Switch Mode

အခန်း (၅၇၈)

အချုပ်အနှောင်အား ဖွင့်ခြင်း

တိုက်ပွဲကြီး၏ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။

ယခုတွင် ဘေးပတ်ပတ်လည်ရှိ ပြိုင်ပွဲဝင်များနှင့် အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ တိုက်ပွဲကြီးမှာ အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ အစပိုင်းတွင် ဒူဂူလင်းမှာ သိသိသာသာ အသာစီးရနေခဲ့ပြီး ဝမ်ပေါင်လဲ့အား အပြင်အထန် ဖိအားပေးနေခဲ့သည်ကို အရှင်းသားမြင်ခဲ့ရ၏။

သို့သော် ပြင်ပကမ္ဘာထဲမှ ပွဲကြည့်ပရိသတ်များမှာ ဝမ်ပေါင်လဲ့ ကျိုးချူတောက်အား ဖိနှိပ်ချုပ်တည်းခဲ့စဉ်တုန်းက အသုံးပြုခဲ့သော သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်း ချပ်ဝတ်တန်ဆာကြီး၏ အကြောင်းကို သိထားကြသည်။ ဝမ်ပေါင်လဲ့မှာ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် ၎င်းအား ထုတ်မသုံးခဲ့သည်ကိုလည်း သူတို့က သတိထားမိခဲ့ကြ၏။ ထို့ကြောင့် သူတို့ထဲမှ အချို့မှာဆိုလျှင် ထိုတိုက်ကွက်ကြီးမှာ ချို့ယွင်းချက်အချို့ရှိနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ထုတ်မသုံးခဲ့ခြင်းဖြစ်ရမည်ဟုပင် တွေးတောနေကြ၏။ ဒူဂူလင်း၏ ငါးရောင်ခြယ်ပွင့်ဖတ်များကြောင့် ဝမ်ပေါင်လဲ့မှာ ရှုံးနိမ့်သွားတော့မည့်ပုံစံ ပေါက်နေခဲ့သည်မဟုတ်ပါလော။

သို့သော် ပြောင်းလဲမှုတစ်ခုကြောင့် သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ အနက်ရောင်ပွင့်ဖတ်လေးမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ ဘက်ပြောင်းသွားခဲ့သည်မဟုတ်ပါလော။

၎င်း၏ သစ္စာဖောက်မှုကြောင့် အခြေအနေများမှာ ယခုလိုပြောင်းလဲသွားရခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အမိအရအသုံးချကာ အစွမ်းကုန်ထုတ်၍ အရာအားလုံးကို ဖျက်ဆီးနိုင်ရန် ကြိုးပမ်းနေပြီဖြစ်သည်။ ထို့အပြင် သူ ကွယ်ဝှက်ထားသည့် သွေးရောင်ချပ်ဝတ်တန်ဆာကြီးမှာလည်း ချက်ချင်းပင် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ သူသည် တိုက်ကွက်များထုတ်လွှတ်ကာ ပွင့်ဖတ်တစ်ခုသာ ကျန်တော့သည့် ပန်းပွင့်လေးအား ဒူဂူလင်းဆီမှ လုယူလိုက်ပြီး ကြောက်မက်ဖွယ်ရာ လက်သီးချက်ကြီးနှစ်ချက်ဖြင့် သူ့အား အပြင်းအထန် ဒဏ်ရာရသွားအောင် ထိုးနှက်ပစ်ခဲ့၏။

ထို လက်သီးချက်များကြောင့် ဒူဂူလင်း၏ ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာပြီး သူ၏ရင်ဘတ်မှာလည်း အောက်သို့ ချိုင့်ဝင်သွားရ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း တောင်တန်းကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လှံတစ်ချောင်းကဲ့သို့ ပေါ်ပေါက်လာပြီး ဒူဂူလင်းအား နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

ထိုအဖြစ်အပျက်များအားလုံးကြောင့် လူတိုင်းမှာ ထိုတိုက်ပွဲကြီးအား ကြည့်ရှုရင်း အသက်ရှူသံများ မြန်ဆန်လာကြ၏။ သို့သော် သူတို့ဆီမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်မလာခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် သူ၏ရှေ့ရှိ ‌တောင်ကြီးနှင့် ဝင်တိုက်မိသွားသော ဒူဂူလင်းဆီမှ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်တစ်မျိုး အဆက်မပြတ် ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိပေ။ သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားကာ အရှိန်တင်လိုက်ပြီး ဒူဂူလင်း၏အနီးသို့ ရောက်ရှိလာ၏။ ထို့နောက် သူသည် ရှေ့သို့ လှမ်းထိုးလိုက်သောအခါ သူ၏လက်သီးချက်မှာ ဒူဂူလင်း၏ အောက်သို့ချိုင့်ဝင်နေသော ရင်ဘတ်ပေါ်သို့ ကျရောက်လာတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ဒူဂူလင်းမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ သူ၏ မျက်ဝန်းများမှာ ဖျော့တော့တော့ ရွှေရောင်ပြောင်းသွားပြီး ၎င်းတို့ထဲ၌ ခံ့ညားထည်ဝါသော အရိပ်အယောင်များသာမက စိတ်လှုပ်တရှားဖြစ်နေသည့် အငွေ့အသက်များလည်း ကိန်းအောင်းသွား၏။

” ပထမအချုပ်အနှောင်၊ ပွင့်စေ ”

ဒူဂူလင်းတစ်ယောက် ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထိုလက်မှာလည်း ရွှေရောင်တလက်လက် တောက်ပနေဆဲပင်။ ထိုလက်သီးဖြင့် သူသည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသော ဝမ်ပေါင်လဲ့အား လှမ်း၍ ထိုးနှက်လိုက်တော့သည်။

ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရသဖြင့် ညည်းညူကာ နောက်သို့ ပေထောင်ဂဏန်း အနည်းငယ်အထိ ဆုတ်ခွာသွားသည်။ ထို့နောက် သူ၏ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီမှ သွေးရောင်အလင်းရောင်များ တောက်ပလာပြီး သူသည် ရှေ့တွင်ရှိနေသည့် ဒူဂူလင်းဆီသို့ ထပ်၍ ပြေးသွားလိုက်ပြန်သည်။ ထိုအချိန်တွင် ဒူဂူလင်းမှာ တောင်တန်းများပေါ်မှ လေထဲသို့ ခုန်တက်သွားပြီး သူ့အားထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်မှာ လေထဲတွင် တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန် ထိုးနှက်နေကြတော့သည်။ သူတို့မှာ ကောင်းကင်ပေါ်မှပြုတ်ကျလာပြီး တောင်ထိပ်များနှင့် အကြိမ်ကြိမ် ရိုက်ခတ်မိနေကြသည့်တိုင်အောင် တစ်ပြိုင်နက်တည်း ပြန်ထလာကြပြီး ညကောင်းကင်မြေပုံကြီး၏ အောက်တွင် ဆက်လက် တိုက်ခိုက်နေကြသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် အချိန်တိုလေးအတွင်းတွင် မြေပြင်ကြီးမှာ ကွဲအက်သွားပြီး တောင်တန်းများမှာ ပြိုလဲပျက်စီးသွားကြပြီဖြစ်သည်။ တောင်ထိပ်နှစ်ခုပါသော တောင်ကြီးသာလျှင် သူတို့နှစ်ယောက်၏ ဘေးမဲ့ပေးခြင်းကို ခံထားရသည့်အလား အကောင်းပတိအတိုင်း တည်ရှိနေဆဲပင်။

ထိုငါးမိနစ်အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ နှစ်ယောက်စလုံးမှာ သူတို့ ထုတ်လွှတ်ခဲ့ကြသည့် လက်သီးချက်အရေအတွက်ကိုပင် မေ့သွားကြပြီဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ခဲ့ကြသောကြောင့် အသက်ရှူသံများ မြန်ဆန်နေကြ၏။ သို့သော် သူတို့၏မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်မီးတောက်များဖြင့် ပြည့်နှက်နေဆဲပင်။

ထိုတိုက်ပွဲထဲတွင် အနိုင်ရရှိသူ ပေါ်ပေါက်မလာသေးသရွေ့ ထိုမီးတောက်များမှာ ငြိမ်းသွားကြမည် မဟုတ်ပေ။

” ထပ်ပြီးတော့ တိုက်ခိုက်စမ်းပါ ” ပေါက်ကွဲသံ အကျယ်ကြီးထွက်ပေါ်လာပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏နှုတ်ခမ်းတွင် ပေကျံနေသော သွေးများကို လျှာဖြင့်လျက်၍ ရယ်မောကာဆိုလိုက်၏။ ထို့နောက် သူသည် ဒူဂူလင်း၏ အနီးသို့ ထပ်၍ ချဉ်းကပ်သွားလိုက်သဖြင့် ဒူဂူလင်းမှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် ဤတိုက်ပွဲကြီးအား အရသာတွေ့နေပါသော်လည်း ဝမ်ပေါင်လဲ့ကြောင့် ထပ်ခါတလဲလဲ အံအားသင့်နေခဲ့ရသည် မဟုတ်ပါလော။

အမှန်တွင် သူသည် ပထမဆုံး အချုပ်အနှောင်အား ဖွင့်လိုက်ပြီဖြစ်သောကြောင့် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းရည်များမှာ သိသိသာသာတိုးတက်လာပြီဖြစ်သည်။ သို့သော် လွန်ခဲ့သော ငါးမိနစ်အတွင်း အဆက်မပြတ် တိုက်ခိုက်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ တိုက်ပွဲ၏ အပြောင်းအလဲများနှင့် လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်စွမ်း မရှိကြောင်း သူက ရိပ်မိလာတော့သည်။

ပို၍ တိတိကျကျ ဆိုရပါက သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာ ဝမ်ပေါင်လဲ့နှင့် မယှဉ်နိုင်ဘဲ ဖြစ်နေရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ် တိုက်ခိုက်နေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဒဏ်ရာများမှ ချက်ချင်းပြန်၍ သက်သာလာသည်ဖြစ်ရာ ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိနေ၏။ သို့သော် ဒူဂူလင်းမှာမူ အစောပိုင်းတွင် တိုက်ကွက်များအားလုံးကို တောင့်ခံနိုင်စွမ်း ရှိနေပါသော်လည်း ယခုကဲ့သို့သာ ဆက်ဖြစ်နေမည်ဆိုပါက နောက်ဆုံးတွင် သူသည် အားအင်ကုန်ခန်းသွားတော့မည် ဖြစ်သည်။

” ငါ သူ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားနဲ့ လိုက်ပြီးတော့ ပြိုင်နေလို့ မဖြစ်ဘူး ” ဒူဂူလင်းမှာ မျက်လုံးများမှေးကာ တွေးတောလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်၍ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်လိုက်၏။ သူ၏လက်သီးနှင့် ဝမ်ပေါင်လဲ့၏ လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသောအခါ သူသည် ထွက်ပေါ်လာသည့် ပြင်းအားများကို အသုံးချ၍ နောက်သို့ဆုတ်ခွာသွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် အရှိန်မြှင့်တင်ကာ သူ၏နောက်သို့ ပြေးလိုက်လာချိန်တွင် သူသည် ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲတောက်ပသွားပြီး သူသည် မန္တန်လက်ကွက်များဖော်ကာ အော်ဟစ်လိုက်တော့သည်။

” ဟင်္သာငှက် ”

သူ ထိုသို့အော်ဟစ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင် မီးပင်လယ်တစ်စင်း ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ထို ခရမ်းရောင်မီးတောက်များမှာ ချစ်ချစ်တောက်ပူနေပြီး ၎င်းတို့ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ မြေပြင်ကြီးမှာ အရည်ပျော်ကျသွားပြီး ကျောက်တုံးများမှာလည်း ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့နောက် ထိုနေရာကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ ပူပြင်းသွားတော့သည်။

ဟင်းလင်းပြင်ကြီးတစ်ခုလုံး တွန့်လိမ်ပုံပျက်နေစဥ် ဟင်္သာငှက်တစ်ကောင်၏ အရိပ်မှာ တဖြည်းဖြည်းနှင့် စတင်ပေါ်ပေါက်လာ၏။ အစတွင် ၎င်းမှာ အရောင်မရှိသလို၊ ခန္ဓာကိုယ်တစ်ခုလည်း မရှိသဖြင့် ၎င်းအား ဖောက်ထွင်းမြင်နေသည်။

သို့သော် တွန့်လိမ်ပုံပျက်နေသည့် ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသော ဟင်္သာငှက်မှာ မီးတောက်များ၏ အရောင်ကြောင့် ခရမ်းရောင်ပြောင်သွားရတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပေတစ်ထောင်ကျော် ရှည်လျားပြီး ဒူဂူလင်းအား လွှမ်းခြုံသွား၏။ နောက်ဆုံးတွင် ၎င်းမှာ တကျည်ကျည် အော်မြည်ကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာတော့သည်။

အဝေးမှ ကြည့်လိုက်ပါက ဒူဂူလင်းအား လုံးဝမမြင်ရတော့ပေ။ ခရမ်းရောင် ဟင်္သာငှက်ကြီးတစ်ကောင် ၎င်း၏တောင်ပံများကို ဖြန့်ကာ တဟုန်းဟုန်း တောက်လောင်နေသည့် မီးပင်လယ်ကြီးနှင့်အတူ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီသို့ ဦးတည်ပျံသန်းလာသည်ကိုသာ မြင်နိုင်ပေသည်။

အပြင်ဘက်တွင်ရှိနေကြသည့် ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့သြတုန်လှုပ်နေကြပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာမူ အလွန်အင်မတန်မှ တည်ကြည်နေကြပြီဖြစ်သည်။ ဒူဂူလင်း၏ လက်ရှိ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ယွမ်ယင်အဆင့်တွင် ရှိနေပြီဖြစ်ကြောင်း သူတို့က ကောင်းကောင်းကြီး နားလည်ထားကြသည် မဟုတ်ပါလော။

သူတို့ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ခုခံတွန်းလှန်နိုင်ရန် အစွန်းကုန်ကြိုးစားရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှအချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့မှာ သေချာပေါက် ရှုံးနိမ့်သွားရတော့မည်ဟုပင် ကောက်ချက်ချလိုက်ကြတော့သည်။

သို့သော် သူတို့အားလုံး ဟင်္သာငှက်ကြီးအား အာရုံစိုက်နေကြစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အလင်းရောင်တစ်ခု ဖျတ်ခနဲ တောက်ပသွားသည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။ သူသည် ၎င်းအား ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ကျယ်လောင်စွာအော်ဟစ်ကာ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုးနှက်လိုက်တော့သည်။

ထို လက်သီးချက်ထဲ၌ သာမန်ထက် နှစ်ဆတိတိ ပို၍သာလွန်သော စွမ်းအားများနှင့် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားသုံးဆတိတိ ပါဝင်နေ၏။ ထို့ကြောင့် ၎င်းအား ထုတ်လွှတ်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ကျုံ့ဝင်သွားရ၏။

၎င်းမှာ မူလတုန်းက ပေရာဂဏန်းအနည်းငယ်အထိ မြင့်မားနေခဲ့ရမှ ယခုတွင် ပေခြောက်ဆယ်သာ ရှိတော့သည်။ ထိုသို့ဖြင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများမှာ ထိုလက်သီးချက်ထဲ၌ စုစည်းသွားကြတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့တိုက်ခိုက်လိုက်သောအခါ ဟင်္သာငှက်ကြီး၏ ရှေ့တွင် ပေတစ်ရာကျော် ရှည်လျားသည့် ပုံရိပ်ယောင် ဧရာမလက်သီးကြီးတစ်လုံး ပေါ်ပေါက်လာပြီး ဟင်္သာငှက်ကြီးပေါ်သို့ ကျရောက်သွားတော့သည်။ ၎င်းတို့ ရိုက်ခတ်မိသွားကြသောအခါ ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီမှလည်း တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ နောက်သို့လွင့်ထွက်သွားတော့သည်။

ဟင်္သာငှက်ကြီးမှာလည်း အလွန်အင်မတန်မှ အခြေအနေဆိုးရွားနေပြီဖြစ်သည်။ ၎င်းမှာ ပျက်စီးသွားခြင်းမရှိသေးပါသော်လည်း ရင်ဘတ်ထဲ၌ အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာပြီး ဒူဂူလင်းအား တည်ကြည်စွာ စိုက်ကြည့်နေလိုက်တော့သည်။

” ပြီးသွားပြီ ” ဒူဂူလင်းမှာ အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အစွမ်းအထက်ဆုံးဖြစ်ပေသည်။ ထိုကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ သူ့အား တိုက်ခိုက်ခွင့် ဆက်မပေးသင့်တော့ပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ဒဏ်ရာအပြင်းအထန်ရထားသည့် ဟင်္သာငှက်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

သို့သော် သူ အနီးသို့ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး စိတ်ထဲ၌ ရေရွက်လိုက်တော့သည်။

” ဉာဏ်အလင်းပွင့်စေသော်၊ ကောင်းကင်တာအိုအကျဉ်းသား၊ ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍….”

၎င်းမှာ တာအိုကျမ်းစာပင် ဖြစ်ပေသည်။

သူသည် အပြင်းအထန် ဒဏ်ရာရထားသည့်တိုင်အောင် ဟင်္သာငှက်ကြီးနှင့် နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုက်စဉ်တုန်းက ထိုကျမ်းစာအား ပြန်၍သတိရသွားခြင်းဖြစ်သည်။ သူ စိတ်ထဲ၌ တာအိုကျမ်းစာအား ရေရွတ်လိုက်သောအခါ စကြဝဠာကြီး၏ နက်ရှိုင်းသောတစ်နေရာမှ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်းမှာ နေအဖွဲ့အစည်းထဲရှိ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ တည်ထောင်ထားသော ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ အဆုံးမဲ့လမ်းစဉ် မန္တန်အစီအရင်ကြီးထဲသို့ ချက်ချင်းပင်ရောက်ရှိလာတော့သည်။

အုန်း။

ထိုအခါ အပြင်ဘက်တွင်ရှိနေကြသော ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာ ခေါင်းများထူပူသွားကာ အံ့ဩမှင်တက်သွားကြတော့သည်။ ကျင့်ကြံခြင်းအဆင့် ပို၍မြင့်မားလေလေ ထို အငွေ့အသက်ကြီးအား ပို၍ အာရုံခံနိုင်စွမ်းရှိလေလေ ဖြစ်နေ၏။ ထို့ကြောင့် မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့မှာဆိုလျှင် မှင်တက်သွားကာ မတ်တတ်ထလာကြပြီး အော်ဟစ်မိလိုက်ကြ၏။

” ဒါ ဘာ အငွေ့အသက်ကြီးလဲ ”

သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်နေကြသောကြောင့် သူတို့၏ဘေးတွင်ရှိနေသည့် တာအိုဘုန်းတော်ကြီးယိုရန် ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်ကိုပင် သတိမထားမိလိုက်ကြပေ။ သူသည် အလွန်အင်မတန်မှ အားကောင်းသော စိတ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုပြင်းအားကြီးအား ခုခံနိုင်စွမ်းမရှိသဖြင့် ပါးစပ်ဟမိသွား၏။ သူ၏ နှုတ်မှ အသံတစ်သံမှ ထွက်မလာသည့်တိုင်အောင် သူ၏နှုတ်ခမ်းပုံစံကိုကြည့်လျှင် ‘ ဝမ် ‘ ဆိုသည့် စကားလုံးအား ပြောချင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

သူ အသိစိတ်ပြန်ဝင်လာသောအခါ သူ၏ ပါးစပ်ထဲမှ ပန်းထွက်လာသည့် သွေးများမှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲတွင် ရှိနေသည့် ဒူဂူလင်းမှာလည်း တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသိစိတ်များ ယောက်ယက်ခတ်သွားရ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဖရိုဖရဲဖြစ်သွားသောကြောင့် ဟင်္သာငှက်ကြီးမှာ ၎င်း၏ဒဏ်ရာများအား တောင်ခံနိုင်စွမ်းမရှိတော့ဘဲ သေကျေပျက်စီးသွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အေးစက်စက်အလင်းရောင်တစ်ခု တောက်ပလာပြီး သူသည် အလင်းတန်းတစ်ခုကဲ့သို့ ဒူဂူလင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။

Comment

  1. kyawthiha1499 says:

    ဝမ်လင်းမလား အလေးစားဆုံးmcပဲ

Leave a Reply

Options

not work with dark mode
Reset