Switch Mode

အခန်း (၅၇၇)

ဝိညာဉ်‌တွေ၊ လာကြစမ်း 

” မင်းပြောလိုက်တဲ့စကားကို တခြားလူတွေ အဓိပ္ပါယ်ကောက် မှားသွားနိုင်တယ်နော် ” ဒူဂူလင်းတစ်ယောက် သူ့ဆီသို့ အရှိန်အဟုန် ဖြင့်ပြေးလာနေစဉ် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ရယ်မောကာ ဆိုလိုက်၏။ သူ၏ နှုတ်ခမ်းတွင် သွေးများပေကျံနေသောကြောင့် သူ၏အပြုံးမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကျောချမ်းဖွယ်ရာကောင်းနေသည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ အမျှင်အတန်းလေး၏ ချုပ်တည်းခြင်းကိုခံထားရသော ဒင်္ဂါးပြားလေးအား လက်ညှိုးဖြင့်ထိုးလိုက်တော့သည်။

ထိုအခါ သာမန်ဟုသာ ထင်ရသော ထို ဒင်္ဂါးပြားလေးမှာ ရုတ်တရက် တုန်ရီသွား၏။ ထို့နောက် ၎င်းဆီမှ ကမ္ဗည်းစာလုံးပေါင်း မြောက်မြားစွာ ထွက်ပေါ်လာပြီး ၎င်းတို့မှာ ရေတံခွန်တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ ထို ကမ္ဗည်းစာလုံးများ၏ ပြင်းအားကြောင့် ၎င်းအား ရစ်ပတ်ထားသည့် အမျှင်အတန်းလေးမှာ ပြတ်တောက်သွားတော့သည်။ ထို့နောက် ၎င်းမှာ ကမ္ဗည်းစာလုံးများကို အဆက်မပြတ် ထုတ်လွှတ်နေရင်း ဒူဂူလင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

ထိုအချိန်တွင် ယွမ်ယင်အဆင့် အငွေ့အသက်တစ်ခုမှာ ထိုဒင်္ဂါးပြားလေး၏ ကမ္ဗည်းစာလုံးများထဲမှ ထွက်ပေါ်လာကာ ဖိနှိပ်အားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒူဂူလင်းပေါ်သို့ ကျရောက်လာတော့သည်။

အဝေးမှ ကြည့်လိုက်ပါက ကမ္ဗည်းစာလုံးများမှာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းနေသောကြောင့် လေထဲ၌ ဧရာမ ဒင်္ဂါးပြားကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင် ဖြစ်နေ၏။ ထို မြင်ကွင်းကြောင့် လူတိုင်းမှာ အံ့အားသင့်သွားရပြီး ပြင်ပကမ္ဘာထဲတွင် ရှိနေကြသော ပွဲကြည့်ပရိသတ်များပင်လျှင် အံ့ဩတုန်လှုပ်သွားကြတော့သည်။ အထူးသဖြင့် မြဲ့လျဲ့ကျိမှာဆိုလျှင် မျက်လုံးများပြူးကျယ်သွားရသည်။

” မန္တန်စစ်သည်တော်တစ်ယောက်ပဲ ”

သူတို့အားလုံး အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး အော်ဟစ်လိုက်၏။

” တောင်ဝိညာဉ်နှင့် မိုးကြိုးနတ်ဘုရားများ။ ဤ ဖုတ်ကောင်များကို နှိမ်နင်းကာ ဤဝိညာဉ်များအား သုတ်သင်ပေးပါ။ ဤ နတ်ဆိုးများကို ချေမှုန်းပြီး မိစ္ဆာအားလုံးကို အစွဲချွတ်ပေးပါ။ ထာဝရသန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးပါ ”

