆုပ်လိုက်ပြီး အခြားတစ်ဖက်က မြေပြင်ကို ထိလိုက်သည်။
သူ့အောက် မြေကြီးပေါ်၌ မူလက မှုန်ဝါး၍ ပြတ်တောက်နေသော စွမ်းအင်မျဉ်းကြောင်းများ ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပလာကာ သူ့ပတ်ပတ်လည်ကို ပျံ့နှံ့သွားသည်။
ထိုအခိုက်တွင် အစီအရင်၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလာ၏။ ဖျော့တော့၊ အားနည်းနေရာကနေ အားကောင်း၊ သန်မာလာ၏။
အားကောင်းသော စွမ်းအားက အကြီးအကဲဟီ ဦးဆောင်သော အဆုံးမဲ့တောင်တန်းကျင့်ကြံသူများကို ထိတ်လန့်စေခဲ့သည်။ သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အစီအရင်ထဲမှ ခုန်ထွက်လိုက်ရသည်။
“ဘယ်လိုလုပ်ပြီး သူက ဒီလို မြန်မြန် ပြန်ကောင်းလာနိုင်တာလဲ” အကြီးအကဲဟီသည် သူ့ခေါင်းကို လှည့်၍ အဆုံးမဲ့တောင်တန်း၏အခြားကျင့်ကြံသူများကို ကြည့်လိုက်သည်။
ရှန်ထျန်းအဆင့်ကျင့်ကြံသူနှစ်ယောက်က ခါးသက်စွာဖြင့် ခေါင်းကို ယမ်းလိုက်၏။ သူတို့၏မျက်နှာများသည်လည်း နားမလည်နိုင်ဟန်၊ မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်နေ၏။
“သူ ဒီလိုအချိန်တိုလေးအတွင်း ပြန်ကောင်းလာနိုင်စရာ အကြောင်းမရှိဘူး”
“ဒါ နေ့ခင်းကြောင်တောင်ကြီး သရဲ မြင်နေရတာပဲ”
ကျောက်ဟိုသည် သူ့နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ပစ်ရင်း ကျောက်ရှီချန်းဘေးမှ ရန်ကျောက်ကဲကို စိုက်ကြည့်နေ၏။ ရန်ကျောက်ကဲ၏လက်ဝါးများက ကျောက်ရှီချန်း၏ နောက်ကျောကို ဆက်လက် ဖိထားလျက် ရှိသည်။
“ဘယ်လို ထိတ်လန့်စရာ အမြန်နှုန်းလဲ၊ သူ ဘယ်လိုတောင် လုပ်လိုက်တာလဲ”
ကျောက်ဟိုသည် အံတင်းတင်းကြိတ်လျက် ရှိ၏။ လတ်ဆတ်သော သွေးများက သူ့နှုတ်ခမ်းထောင့်မှ ထပ်မံ စီးကျလာသည်။
သူသည် ဆေးဝါးတာအို၌ ဤကမ္ဘာ၏ထိပ်ဆုံးမှာ ရပ်တည်နေသူဖြစ်သည်။ ဆေးပညာ၌ လူအနည်းစုက လွဲလျှင် သူနှင့် အဆင့်တူသည်ဟု ဆိုဝံ့သူ မရှိပေ။
သို့သော် ကျောက်ရှီချန်းကို ဤကဲ့သို့အချိန်တိုလေးအတွင်း ပြန်ကောင်းလာအောင် ကူညီပေးခြင်းသည် သူတောင်မှ လုပ်နိုင်စွမ်းမရှိသော အရာဖြစ်သည်။
စောစောက ကျောက်ရှီချန်း မည်မျှအထိ ဒဏ်ရာပြင်းထန်နေသည်ကို သူ မြင်ခဲ့ပြီးဖြစ်သည်။
သို့သော် ယခုအခါ ကျောက်ရှီချန်းသည် အမှန်တကယ် သတိပြန်လည်လာကာ အစီအရင်ကိုပင် နောက်တစ်ကြိမ် အသက်သွင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ မှန်းထားသည်နှင့် လုံးဝ ဆန့်ကျင်နေ၏။
ကျောက်ဟိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ “ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်တင် မဟုတ်ဘူး၊ သူက ဆေးဝါးပညာမှာလည်း အရမ်း ထူးချွန်တာပဲ”
အကြီးအကဲဟီ၏အကြည့်ကလည်း ရန်ကျောက်ကဲပေါ်သို့ ကျရောက်သွား၏။ “ဝါဒတောင်ရဲ့သခင်လေးက လူအများကြားက နဂါး‘တောင်မဟုတ်ဘူး နဂါးအကြားက နဂါးဆိုတဲ့ ကောလဟာလတွေက အမှန်ပဲလား”
အဆုံးမဲ့တောင်တန်းမှ လူများကို အသာထား၊ အရှေ့တန်၏ကျင့်ကြံသူများပင် ဤအခြင်းအရာကို အံ့အားသင့် ကြောင်အနေကြသည်။
အချို့၏စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ ညံလာ၏။ “စွမ်းအားကို အတင်းအကြပ် ထွက်ပေါ်လာအောင် လှုံ့ဆော်တဲ့ နည်းလမ်းမလား၊ အရှင်မင်းကြီး ခဏတော့ နိုးလာပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပိုပြင်းထန်လာပြီး သေသွားမှာလား”
“ဒါက မီးစာမခမ်းခင် နောက်ဆုံးမီးထတောက်တာလို့တော့ မပြောနဲ့၊ ဝင်သွားတော့မယ့် နေရဲ့ နောက်ဆုံးအကြွင်းအကျန်အလင်းလိုမျိုးတော့ မဟုတ်လောက်ဘူးမလား”
သူ့အပေါ် ကျရောက်နေသော စိုးရိမ်ကြောင့်ကြနေသည့် အကြည့်များကို ခံစားမိသောအခါ ရန်ကျောက်ကဲသည် စိတ်ပျက်ဟန်ဖြင့် မျက်လုံးလှန်လိုက်မိသည်။
“ငါပြောတယ်၊ မင်းတို့ကောင်တွေ စာကြည့်တိုက်မှုးတွေကို အထင်မသေးနဲ့၊ ဒါလည်း အသက်မွေးဝမ်းကြောင်းတစ်ခုပဲလေ”
ကျောက်ရှီချန်းသည် ရန်ကျောက်ကဲအား ခေါင်းငြိမ့်ပြလိုက်ပြီး ထမတ်တပ်ရပ်လိုက်သည်။ “ဒီဘုရင်က နည်းနည်းလောက် အားပျက်သွားခဲ့တာပဲ၊ အခုတော့ အဆင်ပြေသွားပါပြီ”
“အကြီးအကဲဟီကိုယ်တိုင် ဒုက္ခခံပြီး ကျွန်တော့ဆီ လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီနဂါးချုပ်လှောင်ခြင်းချောက်နက်က စကားပြောဖို့ နေရာကောင်းမဟုတ်ဘူး”
“ကျွန်တော်တို့ ပြန်ရောက်ရင် တော်ဝင်နန်းတော်မှာ အကြီးအကဲဟီနဲ့ အဆုံးမဲ့တောင်တန်းက အခြားသူတွေကို ဒီဘုရင်ကိုယ်တိုင် ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံပါမယ်”
အကြီးအကဲဟီ မျက်မှောင်ကုပ်နေ၏။
မကြာသေးမီကမှ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့် ကျောက်ရှီချန်းက လုံးဝ သက်သာသွားသည်ဆိုသည်ကို သူ မယုံနိုင်ပေ။
ကျင်းယန်မြို့၏မဟာအစီအရင်မှ စွမ်းအားကို ကျောက်ရှီချန်း မည်မျှအထိ ဆွဲယူ အသုံးပြုနိုင်သနည်းဆိုသည်ကို သူ မခန့်မှန်းနိုင်ပေ။
ကျင်းယန်မြို့မဟာအစီအရင်၏စွမ်းအားကို ဆွဲယူအသုံးပြုနိုင်သော ကျောက်ရှီချန်းသာ အထွတ်အထိပ်အခြေအနေ၌ ရှိနေပါက အကြီးအကဲဟီပင် သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။
ကျောက်ဟို၏အကြည့်က ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းတို့ကြားတွင် ခေါက်တုံ့ခေါက်ပြန် ရွေ့လျားလျက်ရှိသည်။
သို့ရာတွင် ကျောက်ရှီချန်းကမူ သူ့ကို တစ်ချက်ပင် မကြည့်ခဲ့ပေ။
နေသူတော်စင်ဂိုဏ်းကို ကျင်းယန်မြို့မှ ပြန်ဆုတ်စေရန် ဝါဒတောင်ဘက်မှ ကျောက်ရှီချန်း ကူညီပေးခဲ့စဉ်အခါကပင် ကျောက်ဟိုသည် ကျောက်ရှီချန်းအား စိတ်ပျက်သွားခဲ့သည်။
ဤနေရာ၌ ကျောက်ဟိုကို အဆုံးမဲ့တောင်တန်းဂိုဏ်းသားများနှင့် တွေ့ရသောအခါ ကျောက်ရှီချန်းသည်လည်း ကျောက်ဟိုအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့သည်။
ကျောက်ရှီချန်းသည် အကြီးအကဲဟီအား ကြည့်၍ အေးအေးဆေးဆေး ပြောလိုက်သည်။ “ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး၊ ဒီဘုရင် အရင်ဆုံး သွားပါတော့မယ်၊ အကြီးအကဲဟီ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
ထိုသို့ ပြောပြီးသည်နှင့် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ့အောက်က လေထဲသို့ တွန်းထုတ်လိုက်သည်။
အစီအရင်၏စွမ်းအင်မျဉ်းကြောင်းများ တုန်ခါသွားသည်။ ကျောက်ရှီချန်းကို ဗဟိုပြု၍ ချီစီးကြောင်းများ လည်ပတ်လာကာ ရန်ကျောက်ကဲ၊ အားဟူနှင့် အရှေ့တန်ကျင့်ကြံသူများကို လွှမ်းခြုံသွားပြီး နဂါးချုပ်လှောင်ခြင်းချောက်နက် အဝင်ဝသို့ မြင့်တက်သွားသည်။
အကြီးအကဲဟီ၏မျက်နှာ မည်းမှောင်သွားသည်။ ဤသို့ လက်လျော့လိုက်ရမည်ကို သူ တကယ်ပဲ လက်မခံနိုင်ပေ။
သူ လုံးဝ အောင်မြင်လိမ့်မည်ဟု ယုံကြည်မှုမရှိသော်လည်း ရန်ကျောက်ကဲ၊ ကျောက်ရှီချန်းနှင့် အခြားသူများကို တားဆီးရန် ချက်ချင်း လှုပ်ရှားလိုက်သည်။
သို့သော် ထိုအခိုက်တွင် ပြင်းထန်သော တုန်ခါလှိုင်းများ အဝေးမှ ထွက်ပေါ်လာသည်။
အေးစက်၊ ခမ်းနားသော ဓားချီ လွင့်စင်လာပြီး လေဟာနယ်ကိုပင် ပိုင်းဖြတ်သွားကာ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ လျှိုမြောင်ပင် လုံးဝ ပြိုကျလုမတတ်ဖြစ်သွားသည်။
“ဝါဒတောင်က အရှေ့အကြီးအကဲနဲ့ နေသူတော်စင်ဂိုဏ်းက အရှေ့တက်နေဝန်းဘုရင်ပဲ၊ သူတို့ ဒီကို လာနေကြပြီ”
လေဟာနယ်ကို ထိုးဖောက်လာသော ကြောက်မက်ဖွယ်ရာဓားချီသည် အဆုံးမဲ့တောင်တန်းကျင့်ကြံသူများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ရွှေရောင်ဓားအလင်း တောက်ပသွားကာ ကြောက်မက်ဖွယ်ရာ ဓားချီနှင့် နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်။
သို့သော်လည်း အဆုံးမဲ့တောင်တန်းမှ လူများအတွက်တော့ ရန်ကျောက်ကဲနှင့်အခြားသူများကို တားဆီးနိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်သည်။ သူတို့ လိုက်မမီနိုင်တော့ပေ။
အကြီးအကဲဟီ၏မျက်နှာ မှေးမှိန်သွားသည်။ “ငါတို့ အခွင့်အရေးနဲ့ လွဲချော်သွားပြီ၊ အခြေအနေက ငါတို့လက်ထဲမှာ မရှိတော့ဘူး”
“သွားကြတာပေါ့၊ အကြီးအကဲခေါင်းဆောင်ဆီ ရောက်ပြီးမှ ငါတို့ ပြန်ဆုတ်သင့်လား၊ ရှေ့တိုးသင့်လား ဆုံးဖြတ်မယ်”
သူက ကျောက်ဟိုကို ကြည့်လိုက်သည်။ “မင်း အရှေ့တန်မှာ ဆက်နေခဲ့မယ်ဆိုရင် မင်းကို အရှေ့တန်ဘုရင်က ချောင်ထိုးထားလိမ့်မယ်၊ မင်း ဘဝလမ်းက တိုးတက်နိုင်မှာ မဟုတ်တော့ဘူး”
ကျောက်ဟို အတွေးနက်နေ၏။
ရန်ကျောက်ကဲ၊ ကျောက်ရှီချန်းနှင့် အခြားသူများသည်လည်း အရှေ့အကြီးအကဲနှင့် အရှေ့တက်နေဝန်းဘုရင် ချည်းကပ်လာသည်ကို ခံစားမိသည်။
ထိုမျှသာမက အကြီးအကဲခုံနှင့် နေသူတော်စင်ဂိုဏ်း၏အမျိုးသမီးကျင့်ကြံသူတို့သည် တိုက်ခိုက်ရင်း နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်ဘက်သို့ ရောက်လာခဲ့ရာ သူတို့တိုက်ခိုက်ရာ လမ်းတစ်လျှောက် ကီလိုမီတာရာဂဏန်းပတ်လည်၌ ကောင်းကင်နှင့် မြေကြီးသည် ဂျွမ်းထိုး၊မှောက်ခုံဖြစ်မတတ် ပြိုကွဲ၊ပျက်စီးကုန်ကြ၏။
“ဦးလေး၊ ဦးလေးခန္ဓာကိုယ်ထဲက အန္တရာယ်ချီစီးကြောင်းတွေအကုန်လုံး ထွက်မသွားသေးဘူး” ရန်ကျောက်ကဲက ကျောက်ရှီချန်းကို ကြည့်လျက် သူ့စကားကို ဆက်လိုက်သည်။ “ကျင်းယန်မြို့က အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဦးလေး ဘယ်လောက်ယုံကြည်မှုရှိလဲ”
ကျောက်ရှီချန်း၏မျက်နှာက အနည်းငယ် ဖျော့တော့လျက်ရှိသည်။ ကျောက်ရှီချန်းသည် သူနှင့် ကျင်းယန်မြို့၏မဟာအစီအရင်ကြားရှိ ချိတ်ဆက်မှုခပ်ရေးရေးလေးကို ဂရုတစိုက် အာရုံခံလိုက်ပြီးနောက် အားယူ၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှီလီ ပုန်ကန်နေပြီ၊ တော်ဝင်နန်းတော်ထဲပါ ရောက်နေပြီ”
“နေသူတော်စင်ဂိုဏ်းကလူတွေပါ ကူညီနေတော့ ဦးရီးတော်ဟွမ်က သူ့ကို မတားဆီးနိုင်ဘူး၊ ကျင်းယန်မြို့မဟာအစီအရင်ရဲ့ တစ်ဝက်လောက်ကိုတောင် သူ ထိန်းချုပ်ပြီးနေပြီ”
“ဒီဘုရင်က တော်ဝင်နန်းတော်ထဲမှာ မရှိတော့ အဲ့တာကို ပြန်ထိန်းချုပ်နိုင်ဖို့ဆိုရင် တော်တော်လေး အားထုတ်မှ ရမယ်”
ကျောက်ရှီချန်းသည် ရှေ့ကို လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ လေပွေသဏ္ဌာန် လည်ပတ်နေသော ချီစီးကြောင်းများက တဖြည်းဖြည်း အရှိန်လျော့သွားပြီး ရန်ကျောက်ကဲနှင့် အခြားသူများကို ဘေးကင်းသော နေရာသို့ ချပေးလိုက်သည်။
သူခန္ဓာကိုယ်၏အခြေအနေက စိုးရိမ်စရာ ကောင်းနေသေးသည့်အပြင် ဖြစ်လာနိုင်သော တိုက်ပွဲများအတွက် သူ့စွမ်းအားကို ချန်ထားရန် လိုအပ်လေသည်။
ကံကောင်းစွာပဲ အရှေ့တန်၏ မြို့တိုင်း၌ မြင်းစောင်းများ ရှိရာ သူတို့အနေဖြင့် ဆက်လက်ခရီးဆက်ရန် ပူစရာမလိုတော့ပေ။
“ငါတို့ အခုအချိန် ကျင်းယန်မြို့ကို မြန်မြန်ပြန်သွားရင်တောင် အချိန်မီရောက်နိုင်မှာ မဟုတ်တော့ဘူး၊ ကျောက်ရှီလီက ပိုပြီးအသာရလာဖို့ပဲရှိတယ်”
ရန်ကျောက်ကဲက “ဦးရီးတော်၊ ကျွန်တော့်မှာ အစီအစဉ်တစ်ခုရှိတယ်၊ ဦးရီးတော် စမ်းကြည့်ချင် စမ်းကြည့်ပါလား”
ကျောက်ရှီချန်းက ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “အိုး…၊ မင်းမှာ ဘာစိတ်ကူးရှိလို့လဲ ကျောက်ကဲ”
ရန်ကျောက်ကဲက “ကျွန်တော်တို့ဂိုဏ်းရဲ့ လေဝိဉာဉ်တောင်ကြားက ချောက်နက်ကြီးကြပ်ခြင်းမြို့နဲ့ သိပ်မဝေးသလို နဂါးချုပ်လှောင်ခြင်းချောက်နက်နဲ့လည်း အတော် နီးကပ်တယ်”
“အဲ့မှာ အရင်းအမြစ်တချို့ သိမ်းဆည်းထားတယ်၊ အဲ့အရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ ပြောင်းပြန်အစီအရင်တစ်ခု တည်ဆောက်ကြည့်လို့ရတယ်”
ကျောက်ရှီချန်း၏ မျက်လုံးများ တောက်ပသွားသည်။ “ပြောင်းပြန်အစီအရင် တည်ဆောက်ဖို့ မလွယ်ဘူး ကျောက်ကဲ၊ မင်းမှာ လုပ်ဖို့ နည်းလမ်းရှိလို့လား”
ရန်ကျောက်ကဲက “အစီအရင်အတွက် ကျွန်တော် စဉ်းစားထားတာတွေ ရှိပြီးသားပါ၊ ကျွန်တော်တို့ ကံစမ်းကြည့်မလား”
“ကံစမ်းတယ်လို့သာ ပြောပေမယ့် ကျွန်တော်တို့ ကျင်းယန်မြို့ကို ပြန်တာထက်တော့ ပိုမျှော်လင့်ချက် ရှိပါတယ်”
ကျောက်ရှီချန်းသည် ရန်ကျောက်ကဲ၏စကားများကြောင့် စိတ်ပြောင်းသွားသည်။ သို့သော်လည်း သူက အသံပေးပို့၍ မေးမြန်းလိုက်သည်။ “အဲ့တာက လေဝိဉာဉ်တောင်ကြားဆိုရင် တိမ်သွေးကြောသလင်းကျောက်မိုင်းတွင်း…”
ရန်ကျောက်ကဲကလည်း အသံပေးပို့၍ ပြန်လည်ဖြေကြားလိုက်သည်။ “စစ်ပွဲက စတင်နေပြီ၊ အကြီးအကဲရှု့ချွမ်က ပါးနပ်တဲ့လူဆိုတော့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမှာပဲ၊ လျှို့ဝှက်ချက်ပေါ်ပေါက်သွားမှာ စိုးရိမ်စရာမလိုပါဘူး”
“နဂါးချုက်လှောင်ခြင်းချောက်နက်ထဲက အဆုံးမဲ့တောင်တန်းကျင့်ကြံသူတွေကို အကြီးအကဲချင်က တားဆီးထားတယ်၊ အရှေ့တန်နယ်စပ်က တောင်တန်းနယ်မြေမှာ တပ်တွေအများကြီး တပ်စွဲထားတယ်၊ တိုက်ခိုက်ဖို့ အမိန့်ကို စောင့်နေတယ်”
“နေသူတော်စင်ဂိုဏ်းကလည်း လှုပ်ရှားနေတယ်”
“အဲ့အချိန်မှာပဲ ကျောက်ရှီလီက ကျင်းယန်မြို့ နန်းတော်ထဲကို ကျူးကျော်တိုက်ခိုက်နေတယ်”
“လက်ရှိမှာ စက္ကန့်တိုင်းက အသက်တမျှ အရေးကြီးလာပြီ”