အခန်း (၇၆) ရန်သူတွေ မြို့ရိုးကို ချဉ်းကပ်လာပြီ
ဧရာမနေလုံးကြီး အနောက်ဘက်သို့ ငုပ်လျှိူးသွားသကဲ့သို့ ကြောက်မက်ဖွယ်ရာ ရွှေရောင်ဓားအလင်းသည် ရန်ကျောက်ကဲ၏ခေါင်းတည့်တည့်သို့ ခုတ်ပိုင်းချလိုက်သည်။
သို့သော်လည်း အရာအားလုံးကို ရပ်တန့်သွားစေနိုင်သော နောက်ထပ် ကြောက်မက်ဖွယ်ရာ ဓားချီ ရုတ်တရက် ပေါ်လာကာ ရေပြင်ညီမျဉ်းအတိုင်း ရွှေရောင်ဓားအလင်းအား ဆီးခံလိုက်သည်။
ကြည့်တောင် မကြည့်ဘဲ ရန်ကျောက်ကဲသည် မဟာအစီအရင်ထဲသို့ ဝင်ရောက်ပြီး အရှေ့တန်ဘုရင် ကျောက်ရှီချန်းထံသို့ အလျင်အမြန် ပြေးသွားသည်။
မဟာကပ်ဘေးနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှ ပျောက်ကွယ်သွားသော ကောင်းကင်ဖျက်စီးခြင်းအလင်္ကာကို ရန်ကျောက်ကဲက ထုတ်ဖော်ပြသလိုက်သည်။
မိုးမြေပြောင်းပြန်လည်ပတ်ခြင်းနည်းစနစ်မှာ အဆုံးစွန်ဆုံးအထိ လည်ပတ်နေကာ သူ့ခန္ဓာကိုယ်ထဲမှ နဂါးကဲ့သို့ ကြယ်တာရာချီက တဟုန်ထိုး ထွက်ပေါ်လာသည်။
သည်တစ်ခါမှာတော့ ထိုနည်းစနစ်သည် သူ့ကျင့်ကြံမှုတိုးတက်ရန် အန္တရာယ်ချီအနက်ရောင်မြူများကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေပြီး လှည့်ပတ်စေခြင်း မဟုတ်ပေ။
ထိုထက်စာလျှင် ထိုနည်းစနစ်ကို သူ့ခန္ဓာကိုယ်၏အပြင်ဘက်တွင် အသုံးချထားကာ ရန်ကျောက်ကဲသည် ကြီးမားသော ဓားပြားကြီးတစ်ချောင်းကို ကိုင်စွဲထားသည့်အလား သူ့လက်ကို ဆန့်ထုတ်၍ လက်ဝါးစောင်းဖြင့် ကျောက်ရှီလီကို ဆွဲခေါ်နေသော အနက်ရောင်တိုင်လုံးကြီးအား ခုတ်ချလိုက်သည်။
သူ့လက်ဝါးစောင်း ကျဆင်းသွားသောအခါ အနက်ရောင်တိုင်လုံးကြီးသည် ပြင်းထန်စွာ တွန့်လိမ်ပုံပျက်သွားသည်။
ဓားတစ်ချောင်းဖြင့် ပိုင်းဖြတ်ခြင်းခံရသော သက်ရှိမြွေတစ်ကောင်ကဲ့သို့ ၎င်း၏ထူထဲသောကိုယ်ထည်သည် နာကျင်စွာ လှုပ်ရမ်းသွားသည်။
လက်ဝါးစောင်းကျရောက်ရာနေရာတွင် ကြီးမားသော အပိုင်းကြီး ပြတ်ထွက်သွားသကဲ့သို့ အနက်ရောင်တိုင်လုံးကြီးမှာ ချက်ချင်း ပါးလွှာလာ၏။
“သူ ဘယ်လိုတောင် လုပ်လိုက်တာလဲ” အရှေ့တန်ကျင့်ကြံသူများသည် တစ္ဆေတစ်ကောင်ကို မြင်နေရသည့်အလား ရန်ကျောက်ကဲအား ကြည့်နေကြသည်။
ရန်ကျောက်ကဲမှာ အလ္လာပသလ္လာပများဖြင့် အချိန်ဖြန်းရန် အချိန်မရှိပေ။ သူ့လက်ဝါးစောင်းကို ဓားပြားတစ်ချောင်းသဖွယ် အသုံးချပြီး အရင်နေရာကိုပဲ ထပ်ကာ ထပ်ကာ ခုတ်ချလိုက်သည်။
