အခန်း ( ၃၂ )

ဒီနေ့ ငါ ချီယွမ် အသက်သေချင်သေပါစေ

နေ့လယ်ခင်းတစ်ခုတွင် ချုံတောင်လေး၏ တောင်အနောက်ပိုင်းရှိ လွန်ခဲ့သောနှစ်အနည်းငယ်က ရွေးချယ်ထားသည့် သစ်တောအတွင်း မြေကွက်လပ်တစ်နေရာ၌

တာအိုရသေ့အိုကြီးတစ်ပါးသည် မြင်းမြီးနှင်တံအား ကိုင်ကာ အလွန်ခိုင်ခံ့သော သစ်သားလှောင်ချိုင့်အတွင်း ရပ်နေလေသည်။

သူ၏ဘေးပတ်လည်တွင် အလင်းတန်းများ တောက်ပနေလေသည်။ သူ ဝတ်ဆင်ထားသော စိမ်းပြာ‌ရောင်တာအိုပိုးဝတ်ရုံသည် အတော်အတန်ကောင်းမွန်သော အကာအကွယ်ဓမ္မရတနာဖြစ်သည်။ ထိုဝတ်ရုံကြောင့် ချီယွမ်သည် သူ၏လက်ရှိအသက်ထက် ပို၍ ငယ်သယောင်ထင်ရလေ၏။

ချီယွမ်သည် ကောင်းကင်ပြစ်ဒဏ်အား ခံယူရတော့မည်ဖြစ်ပြီး သူ၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။

ချီယွမ်၏ ပတ်ပတ်လည်တွင် ထူးဆန်းသော အရောင်အဝါတန်း အနည်းငယ်လွှမ်းခြုံနေ၏။ မကြာခဏပင် ပန်းပွင့်ဖတ်တစ်ခုပေါ်လာပြီး သူ့အားဖြတ်၍ပျံသန်းကာ တောင်ပေါ်ရှိ လေပြေလေညင်းနှင့်အတူ ပျောက်ကွယ်သွားလေ၏။

ချီယွမ်၏ တပည့်နှစ်ယောက်သည် သူနှင့် (၁၀)ကျန့်အကွာတွင် ရပ်နေကြသည်။

လန်လင်းအယ်သည် သူမ၏ဆရာအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး နဖူးပေါ်တွင်ကျနေသော ပိတုန်းရောင် ဆံသားအစုလေးကို ဟိုလိမ်ဒီလိမ်လုပ်နေလေသည်။

လန်လင်းအယ်၏ ကိုယ်ခန္ဓာသည် ဤနှစ်ပိုင်းအတွင်း ပို၍ အရွယ်ရောက်လာသည်။ ခါးစည်းပတ်ထားသော သူမ၏‌သေးသွယ်သည့် ခါးလေးအား လက်တစ်ဖက်ဖြင့်ပင် ဆုပ်ကိုင်နိုင်မည့် ပုံပေါ်လေ၏။ ပန်းဖွှားများတပ်ထား၍ ရှည်လျားသော ဂါဝန်သည် သူမ၏အောက်ပိုင်းကောက်ကြောင်းများကို ပို၍ ပေါ်လွင်စေသည်။ မည်သည့်နေရာမှကြည့်သည်ဖြစ်စေ သူမက ကြည့်၍တင့်လှပေသည်။

လွန်ခဲ့သော(၂)နှစ်ခန့်ကနှင့်ယှဉ်လျှင် သူမ၏လှပသောမျက်နှာလေးသည် ပို၍ပင်သိမ်မွေ့လာ၏။ သို့သော်လည်း ပျိုမြစ်မှုများနှင့် ဉာဏ်ထက်သည့် အရိပ်အယောင်များမှာ ကျန်ရှိနေဆဲပင်။

လီချန်ရှို့သည် လန်လင်းအယ်နှင့် မလှမ်းမကမ်းရှိ အခြားအပင်ထိပ် တစ်ခုပေါ်တွင် ရပ်နေပြီး သူ ပုံမှန်ဝတ်ဆင်နေကျ ဝတ်ရုံရှည်အား ဝတ်ဆင်ထားလေသည်။ သူ၏ လက်ဝဲလက်တွင် ဝါးပေလိပ်လေးတစ်ခုအား ကိုင်ထား၏။ လက်ယာလက်တွင်မူ ထွင်းဓားလေးတစ်ခုကို ကိုင်ထားလေသည်။ သူသည် ကောင်းကင်ပြစ်ဒဏ်ရောက်ရှိလာတော့မည့် လက္ခဏာများကို စောင့်ကြည့်ရင်း စိတ်အာရုံအား သူ၏ဆရာနှင့် ပတ်ဝန်းကျင်အပေါ်တွင် လွှမ်းခြုံထားလေသည်။

