Switch Mode

အခန်း (၄၀)

နတ်တန်ခိုးစွမ်းအားကလည်း နတ်တန်ခိုးစွမ်းအား မဟုတ်

အခန်း (၄၀) နတ်တန်ခိုးစွမ်းအားကလည်း နတ်တန်ခိုးစွမ်းအား မဟုတ်

ကျန်းလန် မရဏဂူသို့ ပြန်ကာ ကျင့်ကြံလိုသော်လည်း ဝယ်လာသည့် သေရည် (၂)အိုးဖြင့် ဆရာဖြစ်သူကို ဂါရဝပြုရဦးမည်ဖြစ်လေရာ ဆရာဖြစ်သူနေထိုင်ရာ တောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။

နဝမတောင်ထွတ်…

ညလေအေးများက တောင်ပေါ်တွင် တဟူးဟူး တိုက်ခတ်လျှက် ရှိလေသည်။

ကျန်းလန်က ဆရာဖြစ်သူကို အကောင်းစား သေရည် (၂)အိုး လက်ဆောင်ပေးလိုက်ရင်း…

“ဆရာ့ကို တပည့် သေရည်နဲ့ ဂါရဝပြုချင်လို့ပါ…”

မော့ကျန်းသုန့်က ကျန်းလန်လက်ထဲမှ အကောင်းစားသေရည် (၂)အိုးကို ကြည့်ပြီး မျက်ခုံးများ မသိမသာ တွန့်ချိုးသွား၏။

“ရုတ်တရက်ကြီး… ဘာကိစ္စ ကျုပ်ကို အကောင်းစားသေရည်တွေ လက်ဆောင်လာပေးရတာတုန်း…”

ကျန်းလန်က…

“တပည့် သက်တံ့တိမ်တိုက်ကျင့်စဉ် အောင်မြင်သွားလို့… ဆရာ့ကို လာပြီး ဂါရဝပြုတာပါ…”

ကျန်းလန် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်သွားသည်ဆိုခြင်းက ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပဲ ဖြစ်၏။

သို့သော်… မော့ကျန်းသုန့်ကတော့ သိပ်ပြီး အံ့သြဟန်မပြပေ။

သူက တပည့်ဖြစ်သူကိုကြည့်ကာ ရယ်မောလိုက်ရင်း…

“ဟိုတစ်နေ့က ကောင်းကင်မှာ သက်တံ့တစ်စင်း ပေါ်လာတာတွေ့တော့ ဘယ်သူများ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေသလဲပေါ့… ၊ လက်စသတ်တော့ မင်း ဖြစ်နေတာကိုး… အင်း… ဒါပေမဲ့ သက်တံ့တိမ်တိုက်ကျင့်စဉ်က မကြာခဏတော့ စမ်းသပ်ကြည့်ဖို့ လိုတယ်ကွ…”

မော့ကျန်းသုန့်၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး…

“တစ်ခါတလေမှာ နတ်တန်ခိုးစွမ်းအားကလည်း နတ်တန်ခိုးစွမ်းအား မဟုတ်ဘူး ဖြစ်နေတတ်တယ်… ၊ သက်တံ့တိမ်တိုက်ကျင့်စဉ်မှာ အားနည်းချက်တစ်ခုရှိတယ်… ၊ အဲဒါကတော့… တစ်ခါတလေမှာ ကံကောင်းခြင်းတွေကနေ ကံဆိုးခြင်းအဖြစ် ပြောင်းလဲသွားတတ်တာပဲ…”

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောသည်။

“ဒါပေမဲ့… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်လာတာနဲ့အမျှ အဲဒီတန်ခိုးစွမ်းအားကို ထိန်းချုပ်ဖို့ ပိုပြီး လွယ်ကူလာပါလိမ့်မယ်…”

ဆရာပြောသည့်စကားကို ကျန်းလန် သိပ်ပြီး မရှင်းလင်းပေ။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို မည်သို့ စမ်းသပ်ရပါမည်နည်း။