အနက်ရောင်ချီတိုင်လုံးကြီး ပြင်းထန်စွာ တုန်ခါသွားပြီး ဘုန်းခနဲ မြည်သံဖြင့် နောက်ဆုံးတွင် ပြိုကွဲပျက်စီးသွားလေသည်။
ထိုအနက်ရောင်တိုင်လုံးကြီး၏တစ်ပိုင်းက ချောက်နက်ထဲသို့ လျင်မြန်စွာ ပြန်ဆင်းသွားကာ တချို့တဝက်မှာမူ ကျောက်ရှီချန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေ၏။
ကျောက်ရှီချန်း၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် တုန်ခါသွားသည်။ အနက်ရောင် သွေးစီးကြောင်းတစ်ခု သူ့နှုတ်ခမ်းထောင့်မှ ထပ်မံ စီးကျလာသည်။ သို့သော်လည်း အနက်ရောင်ချီတိုင်လုံးကြီးက ဆွဲထားခြင်း မရှိတော့သဖြင့် သူတို့သည် သူ့ကို နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်သို့ သယ်ထုတ်နိုင်ပြီဖြစ်သည်။
ရန်ကျောက်ကဲ၏စွမ်းဆောင်ရည်ကို အရှေ့တန်ကျင့်ကြံသူများ အံ့ဩဘနန်းဖြစ်မိကြသော်လည်း ယခုအချိန်မှာ မလိုအပ်သော စကားများ ပြောရန် အချိန်မဟုတ်ကြောင်း သူတို့ သဘောပေါက်သည်။ သူတို့သည် ကျောက်ရှီချန်းကို အလျင်အမြန် ကာကွယ်ရင်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲသို့ စတင်ဆုတ်ခွာတော့သည်။
သူတို့အထက်မှ မုန်တိုင်းသည် ပိုမို ပြင်းထန်လာ၏။ နေသူတော်စင်ဂိုဏ်းကျင့်ကြံသူများသည် တိုက်ပွဲမှ ထိုးဖောက်ပြီး အောက်သို့ဆင်းရန် ကြိုးပမ်းနေသော်လည်း ဝါဒတောင်ဂိုဏ်းကျင့်ကြံသူများ၏ အဆက်မပြတ် တားဆီးတိုက်ခိုက်ခြင်းကို ခံနေရသည်။
အရှေ့တက်နေဝန်းဘုရင်၏ လှုပ်ရှားမှုများမှာ ပိုမို ကြမ်းတမ်းလာပြီး ပိုမို မိုက်ရူးရဲဆန်လာ၏။
အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းကို အကြိမ်အနည်းငယ်မျှ ဆင့်ကဲ အသုံးပြုလိုက်သောအခါ နဂါးချုပ်လှောင်ခြင်းချောက်နက်တစ်ခုလုံး ပျက်စီးတော့မတတ်ဖြစ်သွားပြီး လူတိုင်း မြေမြှုပ်ခံရမလို ဖြစ်သွားသည်။
ဒေါသကြီးသော စရိုက်ရှိသည့် အကြီးအကဲချင်မှာ ဆန့်ကျင်ဘက်အားဖြင့် သည်တစ်ခါတွင် အေးဆေးတည်ငြိမ်နေ၏။ အသာရဖို့ ကြိုးစားမည့်အစား အမှားမလုပ်မိရန်သာ အာရုံစိုက်နေ၏။
အကြီးအကဲချင်သည် အရှေ့တက်နေဝန်းဘုရင်၏တိုက်ကွက်တိုင်းကို ဂရုတစိုက် ခုခံကာ ရန်ကျောက်ကဲ၊ ကျောက်ရှီချန်းနှင့် အရှေ့တန်ကျင့်ကြံသူများ လွတ်လွတ်ကင်းကင်း ပြန်ဆုတ်နိုင်ရန် အချိန်ဆွဲလျက်ရှိသည်။
