အခန်း (၃၈) သေမင်းခေါ်သံ
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး…”
ရန်သူက သူ့ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပစ်တော့မည်ဟု လျောင်ယန် မယုံကြည်နိုင်ခဲ့ပေ။
“ဝုန်း…”
သို့သော်… သူ… မှားယွင်းသွားခဲ့လေသည်။
ကျန်းလန်၏ လက်သီးချက်က လျောင်ယန်၏ ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်လာသည်။
ထို့နောက်… လျောင်ယန် ချက်ချင်းပင် သိစိတ်ကင်းမဲ့သွားပြီး အသက်ပျောက်သွားတော့၏။ မည်သည့်ဝေဒနာကိုမှ သူ မခံစားရတော့ပေ။
ကြောက်ရွံ့ခြင်းကိုပင် ခံစားရန် အချိန်မရလိုက်ပေ။
အဖြစ်အပျက်များက… ကြောက်ရွံ့အံ့သြနေရန်ပင် အချိန်မရလောက်အောင် မြန်ဆန်လွန်းလှသည်။
“ဘန်း…”
သွေးမှုံများက မိုးရွာကျသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လျောင်ယန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ကြေမွသွားပြီး မြေပြင်ထက် လဲကျသွားသည်။
အသက်မရှိတော့သည့် အလောင်းကောင်ကို ကျန်းလန် လုံး၀ အရေးမစိုက်တော့ပေ။
သူ… အရေးစိုက်သည်က အခြားရန်သူများကို ဖြစ်၏။
ယခုဆိုလျှင်… အခြားသူများက သူ့အကြောင်း သိရှိသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ထိုသူများ ထွက်ပြေးလွတ်မြောက်သွားကြမည်ကို ကျန်းလန် စိုးရိမ်ပူပန်မိသည်။
ထိုသူများကြားထဲတွင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ (၂)ယောက် ပါဝင်လေသည်။ ထိုသူများသာ ထွက်ပြေးလွတ်မြောက်သွားလျှင် ကျန်းလန် အကြီးအကျယ် ပြဿနာတက်ပေလိမ့်မည်။
ကျန်းလန်က မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရန်သူကိုတော့ လျှော့မတွက်ရဲပေ။
ရန်သူအုပ်စုက လူစုခွဲပြီး ထွက်ပြေးလျှင်တောင်မှ သိပ်ဝေးဝေးသို့ ပြေးနိုင်မည် မဟုတ်ပေ။
ကျန်းလန်အနေဖြင့်… ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းကို အသုံးပြုပြီး ရန်သူအားလုံးကို လွယ်လွယ်နှင့် ဖမ်းဆီးနိုင်မည် ဖြစ်သည်။
သို့သော်… ပြဿနာဆိုသည်က မိမိအဆင်သင့်ဖြစ်ချိန်မှ ရောက်လာတတ်သည့် အရာမျိုး မဟုတ်ပေ။
ရန်သူအုပ်စု၏ တုန့်ပြန်မှုက ကျန်းလန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော်… ရန်သူများက ထွက်ပြေးကြခြင်းမရှိသလို စတင်တိုက်ခိုက်ကြခြင်းလည်း မရှိပေ။
သို့သော်… မှော်ဝင်ပစ္စည်းတစ်ခု သူ့ထံသို့ ဝင်ရောက်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
“ဘာလဲ… သူတို့က ကြိုတင်ပြင်ဆင်ထားပြီးသားလား… ၊ ငါ့ကို အဲဒီမှော်ဝင်ပစ္စည်းနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြတာလား…”
ကျန်းလန်တွေးလိုက်သည်။
“ဒီမှော်ဝင်ပစ္စည်းက တကယ့်ကို အန္တရယ်များတဲ့ ပစ္စည်းတစ်ခုပဲ… ငါ့ကို အဲဒီပစ္စည်းနဲ့တိုက်ခိုက်တယ်ဆိုတော့ အတော်လေးများ အထင်ကြီးနေသလားပဲ…”
အတွေးများအဆုံးသတ်သွးာသည်နှင့် ကျန်းလန် မှော်ဝင်ပစ္စည်းကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်… ထိုမှော်ဝင်ပစ္စည်းက ရှောင်တိမ်းရန် အတော်လေး ခက်ခဲလွန်းသည်။
ထိုအချိန်မှာပင်… ခြုံနွယ်သစ်ပင်များကြားတွင် ပုန်းအောင်းနေကြသည့် ရန်သူများ ထွက်ပေါ်လာပြီး ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။
ရန်သူက စုစုပေါင်း (၄)ယောက် ဖြစ်၏။ လူငယ် (၃)ယောက်နှင့် မိန်းကလေး (၁)ယောက် ဖြစ်သည်။
အဖွဲ့ကို ဦးဆောင်လာသူက လူငယ်တစ်ယောက်ဖြစ်ပြီး ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
အခြားသူများကတော့ ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် (၁)ယောက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့် (၂)ယောက် ဖြစ်ကြသည်။
“ဟက်… မင်း ကျုပ်တို့လက်က မလွတ်ပါဘူးကွာ… ၊ မင်းက ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားတယ်ဆိုရင်တောင်မှ သော့ခတ်စက်ဝန်း မှော်ဝင်ပစ္စည်းနဲ့ဆိုရင်… ပြေးမလွတ်နိုင်ပါဘူး…”
ခေါင်းဆောင်လူငယ်က ကျန်းလန်ရှိရာသို့ လျှောက်လာရင်း ပြောလိုက်သည်။
ကျန်းလန်က တစ်စုံတစ်ခု ထူးခြားသူဖြစ်ကြောင်း ရန်သူများကလည်း ရိပ်မိကြသည်။
ထို့ကြောင့်… ကျန်းလန်အနေဖြင့် ထိုသူများကို သေချာပေါက် အသက်ရှင်ခွင့် ပေး၍ မဖြစ်ပေ။
ထို့ပြင်… ကျန်းလန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားကြောင်း ရန်သူများက ရိပ်မိထားကြသည်။ သို့သော်… ကျန်းလန်က ငယ်ရွယ်သူဖြစ်လေရာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်လိမ့်မည်ဟု လုံး၀ ထင်မှတ်မထားကြပေ။
အလွန်ဆုံးရှိမှ… ရွှေပြဒါးအမြုတေအဆင့်သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြဟန်ရှိသည်။
အုပ်စုခေါင်းဆောင်က ခွန်လွန်တောင်မှ တပည့်များဝတ်ဆင်လေ့ရှိသည့် တူညီဝတ်စုံကို ဝတ်ဆင်ထားသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်မှ အကြီးအကဲတစ်ယောက် မဖြစ်နိုင်ပေ။ တပည့်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ဤသို့ဆိုလျှင်… လျောင်ယန်က ပဉ္စမတောင်ထွတ်မှ တပည့်ဟု သူ့ကိုယ်သူ မိတ်ဆက်သည်မှာလည်း မှန်ကန်နိုင်ပေ၏။
ကျန်းလန် မျက်မှောင်များကို ကြုတ်လိုက်၏။
သူက ရန်သူများကို အရေးမစိုက်ပေ။
သူ့ထံသို့ ဝင်ရောက်လာသည့် သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းကိုသာ အာရုံစိုက်လိုက်သည်။
ထိုမှော်ဝင်ပစ္စည်းက ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားများ သော့ခတ်ထိန်းချုပ်ပစ်နိုင်စွမ်းရှိသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။
ထိုပစ္စည်းဖြင့်သာ ထိန်းချုပ်ခံရလျှင် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားများ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
သို့သော်… ထိုမှော်ဝင်ပစ္စည်းက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများအပေါ်တွင်သာ သက်ရောက်မှု ရှိလေသည်။
ကျန်းလန်က မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ထိုမှော်ဝင်ပစ္စည်းက သူ့ကို ထိခိုက်နိုင်ခြင်းရှိမည် မဟုတ်ပေ။
ရန်သူများအတွက်တော့ စိတ်မကောင်းစရာပါပေ။
“ဝှစ်…”
သော့ခတ်စက်ဝန်းက ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။
ကျန်းလန်က နောက်သို့ ဆုတ်လိုက်ခြင်းမရှိသလို ရှောင်တိမ်းခြင်းလည်း မပြုပေ။
သူက ခြေတစ်လှမ်းရှေ့သို့တိုးလိုက်သည်။ ထိုအခါ… သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းအနားသို့ ချက်ချင်းပင် ရောက်ရှိသွား၏။
ထို့နောက်… ကျန်းလန်က လက်ကိုဆန့်တန်းလိုက်ပြီး မှော်ဝင်ပစ္စည်းကို ဖမ်းယူလိုက်၏။
သို့သော်… မှော်ဝင်ပစ္စည်းကို လက်ထဲတွင် ဆုပ်ကိုင်မိသည်နှင့် ကျန်းလန် ချက်ချင်းပင် စိတ်ပျက်သွားရသည်။
အဘယ်ကြောင့်ဆိုသော်… သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းမှာ သူထင်ထားသည်ထက် အားပျော့နေသောကြောင့် ဖြစ်သည်။
ကျန်းလန်က သူ့လက်ထဲတွင်ကိုင်ထားသည့် သော့ခတ်စက်ဝန်း မှော်ဝင်ပစ္စည်းကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ခပ်တိုးတိုးလေသံဖြင့်…
“မင်းတို့ပညာ ဒါအကုန်ပဲလား…”
“ဂျွတ်…”
ပြောပြီးသည်နှင့်… ကျန်းလန်က သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းကို တစ်စစီဖြစ်အောင် လက်ထဲတွင် အမှုန့်ချေပစ်လိုက်သည်။
သူ့ကို တိုက်ခိုက်ရန်ဟန်ပြင်နေကြသည့် ရန်သူ (၄)ယောက်မှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းက ထိုသူ၏လက်ထဲသို့ မည်သို့ ကျရောက်သွားပါသနည်း။
ထို့ပြင်… သော့ခတ်စက်ဝန်းက ထိုသူ၏ တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ထိုသူကပင် မှော်ဝင်ပစ္စည်းကို တစ်စစီ ချေမွှပစ်လိုက်သေးသည်။
ပထမဆုံး သတိပြန်ဝင်လာသူက အုပ်စုခေါင်းဆောင်ဖြစ်၏။
သူက…
“မင်းက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးပဲ…”
ထိုသူ ကျန်းလန်ကိုကြည့်ရင်း ထိတ်လန့်ကြောက်ရွံ့လာမိသည်။ ထို့နောက်… ချက်ချင်းပင် ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သူ့ရှေ့မှ လူငယ်၏ ကျင့်ကြံခြင်းသက်တမ်းက နှစ် (၁၀၀)ပင် မကျော်သေးသည်မှာ သေချာသည်။
သို့သော်… ဤမျှ ငယ်ရွယ်သည့် ကျင့်ကြံသူတစ်ယောက်က မူလဝိညာဉ်အဆင့် ရောက်ရှိနေမည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ခွန်လွန်တောင်၏ တူညီဝတ်စုံက နှစ် (၁၀၀)လျှင် တစ်ကြိမ် ပြောင်းလဲသည်။ နှစ်ပေါင်း (၁၀၀၀)ကြာမှသာ အစမှ ပြန်လည်ပြီး ပထမဆုံး ဝတ်စုံကို ပြန်လည် ဝတ်ဆင်ကြရသည်။
ထို့ကြောင့်… သူ့ရှေ့မှ လူငယ်မှာ ခွန်လွန်တောင်၏ နောက်ဆုံးသော တူညီဝတ်စုံကို ဝတ်ဆင်ထားလေရာ ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း (၁၀၀) မပြည့်သေးကြောင်း ကြည့်ရုံဖြင့် သိရှိနိုင်သည်။
ကျန်းလန်က အေးဆေးသည့်လေသံဖြင့်…
“မင်းတို့အားလုံးကို… စိတ်ပျက်အောင်လုပ်မိလို့ စိတ်မကောင်းပါဘူးကွာ…”
ပြောပြီးသည်နှင့်… သူက ချက်ချင်းပင် ခေါင်းဆောင်ဖြစ်သူရှေ့သို့ ရောက်ရှိသွားသည်။
ကျန်းလန်က မတ်တတ်ရပ် စကားပြောရင်း အချိန်ဖြုန်းနေတတ်သူ မဟုတ်ပေ။ စကားပြောရင်း အလုပ်ကိုပါ တစ်ခါတည်း ပြီးအောင် လုပ်တတ်သူ ဖြစ်သည်။
တစ်ဖက်လူက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ကျန်းလန် ထိုသူကို မည်သည့်နည်းနှင့်မှ အလွတ်မပေးနိုင်ပေ။
နောက်တစ်ကြိမ် တိုက်ခိုက်ခံရလျှင် ရန်သူက သော့ခတ်စက်ဝန်းကဲ့သို့ ရွှေပြဒါးအမြုတေအဆင့်ကို ထိန်းချုပ်နိုင်သည့် မှော်ဝင်ပစ္စည်းမျိုးကို အသုံးပြုတော့မည် မဟုတ်ပေ။
မူလဝိညာဉ်အဆင့်ကို ထိန်းချုပ်နိုင်သည့် မှော်ဝင်ပစ္စည်းမျိုးကို ထုတ်သုံးပေလိမ့်မည်။
ထို့ကြောင့်… ရန်သူကို စောစောစီးစီး ကိစ္စတုံးပစ်လိုက်ရန်က အကောင်းဆုံ ဖြစ်၏။
ရန်သူခေါင်းဆောင်ကလည်း ကျန်းလန်၏ တိုက်ခိုက်မှု မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရန်သူခေါင်းဆောင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီ ဖြစ်သည်။
ချက်ချင်းပင်… သူ… လျောင်ယန်ကို ကိုယ်ချင်းဆာသွားမိသည်။
ထိုအချိန်မှာပင်… ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခု သူ့ထံသို့ ဝင်ရောက်လာ၏။
ကြောက်မက်ဖွယ်ကောင်းလှသော လက်သီးချက်တစ်ချက်က သူ၏အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုလက်သီးချက်က သူ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းပြတ်ထွက်စေတော့မည့်အလား ပြင်းထန်လွန်းလှသည်။
“မဟုတ်ဘူး… မဟုတ်ဘူး… လုံး၀ မဖြစ်နိုင်ဘူး…”
အုပ်စုခေါင်းဆောင်လူငယ်က ဒေါသတကြီး အော်ဟစ်ရင်း ရန်သူ၏ လက်သီးချက်ကို ရင်ဆိုင်တိုက်ခိုက်လိုက်ချင်သည်။
သို့သော်… တကယ်တမ်းတွင် ကျန်းလန်၏ လက်သီးချက်ကို လုံး၀ ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ပေ။
မည်သို့မှ မတတ်နိုင်ဘဲ သူ့ထံ ဝင်ရောက်လာသည့် တိုက်ခိုက်မှုကိုသာ စောင့်ဆိုင်နေခဲ့ရတော့သည်။
“ဘုန်း…”
ကျန်းလန် ထိုသူကို လက်သီးဖြင့် ထိုးချလိုက်သည်။
ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခုဖြင့် ထိမှန်ခံလိုက်ရပြီး ထိုသူ၏ ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားသည်။
ထို့နောက် လေထဲတွင် ထိုသူ၏ ခန္ဓာကိုယ်က ကြေမွသွားပြီး သွေးမှုံများလွင့်စင်ထွက်လာတော့သည်။
ပြင်းထန်လှသည့် နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
သူ နာကျင်စွာဖြင့် မအော်ဟစ်နိုင်ခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး အမှုန့်ကြေသွားပြီ ဖြစ်လေတော့၏။
“ဘန်း…”
လေထဲတွင် သွေးမှုန်များ ပျံ့နှံ့လျှက် ရှိသည်။
ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ရှိသည့် အုပ်စုခေါင်းဆောင်နှင့် စာရင်းရှင်းပြီးနောက် ကျန်းလန်က ကျန်လူ (၃)ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းလန်၏ အကြည့်ကို ရင်ဆိုင်ရသည်နှင့် ကျန်လူ (၃)ယောက် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထို့နောက်… သတိလက်လွတ်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိကြ၏။
သော့ခတ်စက်ဝန်းမှော်ဝင်ပစ္စည်းသည်လည်း ရန်သူ့လက်ထဲတွင် ကြေမွ ပျက်စီးသွားခဲ့ပြီ…။
ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ဖြစ်သည့် သူတို့၏ခေါင်းဆောင်မှာလည်း ရန်သူ၏ လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီ…။
ရန်သူက ဆုံးဖြတ်ချက်ပြတ်သားပြီး အကြင်နာတရား ကင်းမဲ့လွန်းသည်။
ဤသို့သော လူစားမျိုးက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသ်ည။ တန်ခိုးစွမ်းအားကလည်း တုန်လှုပ်ဖွယ်ရာ မြင့်မားလွန်း၏။
သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသူက မည်သူ ဖြစ်နေပါသနည်း။
တွေးတောနေရန်ပင် အချိန်မရှိတော့ပေ။
“တာအိုရောင်းရင်း… ဆွေးနွေးကြရအောင်… ကျုပ်တို့ မင်းလိုချင်သလောက် ဝိညာဉ်ကျောက်တုံးတွေ… မှော်ဝင်ပစ္စည်းတွေ ပေးနိုင်ပါတယ်…”
ထိုစကားကို ပြောလိုက်သူက ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူ ဖြစ်၏။
ထိုသူကိုကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်နေဟန် ရှိသည်။
ယခုအချိန်မှ… ထွက်ပြေးမည်ဆိုလျှင်လည်း လွတ်လမ်းမရှိတော့ပြီ မဟုတ်ပါလား။
ကျန်းလန်က…
“မင်းတို့မှာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိန်းချုပ်နိုင်တဲ့ မှော်ဝင်ပစ္စည်းတွေ ရှိသလား…”
ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူက…
“မရှိဘူး… ကျုပ်တို့မှာ… မရှိပါဘူး…”
သို့သော်… ကျန်းလန်က ကျင့်ကြံသူမိန်းမပျိုရှေ့သို့ လှစ်ခနဲ ရောက်ရှိသွားသည်။
မိန်းမပျို၏ လက်ထဲတွင် တောက်ပနေသည့် အင်းသင်္ကေတတစ်ခုရှိနေ၏။
သူမက ထိုအင်းသင်္ကေတဖြင့် ကျန်းလန်ကို တိုက်ခိုက်ရန် ဟန်ပြင်နေခြင်း ဖြစ်သည်။
“ကြည့်ရတာ … မင်းမှာတော့ ရှိပုံရတယ်…”
မိန်းမပျို၏ နားထဲတွင် ကျန်းလန်၏ အသံက ကြောက်မက်ဖွယ်ရာ မြည်ဟည်းထွက်ပေါ်လာသည်။
မိန်းမပျို တုန်လှုပ်စွာဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်၏ အသံက သူမအတွက်တော့ သေမင်းခေါ်သံကိုကြားလိုက်ရသည့်အလားပင် ဖြစ်ပေတော့၏။