သူ့ကိုယ်သူ စမ်းသပ်ကြည့်၍တော့ မဖြစ်နိုင်ပေ။ အဆင်မသင့်လျှင်… သူ၏ ကျင့်ကြံခြင်း ထိခိုက်သွားနိုင်၏။

ထို့ပြင်… သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း သိပ်ပြီး မြင့်မားခြင်း မရှိသေးရာ ကံကောင်းခြင်းများအစား ကံဆိုးခြင်းများ ရောက်ရှိလာလျှင် ပြဿနာ တက်သွားနိုင်သည်။

မော့ကျန်းသုန့်က…

“ဒါနဲ့… ဟို တပည့် (၃)ယောက် မရဏဂူအဝင်ဝမှာ ကျင့်ကြံနေကြတယ် မဟုတ်လား… သူတို့အပေါ် သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအား စမ်းသပ်ကြည့်လိုက်လေ…”

ကျန်းလန် ဆရာဖြစ်သူကို စကားပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်၏။

သူက အခြားသူများနှင့် ပတ်သက်လိုခြင်း မရှိပေ။

ထို့ပြင်… သူက သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ထိုတပည့်များအပေါ်တွင် စမ်းသပ်ကြည့်လိုက်ခြင်းကြောင့် ထိုသူများ၏ ကျင့်ကြံခြင်း ထိခိုက်သွားမည်ကိုလည်း မလိုလားပေ။

တပည့်ဖြစ်သူ တိတ်ဆိတ်နေသောကြောင့် မော့ကျန်းသုန့်ကလည်း ဆက်ပြီး အကြံဉာဏ် မပေးတော့ပေ။

အတန်ကြာမှ… ကျန်းလန်က သေရည်ဆိုင်ပိုင်ရှင် အဘိုးအိုပေးလိုက်သည့် မြေပဲအိတ်ကို မော့ကျန်းသုန့်ထံ ပေးလိုက်ရင်း…

“ဆရာ… ဒီမှာ မြေပဲတွေလည်း ရလာသေးတယ်…”

ခဏကြာမှ ကျန်းလန်က စကားဆက်ပြောသည်။

“သေရည်ဆိုင်ပိုင်ရှင်အဘိုးကြီးက ဒီမြေပဲတွေ ဘာလို့ ပေးလိုက်တာလဲ မသိဘူး… ကျွန်တော် နားမလည်နိုင်ဘူး…”

မော့ကျန်းသုန့်က မည်သည့်စကားမှ မပြောဘဲ နားထောင်နေ၏။

ကျန်းလန်က…

“သေရည်ဆိုင်ရောက်တော့ … အဲဒီအဘိုးက ကျွန်တော့်ကို မြေပဲတွေ ကျွေးတယ်… ၊ ဒါပေမဲ့ ကျွန်တော်က နဝမတောင်ထွတ်က တပည့်ဆိုတာလည်း သိသွားရော … သူက ချက်ချင်းပဲ မြေပဲ ပန်းကန်ကို သိမ်းသွားတယ်…”

ခဏနားပြီးမှ ကျန်းလန်က ဆက်ပြောသည်။

“ပြီးတော့…  ကျွန်တော် သေရည်ဆိုင်ကနေ ပြန်မယ်လုပ်တော့ မြေပဲတစ်အိတ် လက်ဆောင်ထည့်ပေးလိုက်တယ်… အဲဒါ… ဘာအဓိပ္ပါယ်မှန်း မသိဘူး…”

စိတ်ရှုတ်ထွေးနေဟန်ရှိသည့် ကျန်းလန်ကိုကြည့်ပြီး မော့ကျန်းသုန့်က ပြုံးလိုက်၏။

သူက မြေပဲများကို အရေးမစိုက်ပေ။ ကျန်းလန်ပေးသည့် မြေပဲအိတ်ကို ယူပြီး ဘေးတစ်နေရာတွင် ချထားလိုက်သည်။

