အခန်း (၃၉) သတ်ဖြတ်ခြင်းနတ်ဘုရား
မိန်းမပျိုက ကျန်းလန်ကို မော့ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နက်နေသည်။
သူမက မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိန်းချုပ်နိုင်သည့် အင်းသင်္ကေတစ်ခု အသုံးပြုရန် ကြိုးစားနေသည်ကို ရန်သူက သိရှိသွားခဲ့ပြီ ဖြစ်သည်။
ယခု… ရန်သူက သူမကို သေချာပေါက် သတ်ဖြတ်ပစ်ပေတော့မည်။
သူမ၏ အင်းသင်္ကေတက အသုံးပြုနိုင်ရန် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။ ရန်သူက အချိန်အနည်းငယ်စောပြီး သိရှိသွားခြင်းက စိတ်မကောင်းစရာပင်…။
သူမသာ အချိန်အနည်းငယ် ပိုမိုရရှိခဲ့မည်ဆိုလျှင် ရန်သူကို တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော်… ယခုတော့ ရန်သူက သူမ၏ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမအတွက် အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။
ကျန်းလန်က လုံးဝတုံ့ဆိုင်းခြင်း မရှိပေ။
တောက်ပသည့် အင်းသင်္ကေတကို ကိုင်ဆောင်ထားသည့် မိန်းမပျို၏လက်ကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်ပြီး ဂျွတ်ခနဲ ဆွဲဖြတ်ပစ်လိုက်သည်။
“ဂျွတ်…”
“ဗြိ…”
လေထဲတွင် သွေးမှုံများလွင့်ပျံသွားပြီး မိန်းမပျို၏ လက်က တစ်စစီ ပြတ်ထွက်သွားသည်။
မိန်းမပျို၏ လက်နှင့်အတူ တောက်ပနေသည့် အင်းသင်္ကေတသည်လည်း ပျောက်ကွယ်သွားလေတော့သည်။
တစ်စစီပြတ်ထွက်သွားသည့် မိန်းမပျို၏လက်နှင့်အတူ အင်းသင်္ကေတသည်လည်း ပျောက်ကွယ်သွားလေသည်။
“အား…”
မိန်းမပျို နာကျင်စွာဖြင့် အော်ဟစ်လိုက်ရင်း ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်သည်။
ထို့နောက် … နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။
သို့သော်… ကျန်းလန်ကတော့ မိန်းမပျိုကို လက်သီးဖြင့် အညှာအတာကင်းမဲ့စွာ ထိုးစိုက်ချလိုက်၏။
ကျန်းလန်က မိန်းမပျိုအနားသို့ လျှင်မြန်စွာ ရုတ်တရက် ရောက်ရှိသွားသည့်အတွက် အခြားသူများမှာ အံ့သြမှင်တက်သွားကြရသည်။
သို့သော်… သူတို့ ဘာမှ မလုပ်နိုင်ခင်မှာပင် မိန်းမပျို၏လက်တစ်ဖက် ပြတ်ထွက်ကာ တစ်စစီ ဖြစ်သွားသည်။
“မလုပ်… သူ့ကို မသတ်…”
ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူ ကျန်းလန်ကို အော်ဟစ် တားဆီးရန် ဟန်ပြင်လိုက်သည်။
သူ… မိန်းမပျိုကို ကယ်တင်ချင်မိသည်။
သို့သော်… အလွန်နောက်ကျသွားပြီ ဖြစ်လေသည်။
“ဘုန်း…”
မိန်းမပျို၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။ ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူမှာ မည်သို့မှ မတတ်နိုင်စွာဖြင့် မြင်ကွင်းကို ကြည့်နေခဲ့ရသည်။
ရန်သူက သူ့ကိုလည်း အလွတ်ပေးမည်မဟုတ်ကြောင်း ထိုသူ နားလည်လိုက်သည်။
သို့သော်… သူ့အနေဖြင့် ရန်သူအား သနားညှာတာပါရန် တောင်းပန်ဖို့ ဆန္ဒမရှိတော့ပြီ…။
“ဒီမိန်းမပျိုက ဘယ်သူလဲဆိုတာ မင်းသိလားကွ…”
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူက အော်ဟစ်လိုက်၏။
ကျန်းလန်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
“သိတယ်လေ… ၊ ဒီမိန်းကလေးက ကျုပ်ကို သတ်ချင်နေတဲ့သူပဲ…”
စကားပြောနေရင်းပင် ကျန်းလန်က ရိပ်ခနဲ ထိုသူရှေ့သို့ ရောက်ရှိလာသည်။
“မင်းလည်းအတူတူပဲ…”
စကားသံအဆုံးသတ်သွားသည်နှင့် ထိုသူသည်လည်း ကျန်းလန်၏ လက်သီးချက်ဖြင့် မိတ်ဆက်သွားတော့သည်။
“ဝုန်း…”
လေထဲတွင် သွေးမှုံများလွင့်ပျံသွားသည်။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ မည်သို့ ဖြစ်သွားသည်မှာ ပြောစရာပင် မလိုတော့ပေ။
ထို့နောက်… ကျန်းလန် နောက်ဆုံးကျန်နေသည့် ကျင့်ကြံသူရှေ့သို့ ရောက်ရှိလာသည်။
ကျန်းလန် သူ့ရှေ့သို့ရောက်လာသည်နှင့် ထိုသူက တုန်တုန်ယင်ယင်ဖြင့် လှည့်ပြေးရန် ဟန်ပြင်တော့သည်။
“သတ်ဖြတ်ခြင်းနတ်ဘုရား…”
ဤပုဂ္ဂိုလ်က လူမဖြစ်နိုင်ပေ။
သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်ပေလိမ့်မည်။
အင်မော်တယ်များပင်လျှင် ဤပုဂ္ဂိုလ်ကဲ့သို့ လူသတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ဤပုဂ္ဂိုလ်က မည်သည့်ဂါထာမန္တန်နှင့် နတ်တန်ခိုးစွမ်းအားများကို အသုံးမပြုခဲ့ပေ။ ထို့ပြင် ထူးခြားသည့် သိုင်းပညာကိုလည်း အသုံးပြုခြင်း မရှိပေ။
ရိုးရှင်းသည့် လက်သီးချက်တစ်ချက်တည်းဖြင့်သာ လူများကို အမှုန့်ချေသတ်ဖြတ်ပစ်နေခြင်း ဖြစ်သည်။ ထိုလက်သီးချက်ကလည်း မည်သည့်လှည့်ကွက်မှ မပါဝင်သည့် သာမန်လက်သီးချက်မျှသာ ဖြစ်သည်။
သို့သော်… သာမန်လက်သီးချက်တစ်ချက်တည်းဖြင့်ပင် သူတို့အားလုံးကို ခွေးများကို သတ်ဖြတ်သကဲ့သို့ သတ်ဖြတ်ပစ်ခဲ့လေပြီ။
သူတို့အဖြစ်က သတ်ဖြတ်ခြင်းနတ်ဘုရား၏ ကွက်မျက်ခြင်းကို ခံရန် စောင့်ဆိုင်းနေသည့် သိုးသူငယ်များအလားပင် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူမှာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပါးစပ်ကို ဟလိုက်သည်။