အခြားပြောစရာများ မကျန်တော့ချေ။ သူ လုပ်စရာရှိသည်များကို လုပ်ခဲ့ပြီးလေပြီ။ သူ၏ဆရာသည် ပထမဆုံးကောင်းကင်မိုးကြိုးတစ်ချက်အား ‌‌တောင့်ခံနိုင်ရန်သာ လိုတော့သည်။ ထို့နောက် အဖိုးတန်ဆေးလုံးအား မည်သည့်အချိန်တွင် သုံးမည်ဟုဆုံးဖြတ်ခြင်းသည် သူ၏ဆရာအပေါ်တွင်သာ မူတည်‌ပေသည်။

လောလောဆယ်တွင် လီချန်ရှို့၏ ဦးစားပေးတာဝန်သည် သူ၏ဆရာ ကောင်းကင်ပြစ်ဒဏ်ခံယူသည့် ဖြစ်စဉ်အား လေ့လာကာ မှတ်တမ်းတင်ထားရန်ဖြစ်၏။

ထိုသို့မှတ်တမ်းတင်ရခြင်းမှာ တုနတ်ဝိဇ္ဇာဂိုဏ်းသည် နှစ်(၂၀၀)လျှင် တစ်ကြိမ်သာ တပည့်အမြောက်အမြားလက်ခံခြင်းကြောင့် ဖြစ်သည်။ လီချန်ရှို့တစ်ယောက် ဂိုဏ်းသို့စတင်ဝင်ရောက်လာချိန်တွင် သူ့ရှေ့မျိုးဆက်များရှိ တပည့်များသည် နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းသွားကြပေပြီ။

နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာရန် အလားအလာနှင့် သိရှိနားလည်နိုင်စွမ်းများ မရှိကြသော တပည့်အများစုသည်လည်း ဂိုဏ်းမှထွက်ကာ မိမိတို့ဇာတိချက်ကြွေသို့ ပြန်သွားကြပြီဖြစ်သည်။ ထိုနှစ်(၁၀၀)အတွင်း တုနတ်ဝိဇ္ဇာဂိုဏ်းသည် အငယ်ဆုံးမျိုးဆက်အား ပျိုးထောင်ခြင်းပေါ်တွင် အာရုံစိုက်နေခဲ့သည်။ ရှေ့မျိုးဆက်များတွင် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနေသူများမှာ အနည်းအကျဉ်းသာ ကျန်ရှိတော့လေ၏။

သူ့ဆရာ၏ ကောင်းကင်ပြစ်ဒဏ်ခံရမှုသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ကျင့်ကြံသူများ ကောင်းကင်ပြစ်ဒဏ်ခံရခြင်းကို သူ တွေ့ကြုံရသည့် ခြောက်ကြိမ်မြောက် အကြိမ်ဖြစ်သည်။ ထို့ပြင် ဤကဲ့သို့ ဖြစ်စဉ်တစ်ခုလုံးအား အနီးကပ်လေ့လာနိုင်ခြင်းသည် သူ့အတွက် ရှားပါးလေသည်။ နောင်တွင်ပြန်၍ လေ့လာသုံးသပ်နိုင်ရန် အသေးစိတ် ရေးမှတ်ထားရပေမည်။

ဟူး…
သစ်တောအတွင်း လေပြေလေညင်းလေးတစ်ခု ဖြတ်သန်းတိုက်ခတ်သွားသည်။ ချီယွမ်သည် သူ၏ဘေးပတ်လည်တွင် အလင်းတန်းများတောက်ပလာသဖြင့် သစ်သားလှောင်ချိုင့်အတွင်းမှနေ၍ ကောင်းကင်သို့မော့ကြည့်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းများသည် အလင်းထောက်တိုင်များအဖြစ် စုစည်းသွားပြီး ကောင်းကင်သို့ ဖောက်ထွက်ပျံတက်သွားလေသည်။

‘ ရောက်လာပြီ။ ဒါက နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းတော့မယ့် လက္ခဏာတွေပဲ ’
လီချန်ရှို့သည် သူ၏ ထွင်းဓားကလေးကို တင်းတင်းစုပ်ကိုင်လိုက်ပြီး ဝါးပေလိပ်အားမြောက်ကာ အလွန်လျင်မြန်သော နှုန်းဖြင့် ရေးထွင်းလိုက်ပြီး သူ မြင်တွေ့ရသမျှ အသေးစိတ်ကို မှတ်တမ်းတင်နေလေ၏။
‘ အလင်းထောက်တိုင်တွေက အမွှေးတိုင်ဆယ်တိုင်စာလောက် ဆက်ရှိနေတယ်။ ချုံတောင်လေးအပေါ်က ကောင်းကင်က အ‌ရောင်ပြောင်းသွားတယ် ’

ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအင်များသည် အဖက်ဖက်မှနေ၍ ချုံတောင်လေးသို့ လာရောက်စုနေကြကြောင်း လီချန်ရှို့ အာရုံခံလိုက်မိသည်။ ထိုစွမ်းအင်များသည် သူ့ဆရာ၏ခေါင်းအထက် (၁၀)ကျန့်အကွာတွင် ရပ်တန့်သွားကြ၏။ ရုတ်ခြည်းပင် ထိုစွမ်းအင်များသည် ကောင်းကင်ပြစ်ဒဏ် တိမ်မည်းများအဖြစ် ပြောင်းလဲသွားလေသည်။

ထိုအချိန်တွင် တောင်ကာမန္တန်အစီအရင်အောက်ရှိ တောင်များ၏ထိပ်မှနေ၍ လူရိပ်များ ထွက်ပေါ်လာကြသည်။ ထိုသူတို့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး ချုံတောင်လေးဆီသို့ စောင့်ကြည့်နေကြသည်။

ကောင်းကင်ပြစ်ဒဏ် တိမ်မည်းများ၏အောက်တွင် မိုးကြိုးပစ်ချမည့် ငွေဖြူရောင်လျှပ်စီးနေရာလေး ရှိနေသည်။ ချီယွမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း လျှပ်စစ်စီးကြောင်းလေးများ ပေါ်ပေါက်လာသည်။

လီချန်ရှို့သည် သူ၏လက်ချောင်များကို ချိုးကာ တွက်ချက်လိုက်၏။ ရုတ်တရက် သူသည်ခေါင်းမော့ကာ သူ့ဆရာထံသို့ အသံတစ်ခုပို့လွှတ်လိုက်သည်။
“ ဆရာ…ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ သိပ်သည်းမှုအထူအရဆိုရင် ဒါက ကောင်းကင်မိုးကြိုး ငါးချက်ပါတဲ့ ကောင်းကင်ပြစ်ဒဏ်ပဲဖြစ်ရမယ် ”

ချီယွမ်၏ မျက်ခုံးမွှေးများ တွန့်သွားသည်။ သူသည် မိုးကြိုးသုံးချက်သာပါသည့် သာမန်ကောင်းကင်ပြစ်ဒဏ်ဖြစ်လိမ့်မည်ဟုသာ မျှော်လင့်ထား၏။ မိုးကြိုးငါးချက်အထိ ခံနိုင်လိမ့်မည်ဟု သူ့ကိုယ်သူမထင်ပေ။

အမြင့်ဆုံးမိုးကြိုးအရေအတွက်သည် ကိုးချက်ဖြစ်သည်။ သို့သော် လေးချက်၊ ငါးချက်၊ ခြောက်ချက်ပါသော ကောင်းကင်ပြစ်ဒဏ်များကိုသာ အတွေ့ရများ၏။
ထိုကောင်းကင်ပြစ်ဒဏ် မိုးကြိုးအချက်ရေသည် ကျင့်ကြံသူတစ်ယောက်၏ နတ်ဝိဇ္ဇာအဖြစ်မတက်လှမ်းမီနှင့် တက်လှမ်းပြီးတွင်ရှိသည့် အလားအလားများအပေါ် မူတည်လေသည်။

အချက်ရေများလေလေ ထိုကျင့်ကြံသူ၏ အမတလမ်းစဉ်သည်ပို၍ကျယ်ပြန့်ကာ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်ပြီးနောက်တွင်လည်း ပို၍အလားအလာကောင်းလေလေ ဖြစ်သည်။ ထိုကျင့်ကြံသူအတွက် ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ရန် ပို၍ခက်လိမ့်မည်ဟုလည်း အဓိပ္ပာယ်ကောက်နိုင်ပေသည်။

အသံပို့လွှတ်ပြီးနောက် လီချန်ရှို့သည် ခေါင်းငုံ့ကာ သူ၏ထွင်းဓားလေးနှင့် ဆက်လက်ရေးထွင်း မှတ်တမ်းတင်နေလေသည်။

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်သည် ထစ်ချုန်းမြည်ဟည်းနေပြီး မိုးကြိုးပစ်ချမည့် လျှပ်စီးစက်ကွင်းသည်လည်း ပို၍ထင်ရှားလာလေ၏။ ထိုလျှပ်စီးစက်ကွင်းသည် အမြင့်ဆုံးပြင်းအားသို့ ရောက်သောအခါ လျှပ်စီးတန်းကြီးအဖြစ်ပြောင်းလဲသွားကာ တာအိုရသေ့အိုကြီး၏ ခေါင်းတည့်တည့်အား မိုးကြိုးပစ်ချလိုက်လေတော့သည်။

မိုးကြိုးပစ်ချလိုက်သည်နှင့်တပြိုင်နက် မြေကြီး၏ အရောင်သည်ပြောင်းလဲသွားလေသည်။

ထိုမိုးကြိုး၏နောက်တွင် ကြီးမြတ်သောတာအိုတရား၏ လှိုင်းတစ်ခုလည်း ကပ်ပါလာသည်။ ထိုတာအိုတရားသည် ကောင်းကင်နှင့်မြေကြီးတို့၏ သဘာဝတရားတွင်ရှိသော စွမ်းအင်များကို သယ်ဆောင်လာ၏။

သို့သော် မိုးကြိုး၏စွမ်းအင်များကို သစ်သားလှောင်ချိုင့်သည် အပြည့်အဝစုပ်ယူလိုက်ပြီး မြေကြီးအတွင်းသို့ လျှပ်ကူးဝင်ရောက်သွားစေလေသည်။ ထိုအခြင်းအရာကို တွေ့လိုက်ရသော ကောင်းကင်ပြစ်ဒဏ်အား စောင့်ကြည့်နေသူများသည် အလွန်အမင်း အံ့အားသင့်သွားကြသည်။ အကျိုးသင့်အကြောင်းသင့်ဆိုရလျှင် မည်သည့်ရတနာမှ ကောင်းကင်ပြစ်ဒဏ်အား ထိုကဲ့သို့ အလုံးစုံ မကာကွယ်ပေးနိုင်ချေ။

သစ်သားလှောင်ချိုင့် ပတ်ပတ်လည်တွင် လျှပ်စီးများ ပြိုးပြိုးပျက်ပျက်လက်နေသော်လည်း အတွင်းရှိ ချီယွမ်သည် မည်သို့မျှ မခံစားလိုက်ရပေ။ သူ့ခန္ဓာကိုယ်ရှိ မည်သည့်နေရာတွင်မှ လျှပ်စစ်မီးပွားများ ပေါ်မနေချေ။ သူ၏ မီးခိုရောင်ဆံပင်များသည်သာ အဘက်ဘက်သို့ ထောင်ထလှုပ်ရှားနေပေ၏။

လန်လင်းအယ်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ ဆရာတူအစ်ကို… လှောင်ချိုင့်က အလုပ်ဖြစ်တယ်… ”

လီချန်ရှို့သည်လည်း ပြုံးနေလေသည်။ သို့သော် ပြီးဆုံးအောင် မပြုံးရသေးမီမှာပင် နက်ရှိုင်းသော တာအိုလှိုင်းတစ်လှိုင်း ပေါ်ပေါက်လာလေသည်။ လျှပ်စစ်မီးတောက်များဖြင့် တောက်ပနေသော သစ်သားလှောင်ချိုင့်သည် ရုတ်ခြည်းပင် အစိတ်စိတ်အမွှာမွှာ ကွဲသွားလေ၏။

‘ အင်း…ကောင်းကင်တာအိုက လှည့်ဖျားမှုတွေကို လက်သင့်မခံဘူးပဲ။ ရပါတယ်…အနည်းဆုံးတော့ ဆရာ မိုးကြိုးတစ်ချက်တော့ ခံနိုင်လိုက်တာပေါ့ ’
သို့သော် ထိုအချိန်တွင် လီချန်ရှို့သည် ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူ၏ဆရာသည် ပထမမိုးကြိုးအား ကိုယ်တိုင်ခံလိုက်သည်မဟုတ်သဖြင့် သူ၏ခန္ဓာကိုယ်အတွင်း မည်သည့်နတ်ဝိဇ္ဇာအရောင်အဝါမှ ပေါ်မလာသေးချေ။

ဖရာဒေးလှောင်ချိုင့်သည် ပထမဆုံးမိုးကြိုးချက်အား လမ်းလွှဲပေးလိုက်နိုင်သော်လည်း ထိုအထဲတွင် ရရှိမည့်အကျိုးကျေးဇူးများလည်း ပါသွားလေသည်။
‘ တစ်ခုရချင်ရင် တစ်ခုပေးရမယ်။ ဒါက ကြီးမြတ်တဲ့တာအိုတရားကြီးရဲ့ အခြေခံနိယာမပဲ။ ဆရာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကို မသောက်လိုက်သေးလို့ တော်သေးတယ်။ မဟုတ်ရင် ဆရာ့ကို ငါ့လက်နဲ့သတ်လိုက်သလို ဖြစ်တော့မှာ … ’

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ပေါ်တွင် ပို၍ကြီးသော လျှပ်စီးစက်ကွင်းတစ်ခုပေါ်ပေါက်လာသည်။ ၎င်းသည် ပထမတစ်ခုထက် ပို၍ စွမ်းအားပြင်းလေသည်။

ချီယွမ်၏ မျက်နှာထားသည် မည်းမှောင်သွားသည်။ သူသည် ကိုယ်တွင်းရှိ ဓမ္မတန်ခိုးများကို ချိန်ညှိလိုက်ပြီး လေပေါ်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားလိုက်သည်။
‘ ငါ ကောင်းကင်ပြစ်ဒဏ်ကို ခွန်အားသုံးပြီး ထိပ်တိုက်ရင်ဆိုင်ရမယ် ’

ဂျိမ်း….
ဒုတိယမိုးကြိုးချက်သည် အညှာအတာကင်းမဲ့စွာ ပစ်ချလိုက်သည်။ လျှပ်စီးကြောင်းများဖြင့် ဖြစ်ပေါ်နေသော လျှပ်စီးအလင်းတန်းကြီးသည် ချီယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုသွားတော့မည့်ဟန် ထင်ရလေသည်။

လီချန်ရှို့နှင့် လန်လင်းအယ်တို့၏ နဖူးများတွင် ဇောချွေးများပျံနေကြသည်။ သူတို့၏ဆရာသည် ကောင်းကင်ပြစ်ဒဏ်မိုးကြိုးအား မျက်စိတစ်မှိတ်စာလောက်သာခံလိုက်ပြီး မြေကြီးပေါ်သို့ ပြိုလဲပြုတ်ကျသွားသည်ကို ထိုနှစ်ယောက် မြင်လိုက်ရသည်။ လန်လင်းအယ်သည် ဆက်၍မကြည့်ရဲတော့သဖြင့် ချက်ချင်းပင် မျက်လုံးများအား တင်းတင်းမှိတ်ထားလိုက်လေ၏။

မိုးချုန်းသံများပျောက်ကွယ်သွားပြီး ဆရာတူအစ်ကို၏ သက်ပြင်းချလိုက်သံကိုကြားလိုက်ရသည့်အခါမှသာ လန်လင်းအယ်သည် မျက်စိပြန်ဖွင့်လိုက်သည်။

တာအိုရသေ့အိုကြီး ချီယွမ်သည် ချုံးချုံးကျကာ မောပန်းနွမ်းနယ်နေပုံရှိပြီး မြေကြီးပေါ်ရှိ တွင်းလေးတစ်တွင်းမှနေ၍ ဖြည်းဖြည်းချင်း ထကာထိုင်နေလေသည်။ သူသည်ဘေးသို့လှည့်ကာ ချောင်းဆိုးလိုက်ပြီး သွေးများအန်လိုက်၏။ ထို့နောက် သူသည် ဆေးလုံးအမြောက်အမြား သောက်လိုက်ပြီး ပြန်၍ မတ်မတ်ထိုင်လိုက်သည်။

သူ့တွင် ဓမ္မတန်ခိုးအများအပြား ကျန်ရှိနေသေးသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဝိဇ္ဇာအရောင်အဝါတစ်ခု ခပ်ဖျော့ဖျော့ လွှမ်းခြုံနေပေပြီ။

ချီယွမ်သည် မိုးကြိုးဒုတိယအချက်အား ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

လီချန်ရှို့သည် ရေးမှတ်နေခြင်းအား ခေတ္တရပ်တန့်လိုက်ပြီး လက်ဝဲလက်ဖြင့် သူ၏လက်ယာဘက် အင်္ကျီလက်အတွင်းသို့နှိုက်ကာ စက္ကူရုပ်တစ်ရုပ်နှင့် ဆေးလုံးတစ်လုံးအား ထုတ်ယူလိုက်သည်။

‘ ဆရာ့ပုံစံကိုြကည့်ရတာ တတိယအချက်ကို ခံနိုင်မယ့်ပုံပဲ။ ဒါပေမဲ့ သေချာပေါက် စတုတ္ထအချက်ကိုတော့ ခံနိုင်မှာမဟုတ်ဘူး။ တကယ်လို့ ဆရာသာ တတိယအချက်မှာ မလှုပ်ရှားနိုင်တဲ့အထိ ဖြစ်သွားရင် ငါ သူ့ပါးစပ်ထဲကို နတ်ဝိဇ္ဇာပျော်ဝင်ဆေး အတင်းထိုးထည့်ရမှာပဲ ’
ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်တွင် ဒုတိယအချက်ထက်ပင် ပို၍ကြီးသော လျှပ်စီးတန်းများပေါ်လာပြန်သည်။ ချီယွမ်သည် မတ်တတ်ထရပ်လိုက်ပြီး လက်နှစ်ဘက်လုံးဖြင့် အကာအရံများ ဖန်တီးလိုက်သည်။ သူ့ရှေ့တွင် ဓမ္မဒိုင်းအလွှာများ ပေါ်ပေါက်လာလေသည်။

သို့သော် ၎င်းတို့သည် အသုံးမဝင်ပေ။

ထိုအကြိမ်တွင်မူ ကြီးမားသောပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ကြရ၏။ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက် စစ်တပ်ကြီးတစ်ခု ချီတက်လာသကဲ့သို့ပင် ထင်လိုက်ရသည်။ လျှပ်စီးအလင်းတန်းကြီးသည် ကြိတ်ဆုံကျောက်ကြီးသဖွယ်ထူထဲကာ သတ်ဖြတ်ရန်ရည်ရွယ်သည့်အရောင်အဝါများ ပါလာလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ချီယွမ်ကာထားသော ဒိုင်းများကို ဖျက်ဆီးပစ်လိုက်ပြီး သူ့အား တွင်းလေးထဲသို့ ဖိနှိပ်ထားကာ စွမ်းအားများကို ပြင်းပြင်းထန်ထန်လွှတ်နေပေသည်။

ထိုရိုက်ခတ်မှုမှ ဖြစ်ပေါ်လာသော လေပြင်းများကို ခံစားလိုက်ရသောအခါ လန်လင်းအယ်သည် သူမ၏စိတ်လှုပ်ရှားမှုအား မမျိုသိပ်နိုင်တော့ဘဲ အော်ဟစ်လိုက်လေ၏။
“ ဆရာ… ”

သို့သော် သူမ၏ အော်သံသည် လေပြင်းများ၏အောက်တွင်သာ ပျောက်ကွယ်သွားရလေသည်။

ချီယွမ်သည် တတိယမိုးကြိုးအား ကျော်လွှားနိုင်သည်ဆိုရုံသာ ကျော်လွှားနိုင်ခဲ့၏။

အခြေအနေသည် ကူရာကယ်ရာမဲ့နေချေပြီ။ ကောင်းကင်ပြစ်ဒဏ်၏ မိုးကြိုးအရေအတွက်နှင့် ပြင်းအားသည် ချီယွမ် ကျင့်ကြံမှုစတင်ခဲ့သည့် အချိန်အပေါ်တွင်အခြေခံ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချီယွမ်သည် ကြားထဲတွင် သူ့တာအိုအခြေခံအား ထိခိုက်မိခဲ့လေသည်။ ထို့ကြောင့် သူသည် တာအိုပေါင်းစည်းခြင်း နဝမအဆင့်ရှိ လူတစ်ယောက် ရှိသင့်ရှိထိုက်သော စွမ်းအင်များ ရှိမနေခြင်းပင်။

ထို့ကြောင့်သာ ချီယွမ်သည် ကောင်းကင်ပြစ်ဒဏ်အား ကျော်လွှားနိုင်ရန် ရုန်းကန်နေရခြင်းဖြစ်သည်။ တတိယမိုးကြိုးကိုပင် ကံသီ၍ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်၏။

မိုးကြိုးဒဏ်ကြောင့် မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ကျန်ခဲ့လေသည်။ ချီယွမ်သည် တွင်းအောက်ခြေတွင် လှဲနေရာမှ သူ၏နောက်ဆုံးလက်ကျန် ဓမ္မတန်ခိုများအား သုံးကာ ထိုတွင်းထဲမှ ထွက်ရန်ကြိုးပမ်းလိုက်သည်။ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်၏ အောက်တွင်ရပ်လိုက်ပြီး ပို၍ကြီးမားကာ ပို၍ကြောက်စရာကောင်းသော လျှပ်စီးတန်းများကို မော့ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှ သွေးစိမ်းရှင်ရှင်များ စီးကျနေသော်လည်း သူ၏အကြည့်များသည် ခိုင်မာပြတ်သားနေလေ၏။
‘ ကောင်းကင်ကြီး … ခင်ဗျားက ဘာလို့ဒီလောက် တရားမျှတမှုမရှိရတာတုန်း ’

‘ ဒါပေမဲ့ ကျုပ် ခင်ဗျားကို အတွန့်တက်နေဖို့ မလိုဘူး။ ကောင်းကင်နဲ့မြေကြီးဆိုတာလဲ ကြီးမြတ်တဲ့တာအိုတရားကြီးရဲ့ အဆုံးအမကို နာခံရတာပါပဲ။ ဒါက ကျုပ်ရဲ့ကံတရားပဲ။ သေသွားတော့လည်း ဘာဖြစ်သေးလဲ ’

‘ ဒါပေမဲ့ တစ်ခု‌တော့ရှိတယ် ’

‘ ကျုပ်မြေပေါ်မှာတော့ ချုံးချုံးကျပြီး ခွေခေါက်မသေနိုင်ဘူး။ ကျုပ်ရဲ့ တပည့်တွေ ကျုပ်ကို ကြည့်နေကြတယ်။ သူတို့ရဲ့ဆရာက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ သူတို့ရဲ့ဆရာက အခြားတောင်ကတပည့်တွေ ကာကွယ်ပေးခံရသလို သူတို့ကို အကာအကွယ်မပေးနိုင်တော့ ဘာဖြစ်သေးလဲ ’
‘ ဒါပေမဲ့ ကျုပ် မားမားမတ်မတ်ရပ်ပြီးပဲ သေမယ် ’

‘ လူသားကျင့်ကြံသူတွေရဲ့ မာန်မာနကို ကျုပ် ထိန်းသိမ်းရမယ် ’

‘ ချန်ရှို့နဲ့ လင်းအယ်တို့ ဂုဏ်ယူနိုင်မယ့် အရာတစ်ခုကို ကျုပ်ပေးရမယ်။ သူတို့ရဲ့ဆရာဟာ တာအိုနှလုံးသားရဲ့ လိုအပ်ချက်ဖြစ်တဲ့ မလျှော့သောဇွဲရှိခဲ့တယ်ဆိုတာ ပြရမယ် ’

‘ ပြီးတော့ ကျုပ်အတွက် တပည့်အကြီး ခက်ခက်ခဲခဲဖော်စပ်ပေးထားတဲ့ အဖိုးတန်ဆေးလုံးလဲ ကျုပ်မှာရှိသေးတယ်။ နောက်ဆုံးမိုးကြိုးတစ်ချက်အထိ အဲဒီဆေးလုံးသုံးပြီး တောင့်ခံနိုင်သေးတယ် ’
ချီယွမ်သည် ယွန်းဘူးလေးကိုထုတ်၍ ဆေးလုံးကိုယူလိုက်သည်။ ထို့နောက် မတွန့်မဆုတ်ပင် မျိုချလိုက်လေ၏။
‘ လာစမ်းပါ …ကောင်းကင်တာအို… ကျုပ်က သေခြင်းတရားကို ခက်ခက်ခဲခဲ ရင်ဆိုင်နိုင်တယ်ဆိုရုံလေး ရင်ဆိုင်နေရတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျုပ် ဒီလောင်းကြေးကိုတော့ ထပ်ရမှာပဲ။ ကျုပ် နောက်ဆုံးမိုးကြိုးချက်အထိ တောင့်ခံနိုင်ရမယ်။ နောက်ဆုံးအချက်မှာမှ သေသွားတာဆိုရင် သိပ်ပြီး ရှက်စရာကောင်းမှာ မဟုတ်တော့ဘူးပေါ့ ’

တိမ်တိုက်ရှိ လျှပ်စီးစက်ကွင်းမှာ ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအင်များသည် အလွန်လျင်မြန်စွာ စုစည်းနေလေသည်။ စတုတ္ထမိုးကြိုးချက်သည် အချိန်မရွေး ပစ်ချပေတော့မည်။

“ အား … ”
ချီယွမ်သည် သည်းခြေခိုက်လုမတတ် နာကျင်စွာ အော်ဟစ်လိုက်သည်။

သူ၏ ဆံပင်နှင့်မုတ်ဆိတ်များသည် ထောင်ထနေကြပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်မှုဖြင့် တွန့်လိမ်နေလေ၏။

“ အဟွတ်… ”
တာအိုရသေ့အိုကြီးသည် ခေါင်းငုံ့၍ ချောင်းဆိုးလိုက်ရာ ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာလေသည်။ သူသည် အံ့အားသင့်စွာဖြင့် သူ၏ခန္ဓာကိုယ်အား ကြည့်လိုက်ရာ သွေးရောင်အရှိန်အဝါတစ်ခု ပေါ်ပေါက်‌လာနေကြောင်း တွေ့လိုက်ရသည်။

‘ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါ့ခန္ဓာကိုယ်ကြီး စပြီးပြိုကွဲလာရတာလဲ။ အို..ကောင်းကင်ဘိုးဘိုးကြီး … ဘာတွေဖြစ်ကုန်တာလဲ။ ဒီတပည့်ဆိုးက ငါ့ကို ဘာဆေးလုံး တိုက်လိုက်တာတုန်း… ’

မကြာသေးမီကပင် ကြီးထွားနေသော သူ၏ဦးခေါင်းထက်ရှိ လျှပ်စီးစက်ကွင်းသည် ရုတ်ခြည်းရပ်တန့်သွားသည်။ ကောင်ကင်ပြစ်ဒဏ်တိမ်တိုက်သည်လည်း ဝဲကတော့ကဲ့သို့ လည်ပတ်နေရာမှ ရပ်တန့်သွားလေသည်။

ထို ကောင်းကင်ပြစ်ဒဏ်သည် သူ့အပေါ်တွင် မျှော်လင့်ချက်ကြီးကြီးထားထားသဖြင့် ကောင်းကောင်းလုပ်ဆောင်ချင်ပါသော်လည်း နောက်ဆုံးတွင်မူ ထိုသူသည် သာမန် မောပန်းနွမ်းနယ်နေသော သက်လတ်ပိုင်း သေမျိုးလူသားလေးသာ ဖြစ်ကြောင်း သိရှိသွားသကဲ့သို့ပင်။

ချက်ချင်းပင် ချီယွမ်သည် ပြုံး၍နေသော သူ၏တပည့်အကြီးအား လှည့်ကြည့်လိုက်သည်။

ထိုတာအိုရသေ့အိုကြီး၏ အသိတရားများ ပျောက်ကွယ်သွားလေသည်။ မီးဖိုအတွင်းသို့ ပစ်ထည့်ခံလိုက်ရသော နှင်းလူရုပ်ကဲ့သို့ သူသည် အရည်ပျော်ကျသွားတော့၏။

သူ၏ ဝိညာဉ်၊ ခန္ဓာကိုယ်သာမက အဝတ်များပါမကျန် သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ ထိုအိုင်ကြီးသည် လေထဲတွင် တည်ရှိနေလေသည်။

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်သည် လှုပ်ရမ်းကာ သန့်စင်သောစိတ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ယင်းစွမ်းအင်များသည် ပျောက်ကွယ်သွားကာ နေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချုံတောင်လေးကို အလင်းပေးလိုက်လေသည်။

စောင့်ကြည့်နေကြသူများသည်လည်း ကြောင်သွားသည်။ သူတို့သည် ချီယွမ်အရည်ပျော်ကျသွားသော နေရာသို့ စူးစမ်းကြည့်ရှုလိုက်ကြပြီး သွေးအိုင်ကြီးကို အာရုံစိုက်လိုက်ကြသည်။

ရုတ်တရက် မြေကြီးသည် မြေစွမ်းအင်များကို ထုတ်ပေးလိုက်သည်။ တိမ်များအတွင်းမှနေ၍ နတ်ဝိဇ္ဇာအလင်းတန်း သုံးတန်းထွက်ပေါ်လာပြီး သွေးအိုင်ပေါ်သို့ ဖြန့်ကျက်လိုက်လေသည်။

မည်သည့်နေရာမှ ရောက်လာသည်ဟု တပ်အပ်မပြောနိုင်သော ကြိုးတပ်ဝါးတူရိယာများ၏ လှပသော တေးသံလေးတစ်သံအား ကြားလိုက်ရ၏။

သန့်စင်သော မြေစွမ်းအင်များသည် ဖြည်းဖြည်းချင်း စုစည်းသွားကြကာ သွေးအိုင်အတွင်း လူသားတစ်ယောက်၏ပုံစံကို ဖန်တီးလိုက်လေ၏။

ထို့‌နောက်တွင်‌ ပေါက်ကွဲသံများကို အဆက်မပြတ်ကြားလိုက်ရပြီး ချီယွမ်သည် ကောင်းကင်ပြစ်ဒဏ်မခံမီက ဝတ်ဆင်ထားသည့် အဝတ်များကိုပင် ဝတ်ဆင်ကာ လေထဲတွင် ပြန်၍ပေါ်လာလေသည်။

သွေးရောင်အရှိန်အဝါများသည် ပျောက်ကွယ်သွားကြပြီး ပန်းပွင့်ဖတ်များသည် တာအိုရသေ့အိုကြီး၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်နေကြပေသည်။ သူသည် ရွှံ့များနှင့်တူသည့် မှော်တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေ၏။ သူ၏ဦးခေါင်းအထက်တွင် ကြာပန်းတစ်ခုပေါ်လာကာ သူ့ကိုယ်ခန္ဓာအပေါ်သို့ ပျော်ကျသွားလေသည်။

ချီယွမ်သည် ပါးစပ်ဟကာ လတ်ဆတ်သောလေတစ်ခုကို ရှူထုတ်လိုက်သည်။ သူ့ကိုယ်တွင်းရှိ ကိုယ်ရောင်ကိုယ်ဝါများသည် ပြန်၍ စတင်စီးဆင်းသွားလေ၏။

ထိုနတ်ဝိဇ္ဇာအဖြစ်တက်လှမ်းသော ဖြစ်စဉ်သည် အတန်ငယ် သေးသိမ်သည်ဟု ဆိုနိုင်သည်။

ထိုအခိုက် ချီယွမ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားလေ၏။ သူသည် လီချန်ရှို့အားလှည့်၍ ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်များရှိနေသော်လည်း မျက်ရည်များဝိုင်းနေလေသည်။

‘ အခု ငါတို့ရဲ့ ဆရာတပည့်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ခဏဘေးဖယ်ထားရမယ် ’
ချီယွမ်သည် လီချန်ရှို့အား တာအိုအရိုအသေပေးလိုက်သည်။ သူ၏ မျက်နှာက ရှုပ်ထွေးနေ၏။

လီချန်ရှို့သည် သူ၏ ဝါးပေလိပ်၊ ထွင်းဓား၊ စက္ကူရုပ်နှင့် ဆေးလုံးတို့ကို အလျင်အမြန်သိမ်းလိုက်ပြီး ပြန်၍ အရိုအသေပေး ဦးညွှတ်လိုက်သည်။ အချိန်အတော်ကြာသည်အထိ သူခေါင်းမော့၍ မကြည့်ဝံ့ပေ။

လေပြေလေးသည် ဆွေးနွေးနေကြသောအသံများကို သယ်ဆောင်၍ လာလေ၏။
“ သံသရာမှလွတ်မြောက်ရာလမ်းပဲ… သူက မြေနတ်ဝိဇ္ဇာဖြစ်ဖို့ သံသရာမှလွတ်မြောက်ရာလမ်းကို သုံးသွားတာပဲ… ”

“ အဲဒါ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးရဲ့ အစွမ်းပဲ။ အဲဒီလိုဆေးလုံးကို ဖော်စပ်တတ်တဲ့သူတွေ အခုထိရှိသေးတယ်လား ”

“ ဂိုဏ်းတူညီလေးက ဒီလမ်းစဉ်ကို‌ ‌ရွေးလိုက်တာပဲ။ မဆိုးပါဘူး။ အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတယ်လေ ”

“ မြေနတ်ဝိဇ္ဇာ … တကယ်တော့ မြေနတ်ဝိဇ္ဇာဆိုတာလည်း သာမန်မူလနတ်ဝိဇ္ဇာနဲ့ အဆင့်အတူတူလောက်ပါပဲ။ ပြီးတော့ ကောင်းကင်နတ်မင်းအဆင့်ရောက်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ငါတို့ထဲက အများစုလည်း အတုမဲ့နတ်ဝိဇ္ဇာအဆင့်တောင် ‌ရောက်နိုင်မှာ မဟုတ်ပါဘူး … ”

***


Comment

Leave a Reply

Options

not work with dark mode
Reset