ထို့နောက်…  ကျင့်ကြံခြင်းနှင့်ပတ်သက်သည့်အကြောင်းများကိုသာ ဆက်ပြောနေလေတော့၏။

“မင်းက အခုဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားပြီ မဟုတ်လား… ၊ ဒါပေမဲ့… ကျင့်ကြံခြင်းအဆင့်တက်ဖို့ အလျှင်မလိုနဲ့ဦး…”

ခဏနားလိုက်ပြီး မော့ကျန်းသုန့်က ဆက်ပြောသည်။

“ဆရာ… အကြီးအကဲတစ်ယောက်နဲ့ ဆက်သွယ်ထားတယ်… ၊ သူက မင်းရဲ့ရွှေပြဒါးအမြုတေ လွယ်လွယ်နဲ့ သိပ်သည်းစေဖို့ ကူညီပေးနိုင်တယ်… ၊ ရွှေပြဒါးအမြုတေအဆင့်က အစပိုင်းမှာ ခက်ခဲတတ်တယ် ၊ တစ်ခါတလေ… အခန့်မသင့်ရင် လုံးဝကျရှုံးသွားတတ်တယ်… ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ လွယ်သွားတာပါပဲ…”

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…

“တပည့် နားလည်ပါပြီ…”

တကယ်တော့… ရွှေပြဒါးအမြုတေအဆင့်နှင့် ပတ်သက်ပြီး ကျန်းလန် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံက ဆရာဖြစ်သူပြောသည့် စကားနှင့် ဆန့်ကျင်ဘက် ဖြစ်၏။

ကျန်းလန်ကတော့ အစပိုင်းကာလများတွင် ရွှေပြဒါးအမြုတေ လွယ်လွယ်နှင့် ဖြစ်တည်လာပြီး နောက်ပိုင်းကျမှ ကျင့်ကြံခြင်း အဆင့်မတက်ဘဲ တစ်လစ်ဖြစ်ကာ အချိန်ကြာနေခဲ့ခြင်း ဖြစ်၏။

သို့သော်… ဆရာဖြစ်သူက သူ့ကို ဤသို့သောစကားပြောသည်မှာ ဖိအားများစွာ မပေးလိုသောကြောင့်လည်း ဖြစ်ဟန်တူသည်။

အမှန်တော့… ဆရာပြောသည့် စကားများထဲတွင် စာအုပ်စာပေများဖတ်ရှု၍ မရရှိနိုင်သည့် ကိုယ်တွေ့ဗဟုသုတများ များစွာပါဝင်နေသည် မဟုတ်ပါလား။

……………

ထို့နောက်… ကျန်းလန် ဆရာဖြစ်သူထံမှ ပြန်လာခဲ့သည်။

သူသိချင်သည့် မြေပဲအိတ်ကိစ္စကို ဆရာဖြစ်သူက ပြောမပြသောကြောင့် အနည်းငယ်တော့ မကျေမနပ် ဖြစ်မိ၏။

သို့သော်… စိတ်ထဲမတွေးတော့ဘဲ ဆက်လက်ကျင့်ကြံရန်သာ အစီအစဉ်ဆွဲလိုက်၏။

သက်တံတိမ်တိုက်ကျင့်စဉ်နှင့် ပတ်သက်၍တော့ သူ့တွင် အကြံအစည်တစ်ခု ရှိလေသည်။

သူက လုန်ယွိနှင့် အခြားတပည့်များအပေါ်တွင်လည်း နတ်တန်ခိုးစွမ်းအားကို စမ်းသပ်လိုခြင်း မရှိပေ။ ထို့ကြောင့်… အကောင်ပေါက်မလာသေးသည့် ဝိညာဉ်သားရဲဥလေးတွင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်သားရဲဥလေးကလည်း သက်ရှိသတ္တဝါလေးပဲ ဖြစ်လေရာ အလုပ်ဖြစ်နိုင်သည် မဟုတ်ပါလား။