သူ ထိုသို့အော်ဟစ်လိုက်သည်နှင့် ကမ္ဗည်းစာလုံးများကြောင့် ပေါ်ပေါက်လာသည့် ဧရာမ ဒင်္ဂါးပြားကြီးထဲမှ အံ့ဩမှင်တက်ဖွယ်ရာ လျှပ်စီးတန်းများ ထွက်ပေါ်လာ၏။ ထိုလျှပ်စီးတန်းများ ဒူဂူလင်းပေါ်သို့ ကျရောက်လာကြသောအခါ ဒူဂူလင်းမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ သူသည် သူ၏လက်အား ဝှေ့ယမ်းကာ ထိုးနှက်လိုက်ပြီး လျှပ်စီးတန်းပေါင်း မြောက်မြားစွာကို ဖျက်ဆီးပစ်လိုက်ပါသော်လည်း ၎င်းတို့မှာ အဆက်မပြတ် ကျဆင်းလာနေကြဆဲပင်။ ဧရာမ ဒင်္ဂါးပြားကြီးမှာလည်း အောက်သို့ စတင်ကျဆင်းလာပြီး ဒူဂူလင်းအား ဖိနှိပ်ချုပ်တည်းနေပြီ ဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များဖော်ကာ ထိုဒင်္ဂါးပြားအား လက်ညှိုးထိုးလိုက်ပြီးနောက် ထပ်၍အော်ဟစ်လိုက်ပြန်သည်။

” ရှေ့မှာ လျှပ်စီး၊ နောက်မှာ အဋ္ဌဂံတံဆိပ်။ ချုပ်နှောင်စေ ”

သူ ထိုသို့အော်ဟစ်လိုက်သောအခါ ဒင်္ဂါးပြားကြီပေါ်တွင် အဋ္ဌဂံတံဆိပ်အမှတ်အသားများ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ဒူဂူလင်း၏ ဘေးပတ်ပတ်လည်သို့ ကျဆင်းလာသဖြင့် အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် သူ့အား ဖိနှိပ်ရန် ကြိုးစားနေသည့် ဒင်္ဂါးပြားကြီးမှာ ပို၍ပင် မြန်ဆန်လာတော့သည်။ ထို့အပြင် သူသည် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ၏ အဆက်မပြတ် ရိုက်ခတ်ခြင်းကို ခံနေရသည်ဖြစ်ရာ ဒူဂူလင်းမှာ လုံးဝ ချုပ်တည်းခံလိုက်ရတော့မည့်ပုံ ပေါက်နေ၏။

သို့သော် ထိုအချိန်တွင် ဒူဂူလင်း၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ မျက်လုံးများအား သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏လက်ထဲတွင် ပန်းပွင့်တစ်ပွင့် ရှိနေသည်ကို မြင်နိုင်ပေသည်။

၎င်းမှာ မတူညီသော အရောင်ငါးမျိုးနှင့် ပွင့်ဖတ်ငါးခုပါသည့် ငါးရောင်ခြယ်ပန်းပွင့်တစ်ပွင့် ဖြစ်သည်။

ထိုပန်းပွင့်လေး ပေါ်ပေါက်လာသောအခါ နဝမအဆင့် အထွတ်အထိပ် ဓမ္မလက်နက်တစ်ခု၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထို အငွေ့အသက်များအား အာရုံခံမိလိုက်သဖြင့် အံ့အားသင့်သွားရချိန်တွင် ဒူဂူလင်း၏ စကားသံကြီးမှာ ပဲ့တင်ထပ်သွား၏။

” မင်းကြောင့် ငါ ဒီရတနာကို ထုတ်သုံးလိုက်ရပြီ။ ဝမ်ပေါင်လဲ့။ မင်းဆီမှာ တခြားတိုက်ကွက်တွေ မရှိတော့ဘူးဆိုရင် ဒီတိုက်ပွဲကြီးက ဒီမှာတင်ပြီးပြီကွ ” ဒူဂူလင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော အဋ္ဌဂံတံဆိပ်၊ သူ၏ခေါင်းပေါ်ရှိ ဒင်္ဂါးပြားကြီးနှင့် သူ၏ ပတ်ပတ်လည်တွင်ရှိနေသော လျှပ်စီးတန်းများကိုပင် မကြည့်ဘဲ လက်မြှောက်ကာ ထို ငါးရောင်ခြယ်ပန်းပွင့်၏ အပြာရောင် ပွင့်ဖတ်လေးအား ဆွဲနုတ်လိုက်တော့သည်။ ထိုအခါ ထို အပြာရောင် ပွင့်ဖတ်လေးမှာ လေထဲ၌ မျောလွင့်သွား၏။