ရန်ကျောက်ကဲဦးဆောင်သော အရှေ့တန်ကျင့်ကြံသူများသည် ကျောက်ရှီချန်းကို ဤနေရာမှ ခေါ်ထုတ်သွားသည်။
ကျောက်ရှီချန်း အပြင်းအထန် ဒဏ်ရာရထားသောကြောင့် လက်ရှိအခြေအနေက သူနှင့် ဝါဒတောင်ဂိုဏ်းအတွက် အတော် အရေးမသာဖြစ်နေ၏။ ကျောက်ရှီချန်းသည် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ လွတ်မြောက်ခဲ့လျှင်တောင်မှ ဤကဲ့သို့ ကြီးမားသော အဖြစ်အပျက် အပြောင်းအလဲများကို ကိုင်တွယ်နိုင်မည်လောဆိုတာ မသေချာပေ။
“တစ်ခုခု မှားယွင်းနေတယ်၊ ဒါ ဘာနံ့ပါလိမ့်”
ရန်ကျောက်ကဲ လမ်းလျှောက်နေရင်း ရုတ်တရက် မျက်မှောင်ကုပ်မိသည်။ သူသည် ကျောက်ရှီချန်းဘေးသို့ သွားကာ ဂရုတစိုက် အနံ့ခံကြည့်သည်။
“တစ္ဆေတစ်ရာ ဝိဉာဉ်မြက်ရဲ့ ဝတ်မှုန်ပဲ” ရန်ကျောက်ကဲ မျက်လုံးလှန်လိုက်သည်။ “ပုံမှန်အတိုင်းဆို အရောင်မဲ့၊ အနံ့မဲ့တယ်၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ အန္တရာယ်ချီစီးကြောင်းနဲ့ ထိတွေ့မှပဲ ဒီလို အနံ့မျိုး ထွက်လာတာ”
ရန်ကျောက်ကဲ၏ဘေးမှ အရှေ့တန်ကျင့်ကြံသူများက သူ့အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ရန်ကျောက်ကဲ မျက်ရိုးကို လက်နှစ်ချောင်းဖြင့် ဖိလိုက်သည်။ “ထင်ထားသလိုပဲ၊ အဆုံးမဲ့တောင်တန်း ဝင်လာပြီပဲ”
အရှေ့တန်နိုင်ငံသည် ဆေးဝါးပညာရပ်နှင့် ပတ်သတ်လာလျှင် သမိုင်းကြောင်းအစဉ်အလာကြီးမားသော နိုင်ငံဖြစ်၏။ အရှေ့တန်ဘုရင် ကျောက်ရှီချန်း ကိုယ်တိုင်ကပင် အရှေ့တန်၏ ထိပ်ဆုံးသုံးနေရာဝင်သော ဆေးဝါးပညာရှင်တစ်ဦးဖြစ်လေသည်။
သူကိုယ်တိုင်တောင်မှ သူ့ကိုယ်က ထူးခြားမှုကို သတိမထားမိခဲ့ရာ အရှေ့တန်၏အခြားကျင့်ကြံသူများဆိုလျှင် ဆိုဖွယ်ရာမရှိတော့။
ထိပ်သီးနယ်မြေများအနက် အဆုံးမဲ့တောင်တန်းသည် ဆေးဝါးတာအို၌ အတော် အားနည်းလေ၏။ တစ္ဆေတစ်ရာ ဝိဉာဉ်မြက်ကို ဘယ်တုန်းကမှ မထုတ်လုပ်ခဲ့ဖူးပေ။
“ကျောက်ဟို” ရန်ကျောက်ကဲ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သည်လို လူသိနည်းသော ဆေးပင်မျိုးကို အရှေ့တန်၌ သူကလွဲလျှင် အခြားတစ်ယောက်သာ သိနိုင်လေသည်။ ထိုအခြားတစ်ယောက်မှာ ကျောက်ဟိုပင်တည်း။
ကျောက်ဟို၏ လက်ရှိကျင့်ကြံမှုအရ ထိုအနံ့ကို ခပ်ဝေးဝေးမှ အနံ့မခံနိုင်ပေ။
သို့ရာတွင် ထိုအနံ့မှတဆင့် ကျောက်ရှီချန်းကို ခြေရာခံရန် အဆုံးမဲ့တောင်တန်း၏ သိုင်းဆရာသခင်အဆင့်ကျင့်ကြံသူများကို သူ စေခိုင်းနိုင်လောက်သည်။
တစ်ဖက်အုက်စုမှာ တကယ်ပဲ သိုင်းဆရာသခင်တစ်ယောက် ဦးဆောင်လာပါက သူတို့အမြန်နှုန်းသည် သူ့အုပ်စုထက် သေချာပေါက် ပိုမြန်ပေမည်။
သူတို့ကိုသာ တွေ့ရှိသွားလျှင် ပြေးရုံသက်သက်ဖြင့် လွတ်မြောက်မည်မဟုတ်ပေ။
“အားဟူ၊ ဒီအနီးတစ်ဝိုက်က မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းစမ်း၊ ငါ အရှင်လတ်လတ် လိုချင်တယ်” ရန်ကျောက်ကဲ အမိန့်ပေးလိုက်သည်။
အကြောင်းအရင်းကို မမေးမြန်းတော့ဘဲ အားဟူ ချက်ချင်းပဲ ခိုင်းသည့်အတိုင်း သွားလုပ်သည်။
ရိုင်းရာရောက်လား၊ မရောက်လားပင် ဂရုမစိုက်တော့ဘဲ ရန်ကျောက်ကဲသည် ကျောက်ရှီချန်း၏ အပေါ်ဝတ်ရုံကို ချွတ်ကာ ၎င်းကို မိစ္ဆာသားရဲနှင့် တွဲချည်ပြီး လွှတ်ပေးလိုက်သည်။
“ငါတို့ ရပ်လို့မရဘူး၊ ဆက်သွားရမယ်” ရန်ကျောက်ကဲက ပြောလိုက်၏။ “သူ့အပေါ်ဝတ်ရုံမရှိဘဲနဲ့တောင် ဦးလေးကျောက်ကိုယ်ပေါ်မှာ တစ္ဆေတစ်ရာဝိဉာဉ်မြက် ဝတ်မှုန်ရဲ့ အနံ့ရှိနေတုန်းပဲ”
“ငါတို့ ရပ်လိုက်တာနဲ့ ငါတို့ကို တွေ့သွားနိုင်တယ်”
ထိုအုပ်စု ဆက်လက် ထွက်ခွာခဲ့ကြသည်။ သို့သော် ထိုအခိုက်တွင် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းရှိ တုန်ခါမှုများက ကောင်းကင်ကြီးပြိုကျ၍ ကမ္ဘာမြေကြီး တစ်စစီ ပျက်စီးတော့မည့်အလား စက္ကန့်နှင့်အမျှ ပိုမို ပြင်းထန်လာ၏။
“အရှင်မင်းကြီးရဲ့အခြေအနေက ပိုဆိုးလာပြီ” အရှေ့တန်ကျင့်ကြံသူတစ်ယောက်က စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။
ရန်ကျောက်ကဲ အနည်းငယ် မျက်မှောင်ကုပ်သွား၏။ သွားရောက်စစ်ဆေးကြည့်ရာ ကျောက်ရှီချန်း၏မျက်နှာတစ်ခုလုံး မည်းနက်နေပြီး အစိမ်းရောင်ချီနှင့် အနီရောင်ချီက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
ကျောက်ရှီချန်းသည် လက်ရှိတွင် သတိမေ့နေသော်လည်း ကျူးကျော်လာသော အန္တရာယ်ချီကို ခုခံရန် သူ့ခန္ဓာကိုယ်၏အဆင့်မြင့်ပညာရပ်က အလိုအလျောက် လည်ပတ်လျက်ရှိသည်။
နှစ်ဖက် အဆက်မပြတ် တိုက်ခိုက်နေစဉ်အချိန်အတွင်း ပြင်ပကမ္ဘာမှ တုန်ခါမှုများ၏ သက်ရောက်မှုကြောင့် ကျောက်ရှီချန်းမှာ ကျင့်ကြံခြင်း ဖောက်ပြန်နိုင်သော အန္တရာယ်ရှိလာ၏။
ထိုအချိန်တွင် သူ့ကို ဆက်လက် သယ်ယူသွားသည်က မြန်မြန်သေအောင် လုပ်နေသည်နှင့် အတူတူပင်။
သူတို့နှင့်အတူ ပါလာသော ရှန်ထျန်းအဆင့် သိုင်းပညာရှင်က သူ့ကြယ်တာရာချီဖြင့် အရှေ့တန်ဘုရင်ကို အကာအကွယ်ပေးနိုင်သော်လည်း နဂါးချုပ်လှောင်ခြင်းချောက်နက်၏ ကမ္ဘာပျက်သည့်နေ့သို့ ရောက်နေသည့်အလား အခြေအနေကြောင့် လမ်းတစ်လျှောက်လုံး အကာအကွယ်ပေးရန် ခက်ခဲပေသည်။
ရန်ကျောက်ကဲ အသက်တဝကြီး ရှုသွင်းလိုက်သည်။ “ဆက်မသွားနိုင်မှာတော့ ဟိုအုပ်စု မလာခင် ဒီမှာပဲ ပြီးအောင် လုပ်ကြတာပေါ့”
“ဦးလေးကျောက်ကို အောက်ချလိုက်၊ သူ သက်သာဖို့ ငါ ကူညီပေးလိုက်မယ်”
ရန်ကျောက်ကဲ၏ အစောပိုင်းက မယုံနိုင်စရာ စွမ်းဆောင်မှုများကြောင့်သာမက ကျောက်ရှီချန်းနှင့် ရန်မိသားစုတို့အကြား နီးကပ်သော ဆက်ဆံရေးရှိခြင်းကြောင့် ဤသို့သော အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် အရှေ့တန်ကျင့်ကြံသူများသည် ရန်ကျောက်ကဲကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။
ရှန်ထျန်းအဆင့်သိုင်းပညာရှင်ကလည်း ချက်ချင်း ရှေ့ထွက်လာပြီး ကူညီ၏။
ရန်ကျောက်ကဲသည် ကျောက်ရှီချန်း၏ရင်ဘတ်နှင့် နောက်ကျောတွင် လက်တစ်ဖက်စီ တင်ရင်း ကောင်းကင်ဖျက်စီးခြင်းအလင်္ကာကို စတင် ရွတ်ဆိုလိုက်ကာ ကျောင်ရှီချန်း၏ခန္ဓာကိုယ်ထဲမှ အန္တရာယ်ချီများကို အပြင်သို့ လမ်းညွှန်ပေးပြီး ထွက်သွားရန် ကူညီပေးနေသည်။
အားဟူနှင့် အခြားသူများသည် ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းတို့ ပတ်လည်တွင် သတိကြီးကြီးထား၍ စောင့်ကြပ်နေ၏။
ထိုအခိုက်တွင် သူ့မျက်နှာတစ်ခုလုံးသည် လေးနက်မှုများနှင့် ပြည့်နှက်နေကာ ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းတို့အား သူ ကြည့်သော အကြည့်တွင် စိုးရိမ်မှု အရိပ်အယောင်များ ပါဝင်လျက်ရှိသည်။
ကံကောင်းထောက်မစွာပဲ အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျောက်ရှီချန်း၏ အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာ၏။ ဤသည်ကို မြင်သောအခါ လူတိုင်း၏မျက်နှာ ဝင်းပသွားကြသည်။
သို့ရာတွင် ကျောက်ရှီလီနှင့်အတူ ပါလာသော အစီအရင်ငယ်သည် အလယ်ဗဟိုမှ နေ၍ စက္ကန့်နှင့်အမျှ ပိုမို မတည်မငြိမ်ဖြစ်လာ၏။
သိသာစွာပဲ ကျင်းယန်မြို့၌လည်း အခြေအနေကောင်းပုံ မရချေ။
ထိုစဉ် အဝေးမှ မြူများ ကွဲသွားပြီး ကျင့်ကြံသူအုပ်စုတစ်စု ပေါ်လာသည်ကို မြင်သောအခါ အားဟူနှင့် အခြားသူများ အလိုအလျောက် မျက်မှောင်ကုပ်လိုက်ကြသည်။
ရောက်လာသော အုပ်စုမှာ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ အတိအကျပင် အဆုံးမဲ့တောင်တန်းကျင့်ကြံသူများ ဖြစ်ပေသည်။
သူတို့အား ဦးဆောင်လာသူမှာ ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘေး၌ ရပ်နေသော လူငယ်မှာ ကျောက်ဟိုပင် ဖြစ်လေသည်။
ကျောက်ဟိုသည် ရန်ကျောက်ကဲနှင့် ကျောက်ရှီချန်းတို့အား လေးနက်သော မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “တစ္ဆေတစ်ရာဝိဉာဉ်မြက်ရဲ့ဝတ်မှုန်ကို မင်း သတိထားမိတာလား”
“ကံကောင်းပြီး ဒီနားရောက်နေလို့ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သိုင်းပညာရှင်တောင်မှ ရေးရေးလေးပဲ အနံ့ခံမိတာ၊ နို့မို့ ငါတို့ မင်းရဲ့ ပုဇဉ်းအရေခွံချွတ်တဲ့ အကွက်ထဲ ကျရောက်နေလောက်ပြီ”
အဆုံးမဲ့တောင်တန်း၏ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် ကျင့်ကြံသူက ပျော့ပျော့ပြောင်းပြောင်း ပြောလိုက်သည်။ “လက်ရှိမှာ အရှေ့တန်ဘုရင်ရဲ့ ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူး၊ သူခန္ဓာကိုယ်ထဲမှာ အန္တရာယ်ချီတွေ ရောက်ယက်ခက်နေတယ်”
“ကုသပုံမှားရင် သူ အသက်အန္တရာယ် ရှိလာနိုင်တယ်”
“ဒီလိုအခြေအနေမျိုးမှာ သိုင်းပညာရှင်တွေ တတ်ယောင်ကား လျှောက်မလုပ်တာ ပိုကောင်းတယ်၊ ငါတို့ဂိုဏ်းရဲ့သိုင်းဆရာသခင် အကြီးအကဲဟီ မကြာခင် ရောက်လာတော့မယ်၊ သူ့ကို ကျောက်ဘုရင်ရဲ့ ဒဏ်ရာတွေ ကုသခိုင်းတာကမှ မှန်ကန်တဲ့ နည်းလမ်းပဲ”
သူ ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည်။ “အသက်ကယ်တယ်ဆိုတာ မီးလောင်နေတာကို ငြိမ်းသတ်ကသလိုပဲ၊ စောလေ ပိုကောင်းလေပဲ၊ နှောင့်နှေးလို့ မရဘူး၊ ကျောက်ရှီချန်းကို ငါတို့လက်ထဲ အပ်လိုက်တော့”
ကျောက်ဟိုက ရန်ကျောက်ကဲနှင့် အားဟူတို့ကို မကြည့်ပေ။ ထိုအစား အရှေ့တန်ကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။ “ကုသတာ နှောင့်နှေးသွားရင်၊ ခမည်းတော် အသက်ဆုံးရှုံးသွားနိုင်တယ်”
“ဖြစ်လာတဲ့ အကျိုးဆက်ကို မင်းတို့ တာဝန်ခံနိုင်လား”