ကျန်းလန် မရဏဂူသို့ ပြန်လာသည့်အချိန်တွင် အတော်လေး ညဉ့်နက်နေပြီ ဖြစ်သည်။

လုန်ယွိနှင့် အခြားတပည့် (၂)ယောက်ကတော့ စတင်ကျင့်ကြံနေကြပြီ ဖြစ်သည်။

သူတို့က နတ်ဘုရားရောင်ဝါ အစီအရင်အတွင်းတွင် ထိုင်နေကြပြီး မရဏအငွေ့အသက်များ သူတို့ကို သက်ရောက်ခြင်း မရှိစေရန် ကာကွယ်ထားကြသည်။

သူတို့အားလုံးကို ကြည့်ရသည်မှာ တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်သည်။ သူတို့၏ တန်ခိုးစွမ်းအားလှည့်ပတ်နေမှုကလည်း အလွန်တည်ငြိမ်နေ၏။

သူတို့အတွက် မည်သည့်အန္တရယ်မှ ရှိသည့်ဟန် မပေါ်ပေ။

ကျန်းလန်က နတ်ဘုရားရောင်ဝါအစီအရင်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

“ဒီအစီအရင်ရဲ့ သက်ရောက်မှုက နတ်ကြေးမုံမှန်နဲ့ ဆင်တူနေတာပဲ…”

စနစ်မှ ရရှိသည့် နတ်ကြေးမုံမှန်ကို အသုံးပြုခဲ့ခြင်းကြောင့် ကျန်းလန် ရွှေပြဒါးအမြုတေအဆင့်ကိုလျှင်မြန်စွာ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက… သူ့ပင်ကိုယ်အရည်အချင်းဖြင့်ဆိုလျှင် ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ရန် နှစ်ပေါင်း ရာနှင့်ချီပြီး ကြာမြင့်ပေလိမ့်မည်။

လုန်ယွိနှင့် အခြားတပည့် (၂)ယောက်ကတော့ ပါရမီရှင်များ ဖြစ်ကြ၏။

ယခုအချိန်တွင် ထိုသူများက သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေကြသော်လည်း နောက်ထပ် နှစ်အနည်းငယ်အတွင်း မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ကြပေတော့မည်။

သူတို့ဘေးမှ ဖြတ်သွားရင်း… ကျန်းလန်က ကျင်းထင်ထိုင်နေသည့် နေရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

အစီအရင်က လွဲမှားနေဆဲ ဖြစ်လေသည်။

အစီအရင်လွဲမှားနေသည့်အတွက် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို ကျန်းလန် သေသေချာချာ မခန့်မှန်းနိုင်ပေ။

သူက အစီအရင်များကို ကျွမ်းကျင်စွာ ပြုလုပ်တတ်သူ မဟုတ်ပေ။

ကျန်းလန် စနစ်တွင် မှတ်ပုံတင်ရင်း… တစ်ခါတရံ အစီအရင်အချို့ ရလေ့ရှိသည်။

ထို့ပြင်… နဝမတောင်ထွတ်ရှိ စာကြည့်တိုက်တွင် စာအုပ်များစွာ ရှိလေသည်။ စာကြည့်တိုက်ရှိ တာအိုကျမ်းစာများတွင် အစီအရင်များအကြောင်း ရေးသားထားသည်များကို ဖတ်ရှုဖူးသည်။

ထို့ကြောင့်… ကျန်းလန်က အစီအရင်များအကြောင်း အနည်းအကျဉ်း နားလည်ထား၏။

ထို့နောက်… ကျန်းလန် မရဏဂူထဲ ဝင်လာခဲ့သည်။

သူ… ပြန်ရောက်သည်နှင့် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သားရဲဥလေးပေါ်သို့ ထုတ်ဖော်အသုံးပြုလိုက်သည်။

သက်တံရောင်အလင်းတန်းများတောက်ပလာပြီး သားရဲဥလေးကို လွှမ်းခြုံရစ်သိုင်းသွားသည်။ ထို့နောက်… အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားလေသည်။