ထိုအချိန်တွင် ၎င်း၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် အဋ္ဌဂံတံဆိပ်ကြီးပေါ်တွင် အပြာရောင်ပူဖောင်းများ တိတ်တဆိတ် ပေါ်ပေါက်လာကြ၏။ လေထဲရှိ ဧရာမဒင်္ဂါးပြားကြီးမှာလည်း အပေါ်သို့ မြောက်တက်သွားပြီး ထောင်ပေါင်းများစွာသော အပြာရောင်ပူဖောင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။

ဘေးပတ်ပတ်လည်ရှိ လျှပ်စီးတန်းများမှာလည်း ထိုနည်းတူပင်။ ၎င်းတို့အားလုံးမှာ ပူဖောင်းများအဖြစ် ပြောင်းလဲသွားကြ၏။ သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံး ပူဖောင်းများအဖြစ် ပြောင်းလဲသွားကြသောအခါ ဒူဂူလင်းမှာ ချောင်းဟန့်လိုက်၏။ ထိုအခါ ထိုပူဖောင်းများအားလုံးမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။ နောက်ဆုံးတွင် တိုက်စားခံလိုက်ရသည့်ပုံ ပေါက်နေသော ဒင်္ဂါးပြားလေးတစ်ပြားမှာ မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ဒူဂူလင်း၏လက်ထဲမှ ပွင့်ဖတ်လေးခုသာ ကျန်ရှိတော့သည့် ပန်းပွင့်လေးအား စိုက်ကြည့်နေလိုက်၏။ ထို ပွင့်ဖတ်လေးခုထဲတွင် ဝမ်ပေါင်လဲ့မှာ အနက်ရောင်ပွင့်ဖတ်လေးအား အထူးစိတ်ဝင်စားနေ၏။ သူသည် ထိုပန်းပွင့်လေးကြောင့် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားနေရသည့်တိုင်အောင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ထုတ်သုံးချင်နေသည့် စိတ်ဆန္ဒများကို ချုပ်တည်းထားဆဲပင်။ သူသည် ရှေ့သို့ ပျံသန်းသွားရန် ပြင်လိုက်စဉ်မှာပင် ဒူဂူလင်း၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် ဒုတိယမြောက်ပွင့်ဖတ်ဖြစ်သည့် သွေးနီရောင်ပွင့်ဖတ်လေးအား ဆွဲနုတ်လိုက်တော့သည်။

” သွေးဆွဲငင်ခြင်း ” ဒူဂူလင်းမှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူ ထိုပွင့်ဖတ်လေးအား လက်ထဲမှ လွှတ်လိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ ထို ပွင့်ဖတ်လေးမှာ သူ၏စိတ်နှလုံးထဲ၌ လျှို့ဝှက်အချိတ်အဆက်တစ်ခုကို ဖန်တီးထားသည့်အလား သူက ခံစားလိုက်ရခြင်းဖြစ်သည်။

ထို အချိတ်အဆက်မှာ ထိန်းချုပ်၍မရနိုင်သလို ပွင့်ဖတ်လေး ဆွဲနုတ်ခံလိုက်ပြီးမှ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည့် ပုံပင်။ ဒူဂူလင်းတစ်ယောက် ထိုသို့ ရေရွတ်လိုက်သောအခါ ထိုပွင့်ဖတ်လေးမှာ သွေးလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆွဲလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ ထို့နောက် သူ၏ ချွေးပေါက်များထဲမှ သွေးမြူခိုးများ စိမ့်ထွက်လာ၏။

ထို သွေးမြူခိုးများမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များအားလုံးထဲမှ ထိုးထွက်လာကြခြင်းဖြစ်၏။ ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်ထဲမှသွေးများမှာ ထိန်းချုပ်၍မရနိုင်တော့ဘဲ ထူးဆန်းအံ့ဖွယ် အင်အားကြီးတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသကဲ့သို့ ခံစားနေရတော့သည်။

ထိုမျှလောက် ကျောချမ်းဖွယ်ရာကောင်းသည့် ဓမ္မလက်နက်မျိုးနှင့် ဝမ်ပေါင်လဲ့မှာ တစ်ခါမှ မကြုံဖူးပေ။ ယခုတွင် သူသည် အသက်ရှူသံများ သိသိသာသာ မြန်ဆန်လာသည့်တိုင်အောင် တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေသည့် ဒူဂူလင်းမှာ အချိန်ဖြုန်းနေခြင်းမရှိပေ။ သူသည် ဒုတိယမြောက် ပွင့်ဖတ်လေးအား ဆွဲနုတ်ပြီးသွားသည်နှင့် တတိယမြောက် ပွင့်ဖတ်လေးအား ချက်ချင်းပင် ထပ်၍ ဆွဲနုတ်လိုက်ပြန်သည်။

ထို တတိယမြောက်ပွင့်ဖတ်မှာ အဖြူရောင်ဖြစ်၏။

” အရိုးချိုးခြင်း ”

ထို ပွင့်ဖတ်လေး မြေကြီးပေါ်သို့ ကျသွားသောအခါ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ အဖြူရောင် အရိုးခြောက်လေးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို အရိုး‌ခြောက်လေးမှာ ဝမ်ပေါင်လဲ့အား ပြက်ရယ်ပြုနေစဉ် ဝမ်ပေါင်လဲ့၏နှုတ်မှ ညည်းညူသံတစ်သံ ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးအမြောက်အမြား ဆွဲငင်စုပ်ယူခံနေရစဉ် သူ၏ အရိုးများမှာလည်း အမည်မသိ စွမ်းအားကြီးတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရပြီဖြစ်သည်။ ထို့ကြောင့် သူ၏ အရိုးများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ၎င်းတို့မှာ တစ်စစီ ကျိုးပဲ့သွားတော့မည့်ပုံ ပေါက်နေကြတော့သည်။

အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ထိုတိုက်ကွက်များကြောင့် သေဆုံးသွားလောက်ပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ နှလုံးအမြုတေတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အလွန်အင်မတန်မှ သန်မာသည်မဟုတ်ပါလော။ သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးမှာ အပြင်းအထန်တုန်ရီကာ သက်စောင့်စွမ်းအင်များကို ထုတ်လွှတ်ပေးနေသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ သွေးများနှင့် အက်ကွဲစ ပြုနေသည့်အရိုးများမှာ အကောင်းအတိုင်း ပြန်ဖြစ်လာကြတော့သည်။

သို့သော် သူသည် မျှခြေတစ်ခုကိုသာ ဖန်တီးနိုင်သေးသည်။ အကယ်၍ ဒူဂူလင်းဆီတွင် အခြားတိုက်ကွက်များ မရှိတော့ပါက ကိစ္စမရှိပါသော်လည်း သူသာ ဆက်၍တိုက်ခိုက်လိုက်မည်ဆိုလျှင် သူဖန်တီးထားရသည့် မျှခြေမှာ ပျက်စီးသွားရမည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပြိုလဲပျက်စီးသွားမည်သာ ဖြစ်သည်။ သူသည် သူ၏‌သွေးများအားလုံးကို ဆုံးရှုံးလိုက်ရပြီး သူ၏ အရိုးများမှာလည်း အမှုန့်ကြေသွားကြမည် ဖြစ်သည်။

သို့သော် ထိုအခြေအနေသို့ ရောက်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ထုတ်သုံးခြင်းမရှိသေးပေ။ သူသည် အသံကုန်အော်ဟစ်ကာ ဒူဂူလင်းဆီသို့ ပြေးသွားလိုက်သဖြင့် ဒူဂူလင်းမှာ ပျင်းရိနေသည့် လေသံဖြင့် မေးလိုက်၏။

” မင်း ငါ့ရဲ့ ကောင်းကင်ဘုံပန်းပွင့်ကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်နေတာလား ” ဒူဂူလင်းမှာ ထိုသို့မေးလိုက်ပြီးနောက် ခေါင်းယမ်းကာ စတုတ္ထမြောက်ပွင့်ဖတ်အား ဆွဲနုတ်လိုက်၏။ ၎င်းမှာ အနက်ရောင် ပွင့်ဖတ်လေး ဖြစ်ပေသည်။

” ဝိညာဉ်တွေ၊ လာကြစမ်း ”

သူ ထိုသို့ရေရွတ်လိုက်သောအခါ ထို အနက်ရောင်ပွင့်ဖတ်လေးမှာ ချက်ချင်းပင် အရည်ပျော်ကျသွား၏။ ထို့နောက် အနက်ရောင်မြူခိုးများ ပျံ့လွင့်လာပြီးနောက် အအေးဓာတ်များ ထုတ်လွှတ်နေသည့် အနက်ရောင် မီးလုံးတစ်လုံးပေါ်ပေါက်လာတော့သည်။ ထိုမီးလုံးထဲမှ လက်ဖဝါးအရွယ်အစားရှိသော‌ လှေတစ်စင်း ထွက်ပေါ်လာ၏။ ထိုလှေပေါ်ရှိ အနက်ရောင်ဝတ်ရုံနှင့် လူပုလေးတစ်ယောက်မှာ သူ၏လက်ထဲ၌ မီးအိမ်လှော်တက်တစ်ချောင်းကို ကိုင်ထားသည်။ ထို အနက်ရောင် ဝတ်ရုံနှင့် လူပုလေးမှာ ထိုသို့ ပေါ်ပေါက်လာပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ သို့သော် ထိုအချိန်တွင် ထိုလူပုလေးမှာ တစ်ကိုယ်လုံးတုန်ရီ သွားရတော့သည်။

ထို အနက်ရောင်လှေကလေးနှင့် လူပုလေး ပေါ်ပေါက်လာသောအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး မျက်ဝန်းများတောက်ပသွား၏။ သူသည် ထို အခိုက်အတန့်သို့ ရောက်လာရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်အမြုတေအား ချက်ချင်းပင်ထုတ်သုံးလိုက်၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်တစ်ခု ထွက်ပေါ်လာတော့သည်။ ထိုအခါ အနက်ရောင်ပွင့်ဖတ်လေးထဲမှ ထွက်ပေါ်လာခဲ့သည့် အနက်ရောင်လှေကလေးနှင့် လူပုလေးတို့မှာ ချက်ချင်းပင် နောက်သို့လှည့်သွားကြပြီး ဒူဂူလင်းအား အသံကုန် အော်ဟစ်လိုက်ကြသဖြင့် ဒူဂူလင်းမှာ ကြက်သေသေသွားရတော့သည်။ ထိုအချိန်တွင် လူပုလေးမှာ သူ၏လက်ထဲမှ မီးအိမ်လှော်တက်အား ဝှေ့ယမ်းကာ ဒူဂူလင်းအား လက်ညှိုးထိုးလိုက်၏။

ထိုအခါ ဒူဂူလင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားကာ တစ်ခေါင်းလုံး ထူပူသွားရ၏။ သူသည် အံ့ဩတုန်လှုပ်သွားရပြီး နောက်သို့ဆုတ်ခွာရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ ရှေ့သို့ပြေးထွက်လာသဖြင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ စကြဝဠာကြီး တစ်ခုလုံးကို ပင်ဖျက်စီးပစ်နိုင်စွမ်း ရှိနေသော ကြယ်ပျံတစ်လုံးကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ထိုသို့ပြေးထွက်လာရင်း ညာဘက်လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထိုအခါ သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါ်ပေါက်လာပြီး သူ၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားတော့သည်။ ထို့နောက် ဖိနှိပ်အားကောင်းသည့် ကျောချမ်းဖွယ်ရာ အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာတော့သည်။

ထို ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည့် စွမ်းအားများမှာ ယခင်တုန်းကထက် သိသိသာသာ ပို၍ သာလွန်နေ၏။ သူ၏ စုပေါင်းစွမ်းအားများမှာ ထပ်တူကျမှုစွမ်းအားကြောင့် နှစ်ဆတိတိ ပို၍ အားကောင်းလာပြီး သူ၏ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာမူ သုံးဆတိတိပို၍ အားကောင်းလာ၏။

ထိုစွမ်းအားများအားလုံး တစ်သားတည်း ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် အငွေ့အသက်ကြီးမှာ ဖိနှိပ်အားကြီးမားလွန်းနေ၏။ ထို့နောက် အဖျက်စွမ်းအားများ ကိန်းအောင်းနေသည့် ထိုအငွေ့အသက်ကြီးမှာ ဒူဂူလင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားကြပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် အပြင်းအထန် တုန်ရီသွားရ၏။

ဒူဂူလင်းမှာမူ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည် ၎င်းအား ခုခံတွန်းလှန်ချင်ပါသော်လည်း ယခုတွင် သူ၏ ဝိညာဉ်မှာ တဆတ်ဆတ်တုန်ရီနေပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်ခံရတော့မည့်အလား ဖြစ်နေ၏။ ထို့ကြောင့် သူ ထိုကဲ့သို့ အရှိန်လျော့ကျသွားစဉ် ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာပြီး ပွင့်ဖတ် တစ်ခုတည်းသာ ကျန်တော့သည့် ပန်းပွင့်လေးအား သူ၏လက်ထဲမှ လုယူသွားတော့သည်။ ထိုအချိန်တွင် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲ၌ ရှိနေသည့် ဝမ်ပေါင်လဲ့အစစ်မှာ သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်၏။ ထို့ကြောင့် သူတို့၏ ပတ်ပတ်လည်တွင်ရပ်ရင်း တိုက်ပွဲကြီးအား ကြည့်ရှုနေကြသော ပြိုင်ပွဲဝင်များနှင့် ပြင်ပကမ္ဘာထဲရှိ ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများအားလုံးမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်ကာ အစွမ်းထက်လွန်းနေသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကို စုဆောင်းထားသကဲ့သို့ပင် ဖြစ်နေ၏။ ထိုအချိန်တွင် ဒူဂူလင်းမှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး‌ နောက်သို့ဆုတ်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ လျှပ်စီးတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာ သူ၏နောက်မှ လိုက်သွားပြီး သူ့အား ထပ်၍ ထိုးနှက်လိုက်ပြန်သည်။

ထိုလက်သီးချက်ကြောင့် ဒူဂူလင်း၏ ရင်ဘက်ကြီးမှာ အတွင်းသို့ ကျွံဝင်သွားပြီး အရိုးများပင် ပေါ်လာတော့သည်။ ထိုရိုက်ခတ်မှုမှာ အားကောင်းလွန်းလှသောကြောင့် သူ၏ခန္ဓာကိုယ်မှာ အခြားတောင်ထိပ်တစ်ခုပေါ်သို့ လွင့်ထွက်သွားရ၏။ သူ ထိုတောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားသောအခါ ထိုတောင်ကြီးမှာ ပြိုလဲပျက်စီးသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အားကောင်းသော အငွေ့အသက်များထုတ်လွှတ်ရင်း သူ၏နောက်သို့ လိုက်သွားနေဆဲပင်။

Comment

Leave a Reply

Options

not work with dark mode
Reset