“ကယ်ကြပါ…”
ပတ်ဝန်းကျင်မှ အကူအညီ ရလိုရငြား အော်ဟစ်တောင်းခံလိုက်မိသည်။
ဤသို့ပြုလုပ်လိုက်ခြင်းက သူ့အတွက် အသက်ရှင်ရန် နောက်ဆုံးအခွင့်အရေး ရကောင်းရပေလိမ့်မည်။ အခွင့်အရေး သေးသေးလေးဆိုလျှင်တောင်မှ သူ လက်မလွှတ်ချင်ခဲ့မိပေ။
သို့သော်… ပတ်ဝန်းကျင်တွင် သူ့ကို ကူညီမည့်သူ တစ်ယောက်မှ မရှိပေ။ လေတိုင်ခတ်သံများနှင့် သစ်ပင်များ လှုပ်ခတ်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေသည်။
နောက်ဆုံး…. ပြင်းထန်သည့် လက်သီးချက်တစ်ချက် သူ့ထံသို့ ဝင်ရောက်လာသည်။
ကြီးမားပြင်းထန်သည့် စွမ်းအားလှိုင်းလုံးကြီးတစ်ခုက သူ့ခန္ဓာကိုယ်ကို အမှုန့်ချေပစ်လိုက်လေတော့၏။
နောက်ဆုံးတော့… သူသည်လည်း အမှောင်ထုထဲသို့ လုံး၀ ကျရောက်ကာ အသက်ပျောက်သွားလေတော့သည်။
ကျန်းလန် လက်သီးချက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လေ့လာလိုက်သည်။ မည်သည့်ပြဿနာမှ မရှိကြောင်း အတည်ပြုပြီးမှ သူ၏ တန်ခိုးစွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
သို့သော်… သူက အသင့်အနေအထားဖြင့် သတိရှိနေဆဲ ဖြစ်၏။
သတိတစ်ချက်လစ်သွားသည့်အတွက် မမျှော်လင့်ဘဲ ရှုံးနိမ့်ရမည့်အဖြစ်မျိုးကို ကျန်းလန် မလိုလားပေ။
ထို့နောက်… ကျန်းလန် ယုန်သတ္တဝါရှိရာသို့ လမ်းလျှောက်လာလေသည်။
ယုန်၏ ရင်ဘတ်မှ အက်ကွဲကြောင်း ဒဏ်ရာကြီးက ပိုမိုဆိုးရွားလျှက် ရှိသည်။ အက်ကွဲကြောင်းများ ပိုမိုများပြားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့မည့်အလား ထင်မှတ်ရသည်။
အက်ကွဲကြောင်းများအတွင်းမှ မီးတောက်များထွက်ပေါ်နေပြီး ယုန်၏ တစ်ကိုယ်လုံးကို လောင်ကျွမ်းဝါးမြိုသွားတော့မည့်အလား ထင်မှတ်ရသည်။
ကျန်းလန်က ယုန်ကိုကြည့်နေပြီး ယုန်ကလည်း သူ့ကို ပြန်ကြည့်နေသည်။
ယုန်သတ္တဝါက ဒဏ်ရာမှ နာကျင်မှုကို အားတင်းခံစားရင်း သူ့နံဘေးတွင် သတိလစ်လဲကျနေသည့် နတ်မိစ္ဆာမိန်းမပျိုကို ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်သည်။
ထို့နောက်… ကျန်းလန်ကို အသနားခံသည့်အကြည့်ဖြင့် ပြန်ကြည့်လာပြန်သည်။
“မိန်းမပျိုကို မသတ်ပါနဲ့… မိန်းမပျိုက ဘာမှ မမြင်ပါဘူး…”
ဟု သူ၏ အကြည့်များက တောင်းဆိုနေသည့်အလားပင်…။
ကျန်းလန်က ယုန်ကိုကြည့်လိုက်ပြီး တောက်ပနေသည့် ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထိုကြိုးက အင်မော်တယ်နှောင်ကြိုး ဖြစ်လေ၏။
ကျန်းလန်၏လက်ထဲမှ အင်မော်တယ်နှောင်ကြိုးက ယုန်သတ္တဝါဆီသို့ ပျံသန်းထွက်ခွာသွားပြီး ယုန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို မေ့ပစ်လိုက်ပါ… ၊ ဒီ အင်မော်တယ်နှောင်ကြိုးက မင်းသိထားတဲ့ ကျုပ်ရဲ့အကြောင်းတွေ အကုန်လုံးကို ထိန်းချုပ်ထားလိမ့်မယ် ၊ တစ်နေ့မှာ မင်းရဲ့ မှတ်ဉာဏ်ထဲကို တစ်ယောက်ယောက်က ဝင်ရောက်ပြီး ကျုပ်အကြောင်းတွေ အတင်းအဓမ္မ ရှာဖွေဖို့ ကြိုးစားမယ်ဆိုရင် ဒီ အင်မော်တယ်နှောင်ကြိုးက မင်းအသက်ကို နှုတ်ယူသွားလိမ့်မယ်… ဒါမှမဟုတ် မင်းကိုယ်တိုင် ကျုပ်အကြောင်းတွေကို တခြားသူကို ပြောပြဖို့ ကြိုးစားမယ်ဆိုရင်လည်း မင်း သေရလိမ့်မယ်… နားလည်သလား…”
ကျန်းလန်၏ တည်ငြိမ်သည့်အသံက ယုန်သတ္တဝါ၏ နားထဲသို့ ဝင်ရောက်လာသည်။
ယုန်သတ္တဝါက ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေလေသည်။
ကျန်းလန်က သူ့ကို သတ်ဖြတ်မပစ်ဘဲ ထိန်းချုပ်သည့် သဘောမျိုးသာ ပြုလုပ်ခဲ့ခြင်းကြောင့် မယုံကြည်နိုင် ဖြစ်နေရခြင်း ဖြစ်၏။
ကျန်းလန်က သူ့ကို သေချာပေါက် သတ်ဖြတ်ပစ်လိမ့်မည်ဟု ယုန်သတ္တဝါက ထင်မှတ်ထားမိသည်။ သို့သော်… ယခုတော့ သတ်ဖြတ်မပစ်ဘဲ ထိန်းချုပ်ရုံသာ ပြုလုပ်လိုက်သည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။
ထို့နောက်… ကျန်းလန်က ယုန်ကို တစ်ချက်ကြည့်လိုက်ပြီး နေရာမှ ထွက်ခွာသွားလေတော့သည်။
ယုန်သတ္တဝါကို ထိန်းချုပ်ရန်အတွက် ကျန်းလန်အသုံးပြုလိုက်သည့် အင်မော်တယ်နှောင်ကြိုးက အတုဖြစ၏။ သို့သော်… ယုန်သတ္တဝါအနေဖြင့် အင်မော်တယ် ဖြစ်မလာမချင်း ကျန်းလန်ပြုလုပ်ခဲ့သည့် ထိန်းချုပ်မှုအောက်မှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
ယုန်သတ္တဝါသာ ကျန်းလန်အကြောင်း အခြားသူများကို ဖွင့်ပြောမည်ဆိုလျှင် ဆိုးဝါးသည့် အသက်ဆုံးရှုံးမှုကို ကျိန်းသေရင်ဆိုင်ရပေလိမ့်မည်။
ယုန်သတ္တဝါအပေါ် ကျန်းလန် ပြုလုပ်ခဲ့သည့် ထိန်းချုပ်မှုကို အင်မော်တယ်များပင် ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။
ယုန်သတ္တဝါကိုယ်တိုင် အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင်တော့ ထိုကြိုး၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
ကျန်းလန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ချင်လျှင် ယုန်သတ္တဝါကိုယ်တိုင် အင်မော်တယ်ဖြစ်လာအောင် ကျင့်ကြံရပေလိမ့်မည်။
ကျန်းလန် ထွက်ခွာလာခဲ့လေသည်။
ထိုနတ်မိစ္ဆာ (၂)ယောက် သေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ အရေးမစိုက်တော့ပေ။ သူတို့၏ သေခြင်းရှင်ခြင်းက ကံတရားအတိုင်းသာ ဖြစ်၏။
ယုန်သတ္တဝါကတော့ ကျန်းလန် ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
ထို့နောက်… မြင်ကွင်းမှ ကျန်းလန် ပျောက်ကွယ်သွားသည်နှင့် ယုန်သတ္တဝါက လဲကျသေဆုံးနေကြသည့် ကျင့်ကြံသူအလေင်းများအနားသို့ တွားသွားပြီး တိုးကပ်သွားသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခုကို ရှာဖွေသည့်အလား နှာခေါင်းတရှုံ့ရှုံ့ဖြင့် ရှာဖွေနေလေ၏။
သိပ်မကြာမီ… ကျင့်ကြံသူများ ဆောင်ထားလေ့ရှိသည့် ပြဒါးဆေးများကို တွေ့ရှိသွားပြီး ဝမ်းသာအားရဖြင့် ထိုဆေးများကို စားသောက်လိုက်လေသည်။
ထိုအခါ… ယုန်သတ္တဝါ၏ ဒဏ်ရာကြီးက အနည်းငယ် ပြန်လည်သက်သာလာပြီး ချက်ချင်းပင် လူသားတစ်ယောက်ပုံသဏ္ဍန် ပြောင်းလဲသွားလေသည်။
ထိုသူက လူငယ်တစ်ယောက် ဖြစ်၏။
သူက ချက်ချင်းပင် နတ်မိစ္ဆာမိန်းမပျိုအနားသို့ အပြေးသွားကာ မိန်းမပျိုကို ပွေ့ချီလိုက်သည်။ ထို့နောက်… နေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့သော်… ခြေလှမ်း (၂) လှမ်းမျှ သွားပြီးနောက် နတ်မိစ္ဆာမိန်းမပျိုကို ဘေးသို့ အသာပြန်ချလိုက်ပြီး ကျန်းလန်ထွက်ခွာသွားရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် မြေပြင်ထက် ဒူးထောက်လိုက်ပြီး ဦးသုံးကြိမ်ချ ကန်တော့လိုက်၏။
“ကျုပ်တို့ အသက်ဆက်လက်ရှင်သန်ခွင့်ရပြီး တန်ခိုးစွမ်းအားမြင့်မားတဲ့ နတ်မိစ္ဆာတွေဖြစ်အောင် ကျင့်ကြံနိုင်တဲ့တစ်နေ့… ခွန်လွန်တောင် ဘေးအန္တရယ်ကပ်ဆိုးကြီးရင်ဆိုင်ရလို့ အကြီးအကဲများ ဘေးအန္တရယ်တစ်ခုခု ကျရောက်ခဲ့ရင် ကျုပ်တို့ ဇနီးမောင်နှံ အသက်ပေးပြီး အကြီးအကဲကို ပြန်လည်ကူညီ ကျေးဇူးဆပ်ပါ့မယ်…”
ထို့နောက်… လူငယ်က မတ်တတ်ရပ်လိုက်ပြီး နတ်မိစ္ဆာမိန်းမပျိုကို ပွေ့ချီကာ နေရာမှ ထွက်ခွာသွားလေတော့သည်။
သူတို့အနေဖြင့် သိုသိုသိပ်သိပ်ဖြင့် ဘဝကို နေထိုင်ရင်း အသက်ဆက်လက်ရှင်သန်နိုင်ရန် ကြိုးစားရပေဦးမည်။
အမှန်တော့… ထို နတ်မိစ္ဆာ ဇနီးမောင်နှံ (၂)ယောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)က ကျန်းလန် သေရည်ဆိုင်မှ အပြန်ခရီးတွင် တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသည့် နတ်မိစ္ဆာဇနီးမောင်နှံပင် ဖြစ်ပေတော့၏။
***
မိုးစုန်းစုန်းချုပ်နေပြီ ဖြစ်သည်။
ကြယ်ရောင်များမှအပ ကောင်းကင်တစ်ခုလုံး မှောင်မိုက်လျှက် ရှိ၏။
ကျန်းလန် ခွန်လွန်တောင်သို့ အလျှင်အမြန် ပြန်လာခဲ့သည်။
သူ့ကို စောင့်ကြည့်သူများနှင့် နောက်ယောင်ခံလိုက်သူများ ရှိနေဦးမည်လားဟု ကျန်းလန် ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လာခဲ့သည်။
အပြန်လမ်းတွင် ခွန်လွန်တောင်မှ တပည့်အချို့နှင့် တွေ့ဆုံခဲ့ရသေးသည်။
သို့သော်… ခွန်လွန်တောင်တွင် ကျန်းလန်ကို သိရှိသူ အလွန်ရှားပါးသလို ကျန်းလန်က သိရှိသူလည်း သိပ်မရှိပေ။
ထို့ကြောင့်… တစ်ယောက်နှင့်တစ်ယောက် မနှောက်ယှက်ကြဘဲ ကိုယ့်လမ်းကို ခရီးဆက်ခဲ့ကြသည်။
သိပ်မကြာမီ… ကျန်းလန် နဝမတောင်တောင်ထွတ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့သည်။ ထိုအခါမှ… သူလည်း သက်ပြင်းချနိုင်တော့၏။
“ရန်သူတော့ မရှိလောက်တော့ဘူး ထင်တာပဲ…”
ကျန်းလန် တွေးလိုက်သည်။
တောင်ပေါ်ပြန်ရောက်သည်နှင့် မရဏဂူရှိရာသို့ပြန်ပြီး ချင်ချင်းပင် ကျင့်ကြံခြင်း ပြုလုပ်လိုမိသည်။
ယနေ့တိုက်ပွဲ ရင်ဆိုင်ခဲ့ရပြီးနောက်… မူလဝိညာဉ်အဆင့်က သူ့အတွက် အန္တရယ်ကင်းပြီဟု မဆိုသာပေ။ ထို့ကြောင့်… မရှိမှုအာကာသအဆင့်သို့ ရောက်ရှိအောင် အမြန်ဆုံး ကျင့်ကြံရန် လိုအပ်သည်။
ဖြစ်နိုင်လျှင်… အင်မော်တယ်လမ်းသို့ အမြန်ဆုံး တက်လှမ်းလိုလှပြီ ဖြစ်သည်။
သူသာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လျှင် ယနေ့တိုက်ပွဲ၏ ရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်သည်။ ထိုသို့ဆိုလျှင်… အနာဂတ်သူ့ဘဝ၏ အစီအစဉ်များအားလုံး ကပြောင်းကပြန် ဖြစ်ကုန်နိုင်ပေ၏။
ခဏတာမျှ ခွန်လွန်တောင်အောက်သို့ ဆင်းလိုက်ခြင်းက ကျန်းလန်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေသည်။
ရန်သူများကို ဘယ်တော့မှ သနားညှာတာခြင်း မရှိရန်နှင့် အကြောင်းမသိသည့် သူစိမ်းများကိုလည်း လျှော့မတွက်သင့်ကြောင်း သင်ခန်းစာများ ရရှိခဲ့သည်။
တိုက်ပွဲတိုင်းတွင်… ရန်သူများက သူမျှော်လင့်သည်ထက် သာလွန်သူများ ဖြစ်နေနိုင်သည်။ ထို့အတူ… ကျန်းလန်ကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူများလည်း များစွာ ရှိနေနိုင်သည်။
ကျန်းလန် အနေဖြင့် အမြဲတမ်း သတိထားနေရန် လိုအပ်သည်။
ယနေ့တိုက်ပွဲတွင်… ကျန်းလန် အကြီးမားဆုံး ရရှိခဲ့သည့် သင်ခန်းစာကတော့… သူ၏ ကျင့်ကြံခြင်းအဆင့် အဘယ်မျှ မြင့်မားလာပါစေ… အခြားသူများကို ဘယ်သောအခါမှ လျှော့မတွက်ရန်ပင် ဖြစ်လေတော့သည်။