ယခုတစ်ကြိမ်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သော်လည်း ကျန်းလန် မည်သည့်ခံစာချက်မှ မခံစားရပေ။

မည်သည့်ခံစားချက်မှ မခံစားရပါက… ကံကောင်းခြင်းမဟုတ်ဘဲ ကံဆိုးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့နောက်… ကျန်းလန် စတင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ မနက်ဖန်မှ သားရဲဥလေး မည်သည့် ထူးခြားချက် ဖြစ်ပေါ်လာမည်ကို စစ်ဆေးကြည့်ရပေမည်။

ကျန်းလန်က ယခု မူလဝိညာဉ်အဆင့်သို့ အဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်… အခြားသော တန်ခိုးစွမ်းအားများ တိုးတက်စေရန်အတွက် များစွာသော ကျင့်ကြံခြင်းများ ပြုလုပ်ရန် လိုအပ်နေသေးသည်။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း ကျင့်စဉ်ကို အဆင့်မြင့်တက်စေရန် ကျင့်ကြံရပေဦးမည်။

နွားရိုင်းကိုးကောင်စွမ်းအားကိုလည်း နွားရိုင်းခုနစ်ကောင်စွမ်းအားအ ထိ အဆင့်မြင့်တက်အောင် ကျင့်ကြံရမည် ဖြစ်၏။

ကျင့်စဉ်အချို့နှင့် ဂါထာမန္တန်အချို့ကိုလည်း ထပ်မံကျင့်ကြံရန် လိုအပ်သေးသည်။

သို့သော်… ကျန်းလန်က သူ၏ သေးငယ်သော ဧရိယာလေးတစ်ခုအတွင်းမှာပင် တန်ခိုးစွမ်းအား ကျင့်ကြံခြင်းများကို ပြုလုပ်လေ့ရှိသည်။

မရဏအငွေ့အသက်များကလည်း သူ၏ ကျင့်ကြံခြင်းများကို ကူညီကာကွယ်ပေးနေလေရာ ကျန်းလန် ဂူထဲတွင် ကျင့်ကြံနေသည်ကို မရဏဂူအပြင်ဘက်မှ သိရှိနိုင်မည် မဟုတ်ပေ။

……………

ထိုသို့ဖြင့်… မျက်စိတစ်မှိတ်အတွင်းမှာပင်… (၁)လဆိုသောအချိန် ကုန်ဆုံးသွားလေသည်။

ကျန်းလန်ကလည်း (၁)လလုံးလုံး ဂူပြင်ထွက်မလာသလို ဂူဝတွင် ကျင့်ကြံနေကြသည့် (၃)ယောက်ကလည်း ဂူထဲဝင်လာခြင်း မရှိပေ။

သို့သော်… ထိုသူများ ဂူအပြင်ဘက်တွင် ရှိနေကြသေးကြောင်း ကျန်းလန် အာရုံခံမိလေသည်။

ကျန်းလန်က မူလဝိညာဉ်အဆင့်နှင့် လိုက်လျောညီထွေဖြစ်မည့် တန်ခိုးစွမ်းအားများကို အချိန် (၁)လတိတိ ကျင့်ကြံခဲ့သည်။

ယခုဆိုလျှင်… နွားရိုင်းကိုးကောင်စွမ်းအားသည် နွားရိုင်းခုနစ်ကောင်စွမ်းအားသို့ အဆင့်မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်… ယခုမှ ကျင့်ကြံအောင်မြင်ခါစ ဖြစ်သောကြောင့် စွမ်းအားအပြည့်အဝတော့ ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ… နွားရိုင်းခုနစ်ကောင်စွမ်းအားကတော့ အတော်လေး ကြောက်မက်ဖွယ်ရာ ဖြစ်၏။

အခြားဂါထာမန္တန်များနှင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်အချို့ကိုလည်း ကျင့်ကြံခဲ့သေးသည်။ သို့သော်… မည်သည့်တန်ခိုးစွမ်းအားကမှ နွားရိုင်းခုနစ်ကောင် တန်ခိုးစွမ်းအားလောက် ကြောက်မက်ဖွယ် မကောင်းခဲ့ပေ။

ထို့ပြင်… ထိုမျှ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည့် စွမ်းအားမှာ မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်တွင်ရှိနိုင်သည့် စွမ်းအားထက် များစွာသာလွန်နေ၏။

ထိုမျှ ပြင်းထန်မြင့်မားသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ကျန်းလန် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့သည်။

စွမ်းအားအလုံအလောက်ရှိနေမည်ဆိုလျှင် အန္တရယ်များကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားသည်လည်း ကောင်းကင်ဘုံခြေလှမ်းခုနစ်လှမ်းသို့ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကျန်းလန်အနေဖြင့်… ထပ်မံတိုးတက်အောင် ကျင့်ကြံရပေဦးမည်။

အခြား ဂါထာမန္တန်များနှင့် ကျင်စဉ်များစွာကိုလည်း ကျန်းလန် ကျင့်ကြံခဲ့လေသည်။

သို့သော်… (၁)လဆိုသည့်အချိန်က အလွန်နည်းပါးလေရာ ကျင့်စဉ်အားလုံးကို ကျင့်ကြံရန်တော့ အချိန်လုံလောက်ခြင်း မရှိပေ။

အခြားသော လိုအပ်သည့် ကျင့်စဉ်များကို ကျင့်ကြံရန်အတွက် ကျန်းလန်အနေဖြင့် နောက်ထပ် အချိန် (၂)လခန့် လိုအပ်ပေဦးမည်။

သို့သော်… ကျန်းလန် ရုတ်တရက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော်… နဝမတောင်ထွတ် ခန်းမဆောင်ကို သန့်ရှင်းရေးပြုလုပ်ရမည် ဖြစ်သောကြောင့်ပင်…။

အမှန်တော့… ဆက်ခံသူတပည့်ဖြစ်လာပြီးနောက်ပိုင်း ကျန်းလန်အနေဖြင့် ထိုသို့သောအလုပ်များကို လုပ်စရာ မလိုတော့ပေ။

သို့သော်… ဆရာဖြစ်သူက တစ်ပတ်တန်သည် (၁)ခါ ၊ နှစ်ပတ်တန်သည် (၁)ခါ ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ရန် အမိန့်ပေးထားသည်။

သူ… နှစ်ပေါင်း (၃၀)ခန့် မရဏဂူထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် အနည်းငယ် ပြင်ပလောကသို့ ထွက်ပြီး စိတ်အပန်းဖြေရန် လိုအပ်သည်ဟု ဆရာဖြစ်သူက ယူဆထားသည်။

ထိုအလုပ်များကို လုပ်ရသည်က သိပ်တော့ တာဝန်မကြီးသလို အချိန်လည်းမကြာလှပေ။

ခန်းမဆောင် သန့်ရှင်းရေးလုပ်ပြီးလျှင်တော့ သူ့တွင် ကိုယ်တွင်းမိစ္ဆာ ရှိမရှိ စစ်ဆေးပေးရန် ဆရာဖြစ်သူကို တောင်းဆိုဦးမည်ဟု ကျန်းလန် တွေးလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော်… ဝိညာဉ်သားရဲဥလေးပေါ်သို့ သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအား ထုတ်ဖော်အသုံးပြုလိုက်တိုင်း ခံရခက်သည့်ဝေဒနာတစ်မျိုးကို ကျန်းလန် ခံစားနေရသောကြောင့် ဖြစ်၏။

သက်တံ့တိမ်တိုက်ကျင့်စဉ် ကျင့်ကြံရာတွင် တစ်စုံတစ်ခု တိုးတက်လာသောကြောင့် ထိုသို့ ခံစားရသည်ဟု ကျန်းလန် တွေးထင်မိသည်။

သို့သော်… ဆရာဖြစ်သူကို မေးမြန်းကြည့်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset