Switch Mode

အခန်း (၇၇)

ငါ ပျော်တယ်လေ၊ ဘယ်သူ့ကို ဂရုစိုက်ကမှာလဲ

အခန်း (၇၇) ငါ ပျော်တယ်လေ၊ ဘယ်သူ့ကို ဂရုစိုက်ကမှာလဲ

ကျောက်ဟိုနှင့် ရင်ဆိုင်နေရသော်လည်း အရှေ့တန်ကျင့်ကြံသူအုပ်စု၏ခေါင်းဆောင်က နောက်မတွန့်သွားပေ။

မင်းသားဆယ့်ခြောက်၊ ကျွန်တော်မျိုး အမှတ်မမှားဘူးဆိုရင် အရှင်မင်းကြီးက မင်းသားကို ကျင်းယန်မြို့မှာပဲ နေခဲ့ဖို့ အမိန့်ချထားတယ်လေ၊ ဘာအမိန့်မှ ထပ်မလာသရွေ့ မင်းသား ထွက်လို့မရပါဘူး”

အခု ဘာလို့ မင်းသားက ဒီနေရာမှာ ပေါ်လာတာလဲ”

ထိုစကားများကို ကြားသော်လည်း ကျောက်ဟို စိတ်မဆိုးပေ။ ညင်ညင်သာသာပင် ပြောလိုက်သည်။ “အင်း၊ ဖခမည်းတော်ရဲ့ အခြေအနေကို စိုးရိမ်လို့ ငါ လိုက်လာတာပေါ့”

ငါက ဆေးဝါးပညာမှာ ထူးချွန်တယ်လေ၊ မင်းလည်း ဒါကို သိပြီးသား ဖြစ်မှာပါ”

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မိကြသည်။ “အဲ့တော့ ခြေရာခံဖို့အတွက် ဆေးမှုန့်ကို အရှင်မင်းကြီးရဲ့ ကိုယ်ပေါ်မှာ ထားထားခဲ့တာပေါ့ ဟုတ်လား”

လက်နှစ်ဖက်ကို နောက်ပစ်ထားသော ကျောက်ဟို၏မျက်နှာက မပြောင်းလဲပေ။ “အဓိပ္ပာယ်မရှိတာ မပြောနဲ့၊ တစ္ဆေတစ်ရာဝိဉာဉ်မြက် ဝတ်မှုန်ရဲ့ အနံ့ကို ငါ မှတ်မိရုံပဲ ရှိတာ၊ ခမည်းတော်ရဲ့ကိုယ်ပေါ်မှာ ဘယ်လိုပေါ်လာလဲ ငါ မသိဘူး”

ဒါပေမယ့် အခုက ဒီလို အရေးမပါတဲ့ကိစ္စတွေကို ငြင်းခုန်နေရမယ့် အချိန်မဟုတ်ဘူး”

ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းအား သူ တစ်ချက် ကြည့်လိုက်သည်။ “ခမည်းတော်ရဲ့အသက်ကို ကယ်ဖို့က အရေးအကြီးဆုံးဆိုတာ မင်းလည်း ကောင်းကောင်းသိတာပဲ၊ ဒါ နှောင့်နှေးလို့ မရဘူး”

သူ့ဘေးမှ အဆုံးမဲ့တောင်တန်းကျင့်ကြံသူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “တိုက်ခိုက်တော့”

ထိုသို့ပြောပြီးသည်နှင့် အဆုံးမဲ့တောင်တန်းကျင့်ကြံသူအုပ်စုသည် အရှေ့တန်ကျင့်ကြံသူအုပ်စုထံသို့ ပြေးတက်သွားသည်။

အဆုံးမဲ့တောင်တန်းကျင့်ကြံသူများမှာ အရေအတွက်ပိုင်းအရ အသာစီးရနေသည့်အပြင် ခွန်အားပိုင်းအရလည်း ကျင့်ကြံမှုအဆင့်တူရှိလျှင်တောင်မှ အရှေ့တန်၏ကျင့်ကြံသူများထက် သာလွန်ပေသည်။

အစီအရင်ထဲမှာတောင်မှ အရှေ့တန်အုပ်စုဘက်က အလွန် ဖိအားများလာသည်။

ကျင်းယန်မြို့၏ပင်မအစီအရင်၌ ကစဉ့်ကလျားဖြစ်နေသည့်အပြင် ကျောက်ရှီချန်းက မေ့မျောနေသောကြောင့် သူတို့ကို ကာကွယ်နေသော အစီအရင်ငယ်မှာ အားနည်းနေ၏။

ရှန်ထျန်းအဆင့်သိုင်းပညာရှင်နှစ်ယောက်က အစီအရင်မှ တိုက်ခိုက်မှုများကို ခံယူနေစဉ် အဆုံးမဲ့တောင်တန်း၏ ကျန်ကျင့်ကြံသူများက အစီအရင်ထဲသို့ အတင်း တိုးဝင်ကြသည်။

အစတုန်းကတော့ အရှေ့တန်၏ ရှန်ထျန်းအဆင့်သိုင်းပညာရှင်သည် ကျောက်ရှီချန်းကို ကုသနေသော ရန်ကျောက်ကဲအား ကူညီနေခဲ့သည်။

ဤအခိုက်အတန့်တွင် အခြေအနေကို မြင်သောအခါ သူ ယာယီ ရပ်တန့်လိုက်ရပြီး ရန်သူကို ရင်ဆိုင်ရန် မတ်တပ်ရပ်လိုက်သည်။

သူ မလှုပ်ရသေးခင် ဘန်း… ဘန်း…ဟူသော အသံနှစ်ခု သူ့နားထဲ ဝင်လာ၏။

လူထွာကြီးတစ်ယောက်သည် အရှေ့တန်အုပ်စု ရှေ့၌ ရပ်နေကာ ဝင်လာသော အဆုံးမဲ့တောင်တန်းကျင့်ကြံသူနှစ်ယောက်အား ကိုင်ပေါက်လိုက်သည်။

ဘာမှ မဖြစ်ခဲ့သည့်အလား အားဟူက ထိုနေရာတွင် ရပ်နေ၏။

သူသည် တစ်ဖက်လူများကို ကြည့်ကာ ရယ်မောလိုက်သည်။ “ကျွန်တော် ဒီမှာရှိနေမှတော့ ခင်ဗျား လှုပ်ရှားဖို့ မလိုပါဘူး၊ ပြန်ထိုင်နေပါ”

အားဟူက လူနှစ်ယောက်အား ကိုင်ပေါက်လိုက်သည်ကို မြင်သောအခါ အဆုံးမဲတောင်တန်း၏ ရှန်ထျန်းအဆင့် ကျင့်ကြံသူ၏အကြည့်က လေးနက်သွားသည်။

သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ သူ့လက်ဝါးကို တွန်းထုတ်လိုက်သည်။

ထိုသို့ သူ့လက်ဝါးကို တွန်းထုတ်လိုက်သည်နှင့် လူတိုင်းရှေ့မှ မြင်ကွင်းသည်လည်း ရုတ်ချည်း ပြောင်းလဲသွားသည်။

သူတို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ရှိမနေတော့။ ထိုအစား မတ်စောက်မြင့်မားသော တောင်တန်းများ ဝန်းရံထားသည့် ချိုင့်ဝှမ်းတစ်ခုထဲတွင် ရောက်နေ၏။

ထိုတောင်တန်းများကို တစ်စုံတစ်ယောက်က တွန်းလိုက်သည့်အလား ပတ်ပတ်လည်မှ တောင်များသည် သူတို့အပေါ် ပိကျလာပြီး အဆက်မပြတ် ဖိအားပေးလျက်ရှိသည်။

ကြယ်တာရာချီကို အသက်သွင်းခြင်း – ၎င်းမှာ ကြယ်တာရာချီကို လက်နက်သဏ္ဌာန်ဖွဲ့ရုံမျှ မဟုတ်ပေ။ ရန်သူကို ဖိနှိပ်ရန် ပုံရိပ်ယောင် ကောင်းကင်နှင့် မြေကြီးအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

၎င်းမှာ ရှန်ထျန်းအလယ်အလတ်အဆင့်နှင့်အထက် ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။

အားဟူက ရယ်မောလိုက်၏။ သူ၏ မူလက ရိုးသားသောအပြုံးက ယခုအခါ တိုင်းတာ၍မရလောက်အာင် ကြောက်မက်ဖွယ်ရာ ကောင်းလာသည်ဟု ထင်ရသည်။

ရက်စက်ကြမ်းကြုပ်သော ဧရာမ သမိုင်းမတင်မီသားရဲတစ်ကောင် အိမ်မောကျနေရာမှ နိုးလာသည့်အလား ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာရာ ပတ်ဝန်းကျင်မှ အရာများ သိမ့်သိမ့်တုန်သွားသည်။

တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် အဆုံးမဲ့တောင်တန်းကျင့်ကြံသူများသည် သူတို့ရှေ့တွင် ဧရာမ အနက်ရောင်ကျားကြီးတစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ကျားဟိန်းသံကြောင့် လေပြင်းများ တိုက်ခတ်လာကာ လေမုန်တိုင်းမှာ အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသည်။

အဆုံးမဲ့တောင်တန်း၏ ရှန်ထျန်းအဆင့် ကျင့်ကြံသူ၏ ကြယ်တာရာချီဖြင့် အသွင်ပြောင်းထားသော တောင်တန်းများမှာ ကြောက်မက်ဖွယ်လေမုန်တိုင်း၏ မွှေနှောက်ဖျက်စီးခြင်းကို ခံနေရသည်။ မြေပြင် တုန်ခါလာပြီး တောင်တွေ လှုပ်ရမ်းလာကာ ပတ်ဝန်းကျင်မှ ကျောက်တုံး၊ကျောက်ဆောင်များ အပိုင်းပိုင်းအစစ ဖြစ်ကုန်ကြသည်။

လေမုန်တိုင်း၏ မဟူရာအိပ်မက်ဆိုးနှင့် ရင်ဆိုင်ရသည့်အလား မတ်စောက်မြင့်မားသော တောင်တန်းများအားလုံး ပြိုကျကုန်ကြသည်။

အဆုံးမဲ့တောင်တန်းကျင့်ကြံသူ၏မျက်နှာမှာ ဒယ်အိုးဖင်ကဲ့သို့ ရုတ်ချည်း မည်းမှောင်သွားသည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှန်ထျန်းအဆင့် သိုင်းပညာရှင်ပဲဟ”

မင်း၊ ရှန်ထျန်းအဆင့်သိုင်းပညာရှင် ဖြစ်ရဲ့သားနဲ့ သူများ အခိုင်းအစေလုပ်နေတာ မရှက်ဘူးလား”

အရှေ့တန်၏ကျင့်ကြံသူများပင် အားဟူကို အထိတ်တလန့်ဖြင့် ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် ဒါကို လက်ခံနိုင်ရန် အလွန် ခက်ခဲနေပုံရသည်။

သိုင်းပညာရှင်အဆင့်မှာလည်း အတွင်းပိုင်းကြယ်တာရာချီ၊ အပြင်ပိုင်းကြယ်တာရာချီ၊ ရှန်ထျန်းနှင့် ကောင်းကင်ချိတ်ဆက်ခြင်းဟူ၍ အစဉ်လိုက် ပါဝင်လေသည်။

ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင်များမှာ အပြင်သို့ ထွက်ခဲလှပြီး သိုင်းဆရာသခင်အဆင့်သို့ ချိုးဖြတ်နိုင်ရန် ပြင်ဆင်မှုများကိုသာ အာရုံစိုက် ပြုလုပ်နေလေ့ရှိရာ ရှန်ထျန်းအဆင့်သိုင်းပညာရှင်များမှာ သိုင်းပညာရှင်အဆင့်၏ အထွတ်အထိပ် ကျင့်ကြံသူများဟု ဆိုနိုင်ပေသည်။

အရှေ့တန်နှင့် အရှေ့ကောင်းကင်ဒေသတွင် ရှန်တျန်းအဆင့်သိုင်းပညာရှင်များ၏အင်အားကို ပေါ့သေးသေး သဘောမထားသင့်ပေ။

ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းကဲ့သို့ ထိပ်သီးနယ်မြေများတွင်တောင်မှ သူတို့၏တာဝန်ခန်းမအကြီးအကဲများမှာ အလွန်ဆုံးမှ ရှန်ထျန်းအဆင့်သာ ရှိကြရာ သူတို့ထဲမှအများစုမှာလည်း အပြင်ပိုင်းသိုင်းပညာရှင်အဆင့်သာ ရှိသေး၏။

အရှေတန်မြေပေါ်ရှိ ဂိုဏ်းငယ်များ၊ အလယ်အလတ်အဆင့် ဂိုဏ်းများနှင့် မျိုးနွယ်စုများ၌လည်း အလွန်ဆုံးမှ ရှန်ထျန်းအဆင့်သာ ရှိကြကာ သူတို့ထဲမှ အများစုမှာ ထိုအဆင့်သို့ပင် မရောက်နိုင်ကြချေ။

အရှေ့တန်တော်ဝင်နန်းတော်၌ ရှန်ထျန်းအဆင့်ဆိုလျှင် ဂုဏ်ထူးဆောင် ဝန်ကြီးအဖြစ် ခန့်အပ်ခံရလေသည်။

သို့သော် ယခု သူတို့ရှေ့၌ အနည်းဆုံး အလယ်အလတ်အဆင့် ရောက်နေသော ရှန်ထျန်းသိုင်းပညာရှင်တစ်ယောက်က ရန်ကျောက်ကဲ၏နောက်တွင် နေ့ရောညပါလိုက်၍ အလုပ်အကျွေးပြုနေလေသည်။

ထိပ်တန်းကိုယ်ရံတော်အနေနှင့်ပင် မဟုတ်ဘဲ လက်တိုလက်တောင်းခိုင်းစေခံရသော အစေခံတစ်ယောက်ကဲ့သို့ပင်။

သူတို့စိတ်ထဲတွင် ဤခက်ထန်ပုံရသော ရှန်ထျန်းအဆင့်လူသန်ကြီးနှင့် ရန်ကျောက်ကဲသွားလေရာနောက်သို့ တကောက်ကောက်လိုက်နေသော ပေါကြောင်ကြောင်လူထွားကြီးတို့အကြား မည်သို့မျှ တွဲစပ်ကြည့်၍ မရနိုင်ပေ။

အဆုံးမဲ့တောင်တန်းကျင့်ကြံသူက အားဟူအား စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာ ဒေါသကြောင့် နီရဲလျက်ရှိသည်။ “မင်းက ရန်ဝူတိရဲ့ အစေခံဆိုရင်တောင် လက်ခံလို့ရသေးတယ်၊ ဒါပေမယ့် ရန်ဝူတိရဲ့သားဆီမှာ ဘယ်လိုလုပ် ခေါင်းငုံ့ပြီး ကျိုးကျိုးနွံနွံ တာဝန်ထမ်းဆောင်နိုင်တာလဲ”

မင်းရဲ့ဂုဏ်သိက္ခာက ဘယ်မှာလဲ၊ မင်းရဲ့မာနက ဘယ်ရောက်သွားလဲ”

အားဟူက လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ “ငါ ပျော်တယ်လေ၊ မင်းနဲ့ ဘာဆိုင်လို့လဲ”

အဆုံးမဲ့တောင်တန်း၏ အခြား ရှန်ထျန်းအဆင့်ကျင့်ကြံသူ၏ မျက်နှာက ပြောင်းလဲသွားသည်။ “ငါ မှတ်မိပြီ”

အရင်တုန်းက ရန်တိက မိုးကြိုးနယ်မြေရဲ့ ကောင်းကင်မိုးကြိုးခန်းမနဲ့တောင်တိုက်ခိုက်ပြီးတော့ သူ့ရဲ့အစေခံအိုကြီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ ကောလဟာလထွက်ဖူးတယ်”

ဒါပေမယ့် ကြည့်ရတာတော့ အဲ့အစေခံအိုကြီးက နောက်ပိုင်းမှာ သေသွားပြီး ရန်တိက ကလေးတစ်ယောက် ခေါ်လာတဲ့ပုံပဲ”

အားဟူ ပြုံးတာ ရပ်တန့်သွားသည်။ သူ့မျက်နှာက တည်ကြည်နေ၏။ “အဲ့တာ ငါ့အဘိုးပဲ၊ ငါ၊ ဟွမ်ဟုထင်းက အဲ့ကလေးပဲ”

ကျောက်ဟိုက အေးစက်စွာ ပြောလိုက်သည်။ “မင်းရဲ့အဘိုးကလည်း အစေခံပဲ၊ ပြီးတော့ ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့ မင်းကလည်း တစ်သက်လုံး ရန်မိသားစုရဲ့ အစေခံ လုပ်နေတာပေါ့”

ဘယ်လို ကျောရိုးမရှိတဲ့ လူလဲ၊ မင်းကိုယ်မင်း ကျင့်ကြံသူလို့ မခေါ်သင့်ဘူး”

အားဟူက ဟက်ခနဲ ရယ်လိုက်သည်။ “မင်းလို သေးငယ်တဲ့ယင်ကောင်က ခေါ်သင့်တယ် မခေါ်သင့်တယ်အကြောင်း ပြောနေစရာမလိုပါဘူး၊ ငါ လက်ဝါးတစ်ချက် ရိုက်လိုက်တာနဲ့ ပြားချပ်သွားမယ့်ကောင်ကများ”

ကျောက်ဟိုက အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။ သို့သော် အားဟူ၏ရုတ်တရက် ဟိန်းဟောက်သံနှင့် ရင်ဆိုင်လိုက်ရသည်။

ပြင်းထန်သော ကြယ်တာရာချီ၏ သက်ရောက်မှုအောက်တွင် ကျောက်ဟို ချက်ချင်းပဲ ကြယ်တွေ လတွေ မြင်သွားသည်။ နှာခေါင်းနှင့် ပါးစပ်မှလည်း သွေးများ စီးကျလာ၏။

အတိတ်တုန်းက မည်သို့ပင် သူ့ကျင့်ကြံမှုက မြင့်မားခဲ့ပါစေ၊ မည်သည်အထိ ဗဟုသုတကြွယ်ဝခဲ့ပါစေ၊ သူ့ကျင့်ကြံမှုအဆင့်ထဲ၌ မည်သို့ပင် ပြိုင်ဘက်ကင်းပါစေ၊ လက်ရှိ သူတို့နှစ်ယောက်ကြား အလွန်ကြီးမားသော ကျင့်ကြံမှုကွာခြားခြင်းကို မဖာထေးနိုင်ခဲ့ပေ။

သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တွေ့သည့်အလား ယုတ္တိအရ မည်သို့မျှ ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

ကျောက်ဟိုသာမက အဆုံးမဲ့တောင်တန်း၏အခြားကျင့်ကြံသူများသည်လည်း မူးဝေကုန်ကြပြီး သူတို့မျက်လုံးများ ချာချာလည်ကုန်၏။

အဆုံးမဲ့တောင်တန်း၏ ရှန်ထျန်းအဆင့်ကျင့်ကြံသူနှစ်ဦး တညီတညာတည်း အော်ဟစ်တော့မှပဲ အားဟူ၏ဟိန့်ဟောက်သံကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့သည်။

သူတို့မျက်နှာများ မည်းမှောင်နေကာ စကားပြောလိုစိတ် မရှိတော့ဘဲ ကောင်းကင်သို့ ပျံတက်၍ အားဟူအား တညီတညာတည်း တိုက်ခိုက်လိုက်သည်။

အားဟူက အေးစက်စွာ ရယ်မောလိုက်သည်။ ချွင်းချက်မရှိဘဲ မြင်သမျှကို ဝါးမျိုလိုသော သားရဲတစ်ကောင်အလား အားဟူသည် သူ့လက်နှစ်ဖက်ကို ဆန့်လိုက်ကာ ထိုနှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်သည်။

အရှေ့တန်၏ကျင့်ကြံသူများသည် အရှေ့ကို ထွက်၍ ကူညီရန် ပြင်လိုက်သော်လည်း အားဟူတစ်ယောက်တည်းဖြင့် ရန်သူများကို အလွယ်တကူ ရင်ဆိုင်နိုင်နေသည်ကို တွေ့ရလေသည်။

ဒါတောင် သူ့ပြိုင်ဘက်တွေက သာမာန်ကျင့်ကြံသူတွေ မဟုတ်ဘူး၊ ထိပ်သီးနယ်မြေတစ်ခုဖြစ်တဲ့ အဆုံးမဲ့တောင်တန်းကပဲ”

အရှေ့တန်၏ကျင့်ကြံသူများသည် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ သူတို့မျက်စိရှေ့မှ မြင်ကွင်းကို ယုံကြည်ရန် ခက်ခဲနေပုံရသည်။

အဆုံးမဲ့တောင်တန်းမှ သူများဆိုလျှင် ပိုလို့တောင် ဆိုးပေသည်။ ဒေါသထွက်မှုကြောင့် သွေးအန်မတတ်ဖြစ်နေ၏။ “ဒါ ရန်အိမ်တော်က အစေခံတဲ့လား”

ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

အားဟူ၏မျက်နှာက လေးနက်သွား၏။ အဆုံးမဲ့တောင်တန်းကျင့်ကြံသူများကမူ အလွန်အမင်း ဝမ်းမြောက်သွားကြသည်။ “အကြီးအကဲဟီ ရောက်လာပြီ”

သိုင်းဆရာသခင်တစ်ယောက်၏အရှိန်အဝါက ဆင်းသက်လာကာ ထိုနေရာတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset